အခန်း ၁၃၄၅
Vol. 90 Ch. 1345
အခန်း (၁၃၄၅) လှုပ်ရှားသက်ဝင်နေသည့်လောက
မုန်ကျင်းကျိုးကို နှုတ်ဆက်ပြီးနောက် လုယန် တာအိုလမ်းစဉ်ဂိုဏ်းသို့ပြန်သည်။ သူ့ဘဝ ပြန်လည်ငြိမ်းချမ်းလာသည်။ ကျင့်ကြံသူလောကနှင့် စကြာဝဠာတွင် လုယန်၏လှုပ်ရှားမှုများကို မကြားရတော့။
ငြိမ်းချမ်းစွာ တိုးတက်နေသည့်အဆင့်သို့ ရောက်လာသည်။
ဂိုဏ်းသို့ပြန်ရောက်ပြီးနောက် နောက်ထပ်အပြင်မထွက်တော့။ ယခု ကျင့်ကြံမှုလောကသည် ဝိညာဉ်စွမ်းအင်နှင့် နည်းပညာကို ပေါင်းစပ်ထားပြီးဖြစ်သည်။ ဂိုဏ်းထဲတွင်နေပြီး စကြာဝဠာတစ်ခွင့်မှ သတင်းကြီးငယ်များ နားစွင့်နေရုံသာရှိသည်။
အင်တာနက်အပြင် အပြင်လောကသို့ လေ့ကျင့်ရေးဆင်းသည့် ဂိုဏ်းတပည့်များထံမှလည်း သတင်းမျိုးစုံ သူရသည်။
"လူငယ်တွေက အတော်တက်ကြွနေတာပဲ"
လုယန် ရယ်၍မှတ်ချက်ပေးသည်။ ကျင့်ကြံမှုလောကသည် စစ်ပွဲအသင့်ပြင်အနေအထားကို ကျော်လွန်ပြီးသည့်တိုင် ပေါက်ထွက်ခဲ့သည့် ပါရမီရှင်များက အများအပြားရှိသည်။ လက်ရှိအခြေအနေကို အခွင့်ကောင်းယူ၍ ကောင်းကင်သို့တက်ကြသည်။ စကြာဝဠာတွင် နာမည်ကျော်ကြားအောင် ကြိုးစားကြသည်။
ယခုလက်ရှိပါရမီရှင်အရေအတွက်က လုယန်တို့ခေတ်ကထက် အဆများစွာသာသည်။ ရှေးဟောင်းခေတ် အပြိုင်အဆိုင်ကာလ ပြန်ပေါ်လာခြင်းဖြစ်သည်ဟု တစ်ချို့ကပြောကြသည်။
ထို့ပြင် အဓိကဂိုဏ်းအဖွဲ့အစည်းများ အတူလက်တွဲ၍ ပါရမီရှင်ပြိုင်ပွဲ ကျင်းပသည်။ သက်တမ်းတစ်ရာအောက်မှ ကျင့်ကြံသူတိုင်း ပါဝင်ယှဉ်ပြိုင်နိုင်သည်။ ဆုကြေးအဖြစ် ကျင့်စဉ်အထောက်အပံ့များပေးသည်။ ထို့ပြင် ပါဝင်ယှဉ်ပြိုင်သူများသည် စကြာဝဠာတွင်လည်း နာမည်ကျော်ကြားဖို့ အခွင့်အရေးရသည်။
ပြိုင်ပွဲကို စကြာဝဠာတစ်ခုလုံးသို့ လိုက်ဖ်လွှင့်သည်။ ရွက်ပုန်းသီးစွမ်းအားရှင်များစွာ ပေါ်ထွက်လာသည်။ တကယ်ခမ်းနားထည်ဝါသည့် ပြိုင်ပွဲဖြစ်သည်။
ဘယ်ပါရမီရှင်မှ တစ်ယောက်ကိုတစ်ယောက် အလျှော့မပေးကြ။ ပျောက်ဆုံးနေသည့် မှော်ပညာများ ပြန်ပေါ်လာသည်။ နာမည်ကျော်တစ်ချို့ စင်ပေါ်သို့ ပြန်တက်လာသည်။
ပါရမီရှင်ပြိုင်ပွဲများ မကြာခဏကြည့်ဖူးသည့် ကျင့်ကြံသူလောကသားများပင် ထိုပွဲကိုကြည့်၍ အံ့ဩကြသည်။ တစ်ခြားကမ္ဘာသားများဆိုလျှင် ပြောစရာပင် မလိုတော့။
ဗုဒ္ဓနိုင်ငံ အနောက်မိုးပျံဘုံကျောင်းတွင် လုယန်နှင့်ဆုံခဲ့သည့် ကိုယ်တော်ရှင်းတင်း။ ဗုဒ္ဓနိုင်ငံကောင်းကင်စာရင်းတွင် နံပတ်တစ်ဖြစ်လာသည်။ ပြိုင်ပွဲတွင် ကောင်းကင်ခွဲပုဆိန်ကိုကိုင်၍ ပြိုင်ဘက်များကို အနိုင်ယူသည်။
ထို့နောက် ဝိညာဉ်စားဖိုးမှူးပြိုင်ပွဲတွင် လုယန်တွေ့ခဲ့သည့် စုန်ထန်ကျင်း။ ထာဝရနတ်မယ်၏ 'ဟင်းချက်ကျမ်း'ကို တကယ်နားလည်တတ်ကျွမ်းခဲ့သည်။ သူ့ကောင်းကင်အဆိပ်ပညာကို ပါရမီရှင်အားလုံးက ရင်ဆိုင်ဖို့နောက်တွန့်ကြသည်။
သူ့အဆိပ်ပညာကြောင့် ဝိညာဉ်စားဖိုမှူးလောကမှ ထုတ်ပယ်ခံခဲ့ရသော်လည်း အဆိပ်လောကတွင် နာမည်ထင်ရှားလာသည်။ ကြောက်စရာကောင်းသည့် တက်သစ်စကြယ်ပွင့်ဖြစ်လာသည်။
သို့သော် သူ့ပြိုင်ပွဲတွင် အဆိပ်ကျင့်ကြံသူ တစ်ယောက်မှ မတွေ့ရတော့။ အားလုံးက မဟာရှားအကျဉ်းထောင်ထဲ ရောက်နေသည်။ အကျဉ်းသားအားလုံး စုန်ထန်ကျင်းကို ကျိတ်၍အားပေးကြသည်။
ထူးခြားသည့် ပြိုင်ပွဲဝင်များကြားတွင် အထင်ရှားဆုံးက မုန်မသေမျိုးတစ်ဝက် ဖြစ်သည်။
ရှေ့ဖြစ်ဟော၍ အရိယဖလသန္ဓေကျင့်ကြံနေသည့် မုန်ကျင်းကျိုးလည်း သတင်းမကြားရသည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။ စင်ပေါ်၌ သူပေါ်လာချိန်တွင် ပရိတ်သတ်များ ခဏမင်သက်မိသွားသည်။
ဤပြိုင်ပွဲသည် လူငယ်ပါရမီရှင်ပြိုင်ပွဲမဟုတ်လော။ ဘာကြောင့် မုန်ကျင်းကျိုး ဝင်ပြိုင်နေသနည်း။
ထို့နောက် သူတို့နားလည်လာသည်။ မုန်ကျင်းကျိုး၏ ကျင့်စဉ်အဆင့်ကမြင့်လွန်းသည်။ ကူးဖြတ်ခြင်းအဆင့်ထိပ်သီးတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူ့အသက်ကို အလိုလိုမေ့ထားမိကြသည်။
မုန်ကျင်းကျိုးအသက်သည် နှစ်တစ်ရာမပြည့်သေး။ လူငယ်ပါရမီရှင်စာရင်းထဲတွင်သာ ရှိနေသေးသည်။
လုယန်က ဝင်မပြိုင်။ မုန်မသေမျိုးတစ်ဝက်ကို တစ်ခြားဘယ်သူယှဉ်နိုင်မည်နည်း။ ပါရမီရှင်အားလုံးပူးပေါင်း၍ အတူတိုက်ခိုက်လျှင်ပင် သူ့ကို နိုင်မည်မဟုတ်။
'ဒုတိယလုယန်' 'ဒုတိယမုန်ကျင်းကျိုး'ဟု နာမည်ကျော်သူများ ကိုယ့်အဆင့်ကိုယ် ကောင်းကောင်းနားလည်လာကြသည်။ များစွာကွာဟနေသည်။
မုန်ကျင်းကျိုးပေါ်လာလျှင် လုယန်လည်း ပေါ်လာမည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် ပြိုင်ပွဲပြီးဆုံးသည်အထိ လုယန်ပေါ်မလာ။
ထို့ကြောင့် မုန်ကျင်းကျိုး ချန်ပီယံဖြစ်သွားသည်။
ပင်လယ်တာအိုသခင်နှင့်အောင်းယာတို့၏ လက်ထပ်ပွဲတွင်သာ လုယန် လူအများရှေ့၌ပေါ်လာသည်။ တာအိုလမ်းစဉ်ဂိုဏ်းနှင့် အရှေ့ပင်လယ်နဂါးနန်းတော် ရွှေလမ်းငွေလမ်းခင်းသည်။ အဖွဲ့နှစ်ခုလုံးက အင်အားကြီးသည်။
ကျင့်ကြံသူလောက၏ အဖွဲ့အစည်းအားလုံး လာရောက်ဂုဏ်ပြုကြသည်။
ပင်လယ်တာအိုသခင်က သူ့ကတိကိုတည်သည်။ လက်ထပ်ပွဲကို စကြာဝဠာထဲတွင် ကျင်းပသည်။ တက်ရောက်လာသည့် စွမ်းအားရှင်များက လှေပျံ၊ ဘူးသီးခြောက်၊ နတ်ဆိုးသားရဲများစီး၍ရောက်လာပြီး နတ်စွမ်းအားကိုယ်စီပြကြသည်။
ရှေးဟောင်းဒဏ္ဍာရီ အသက်ပြန်ဝင်လာသလိုရှိသည်။
လက်ထပ်ပွဲအခမ်းအနားကို စကြာဝဠာတစ်ခုလုံး လိုက်ဖ်လွှင့်သည်။ နဂါးစစ်ရာပေါင်းများစွာ အာကာသတွင်ပျံသန်းနေသည့် မြင်ကွင်းကိုကြည့်၍ တစ်ခြားကြယ်ကမ္ဘာသားများ အံ့ဩမင်သက်မိသွားကြသည်။
မသေမျိုးများလည်း ရောက်လာသည်။ တစ်ယောက်တည်းမဟုတ်။ မသေမျိုးများ စကြာဝဠာတစ်ခုလုံး၏ မျက်စိရှေ့သို့ ပထမဆုံးအကြိမ် ပေါ်လာသည်။ လိုက်ဖ်ချတ်ဘောက်စ်တွင် မသေမျိုးများ ကံကောင်းစေဖို့ ဆုတောင်းသည့်မက်ဆေ့များ ပြည့်နေသည်။
အတော်စည်ကားသည့် ပွဲတစ်ခုဖြစ်သည်။
ထိုအချိန်တွင် လုယန်က သိပ်မသိသာသည့် လူတစ်ယောက်အဖြစ်သာရှိသည်။
စကြာဝဠာထဲမှ သက်ရှိအများစုက လုယန်ကို မမြင်ဖူးကြ။ သူ့ကိုမြင်သော်လည်း သူ့နာမည်ကျော်ဒဏ္ဍာရီများနှင့် ဆက်စပ်မတွေးမိကြ။
သို့သော် အလှအပကိုတော့ ခွဲခြားမြင်ကြသည်။ ယွမ်ကျိ၊ ယွမ်မုန်မုန်၊ ချင်ဟဲ၊ ကန်ထန်၊ ထောင်ယော်ယဲ့၊ လန်ထန်...အားလုံးက နတ်သမီးများနှင့်တူသည်။
ဆွဲဆောင်မှုကိုယ်စီရှိသည်။ မရေမတွက်နိုင်သည့် ပရိသတ်များ၏အာရုံကို ဖမ်းစားနိုင်သည်။
အဓိကကြော်ငြာလုပ်ငန်းရှင်ကြီးများက ကြော်ငြာအတွက် သူတို့ကိုငှားဖို့ စိတ်ကူးမိကြသည်။ သို့သော် သူတို့နောက်ခံကိုသိသည်နှင့် ထိုစိတ်ကူးမျိုး ထပ်မပေါ်ကြတော့။
လက်ထပ်ပွဲပြီးသွားပြီးနောက် လောကအာရုံက ပါရမီရှင်များကြားမှ အပြိုင်အဆိုင်ကိစ္စများဆီ ပြန်ရောက်လာသည်။
"ဖန်ရှန်း ရှုံးသွားတယ်ပေါ့။ သူ့ကို ဝိညာဉ်ပြောင်းအဆင့်မှာ ယှဉ်နိုင်တဲ့လူမရှိဘူးလို့ ပြောကြတယ်မဟုတ်လား။ ဘာလို့အဆင့်တူပြိုင်ဘက်ကို ရှုံးသွားတာလဲ။ ပြိုင်ဘက်က ဘယ်သူတဲ့လဲ"
"မိုရှောင်ချိုးလို့ပြောတယ်။ သူက ဗုဒ္ဓနိုင်ငံက ကျင့်ကြံသူတဲ့။ သိပ်နာမည်မကျော်ဘူး။ အတော်ကြာအောင် ပျောက်နေခဲ့တာ။ အခုမှပြန်ပေါ်လာပြီး ဖန်ရှန်းကို အနိုင်ယူလိုက်တာ"
"ပြီးတော့ တွမ်ချင်ရွှေ့ဆိုတဲ့ စုစည်းခြင်းအဆင့် ဝါရင့်ကျင့်ကြံသူတစ်ယောက်လည်း ပေါ်လာတယ်။ သူလည်း ဗုဒ္ဓနိုင်ငံကပဲ"
အားလုံးတွေးရခက်သွားသည်။ ကိုယ်ပိုင်အကန့်အသတ်ကျော်လွန်၍ ကိုယ့်ထက်ကျင့်စဉ်အဆင့်မြင့်သူများကို တိုက်ခိုက်နိုင်စွမ်း ရှိသူများကို ပါရမီရှင်ဟုခေါ်သည်။
သို့သော် ထိုနှစ်ယောက်က ချွင်းချက်ဖြစ်သည်။
တိုက်ခိုက်စွမ်းရည် အားကောင်းသလို ကျင့်စဉ်တစ်ရာကိုလည်း ကျွမ်းကျင်သည်။ အဆင့်တူကျင့်ကြံသူများထက် အသိပညာပိုစုံသည်။ ကျင့်စဉ်တစ်ရာပညာများဖြင့် သူတို့ကိုအနိုင်ယူဖို့ အတော်ခက်ခဲသည်။
တိုက်ပွဲအာရုံအသိကလည်း မယုံနိုင်လောက်အောင် ကောင်းသည်။ သူတို့လက်ရှိအဆင့်ထက် ကျော်လွန်နေသည်။ အဖွဲ့လိုက်တိုက်ခိုက်လာသည့် ပြိုင်ဘက်များကိုပင် သက်တောင့်သက်သာရင်ဆိုင်နိုင်သည်။
"ကူးဖြတ်ခြင်းအဆင့်တွေ မသေမျိုးတစ်ဝက်တွေ အဖွဲ့လိုက်တိုက်ခိုက်ကြတာကိုတောင် ငါမရေမတွက်နိုင်အောင်မြင်ဖူးတယ်။ ဒီလိုလူနည်းနည်းလောက်နဲ့ ငါ့ကိုပိတ်လှောင်နိုင်မှာတဲ့လား"
ပါရမီရှင်များ တွေးရခက်သွားသည်။ ယနေ့ခေတ်တွင် ကူးဖြတ်ခြင်းအဆင့်များ မသေမျိုးတစ်ဝက်များသည် တိုက်ခိုက်လေ့သိပ်မရှိ။ အဖွဲ့လိုက် ခဏခဏတိုက်ခိုက်ခြင်းမျိုးဆို ပိုဝေးသေးသည်။
ထိုနှစ်ယောက် ထိုအတွေ့အကြုံမျိုး ဘယ်ကရလာသည်မသိ။
ထိုနှစ်ယောက် ရှေးဟောင်းလျှို့ဝှက်မြေတစ်ခုသို့ဝင်ခဲ့သည်ဟု ကောလဟာလပြောကြသည်။ ထိုလျှို့ဝှက်မြေတွင် ရှေးဟောင်းစွမ်းအားရှင်များချန်ထားခဲ့သည့် ကိုယ်ပွားအရိပ်များ အမွေအနှစ်များရှိသည်။
စမ်းသပ်ချက်များကို ဖြတ်ကျော်ဖို့ နှစ်ပေါင်းများစွာကြာခဲ့သည်။ အပြောင်းအလဲများကြုံရသည်။ ရှေးဟောင်းအမွေအနှစ်များကို ရခဲ့သည်။
ထိုကောလဟာလကြောင့် ကျင့်ကြံမှုလောကတွင် ဂယက်ထသွားသည်။ အားလုံးက သူတို့လိုစွမ်းအားကြီးလိုသဖြင့် ထိုလျှို့ဝှက်မြေကို ရှာဖွေခဲ့သည်။
သို့သော် ဘာမှမတွေ့။
ထိုနှစ်ယောက်အကြောင်း သတင်းထဲပါလာသည်ကိုကြည့်၍ အကျဉ်းထောင်တောင်ထိပ်မှ အကျဉ်းသားများ ဝမ်းသာသွားသည်။ သူတို့တိုက်ပွဲကိုရပ်၍ မနက်ဖြန်မှဆက်တိုက်ဖို့ သဘောတူညီချက်ယူကြသည်။
"ရှောင်မို အလားအလာရှိတယ်ဆိုတာ ငါသိသားပဲ"
"ရှောင်တွမ်က မဟာချန်ရဲ့ဂုဏ်ကို မြှင့်တင်နိုင်ခဲ့တာပဲ"
ထိုကိစ္စများအားလုံးကို လုယန်ကိုယ်တွေ့မြင်ရသော်လည်း ပြုံးရုံသာပြုံးနေသည်။ ဘာမှဝင်မစွက်။
သူအတော်အလုပ်များနေသည်။ အသေးအဖွဲကိစ္စများထဲ ဝင်မပါမိအောင် ကြိုးစားသည်။ ယခု သူ့အတွက်အရေးကြီးဆုံးက ကျင့်ကြံဖို့သာဖြစ်သည်။
"လာပါဒုခေါင်းဆောင်၊ ငါလုပ်ထားတဲ့ မုန့်အသစ်လေးမြည်းကြည့်ပါဦး"
"လုယန်၊ မြစ်ဝိညာဉ်က ငါ့အတွက် ရေခန္ဓာကိုယ်တစ်ခု ဖန်တီးပေးတယ်။ ဘယ်လိုနေလဲ"
ပိုင်ရွှမ်းက ကလေးတစ်ယောက်လို သူ့ဘေးပတ်လည်တွင် ခုန်ပေါက်ပြီး ခန္ဓာကိုယ်အသစ်ကို ကြွားလုံးထုတ်သည်။
"ကျင့်စဉ်ကျမ်းရေးရတာ အရမ်းခက်တာပဲ။ ငါ့ကိုကူရေးပေးလို့ရမလား"
ရှားဟဲက အဆက်မပြတ်ညည်းသည်။ ကျင့်စဉ်ကျမ်းကို ဘယ်လိုစရေးရမှန်းမသိ။ အကျင့်ယုတ်သည့်လုယန်က အရိပ်အမြွက်ပင်ပြော။
လုယန် လှုပ်ကုလားထိုင်တွင် လဲလျောင်းရင်း သတင်းများကြည့်နေသည်။ မုန့်စားဖို့ ခေါင်းလှည့်လိုက်သည်။
"အရသာရှိတယ်"
ကုလားထိုင်ကို အားနည်းနည်းထည့်လှုပ်ရင်း ယွမ်မုန်မုန်၏ မုန့်အသစ်ကို နောက်ထပ်သုံးလေးကြိမ်ကိုက်စားပြီး အရသာခံသည်။
"တံခါးပိတ်ကျင့်ဖို့ အချိန်ကျပြီ"
**********************************