အခန်း ၁၃၄၆
Vol. 90 Ch. 1346
အခန်း (၁၃၄၆) အဆင့်တက်ခြင်း
လှိုဏ်ဂူထဲတွင် အချိန်က အဓိပ္ပါယ်မဲ့နေသယောင်ထင်ရသည်။ အားလုံးက ပြောင်းပြန်စီးဆင်းနေသည်။
စုတ်ပြဲနေသည့် ကျင့်စဉ်ကျမ်းက အသစ်လို ပြန်ဖြစ်လာသည်။ ပွင့်နေသည့်ပန်းများ အဖူးအငုံအဖြစ်ပြောင်းသွားသည်။ လုယန်စားထားသည့် မက်မွန်သီးစေ့က မက်မွန်သီးအဖြစ် အသွင်ပြောင်းသွားသည်။ လုယန်၏ ကျင့်စဉ်အဆင့်လည်း ဆက်တိုက်ကျလာသည်။
ကူးဖြတ်ခြင်းအဆင့်၊ လေဟာနယ်သန့်စင်အဆင့်...အခြေတည်အဆင့်၊ ချီအဆင့်၊ သေမျိုးအဆင့်။ လူငယ်အရွယ်မှ ဆယ်ကျော်သက်အရွယ်။ ဆယ်ကျော်သက်မှ ကလေးအရွယ်။
မွေးကင်းစအရွယ်ရောက်လာသော်လည်း အပြောင်းအလဲများ ဆက်ဖြစ်နေသည်။ အတိတ်ဘဝ၏အသွင်သို့ ပြန်ရောက်သွားသည်။ ထို့နောက် ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်သို့ ပြန်ရောက်လာသည်။
လှိုဏ်ဂူထဲမှ အရာအားလုံး သံသရာစက်ဝန်းကို အဆက်မပြတ်လည်ပတ်နေသည်။
ဇစ်မြစ်အရိယဖလအပေါ် သူ့နှားလည်မှု နောက်တစ်ဆင့်တက်သွားကြောင်း သက်သေခံနေသည်။
မှန်သည်။ နတ်မယ်၏လှိုဏ်ဂူထဲတွင် လုပ်ကြံသူ၏ လွန်မြောက်ခြင်းအဆင့်ကျင့်စဉ်လမ်းသည် ပဲပြာ၏လမ်းစဉ်နှင့် ဆင်တူကြောင်း သူနားလည်ခဲ့သည်။ ရှေးဟောင်းခေတ်မှကိစ္စများ မီးနိုင်ငံခေတ်တွင် ပြန်ဖြစ်လာသည်။
လောကထဲမှ အရာအားလုံးက သံသရာလည်နေသည်ကို သူနားလည်လာသည်။ ဇစ်မြစ်အရိယဖလသန္ဓေကျွမ်းကျင်မှု တစ်ဆင့်တက်ခဲ့သည်။
သို့သော် လုပ်ကြံသူက အနီးအနားတွင်ရှိနေမည်စိုး၍ ထိုအဖြစ်ကို ထုတ်မပြရဲ။ အတော်ကြာအောင် တမင်အချိန်ဆွဲထားသည်။ အဖြစ်အပျက်များစွာဖြတ်ကျော်ပြီးမှ အရိယဖလသန္ဓေအပေါ် လက်ရှိနားလည်မှုအဆင့်သို့ ရောက်လာသယောင် ဟန်ဆောင်ခဲ့သည်။
ယခု သူ့အခြေအနေ ပြည့်ဝသည့်အဆင့်သို့ ရောက်လာသည်။ ကျင့်စဉ်စွမ်းအား အဆက်မပြတ်မြင့်တက်နေသည်။ ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်ထိ ကျင့်ကြံပြီးနောက် အရိယဖလပြည့်စုံမှုအဆင့်သို့ ရောက်သည်။ မသေမျိုးအဆင့်တက်ဖို့ အသင့်ဖြစ်လာသည်။
စွမ်းရည်အရကြည့်လျှင် သူ့အရိယဖလသည် အချိန်အရိယဖလနှင့် ဆင်တူသည့်အချက်အတော်များများရှိသည်။ အချိန်ကို နောက်ပြန်ရစ်၍ ကျင့်စဉ်အဆင့်များ လျှော့ချနိုင်သည်။
အရိယဖလများကြား စွမ်းဆောင်ရည်ချင်း ဆင်တူသည့်အဖြစ်များ မရှားလှ။ အချိန်မသေမျိုးက အချိန်အရိယဖလသုံး၍ အချိန်ကိုရပ်နိုင်သည်။ ကိုးဆမသေမျိုးက ယင်ယန်အရိယဖလဖြင့် အစွန်းအေးခဲနယ်မြေကိုဖန်တီးပြီး အချိန်ကိုရပ်နိုင်သည်။
နှစ်ခုလုံးက အချိန်ရပ်တန့်ခြင်းဖြစ်သော်လည်း အသုံးပြုသည်နည်းလမ်းများ ကွဲပြားသည်။
ထိုနည်းတူပင် ဇစ်မြစ်အရိယဖလနှင့် အချိန်အရိယဖလသည် ဆင်တူသော်လည်း ကွဲပြားသည့်လမ်းကြောင်းနှစ်ခုဖြစ်သည်။ အချိန်အရိယဖလလည်း ပြိုင်ဘက်၏ကျင့်စဉ်စွမ်းအားကို လျှော့ချရာတွင် ဝိညာဉ်စွမ်းအင်လိုသည်။ ပြိုင်ဘက်၏ ကျင့်စဉ်အဆင့်ကို မူလအချိန်သို့ ပြန်ပြောင်းရသည်။
လုယန်က တစ်လောကလုံး၏ အချိန်စက်ဝန်းအပေါ် မသက်ရောက်ဘဲ ပြိုင်ဘက်၏ ကျင့်စဉ်အဆင့်ကို လျှော့ချနိုင်သည်။ နောက်ပြန်ရစ်လိုက်သည့် သဘောဖြစ်သည်။
ထို့ကြောင့် မှော်ပညာများကို မူလအသွင်သို့ ပြန်ပြောင်းနိုင်သည်။ သူ့ကိုယ်သူ အတိတ်ဘဝအသွင်သို့ ပြန်ပြောင်းနိုင်သည်။ ထိုကိစ္စမျိုးကို အချိန်မသေမျိုး လုပ်နိုင်စွမ်းမရှိ။
လှိုဏ်ဂူအပြင်ဘက်တွင် ယွမ်မုန်မုန်က သီချင်းတစ်ပုဒ်ညည်းရင်း မုန့်ဖုတ်နေသည်။ ပိုင်ရွှမ်းက စိတ်ဝင်တစားကြည့်နေသည်။
"ရလောက်ပါပြီ"
ယွမ်မုန်မုန် မုန့်ဖိုအဖုံးကိုဖွင့်၍ မုန်ဖုတ်ဗန်းကို ဆွဲထုတ်သည်။ မုန်များက ဖုတ်ထားသည့်အနေအထားမဟုတ်။ ဂျုံစိမ်းအဖြစ်သာ ရှိနေဆဲဖြစ်သည်။
"အဲ၊ ဘယ်လိုဖြစ်တာလဲ။ ငါမီးမထည့်ခဲ့လို့များလား"
....
"ငါပြီးခဲ့တဲ့ရက်ပိုင်းကမှ အဆင့်တက်ထားတာလေ"
ရှားဟဲ စိတ်ပျက်လက်ပျက်ဖြစ်နေသည်။ အဆင့်ငယ်တစ်ခု သူတက်နိုင်ခဲ့သည်။ သို့သော်ယခု မူလအနေအထားပြန်ရောက်သွားသည်။
ယွမ်မုန်မုန်က သူ့ကိုဂုဏ်ပြုဖို့ မုန်ဖုတ်ခဲ့သည်။ သို့သော် ဂျုံစိမ်းအဖြစ်သို့ ပြန်ရောက်သည်။ ရှားဟဲက အဆင့်ပြန်ကျသည်။
မနီးမဝေးတွင် ချင်ဟဲက မဟာပဲဝါနိုင်ငံသမိုင်းကို ပြုစုနေသည်။ နောက်ဆုံးစာလုံးကို ရေးပြီးနောက် သူသက်ပြင်းချသည်။ စာအုပ်ကိုကောင်ကိုင်၍ အတော်ကျေနပ်နေသည်။
"အခုမှပဲ ပြီးတော့တယ်"
အင်ပါယာအရှင်ဂုဏ်တက်ဖို့ ထိုစာအုပ်ကိုပြုစုရာတွင် သူများစွာအားစိုက်ထုတ်ခဲ့သည်။ ပဲဝါအရှင်၏ မဟာစွန့်စားခန်းများကို မှတ်တမ်းတင်ခဲ့သည်။
သို့သော် သူသိပ်မပျော်လိုက်ရ စာအုပ်ပေါ်မှစာလုံးများ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ တစ်ကြောင်းချင်းပျောက်ကွယ်ရာမှ တစ်မျက်နှာချင်းပျောက်ကွယ်သည်။
နောက်ဆုံးတွင် စာအုပ်တစ်အုပ်လုံး မူလအတိုင်း အသစ်ပြန်ဖြစ်သွားသည်။
"ငါ့စာအုပ် ဘာဖြစ်သွားတာလဲ"
ချင်ဟဲသည် စိတ်လှုပ်ရှားခဲသည်။ ယခု သူ့လေသံက ခါတိုင်းထက်နှစ်ဆမြင့်တက်သွားသည်။
ကောင်းကင်ဂိတ်တောင်ထိပ်သာမဟုတ်။ ဂိုဏ်းတစ်ခုလုံး ထူးဆန်းသည့်အဖြစ်များ ကြုံနေရသည်။
လီဟော်ရန် နှစ်ဆယ့်လေးနာရီလုံး အလုပ်လုပ်သည်။ အတုမဲ့မှော်ပစ္စည်းတစ်ခုကို လေးဆယ့်ကိုးရက်ကြာ သွန်းလုပ်ခဲ့သည်။ သူသည် စကြာဝဠာတွင် နာမည်ကျော်သည့် စုစည်းခြင်းအဆင့် ပစ္စည်းသွန်းပညာရှင်တစ်ယောက် ဖြစ်သည်။
ကူးဖြတ်ခြင်းအဆင့်များပင် တပ်မက်ကြသည့် ပစ္စည်းများကို သူသွန်းလုပ်ရောင်းချနေသည်။
ရုတ်တရက် ထူးဆန်းသည့် ဖြစ်ရပ်များ ဖြစ်လာသည်။ ပြိုင်ဘက်ကင်းမှော်ပစ္စည်းများ ကုန်းကြမ်းအဖြစ် ပြန်ရောက်သွားသည်။
"ငါ သုံးအထိရေမယ်။ ပြီးရင် အတူခုန်ကြမယ်"
မြစ်ဝိညာဉ်၊ အီသာနှင့် တာအိုရှင်ရှန်ထန်တို့ အွန်လိုင်းဂိမ်းတစ်ခု ကစားနေသည်။ နောက်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်သည်။
သူ့တို့ဇာတ်ကောင်များကို ထိန်းချုပ်၍ တစ်ဘက်ကမ်းခြေသို့ ခုန်ကူးရန်ပြင်နေချိန်တွင် အောင်ပွဲရလာဒ်ဇယား ဖန်သားပြင်တွင် ပေါ်လာသည်။ ဂိမ်းက ပထမဆုံးအဆင့်သို့ ပြန်ရောက်သွားသည်။ တိုးတက်မှုရလာဒ်အားလုံး ပျောက်သွားသည်။
"မလုပ်နဲ့..."
မြစ်ဝိညာဉ်နှင့် ရှန်ထန် စိတ်ပျက်လက်ပျက်ပြိုင်တူအော်ကြသည်။
ဆေးလုံးများသန့်စင်နေသည့် သတ္တမအကြီးအကဲ၊ ဂိုဏ်းကိစ္စများ ဖြေရှင်းနေသည့် တာအိုရှင်ဝစီပိတ်...အားလုံး ထိုပြဿနာမျိုး ကြုံနေရသည်။
"သရဲခြောက်တာများလား"
ရုတ်တရက် တစ်ဂိုဏ်းလုံး ကျီးလန့်စာစားဖြစ်လာသည်။
ယွမ်ကျိ လုယန်၏လှိုဏ်ဂူတံခါးရှေ့တွင်ပေါလာပြီး မပွင့်တပွင့်ပြုံးလိုက်သည်။
"ရှောင်ကျိ၊ ဘာတွေဖြစ်နေတာလဲ"
"ရှောင်လု အဆင့်တက်တော့မယ်။ လှိုဏ်ဂူကိုပိတ်ဆို့ထားတဲ့ မှော်တံဆိပ်က ဇစ်မြစ်အရိယဖလသန္ဓေကို မထိန်းချုပ်နိုင်တော့လို့ စွမ်းအားတွေ ယိုစိမ့်ထွက်နေတာပါ"
ယွမ်ကျိ လက်တစ်ဘက်လှုပ်ရှား၍ ပိုအဆင့်မြင့်သည့် မှော်စက်ဝန်းတစ်ခု လှိုဏ်ဂူတံခါးတွင် ဖန်တီးလိုက်သည်။ ဂိုဏ်းတစ်ခုလုံး၏ ပြဿနာကို ကာကွယ်သည်။
"ရှောင်လု ဘယ်အချိန်အဆင့်တက်မယ်ဆိုတာ သေချာမသိနိုင်ဘူး။ နင်တို့အားလုံး ကောင်းကင်ဂိတ်တောင်ထိပ်ကနေ ခဏခွာနေကြရင်ကောင်းမယ်"
ယွမ်ကျိကပြောသည်။ ဝိညာဉ်အာရုံသုံး၍ လှိုဏ်ဂူထဲသို့ သူမကြည့်တော့။ လုယန်၏ကျင့်ကြံမှု အနှောက်အယှက်ဖြစ်မည်ကို စိုးရိမ်သည်။
အားလုံး ကောင်းကင်ဂိတ်တောင်ထိပ်မှ အမြန်ခွာကြသည်။ သိပ်သည်းသည့်တိမ်တိုက်များ တောင်ထိပ်အထက်ကောင်းကင်တွင် ပေါ်လာသည်။ ပြင်းထန်သည့်ဖိအားကျလာသည်။ အားလုံး ရင်ဘတ်များတင်းကြပ်လာသလို ခံစားကြရသည်။
"မသေမျိုးအဆင့်တက်လျှပ်စီးလား။ ဘယ်သူအဆင့်တက်နေတာလဲ"
ထောင်ထဲတွင်ထိုင်နေသည့် ဝူယော် မော့ကြည့်လာပြီး မျက်လုံးပြူးသွားသည်။ တစ်ချက်ကြည့်ရုံဖြင့် ကျင့်ကြံသူတိုင်း စိတ်ကူးယဉ်ကြသည့် မသေမျိုးအဆင့်တက်လျှပ်စီးဖြစ်ကြောင်း သူသိသည်။
"အဲဒါ မသေမျိုးအဆင့်တက်လျှပ်စီးပဲ"
ဂိုဏ်းဝင်တစ်ယောက် အော်ဟစ်လိုက်သည်။ ဂိုဏ်တစ်ခုလုံး ချက်ချင်းသဘောပေါက်သွားကြသည်။
"မသေမျိုးအဆင့်တက်တာ ဘယ်သူလဲ"
"လျှပ်စီးက ကောင်းကင်ဂိတ်တောင်ထိပ်ဆီကို ရွေ့နေသလိုပဲ။ အကိုလုယန်ပဲဖြစ်မယ်"
ထောင်ယော်ယဲ့က ဝမ်းသာအားရပြောသည်။
"လုယန်လား"
အားလုံး အကြီးအကျယ်အံ့အားသင့်သွားကြသည်။ လုယန်ကျင့်ကြံခဲ့သည့် အချိန်က ဘယ်လောက်ကြာသေးသနည်း။ သေမျိုးအဆင့်မှ မသေမျိုးတစ်ဝက်အထိတက်ခဲ့သည့် သူ့အမြန်နှုန်းက သမိုင်းစံချိန်ချိုးခဲ့သည်။
ထိုသို့မြန်လွန်းသဖြင့် မသေမျိုးအဆင့်သို့တက်လျှင် လုယန်အတွက် အတားအဆီးတစ်ခုဖြစ်လာမည်ဟု ထင်ခဲ့သည်။
သို့သော် ထိုအတားအဆီးကို လုယန်က ကျော်ဖြတ်တော့မည်။
"ဝုန်း"
လှိုဏ်ဂူပေါက်ကွဲသွားပြီး လုယန်ပျံတက်လာသည်။ ကောင်းကင်လျှပ်စီးကို တိုက်ရိုက်ရင်ဆိုင်သည်။ သူ့ကိုယ်မှထွက်လာသည့် စွမ်းအင်ရောင်က ကူးဖြတ်ခြင်းအဆင့်ကို ကျော်လွန်နေသည်။
ထိုစွမ်းအင်ရောင်ကြောင့်ပင် မသေမျိုးလျှပ်စီးဆင်းလာခြင်းဖြစ်သည်။
"အားလုံး ကောင်ကင်ဂိတ်တောင်တန်းနဲ့ ဝေးဝေးနေကြ"
တာအိုရှင်ဝစီပိတ် အလောတကြီးအော်ဟစ်လိုက်သည်။ မသေမျိုးကောင်းကင်ဆင်းရဲသည် ဘေးကြည့်သူများကို ပစ်မှတ်မထားသော်လည်း လျှပ်စီးမျှင်တစ်စ စင်ထွက်လာနိုင်ခြေရှိသည်။ အန္တရာယ်များသည်။
အားလုံး ချက်ချင်းအဝေးသို့ ရှောင်ထွက်သည်။ တစ်ချိန်တည်းမှာပင် မိတ်ဆွေများကို မက်ဆေ့ပို့သည်။ တစ်ချို့က လိုက်ဖ်လွှင့်သည်။ အားလုံး စိတ်လှုပ်ရှားပျော်ရွှင်နေကြသည်။
မသေမျိုးလျှပ်စီးပေါ်လာသည်ကို ပထမဆုံးအာရုံခံမိသူက ယင်ထန်မသေမျိုးပင်ဖြစ်သည်။
တိမ်တိုက်များအထက်တွင်ရပ်လျက် လုယန်ကို ငုံ့ကြည့်ရင်း သူအခက်တွေ့နေသည်။
"ထာဝရနတ်မယ်၊ မင်းနည်းနည်းနောက်ဆုတ်လိုက်ပါ။ စည်းမျဉ်းစည်းကမ်းအရ မသေမျိုးလျှပ်စီးဆိုတာ တစ်ယောက်တည်းရင်ဆိုင်ရမှာ။
အခုမင်းရှိနေတော့ နှစ်ယောက်ဖြစ်နေတဲ့သဘောပဲ။ လျှပ်စီးစွမ်းအား ပိုတိုးလာလိမ့်မယ်"
သူသတိပေးသည်။
နတ်မယ်က စိတ်မရှည်ဟန်ဖြင့် လက်တစ်ဘက်ဝှေ့ယမ်းပြီး ခပ်တင်းတင်းပြန်ပြောသည်။
"တော်စမ်းပါ။ ငါကဒီမှာရပ်နေရုံပဲလေ။ လူတစ်ယောက်စာပဲတွက်ပြီး လျှပ်စီးလွှတ်ပေါ့။ အပိုမလွှတ်နဲ့"
"အင်း...ရပါတယ်လေ။ ငါအကောင်းဆုံးကြိုးစားပါ့မယ်"
**********************************