← Chapters

အခန်း ၁၃၅၀

Vol. 90 Ch. 1350

အခန်း ၁၃၅၀

Vol. 90 Ch. 1350

အခန်း (၁၃၅၀) ဘာလို့ဖော်ထုတ်လိုက်တာလဲ

"ဘယ်လို"

အားလုံး နားကြားမှားသည်ဟု ထင်မိကြသည်။ လုယန်လေသံက တည်ငြိမ်လွန်းသည်။ သာမန်ကိစ္စတစ်ခု ပြောနေသလိုသာဖြစ်သည်။

ယင်ထန်မသေမျိုးပင် မျက်နှာမှအပြုံးမပျက်သေး။ သူ့စိတ်အတွေးက သူနှင့်ကိုးဆမသေမျိုးတို့ အပြန်အလှန်စကားနားထိုနေသည့်ကိစ္စတွင်သာ ရှိနေသေးပုံရသည်။

ထို့နောက် လုယန်ကို သူလှည့်ကြည့်သည်။ အတွေးများလက်ရှိသို့ ပြန်ရောက်လာသည်။ တစ်ခြားလူတစ်ယောက်အဖြစ်ပြောင်းသွားသကဲ့သို့ အပြုံးများတဖြေးဖြေးမှေးမှိန်ပျောက်ကွယ်သွားသည်။

သူခေါင်းခါ၍ သက်ပြင်းချသည်။ လုယန်အပြုအမူကို နားမလည်ဟန်ဖြင့်

"မိတ်ဆွေလေးလု၊ မင်းဘာလို့ ငါ့အကြောင်းဖော်ထုတ်လိုက်တာလဲကွာ။ ငါကမင်းနဲ့ ပြေရာပြေကြောင်းနေဖို့ ရည်ရွယ်ထားတာ။ ဘာလို့ငါ့နောက်ကို အတင်းလိုက်နေတာလဲ။

ယော်စိန့်ကသေပြီ။ မဟာရန်ညှိုးလည်း ကြေသွားပြီ။ လောကကြီး ငြိမ်းချမ်းနေသည်။ ကျင့်ကြံသူလောက အစီစဉ်တကျဖွံ့ဖြိုးနေပြီ။ အားလုံးက လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပြီ။

မင်းလည်း မသေမျိုးဖြစ်လာပြီ။ လောကကြီးလည်း ပျော်ရွှင်နေပြီ။ အဲဒါမကောင်းဘူးလား"

ယင်ထန်ကိုပူးကပ်ပြီးနောက် ယင်ထန်ပုံစံဖြင့် လုယန်၊ နတ်မယ်၊ ယွမ်ကျိ၊ ကိုးဆမသေမျိုး...အာလုံးနှင့် ဆက်ဆံခဲ့သည်။ ရှေးဟောင်းခေတ်တွင် မိတ်ဆွေရင်းများနှင့် ဖြတ်သန်းခဲ့သည့် အချိန်ကောင်းများကို သူပြန်သတိရလာသည်။

ထို့နောက် ထာဝရနတ်မယ်သည် လွှမ်းခြုံခြင်းအဆင့်သို့ မရောက်နိုင်တော့။ ဤလောကတွင် သူ့နေရာကိုခြိမ်းခြောက်နိုင်မည့်သူ မရှိတော့။ လူသတ်လိုသည့် သူ့စိတ်ကိုစွန့်လွှတ်ပြီး ယင်ထန်မသေမျိုးအဖြစ် ဤအခေတ်အခါကို သာယာစွာဖြတ်သန်းဖို့ တွေးထားခဲ့သည်။

လုယန်လိုလူများနှင့် သူမပတ်သက်ချင်သောကြောင့် ယော်စိန့်ကို ဟန်ပြအဖြစ်လွှတ်ခဲ့သည်။ တိုက်ပွဲတစ်ပွဲဖြင့် အားလုံးကိုလှည့်စားခဲ့သည်။ အတိတ်ကို မြှုပ်နှံခဲ့သည်။

ကျင့်ကြံသူလောကဖွင့်ချိန်တွင် သူမလှုပ်ရှားဖို့ ရွေးချယ်ခဲ့သည်မှာလည်း ထိုအကြောင်းကြောင့်ဖြစ်သည်။

သို့သော် သူထင်မထား။ လုယန်က သူ့ရည်ရွယ်ချက်များကို အလေးမထား။ သူစောင့်ကြည့်နေသည့်ကြားမှ သူ့သရုပ်မှန်ကို ထိုးဖောက်မြင်နိုင်ခဲ့သည်။

"ဘယ်လို။ သူက နောက်ကွယ်ကလူပေါ့"

ယင်ထန်၏သရုပ်မှန်ကိုသိရသဖြင့် အားလုံးမျက်လုံးပြူးသွားသည်။ စိတ်ထဲအကြီးအကျယ် လှုပ်ရှားသွားသည်။ စိတ်ထဲမှမယုံချင်သေး။

သို့သော် မျက်လုံးရှေ့တွင် အမှန်တရားက ရှိနေမည်။ မယုံချင်လည်းယုံရမည်။

ချီလင်၏မျက်လုံးများ ချက်ချင်းနီရဲလာသည်။ တစ်ခါမှမပေါ်ဖူးသည့် လူသတ်ရိပ်မျိုးပေါ်လာသည်။ သူသည် ယင်ထန်နှင့်အရင်းနှီးဆုံးဖြစ်သည်။

သူနှစ်သုံးသိန်းကြာအောင် အပြစ်စိတ်နေခဲ့ရသည့်ကိစ္စသည် လုပ်ကြံသူထံမှ မြစ်ဖျားခံလာသည်။

"ယင်ထန်..."

နတ်မယ်အပါအဝင် သူတို့အားလုံး တစ်ခါမှထိုမျှဒေါသမထွက်ခဲ့ဖူး။ ယင်ထန်ကိုသတ်၍ ယင်ထန်နေရာတွင်အစားဝင်ပြီး သူတို့အားလုံးနှင့် ပေါင်းသင်းဆက်ဆံနေခဲ့သည်။

ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်သွားသည်။ လေထုက လေးလံထိုင်းမှိုင်းလာသည်။ ဘယ်သူမှ လှုပ်ရှားမည့်အရိပ် မပြကြသေး။ လုယန်သာ လုပ်ကြံသူနှင့် အေးအေးဆေးဆေး စကားပြောနေသည်။

"ဘယ်အချိန် မင်းငါ့ကိုစပြီးသံသယဝင်ခဲ့တာလဲ"

လုပ်ကြံသူကမေးသည်။ လုယန်၏ဖော်ထုတ်မှုက ရုတ်တရက်ဆန်လွန်းသဖြင့် သူအံ့ဩနေသည်။ လုယန်နှင့်ပတ်သက်၍ ဘာထူးခြားချက်မျိုးမှလည်း သူမရိပ်မိခဲ့။

"လသံလွင်နန်းတော်မှာ ကျုပ်တို့စတွေ့တော့ မီးနိုင်ငံခေတ်အဆုံးမှာ အချိန်မသေမျိုး သေသွားတဲ့အကြောင်း ခင်ဗျားပြောတယ်။ သူ့ကိုသတ်တဲ့လူဟာ ကျန်တဲ့သုံးယောက်ထဲကတစ်ယောက်လို့ ပြောတယ်။

ကျုပ်က တိုက်ရိုက်ဆန်တဲ့လူပါ။ လူတွေပြောတဲ့အတိုင်းယုံတယ်။ ဒီတော့ ကျန်တဲ့သုံးယောက်လုံးကို ကျုပ်သံသယထားတယ်လေ။ ခင်ဗျားကစလို့ပေါ့။ အချိန်မသေမျိုးလည်း ပူးကပ်ခံခဲ့ရတာ ဖြစ်နိုင်တယ်လို့ စဉ်းစားတယ်"

လုပ်ကြံသူ၏မျက်လုံးများ နည်းနည်းမှေးစင်းသွားသည်။ လုယန်ထိုမျှစောစောစီးစီး သူ့အပေါ်သံသယဝင်ခဲ့မည်ဟု ထင်မထား။ သူကိုယ်တိုင်သတင်းပေးခဲ့ခြင်းဖြစ်၍ သံသယလွတ်မည်ဟု ထင်ခဲ့သည်။ လုယန်က သူ့ထောင်ချောက်ထဲမကျခဲ့။

ရှေးဟောင်းမသေမျိုးလေးယောက်ထဲမှ တစ်ယောက်ယောက် ပူးကပ်ခံထားရကြောင်း လုယန်သံသယဖြစ်ခဲ့သည်။ လီဟော်ရန်က လူဝင်စားဖြစ်ကြောင်းသိပြီးနောက် လီဟော်ရန်အတွက်အန္တရာယ်ရှိကြောင်း နားလည်လာသည်။

ထို့ကြောင့် လသံလွင်နန်းတော်မှပြန်လာချိန်တွင် လီဟော်ရန်နှင့် သူသိပ်အဆက်အဆံမလုပ်တော့။ သာမန်ဂိုဏ်းညီအကိုများအဖြစ်သာ ဟန်ဆောင်ခဲ့သည်။ လီဟော်ရန်၏ လူဝင်စားကိစ္စ ထပ်မပြောတော့။

မဟုတ်လျှင် လီဟော်ရန်ကို ယင်ထန်မသေမျိုး၏ ပစ္စည်းသွန်းပညာကို အစကတည်းက သင်ခိုင်းခဲ့ပေလိမ့်မည်။

ချီလင်သည် အချိန်မသေမျိုးကို သတ်ဖြတ်သူမဟုတ်ကြောင်း နားလည်ပြီးနောက်မှာပင် လီဟော်ရန်ရှိနေသေးသဖြင့် လေးယောက်လုံးအပေါ် သူသံသယမကင်းသေး။

လုပ်ကြံသူက ဘယ်သူ့ကိုပူးကပ်ခဲ့ကြောင်း သူကောက်ချက်မချနိုင်သေး။

လူဝင်စား(သံသရာ)အရိယဖလသန္ဓေအပေါ် အတွေးအမြင်တစ်ချို့ရပြီးမှ သူ့သံသယကို တဖြေးဖြေးအတည်ပြုနိုင်လာသည်။

ဘဝလည်း သံသရာလည်သလို အဖြစ်အပျက်များလည်းသံသရာလည်သည်။

လူဝင်စားတို့၏ အတွေ့အကြုံများလည်း အတိတ်ဘဝအဖြစ်အပျက်များနှင့် နည်းနည်းထပ်တူကျလိမ့်မည်။

လီဟော်ရန် ပစ္စည်းသွန်းပညာကျွမ်းကျင်သည့်ကိစ္စက ပြောစရာမလိုတော့။ ထို့ပြင် နတ်မယ်က ယင်ထန်၏ ရှက်စရာအတိတ်အကြောင်းတစ်ခု ပြောဖူးသည်။

ယင်ထန်ငယ်ရွယ်စဉ်က ကျင့်စဉ်အဆင့်ပိုမြင့်သည့် အသက်ကြီးကြီး အမျိုးသမီးကျင့်ကြံသူများ၏ ချစ်ခင်နှစ်သက်မှု အလွယ်တကူရခဲ့သည်ဟုဆိုသည်။

လီဟော်ရန်၏အတွေ့အကြုံနှင့် ထပ်တူကျသည်။

လုပ်ကြံသူက လူဝင်စားသံသရာသဘောအစစ်ကို နားမလည်။ အတိတ်နှင့်လက်ရှိဘဝ ဆင်တူသည်ဟုသာ ရိုးရိုးတွေးသည်။ ထို့ကြောင့် ကုကျန်ယဲ့ကို သံသယဝင်ခြင်းဖြစ်သည်။

"ဒါပေမယ့် ဒါတွေအားလုံးက ခင်ဗျားသရုပ်မှန်ကိုမသိခင် ကျုပ်ယူဆခဲ့တဲ့ ကောက်ချက်တွေပါပဲ။ ဇစ်မြစ်အရိယဖလကို ကျုပ်မတည်ဆောက်နိုင်ခင်ကပေါ့။

ဇစ်မြစ်အရိယဖလနဲ့ မီးနိုင်ငံအဆုံးသတ်ချိန်သမိုင်းကို သေချာကြည့်ခဲ့တယ်။ အဲဒီ့ကျမှ ခင်ဗျားပူးကပ်ခဲ့တာ ယင်ထန်မသေမျိုးပဲလို့ ကျုပ်သေချာအတည်ပြုနိုင်ခဲ့တာ"

မသေမျိုးလေးယောက်ကို သူအရိုအသေပေးချိန်တွင် ဇစ်မြစ်အရိယဖလဖြင့် မီးနိုင်ငံအဆုံးပိုင်းမှ သူတို့အတွေ့အကြုံကို လျှို့ဝှက်ကြည့်ရှုခဲ့သည်။ အချိန်မသေမျိုး၊ ကိုးဆမသေမျိုး၊ ချီလင်မသေမျိုးတို့က ဘာမှထူးခြားချက်မရှိ။ ယင်ထန်တစ်ယောက်သာရှိသည်။

လုပ်ကြံသူက မြေအောက်ကိုးငရဲဘုံတွင် ယင်ထန်မသေမျိုးကို ပူးကပ်သည်ကိုသူမြင်သည်။ ယင်ထန်(ဝိညာဉ်)က လူဝင်စားအရိယဖလသန္ဓေဖြင့် သေဘေးမှလွတ်အောင်ရုန်းသည်။ လုပ်ကြံသူက ယုံကြည်မှုစွမ်းအားကို အမှားဖြစ်အောင်လုပ်သည်။ ထို့ကြောင့် ပေါ်လာသည့်ပဲပြာအရှင်က လွန်မြောက်ခြင်းအဆင့်ရောက်အောင် အတင်းကြိုးစားခဲ့သည်။

ဇစ်မြစ်အရိယဖလက လူတစ်ယောက်၏ အတိတ်ကို ကြည့်နိုင်သည်။ ကြယ်စုမဟာမိတ်တွင် ထိုအဖြစ်ကို လုယန်စမ်းသပ်ကြည့်ခဲ့သည်။

"ဇစ်မြစ်အရိယဖလကို အဲလောက်အံ့ဩစရာကောင်းမယ်လို့ မထင်ခဲ့မိဘူး"

လုပ်ကြံသူ မျက်ခုံးတစ်ဘက် မြင့်တက်သွားသည်။ သူသည် အချိန်လမ်းကြောင်းအရိယဖလကို ကျွမ်းကျင်သည်။ ခေတ်သမိုင်းကြောင်းကို အများမသိအောင် လှည့်စားနိုင်သည်။

သို့သော် ဇစ်မြစ်အရိယဖလက ဇစ်မြစ်မူလကို တိုက်ရိုက်ညွှန်ပြနိုင်သည်။ အချိန်အတားအဆီးကို ကျော်ဖြတ်ပြီး အဖြစ်အပျက်တို့၏မူလကို ဖော်ထုတ်နိုင်စွမ်းရှိနေသည်။

လုပ်ကြံသူ အော်ဟစ်ရယ်မောနေသည်။ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းမိ၍ လူငယ်တစ်ယောက်က အရူးလုပ်ခြင်း ခံလိုက်ရသည်။ အစကတည်းက လုယန်သူ့ကို သံသယဝင်နေမှန်း လုံးဝနားမလည်ခဲ့။

ယင်ထန်ကို ပူးကပ်ပြီးနောက်ပိုင်း ငြိမ်းချမ်းစွာဖြတ်သန်းခဲ့သည့်ကာလသည် ရှည်ကြာလွန်းသဖြင့် သူစိတ်အေးလက်အေးနေခဲ့သည်။ သို့မဟုတ် လှုပ်ရှားရသည်ကို ပျင်းရိလာသည်။

သူ့ရယ်သံတွင် ဒေါသရိပ်နည်းနည်းပါသည်။ လေဟာနယ် ပြင်းထန်စွာ တုန်ခါလာသည်။

"မင်းအတွေ့အကြုံတွေက နည်းနည်းစိတ်ဝင်စားစရာကောင်းလို့ မင်းကိုငါရှင်းမပစ်ခဲ့တာ။ အခုမင်းက အင်အားကြီးပြိုင်ဘက်ဖြစ်လာပြီပေါ့။

မိတ်ဆွေလေးလု၊ အခု မင်းဘယ်လိုသေချင်လဲ စဉ်းစားပြီးပြီလား"

လုပ်ကြံသူထံမှထွက်လာသည့် စွမ်းအင်ရောင်က ပြင်းထန်သဖြင့် အားလုံးမျက်နှာပျက်သွားသည်။ ယော်စိန့်ထက်ပင် များစွာပိုပြင်းထန်သည်။

လုယန်သုံးသပ်ခဲ့သလိုပင် လုပ်ကြံသူသည် စွမ်းအားအစစ်ကို လုံးဝထုတ်မပြခဲ့။

သို့မဟုတ် သူ့စွမ်းအားအစစ်ကို မြင်ဖူးသူတိုင်း သေသွားသောကြောင့်ဖြစ်သည်။

လုယန် ဘာမှမပြော။ လက်ထဲမှမက်မွန်ရည်ခွက်ဖြင့် လုပ်ကြံသူမျက်နှာကို ပစ်ပေါက်လိုက်သည်။ ဒေါသကို ပိုဆွလိုက်သည်။

အားလုံး လှုပ်ရှားဖို့ စိတ်အားထက်သန်နေသည်။ သို့သော် ဤနေရာသည် တာအိုလမ်းစဉ်ဂိုဏ်းဖြစ်သည်။ ကျင့်ကြံသူလောကဖြစ်သည်။

ဤနေရာတွင် တိုက်ပွဲဖြစ်လျှင် ကျင့်ကြမှုလောကတစ်ခုလုံး ပျက်စီးသွားလိမ့်မည်။

လုပ်ကြံသူက ကိုယ့်စွမ်းအားကိုယ် ဘာမှထိန်းချုပ်နေမည်မဟုတ်။ အားလုံးသတ်ဖြတ်ရန် ရည်ရွယ်ထားသည်။ လုယန်သာမဟုတ်။ ယခုရှိနေသူတိုင်း ဘယ်သူမှမလွတ်နိုင်။

"ဖလှယ်ခြင်းစွမ်းအား"

ယွမ်ကျိ တီးတိုးရေရွတ်လိုက်သည်။

မြင်ကွင်းများ ရုတ်တရက် ပြောင်းသွားသည်။ သူတို့ခြေထောက်အောက်မှ ကောင်းကင်ဂိတ်တောင်တန်း ပျောက်သွားသည်။

ဘေးပတ်လည်တွင် အဆုံးမဲ့ကြယ်ကောင်းကင်နှင့် အမှောင်ထုသာပေါ်လာသည်။

ကျင့်ကြံသူလောက ပျောက်သွားသည်။ စကြာဝဠာထဲသို့ရောက်လာသည်။

"ဝူယော်ရဲ့ ဖလှယ်ခြင်းမှော်ပညာပေါ့"

လုပ်ကြံသူ ချက်ချင်းသဘောပေါက်သည်။ ယွမ်ကျိတွင် အရိယဖလမရှိ။ အကျဉ်းထောင်သို့ ဝူယော်ရောက်လာပြီးမှ ယွမ်ကျိသင်ယူခဲ့သည့် ပြိုင်ဘက်ကင်းမှော်ပညာဖြစ်သည်။

ယွမ်ကျိသည် သင်ယူလေ့လာမှုကို နှစ်ခြိုက်သူဖြစ်သည်။ ထိုကိစ္စကို လုပ်ကြံသူ သံသယမဝင်ခဲ့။ ယခုမှ ဤနေရာတွင် သုံးဖို့သင်ခဲ့မှန်း နားလည်လာသည်။

အပြင်လောကနှင့်သူ့ကို နေရာလဲလိုက်ခြင်းလော..။ မဖြစ်နိုင်။ ထိုသို့မခံစားရ။

"ကြည့်ရတာ ကျင့်ကြံမှုလောကတစ်ခုလုံးကို တစ်ခြားတစ်နေနေရာနဲ့ ဖလှယ်လိုက်တာပဲ။ ဒီတစ်ကွက် မဆိုးပါဘူး"

*********************************

All Chapters