အခန်း ၁၃၄၉
Vol. 90 Ch. 1349
အခန်း (၁၃၄၉) ပြဿနာ
မသေမျိုးဖြစ်လာပြီးနောက် လုယန်၏ မသေမျိုးအာရုံက စကြာဝဠာကိုခြုံငုံနိုင်သိအဆင့်ထိ တိုးလာသည်။ ထို့ပြင် ဇစ်မြစ်အရိယဖလကလည်း များစွာစွမ်းအားတိုးလာသည်။ တစ်ခြားမသေမျိုးများအပေါ် သက်ရောက်နိုင်စွမ်းရှိလာသည်။
ဥပမာ နတ်မယ်၏ဒဏ်ရများကို ကုသပေးပြီး ပဲပြာအရှင်နှင့်တိုက်ခိုက်ချိန်က မသေမျိုးခန္ဓာကို ပြန်ထိန်းသိမ်းပေးနိုင်သည်။
"အမ်...နေပါဦး"
နတ်မယ်မင်သက်မိသွားသည်။ သူမတုံပြန်မီ လုယန်က ဇစ်မြစ်အရိယဖလကို အသက်သွင်းလိုက်သည်။ ပြင်းထန်သည့်စည်းမျဉ်းစွမ်းအားက လောကကို နောက်ပြန်ဆွဲသည်။ အကြောင်းအကျိုး ချိုးဖျက်သည်။ အလင်းပေါက်ဖြစ်နေသည့် နတ်မယ်ဝိညာဉ်က တဖြေးဖြေးထင်ရှားလာသည်။
အသွေးအသားများပြန်ပေါ်လာည်။ အပူချိန်နှင့်ထိတွေ့မှုကို ခံစားနိုင်လာသည်။
နတ်မယ်၏အတွင်းစိတ်များ လှိုင်းထန်နေသည်။ ခံစားချက်များကို ခဏတာထိန်းချုပ်မှုလွတ်သွားသည်။ ထာဝရစွမ်းအင်ရောင်များထွက်လာသည်။ အနီးအနားမှသစ်ပင်များ ထိုစွမ်းအင်၏သန့်စင်မှုကြောင့် လုံးဝအသွင်ပြောင်းသွားသည်။ သစ်ရွက်များပေါ်တွင် ရွှေရောင်မျဉ်းကြောင်းများပေါ်လာသည်။
ဝိညာဉ်ပင်မှ သက်ရှည်စွမ်းအင်ပေးနိုင်သည့် မသေမျိုးသစ်ပင်များအဖြစ် ပြောင်းသွားသည်။
သူ့သွေးတစ်စက်၊ မျက်ရည်တစ်စက်၊ အားလုံးက သက်ရှည်လမ်းစဉ်ရှာဖွေသူများအတွက် အဖိုးဖြတ်မရသည့် အရာများဖြစ်သည်။
နတ်မယ် မျက်ရည်ကျလိုသော်လည်း မျက်ရည်မရှိ။ လုယန်မသေမျိုးဖြစ်လာသဖြင့် သူပျော်ခဲ့သည်။ ဇစ်မြစ်အရိယဖလက ထိုစွမ်းရည်မျိုးရှိနေမည်ဟု သူမထင်ခဲ့။
ငါမသေမျိုးက သက်တောင့်သက်သာရှိတဲ့ ဒီသိစိတ်နယ်မြေက မထွက်ချင်ဘူး...အမြဲတမ်းနေချင်တာ....
လုယန်စိတ်ထဲတွင် သူ့အတွက်အမြဲတွေးပေးနေကြောင်း သိရသဖြင့် ပျော်လည်းပျော်သည်။ သို့သော် သူမထွက်ချင်။
"ဂုဏ်ယူပါတယ် နတ်မယ်"
လုယန် နတ်မယ်ကို စိတ်လှုပ်ရှားစွာ ပွေ့ဖက်လိုက်သည်။ နတ်မယ် အတော်လန့်ဖျတ်သွားသည်။
ပဲဝါအရှင်နှင့်တိုက်ခိုက်ပြီးနောက် ဆိုးဝါးသည့်အခြေအနေဖြင့် နေခဲ့ရသည့် နတ်မယ်အကြောင်းတွေးတိုင်း လုယန်အပြစ်ရှိသလို ခံစားရသည်။ သူ့အားနည်းချက်ကြောင့်ဟု တွေးသည်။
မသေမျိုးဖြစ်လာပြီးနောက် ထိုသောကများကို ဖျောက်ဖျက်၍ နတ်မယ်ကို မသေမျိုးခန္ဓာ ပြန်ဖန်တီးပေးနိုင်ခဲ့သည်။
သို့သော် သိစိတ်နယ်မြေ တိတ်ဆိတ်သွားသည်ကိုတော့ နည်းနည်းအသားမကျ။ ဆူညံနေသည့် အတိတ်ကနေ့ရက်များကို ပြန်တွေးမိသည်။
"အခု သခင့်မှာ မသေမျိုးတစ်ခုရှိလာပြီပေါ့"
သတင်းကြားသည်နှင့် ချင်ဟဲက အပျော်မျက်ရည်များဖြင့် အရင်ဆုံးပြေးလာသည်။ ပွေ့ဖက်ထားသည့်လုယန် လန့်ဖျတ်နေသည့်သူ့သခင်တို့ကို မြင်လိုက်ရသဖြင့် ကောင်းကင်ပြိုသလို ခံစားရသည်။
အပြင်လူရောက်လာသဖြင့် နတ်မယ်က လုယန်ကို အမြန်တွန်းထုတ်သည်။
ယွမ်မုန်မုန် အောင်းလင်းနှင့် ကျန်သည့်လူများလည်း ချက်ချင်းရောက်သည်။ ယွမ်မုန်မုန် စပ်စပ်စုစုဖြင့် နတ်မယ်၏လက်မောင်းကို ကိုင်ညှစ်ကြည့်သည်။ အေးစက်နူးညံ့နေသည်။
"ဪ ခေါင်းဆောင်ရဲ့ အသားအရေက ဒီလိုမျိုးလား"
"မထိနဲ့၊ မထိနဲ့"
နတ်မယ် လုယန်ဘေးသို့ပြေးပုန်းပြီး ခါးတစ်ပိုင်းထွက်၍ တီးတိုးပြောသည်။
"ဒါတွေအားလုံး နင့်ကြောင့်ပဲ"
လုယန် တွေးမရဖြစ်သွားသည်။
"အကြီးအကဲနတ်မယ်၊ ပြန်ကောင်းသွားပြီလား"
ယွမ်ကျိက တွန့်ပြုံးပြုံး၍ မေးသည်။ နတ်မယ် နှုတ်ခမ်းစူ၍ မျက်နှာလွှဲသွားသည်။ ဘာမှပြန်မဖြေ။
"ကျွန်မက ရှောင်လုမသေမျိုးဖြစ်တာကို ဂုဏ်ပြုပွဲကျင်းပဖို့ လူစုနေတာပါ။ အခုပျော်စရာကိစ္စက နှစ်ခုဖြစ်သွားပြီ။
အကြီးအကဲနတ်မယ် ခန္ဓာပြန်ရလာတာအတွက်ပါ ဂုဏ်ပြုလို့ရပြီပေါ့"
....
ကောင်းကင်ဂိတ်တောင်ထိပ် ပဲဝါနိုင်ငံဘိုးဘေးဘုံကျောင်းရှေ့တွင် မသေမျိုးစွမ်းအင်များ လွှမ်းခြုံနေသည်။ ပျော်စရာပတ်ဝန်းကျင်က ရယ်မောပြောဆိုသံများ အဆက်မပြတ်ပေါ်နေသည်။
မီးဖိုချောင်တွင် ယွမ်မုန်မုန်က လက်စွမ်းပြ၍ ချင်ဟဲက ကူညီနေသည်။ အတော်စည်ကားတက်ကြွနေသည်။
"ငါအဓိကစားဖိုမှူးလုပ်ပေးမယ်လေ"
မသေမျိုးခန္ဓာပြန်ရထားသည့် နတ်မယ်က လက်စွမ်းပြဖို့ ပြင်ဆင်သည်။ လုယန်ကတားသည်။ မသေမျိုးဖြစ်ပြီးနောက်ပိုင်း ရှောင်ယန်အတင့်ရဲလာသည်ဟု ယူဆ၍ နတ်မယ်က မကျေမနပ်ဖြစ်သည်။
"နင်တို့ရှောင်ယန်ကို ဖြောင်းဖျကြပါလား။ ငါ့လက်ရာကို မြည်းမကြည့်ချင်ကြဘူးလား"
နတ်မယ်က ရှေးဟောင်းမသေမျိုးလေးယောက်ထံမှ အကူအညီရှာသည်။ လေးယောက်လုံး မကြားသလိုဟန်ဆောင်နေကြသည်။ တွန့်ဆုတ်နေကြောင်းသိသာသည်။
လုယန်က ပြန်ချော့သည်။
"နတ်မယ်၊ ဒီနေ့ ခင်ဗျားက ဂုဏ်ပြုခံရမယ့်ကြယ်ပွင့်ပါ။ အခုမှ ခန္ဓာကိုယ်ပြန်ရတာ။ ခင်ဗျားကို ဘယ်လိုအပင်ပန်းခံခိုင်းလို့ဖြစ်မှာလဲ"
နတ်မယ် တွေးကြည့်သည်။ ယုတ္တိကျသည်ဟု သူယူဆသည်။ ထို့ကြောင့် ဘာမှမလုပ်တော့ဖို့ ဆုံးဖြတ်လိုက်သည်။
ယင်ထန်တို့လေးယောက်လည်း စိတ်သက်သာရာရသွားသည်။
"ဒီလောကမှာ မိတ်ဆွေလေးလုတစ်ယောက်ပဲ နတ်မယ်ကိုဖြောင်းဖျနိုင်တယ်"
ရှေးဟောင်းခေတ်တွင် သူဘယ်လောက်ဖျောင်းဖျပါစေ နတ်မယ်က နားမထောင်။ လုပ်ချင်ရာလုပ်သည်။ သူတို့အကြီးအကျယ်ကြောက်လန့်ခဲ့ရသည်။
"မိတ်ဆွေလုက နတ်မယ်နှင့်အတူအဆင်ပြေပုံပဲ"
"ဟုတ်တယ်။ အမှန်ပဲ"
နောက်ဆုံးတွင် နတ်မယ်ကို ထိန်းနိုင်သူတစ်ယောက်ရှိလာသဖြင့် သူတို့ပျော်ကြသည်။
"သူမသေမျိုးဖြစ်လာမယ်ဆိုတာ သိပေမယ့် အဲလောက်မြန်မယ်လို့တော့ မထင်ခဲ့ဘူး"
ကျန်းပင်ကန်းနှင့် မုန်ကျင်းဇီလည်း လုယန်ဘေးတွင် လူများဝိုင်းနေသည်ကိုကြည့်၍ ပျော်ရွှင်နေသည်။ သူတို့ အသက်ကြီးလာပြီဟု ခံစားရသည်။
"အဆာသွပ်မုန့်ပေါင်းတွေလာပါပြီ"
ယွမ်မုန်မုန် အငွေ့တထောင်းထောင်းထနေသည့် မုန့်ပေါင်းဗန်းကြီးဖြင့်ထွက်လာသည်။ ရနံ့က အဝေးမှပင် သင်းပျံ့နေသည်။ ချင်ဟဲလည်း ဒုတိယဗန်းကိုင်၍ လိုက်လာသည်။
လုယန် စားချင်စိတ်ကို ထိန်းမရတော့။ ဘယ်လိုအဆာသွပ်များ ထည့်ထားမှန်းမသိသော်လည်း အတော်မွှေးပျံပြီး အဆီဝေ့နေသည်။
ယွမ်မုန်မုန်၏လက်ရာကိုစားတိုင်း နတ်မယ်၏လမ်းညွှန်မှုနောက်မလိုက်ဘဲ ကိုယ်တိုင်လေ့လာခဲ့သည့်အဖြစ်ကို လုယန် ကျိတ်ကျေနပ်မိသည်။
ဂုဏ်ပြုပွဲက အဆင့်မြင့်ဆုံးဖြစ်သည်။ အနိမ့်ဆုံး မသေမျိုးတစ်ဝက်အဆင့်ဖြင့်စသည်။ မုန်ပေါင်းများစားနေသည်က နည်းနည်းမသင့်တော်သလိုရှိသော်လည်း ယခုရှိနေသူများသည် လောကဝတ်ကိစ္စများကို ထည့်တွက်သူမဟုတ်။
ယခုလိုပွဲမျိုးတွင် နတ်မယ်စားဖိုမှူးမဟုတ်လျှင် မုန့်ပေါင်းစားရလည်း အဆင်ပြေသည်ဟု ယင်ထန်မသေမျိုးယူဆသည်။
အဆာသွပ်မုန့်များနှင့်အတူ ကောင်းကင်ဝိညာဉ်ပင်မှရသည့် မက်မွန်ရည်များလည်း ရှိသည်။ သောက်ကြည့်ပြီးနောက် ကျန်းပင်ကန်းနှင့်မုန်ကျင်းဇီတို့နှစ်ယောက် သူတို့မြည်းစမ်းဖူးသမျှ မသေမျိုးထုတ်ကုန်များထဲတွင် ထိပ်ဆုံးအဆင့်ဖြစ်သည်ဟု ချီကျူးကြသည်။
ဂုဏ်ပြုပွဲတစ်ဝက်အရောက်တွင် အားလုံးက လုယန်ကို စကားနည်းနည်းပြောဖို့ တိုက်တွန်းသည်။
အများဆန္ဒအရမတတ်သာသဖြင့် လုယန် မက်မွန်ရည်ခွက်ကိုင်ပြီး လူအုပ်ရှေ့သို့ထွက်၍ ကျေးဇူးတင်စကားပြောသည်။
"ချီလင်မသေမျိုးကို ဂုဏ်ပြုပါတယ်။ ခင်ဗျားနဲ့ဝူယော်တို့ အပေးအယူကြောင့် ကျုပ်ဒီနေရာကိုရောက်လာတယ်။ ဘဝအသစ်စနိုင်ခဲ့တယ်။ ခင်ဗျားက ကျုပ်ဘဝရဲ့ကယ်တင်ရှင်ပါ"
ထိုသို့ပြောပြီးနောက် မက်မွန်ရည်ကို တစ်ကျိုက်တည်းမော့ချသည်။
ချီလင်လည်း မက်မွန်ရည်ခွက်မော့ချပြီးနောက် ပြန်ပြောသည်။
"ဒါတွေပြောစရာမလိုပါဘူး။ မင်းက ထာဝရနတ်မယ်ကို ပြန်အသက်သွင်းခဲ့တာပဲ။ ငါတို့ကသာ ကျေးဇူးတင်သင့်ပါတယ်"
"ကိုးဆမသေမျိုး။ ခင်ဗျားကို ဒီတစ်ခွက်နဲ့ဂုဏ်ပြုပါတယ်။ မြောက်ပိုင်းတိုက်နယ်မှာ ကျုပ်နဲ့ထိန်းချုပ်သူတိုက်ပွဲကိုသာ ခင်ဗျားအချိန်မီ ဝင်မလာခဲ့ရင် အဲဒီမှာကျုပ်သေသွားလောက်တယ်။
ဒီအတွက် တရားဝင်ကျေးဇူးမတင်ရသေးဘူး။ ဒီတော့ ကျေးဇူးတင်ပါတယ်"
ကိုးဆမသေမျိုး နည်းနည်းအံ့အားသင့်သွားသည်။ သူအနေခက်နေသည်ကိုကြည့်၍ တစ်ခြားလူများဝိုင်းရယ်ကြသည်။
"ကိုးဆ၊ သူမင်းကို ကျေးဇူးတင်တာလေ။ စကားနည်းနည်းပြောမှပေါ့"
ယင်ထန်မသေမျိုးက ဘေးမှစနောက်သည်။
ကိုးဆမသေမျိုးက ဒေါသဖြင့်ပြန်စိုက်ကြည့်သည်။ ရယ်မောသံများ ပို၍ကျယ်လောင်လာသည်။
"အချိန်မသေမျိုး။ ကျုပ်ခင်ဗျားကို ကျေးဇူးတင်ပါတယ်။ ယုံကြည်မှုစွမ်းအားနဲ့ မသေမျိုးခန္ဓာနဲ့ ရွှေခန္ဓာတည်ဆောက်တဲ့နည်းက တကယ်အံ့ဩစရာပါပဲ။
ခင်ဗျားရဲ့ ရှက်စရာအတိတ်ကြောင်းတွေအားလုံး ကျုပ်သိထားပေမယ့် ကျုပ်ကိုဒုက္ခမပေးခဲ့ဘူး။ သဘောထားကြီးမှုကိုပြခဲ့တယ်။ အကြီးအကဲလေးယောက်ထဲမှာ ခင်ဗျားကအကိုကြီးဖြစ်နေတာ အံ့ဩစရာမရှိတော့ပါဘူး"
အချိန်မသေမျိုးက အမူအရာမပျက်။ သို့သော် ယင်ထန်က မျက်နှာတင်းသွားသည်။
"ယင်ထန်၊ ရှောင်လုက မင်းကိုတစ်ဘက်လှည့်နှင့်ပြောချင်တာ။ အမြဲတမ်းတစ်ခြားလူတွေကို တမင်ဒုက္ခပေးနေတာလေ"
ယခု ကိုးဆမသေမျိုးစနောက်ချိန် အလှည့်ရလာသည်။ ကျယ်လောင်စွာအော်ဟစ်ရယ်မောနေသည်။
"တော်စမ်းကွာ တော်စမ်း"
ယင်ထန်မသေမျိုးက အလွယ်တကူ လှောင်ပြောင်ခံသူမဟုတ်။ ပြန်ခံပက်သည်။
"မင်းတို့လည်း ရှောင်လုကို ပညာပေးချင်ခဲ့ကြတာ သေချာပါတယ်။ တာအိုရှင်ယွမ်ကျိ ဘယ်လောက်စွမ်းအားကြီးလဲသိပြီးမှသာ မင်းတို့ကြောက်သွားကြတာပါ"
"အဲဒါက အခြေအနေသိတယ်လို့ ခေါ်တယ်ကွ"
ကိုးဆမသေမျိုးက ဂုဏ်အပြည့်ဖြင့်ပြောသည်။
"ယင်ထန်မသေမျိုး၊ ခင်ဗျားကို ဒီတစ်ခွက်နဲ့ဂုဏ်ပြုပါတယ်။ နတ်မယ်ကိုခင်ဗျားလုပ်ကြံခဲ့ပြီး ယင်ထန်မသေမျိုးအစစ်ကို ပူးကပ်ခဲ့တယ်။ ယုံကြည်မှုစွမ်းအားရင်းမြစ်ကို ညစ်ညမ်းစေခဲ့လို့ ပဲဝါအရှင်ပြန်ပေါ်လာတယ်။
အဲဒါကြောင့် ဒီလိုနောက်ဆက်တွဲကိစ္စတွေအားလုံး ဖြစ်လာတာလေ"
**************************