အခန်း ၁၃၄၇
Vol. 90 Ch. 1347
အခန်း (၁၃၄၇) မသေမျိုးလျှပ်စီး
လုယန် မသေမျိုးအဆင့်တက်နေသည့်သတင်းက စကြာဝဠာတစ်ခုလုံး ချက်ချင်းပျံ့နှံ့သွားသည်။
ဝူယော်အဆင့်တက်စဉ်က ကျင့်ကြံမှုလောက၏ ဝိညာဉ်စွမ်းအင်နည်းပညာ အစပျိုးချိန်ဖြစ်သည်။ သတင်းပျံ့နှံ့နှုန်း အကန့်အသတ်ရှိသည်။
ယခုနှစ်ပိုင်းအတွင်း ဝိညာဉ်စွမ်းအင်နှင့် နည်းပညာ ပေါင်းစပ်မှု လျင်မြန်စွာတိုးတက်လာသည်။ ဆက်သွယ်ရေးနည်းပညာက အံ့ဖွယ်အဆင့်သို့ ရောက်လာသည်။ အလင်းနှစ်ဆက်သွယ်မှုများပင် လုံးဝကြန့်ကြာခြင်းမရှိ။
လုယန်လျှပ်စီးရင်ဆိုင်နေသည့် လိုက်ဖ်ရုပ်သံက လူကြိုက်အများဆုံး နံပတ်တစ်ရုပ်သံဖြစ်လာသည်။ တစ်ခြားရုပ်သံလိုင်းများကလည်း ရှုထောင့်အမျိုးမျိုးမှ ကောင်းကင်လျှပ်စီးကို ရိုက်ကူးထုတ်လွှင့်ကြသည်။
"ငါတို့ဘာမှတောင်လုပ်ဖို့မလိုဘူး"
သူခိုးဘိုးဘေးက မှတ်ချက်ပေးသည်။ စကြာဝဠာရုပ်သံလုပ်ငန်းတွင် အဓိကရှယ်ရာရှင်ဖြစ်သည်။ စထရိန်း(stream)တစ်ခု ပေါ်ပြူလာဖြစ်အောင် ကိုင်တွယ်သည့်ကိစ္စက အလွန်လွယ်သည်။
မလိုအပ်ဘဲ သူစိုးရိမ်ခဲ့ရသည်။ မသေမျိုးအဆင့်တက်ခြင်းသည် ရှေးခေတ်ကတည်းက ကြုံတောင့်ကြုံခဲကိစ္စဖြစ်သည်။
သူဘာမှစီမံအားထုတ်စရာမလိုဘဲ လူကြိုက်အများဆုံးအဆင့်သို့ ချက်ချင်းရောက်သွားသည်။
လုယန်ကိုကြည့်၍ သူခိုးဘိုးဘေးအားကျမိသည်။ မသေမျိုးတစ်ဝက်အဆင့်တွင် သူပိတ်မိနေသည်မှာ နှစ်ရှစ်သောင်းကြာပြီဖြစ်သည်။ မသေမျိုးဖြစ်မည်လမ်းစကိုပင် မမြင်ရသေး။ ယခု နောက်မှတက်လာသည့်လူက မသေမျိုးဖြစ်တော့မည်။
"ဒီလိုက်ဖ်ခန်း(live room)က ဘာလို့ဒီလောက်လူစည်နေတာလဲ"
ကြယ်စုမဟာမိတ်မှလူများ ရုပ်သံလိုင်းထဲဝင်ကြည့်ကြသည်။ တစ်ခါမှမကြုံခဲ့ဖူးသည့် ကြည်ရှုသူနှင့် ကွန့်မန်ပမာဏကြောင့် အံ့အားသင့်သွားသည်။
"ခေါင်းစည်းကို မတွေ့ဘူးလား။ ကျင့်ကြံမှုလောကက လူတစ်ယောက် မမေသမျိုးဖြစ်တော့မယ်တဲ့"
ကြယ်စုမှ တစ်ခြားလူများက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် မှတ်ချက်များစွာ တုံ့ပြန်ကြသည်။
"မသေမျိုးဖြစ်တာလား။ အဲဒါက ကျင့်ကြံမှုကမ္ဘာမှာပြောကြတဲ့ ရုပ်ခန္ဓာအမြင့်ဆုံးအဆင့်ဆိုတာလား"
"သောက်လခွမ်း ရုပ်ခန္ဓာအမြင့်ဆုံးလား။ ကျင့်ကြံမှုဆိုတာတောင် မင်းနားလည်လို့လား။ အဲဒါက လုံးဝကွဲပြားတဲ့ ဘဝအဆင့်အတန်းတစ်မျိုးကွ"
"မားကတ်တင်းအကောင့်တွေကြောင့် နောက်တစ်ယောက် ဦးနှောက်ပျက်သွားပြန်ပြီပဲ"
ကောင်းကင်ပင်လယ်ကြယ်ကမ္ဘာမှ လုယန်ကယ်တင်ခဲ့သည့် ကယ်ဆယ်ရေးအဖွဲ့ဝင်များ တစ်ယောက်ပြီးတစ်ယောက် ရောက်လာသည်။ လုယန်ပြောင်းလဲနေသည့် အမြင့်ဆုံးဘဝပုံစံသည် ဘယ်လောက်စွမ်းအားကြီးကြောင်း ရှင်းပြကြသည်။
အဖွဲ့ခေါင်းဆောင် ကျန်းပိုက ဘာမှမပြော။ အသံတိတ်အားပေးနေသည်။
ကယ်ဆယ်ရေးအဖွဲ့အပြင် တစ်ခြားထူးထူးဆန်းဆန်းနာမည်နှင့် အဖွဲ့အစည်းများလည်းရှိသေးသည်။ အကျဉ်းသားတောင်ထိပ်အမွေခံအဖွဲ့၊ အကျဉ်းသားတောင်ထိပ်ကျေးဇူးခံအဖွဲ့၊ စတုတ္ထမသေမျိုးအဖွဲ့၊ ရှေးဟောင်းအရိုင်းမျိုးနွယ်အဖွဲ့...။
စသည့်အဖွဲ့အစည်းများက လုယန်ဘယ်လောက်စွမ်းအားကြီးကြောင်း ကြည့်ရှုသူများကို ရှင်းပြနေသည်။
"ကောင်းကင်အင်ပါယာဝူယော် မသေမျိုးအဆင့်တက်တုန်းက ကြယ်စုတစ်ခုလုံး ကြေမွသွားတယ်။ ဒီမသေမျိုးလျှပ်စီးက အဲလောက်စွမ်းအားမပြင်းဘူး။ ဘေးပတ်လည်က တောင်တန်းတွေတောင် မပျက်စီးဘူး။
လျှပ်စီးအားလုံး လုယန်ပေါ်မှာပဲ ကျတာ"
"ဘာလို့ ရုပ်သံအရည်အသွေးက ညံ့လှချည်လားကွာ။ ငါဘာမှ သဲသဲကွဲကွဲမမြင်ရဘူး"
"အတော်အ,တဲ့ကောင်ပဲ။ ပေါက်တတ်ကရတွေ ပြောမနေနဲ့။ ဘာရုပ်သံအရည်အသွေးလဲ။ မသေမျိုးကောင်းကင်လျှပ်စီးကျရင် လေဟာနယ်တွန့်လိမ်သွားတယ်။ အဲဒီ့နေရာကို မင်းသွားကြည့်ရင်တောင် ဒီလိုပဲမြင်ရမှာ"
ကျင့်ကြံသူတစ်ယောက်က ရှင်းပြသည်။ သူသည် ကူးဖြတ်ခြင်းအဆင့်ဖြစ်သည်။
"အဲလောက်အံ့ဩစရာကောင်းတယ်ပေါ့"
အမှန်တရားက မျက်စိရှေ့တွင် ရှိနေသော်လည်း တစ်ချို့က မယုံကြ။ လျှပ်စီးနည်းနည်းလောက်ကျသည်ကို သူတို့စက်တပ်ခန္ဓာများလည်း ထိုလျှပ်စီးကို ခံနိုင်ရည်ရှိသည်။
"ဟော်လိုဂရပ်ဖစ်လိုက်ဖ်ခန်းကို မင်းသွားကြည့်လိုက်လေ"
(**holographic - သုံးဖက်မြင်ပုံရိပ်)
တစ်ယောက်က လှောင်ပြုံးပြုံး၍ ပြောသည်။ သံသယဖြစ်နေသူကို ဒုက္ခအရသာ မြည်းကြည့်စေလိုသည်။
"ဟော်လိုဂရပ်ဖစ်.."
ဟော်လိုဂရပ်ဖစ်လိုက်ဖ်ခန်းကို ထိုလူချက်ချင်းတွေ့သည်။ ထူးဆန်းသည်။ တစ်ခြားလိုက်ဖ်ခန်းများတွင် လူများသလောက် ထိုလိုက်ဖ်ခန်းတွင် လူအတော်နည်းနေသည်။
port ကို သူချိတ်ဆက်လိုက်သည်။ တာအိုလမ်းစဉ်ဂိုဏ်းသို့ တကယ်ရောက်သွားသလို ဖြစ်လာသည်။ လိမ့်ဆင်းလာသည့် ကောင်းကင်လျှပ်စီးများကို အနီးကပ်ရင်ဆိုင်ရသည်။
ထိုအချိန်ကျမှ ထိုလျှပ်စီးဘယ်လောက်ကြောက်စရာကောင်းကြောင်း နားလည်လာသည်။ သဘာဝလျှပ်စီးများနှင့် လုံးဝကွဲပြားသည်။ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် လျှပ်စီးဖြစ်သည်။
ထိုလျှပ်စီးမျိုးရင်ဆိုင်ရလျှင် မီးလောင်ပြာကျဖို့သာရှိသည်။
စကားပြောရန်ပြင်နေစဉ်မှာပင် သူ့ဒွာရခုနစ်ပေါက်မှ သွေးများယိုစီးပြီး ဟိုလိုဂရပ်ဖစ်ခန်းမှ ဖယ်ထုတ်ခံလိုက်ရသည်။
"အန္တရာယ်သတိပေးစနစ် အသက်ဝင်လာတာပဲ"
သူအကြီးကျယ်ထိတ်လန့်သွားသည်။ ထိုစနစ်သည် ဟော်လိုဂရပ်ဖစ်ခန်း၏ လုံခြုံရေးစနစ်ဖြစ်သည်။ အသုံးပြုသူ၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးပြီး အမှားအယွင်းမဖြစ်ခင် အော်တိုဖယ်ထုတ်နိုင်အောင် ဒီဇိုင်းထွင်ထားသည်။
ဟော်လိုဂရပ်ဖစ်စနစ်သည် ကောင်းကင်လျှပ်စီး၏ အပုံတစ်ထောင်ပုံတစ်ပုံလောက်သာ တုပနိုင်သည်။ ထိုတစ်ပုံကိုရင်ဆိုင်ရသည်ပင် သူသေလုမျေားပါး ဖြစ်ခဲ့သည်။
ကောင်းကင်လျှပ်စီးကို စက္ကန့်ဝက်လောက်ကြည့်ရုံဖြင့် သူ့စိတ်များ အကြီးအကျယ်တုန်လှုပ်ခဲ့သည်။ ထိုလိုက်ဖ်ခန်း ထိုမျှလူနည်းနေသည်မှာ မဆန်းတော့။
သာမန်လူများ ကြည့်ဖို့ပင် အရည်အချင်းမမီ။
"လုယန်က အံ့ဩစရာပဲ"
ထိုလူ ချက်ချင်းကွန့်မင့်တစ်ခုပို့လိုက်သည်။ လုယန်၏ပရိတ်သတ်ဖြစ်လာသည်။
လုယန်သည် ကောင်းကင်လျှပ်စီးကို နောက်မတွန့်ဘဲ ရင်ဆိုင်နိုင်သည့် မသေမျိုးဖြစ်သည်။ ထိုစွမ်းရည်ကို အသိအမှတ်ပြုခြင်းသည် ရှက်စရာမဟုတ်။
တစ်ခြားကြယ်ကမ္ဘာသားများအမြင်တွင် လုယန်သည် သူတို့ဒဏ္ဍာရီပုံပြင်များထဲမှ ကောင်းကင်နတ်ဘုရားများနှင့် မခြားလှ။
"မဟာမသေမျိုးလုယန် ကျုပ်စာမေးပွဲချောချောမွေ့မွေ့ဖြေနိုင်အောင် ကောင်းချီးပေးပါစေ"
"မဟာမသေမျိုးလုယန် ကျုပ်ကျန်းမာရေးကောင်းအောင် စောင့်ရှောက်ပါစေ"
"မဟာမသေမျိုးလုယန် ကျုပ်မိန်းမချောချောရအောင် ကူညီစောင်မပါစေ"
လိုဖ်စထရိန်းဘားရစ်က ဆုတောင်းခန်းအဖြစ် ပြောင်းသွားသည်။
လုယန် တွေးမရအောင်ဖြစ်နေသည်။
"ဒီယုံကြည်မှုစွမ်းအားက ဘယ်ကနေရောက်လာတာလဲ"
မသေမျိုးလျှပ်စီးဖြတ်ရင်း နေရာစုံမှလွင့်ပျံလာသည့် ယုံကြည်မှုစွမ်းအင်များကို သူခံစားမိသည်။
ခေတ်သစ်ရောက်လာသဖြင့် ကျင့်ကြံသူအတော်များများက ဖြတ်လမ်းလိုက်ချင်ကြသည်။ လိုဖ်စထရိမ်းတွင် သူတို့မှော်စွမ်းရည်ကို ကြွားလုံးထုတ်၍ ယုံကြည်မှုစွမ်းအားစုစည်းပြီး မြန်မြန်အဆင့်တက်ချင်ကြသည်။
ယုအင်ပါယာနှင့် ထိန်းချုပ်သူသခင်တို့ ထိုအကြောင်းကြားသိရပြီးနောက် ဤခေတ်တွင် မမွေးဖွားခဲ့ရသည်ကို နောင်တရနေကြသည်။
သို့သော် လုယန်က ထိုလမ်းကြောင်းကို မလိုက်ချင်။ ဓားဦးချွန်ဖြင့် စက်ဝိုင်းတစ်ပတ်လှည့်လိုက်သည်။ ယုံကြည်မှုစွမ်းအားများ ဝင်မလာနိုင်အောင် စည်းတားသည်။
တိမ်မည်းများပွင့်သွားသည်။ ကြောက်စရာကောင်းကင်လျှပ်စီး ဆင်းလာသည်။ ကြည့်ရှုသူများ မင်သက်မိနေသည်။ သို့သော် လုယန်က ထိတ်လန့်ဟန်မရှိ။
ဓားတစ်ချက်ဖြင့် လျှပ်စီးကိုဖြိုခွဲပြီး သက်တောင့်သက်သာရင်ဆိုင်သည်။
ပျားရည်ဆမ်းခရီးထွက်နေသည့် ပင်လယ်တာအိုသခင်က လုယန်မသေမျိုးအဆင့်တက်နေကြောင်းကြားသဖြင့် လေဟာနယ်လမ်းကြောင်းဖွင့်ပြီး ချက်ချင်းရောက်လာသည်။
အော်ဟစ်ရယ်မောရင်း မာန်မဲသည်။
"ဒီကောင်လေးကျင့်စဉ်တိုးတက်နှုန်းက တကယ်မြန်တာပဲ"
ကွေ့ယန်က သူ့ညီအကိုဟောင်းများကို ဂိုဏ်းသို့ဖိတ်ခေါ်သည်။ ဂိုဏ်းမျိုးဆက်သစ်များ ဘယ်လောက်ထူးချွန်ကြောင်း လက်တွေ့ပြသည်။ တစ်ခြားဂိုဏ်းများ ယှဉ်မရနိုင်ကြောင်း တစ်ဘက်လှည့်ဖြင့် ထုတ်ကြွားနေသည်။
နတ်ဆိုးအင်ပါယာကျူးထန်က ဝန်ကြီးများကို အင်ပါယာနန်းတော်သို့ခေါ်ပြီး လုယန်အဆင့်တက်နေသည်ကို အတူကြည့်သည်။
မဟာကပ်အစပြုသူ ခေတ်သစ်ကံကြမ္မာ၏သားတော် ကျူးထန်သည် ကိုယ့်ကိုယ်ကို မသေမျိုးဖြစ်ဖို့ အစွမ်းအစရှိသည်။ သို့သော် သူ့အထက်တွင် ချီလင်မသေမျိုးရှိနေသဖြင့် မသေမျိုးအဆင့်သို့ သူလုံးဝတက်နိုင်မည်မဟုတ်။
နောင်တကြီးစွာ သူရေရွတ်သည်။
"ငါအရိယဖလမှားရွေးခဲ့မိတာပဲ"
ဓားမျှော်စင်အဓိပဓိက လိုဖ်ရုပ်သံကိုကြည့်ရင်း လေးစားအားကျနေသည်။
"ထင်တဲ့အတိုင်းပဲ။ ရှေးဟောင်းခတ်ကနေအခုချိန်ထိ လုယန်ရဲ့ပါရမီဟာ အမြင့်ဆုံးပဲ"
မသေမျိုးကောင်းကင်ဆင်းရဲကို သူမဖြတ်ကျော်နိုင်ခဲ့။ ကံကောင်း၍သာ အသက်ရှင်ခဲ့ခြင်းဖြစ်သည်။ မသေမျိုးဖြစ်ဖို့ ရင်ဆိုင်ရသည့်လျှပ်စီးသည် ဘယ်လောက်ကြောက်စရာကောင်းကြောင်း သူသိသည်။
သူအဆင့်တက်စဉ်က ကြုံခဲ့ရသည့် အဆုံးစွန်လျှပ်စီးရိုက်ချက်များကို ပြန်တွေးမိသည်။ ယခု လုယန်ကို ကြည့်ရသည်မှာ အေးဆေးတည်ငြိမ်သည့်အသွင် ရှိနေသည်။ ဓားကျင့်ကြံသူချင်းတူသော်လည်း ကွာဟချက်ကို သူနားလည်သည်။
ခံစားချက်များစွာ ပေါ်လာသည်။ ထို့နောက် သူသက်ပြင်းချသည်။
"ငါသူနဲ့နှိုင်းယှဉ်လို့မရနိုင်ဘူး"
ရှေးဟောင်းမသေမျိုးလေးယောက် တာအိုလမ်းစဉ်ဂိုဏ်းသို့ရောက်လာသည်။ လုယန်အခြေအနေကိုကြည့်၍ သူတို့လည်း အံ့အားသင့်နေသည်။
သူတို့မသေမျိုးအဆင့်တက်စဉ်က လုယန်လောက် သက်တောင့်သက်သာမရှိခဲ့။
"မသေမျိုးကောင်းကင်လျှပ်စီးကို မသေမျိုးတစ်ယောက်လို ဖြတ်ကျော်နေတယ်လို့တောင် ပြောလို့ရတယ်"
ကိုးဆမသေမျိုး မှတ်ချက်ပေးသည်။ သူသိသမျှလူများထဲတွင် ထာဝရနတ်မယ်တစ်ယောက်သာ ထိုသို့ဖြတ်ကျော်နိုင်စွမ်းရှိသည်။
"ဘာပဲပြောပြော သူ့ကို နတ်မယ်က စောင့်ရှောက်ခဲ့တာ။ အခြေတည်အဆင့်ကတည်းက နတ်မယ်နဲ့ သိကျွမ်းခဲ့တာပဲလေ"
ချီလင်ကပြောသည်။ ကျင့်စဉ်အစကတည်းက မသေမျိုးတစ်ယောက် အဖော်ပြုပေးနေသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့်လည်း လုယန်၏ကျင့်စဉ်လမ်းက ထိုမျှချောမွေ့ခဲ့ခြင်းဖြစ်သည်။
"မှန်တယ်။ ဒီလိုစောင့်ရှောက်မှုရထားတဲ့လူမျိုးက အားနည်းနေမှသာ ထူးဆန်းတယ်လို့ပြောရမှာ"
လုယန် ချင်ဖုန်းဓားကို လက်ထဲတွင် ဆ,လိုက်သည်။ ထို့နောက် ကျောက်စိမ်းတံဆိပ်ထဲ သိမ်းသည်။ မသေမျိုးဓားနှင့် ကောင်းကင်လျှပ်စီးကို ရင်ဆိုင်လျှင် လိပ်ပြာမလုံသလိုခံစားရသည်။ သူ့ဓားပညာကို သန့်စင်ဖို့ လျှပ်စီးကို အသုံးချချင်သည်။
လျှပ်စီးစွမ်းအားကို ဖျောက်ဖျက်ပေးသည့် ချင်ဖုန်းဓားမရှိတော့သဖြင့် ဖိအားနှစ်ဆတိုးလာသည်။
ကောင်းကင်မှ မိုးခြုန်းသံသဲ့သဲ့ပေါ်လာသည်။ ကောင်းကင်လျှပ်စီး နောက်တစ်ကြိမ်စုစည်းလာသည်။
လျှပ်စီးများက အဆုံးမရှိ။ ဟုန်မုန်ခရမ်းလျှပ်စီးအဖြစ်ပြောင်းပြီး လုယန်ဆီထိုးဆင်းလာသည်။
လုယန် လျှာဖျားကိုကိုက်၍ လက်ချောင်းများကို အတူလှုပ်ရှားသည်။ တုန်ခါနေသည့် ဓားချီတစ်ခု ထုတ်လွှတ်သည်။ ခရမ်းလျှပ်စီးကို နှစ်ခြမ်းခွဲသည်။ ဓားချီက အားအရှိန်မလျော့သေးဘဲ မသေမျိုးလျှပ်စီးကိုပါ နှစ်ခြမ်းခွဲဖြတ်သွားသည်။
************************************