← Chapters

လီချန်မေထံသို့

Vol. 98 Ch. 1347

လီချန်မေထံသို့

Vol. 98 Ch. 1347

ဝမ်လင်းသည် နတ်ဆိုးကလန်၏ ဟင်းလင်းပြင်အက်ကြောင်း တိုက်ပွဲကွင်းပြင်တွင် အချိန်ခဏသာ နေခဲ့၏။ သို့သော် ထိုအချိန်မျှဖြင့် သူသည် သည်နေရာရှိ ကျင့်ကြံသူထောင်ချီကို အံ့မခန်းတုန်လှုပ်စေမှုအား ဆောင်ယူလာခဲ့ပေသည်။

ကြမ်းကြုတ်သောသားရဲများ သေဆုံးခဲ့ရ၏။ အနက်ရောင်ဦးခေါင်းခွံများ ကွယ်ပျောက်ခဲ့ရ၏။ သူသည် ဟင်းလင်းပြင်ကို ဆွဲဖွင့်ကာ ကိုးခုအသူတရာချောက်နဂါးကို ယဉ်ပါးစေခဲ့ပြီး နတ်ဆိုးကလန်၏အကြီးအကဲနှင့် တိုက်ခိုက်ခဲ့ပေသည်။ သူသည် မရှုံးရုံသာမက သူ့လွှမ်းမိုးနိုင်သောခွန်အားကိုပါ ပြသခဲ့ပြီး အကြီးအကဲကိုလည်း ကွယ်ဝှက်စွာဖြင့် ဒဏ်ရာရအောင် လုပ်ဆောင်ခဲ့ပေသည်။

ထိုအခြင်းအရာများသည် ဟင်းလင်းပြင်အက်ကြောင်းပြင်ပရှိ ကျင့်ကြံသူထောင်ချီကို ကြောက်လန့်တုန်လှုပ်စေခဲ့သည်။

ဝတ်စုံဖြူ၊ဆံပင်ဖြူများနှင့် ဝမ်လင်း၏ပုံရိပ်ကို သူတို့ ဘယ်တော့မှ ဖျောက်ဖျက်နိုင်ကြတော့မည် မဟုတ်ပါ။

တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းမှ လူများသည် ဟင်းလင်းပြင်အက်ကြောင်းနှင့် ပတ်သတ်၍ ရင်းနှီးသည်ဟုလည်း ဆိုနိုင်သည်။ မရင်းနှီးဟုလည်း ပြောနိုင်သည်။ သူတို့သည် သားရဲများနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့်အတွက် ရင်းနှီးသည်ဟု ဆိုရခြင်းပင်။ သို့သော် သူတို့သည် ယင်းအက်ကြောင်းသည် မည်သည့်နေရာကစ၍ မည်သည့်နေရာတွင် ဆုံးသနည်းကိုမူ မသိကြပါ။

ထိုကဲ့သို့ဖြစ်ရခြင်းမှာ အစွမ်းထက်ကျင့်ကြံသူများ ဟင်းလင်းပြင်အက်ကြောင်းအတွင်းသို့ မဝင်ရောက်ခြင်းကြောင့် မဟုတ်ပေ။ သူတို့သည် ပြန်မလာနိုင်ကြခြင်းပင်။ ယင်းအက်ကြောင်းမှာ အလွန်ကြီးမားလွန်းနေ၏။ ၎င်း၏ကိုယ်ပိုင်စကြဝဠာတစ်ခုကဲ့သို့ တည်ရှိနေပုံမျိုး ဖြစ်ပြီး လူအနည်းငယ်ဖြင့် အနှံ့ရှာဖွေဖို့ မဖြစ်နိုင်ပေ။

လူတစ်ရာ ဝင်ရောက်သွားသည် ဆိုပါက သုံးယောက်လောက်သာ ပြန်လာနိုင်ကြ၏။ ကျန်သည်သူ့များသည် သေရင်သေ၊ မသေရင် ပျောက်ဆုံးသွားကြသည်။ သို့ရာတွင် နတ်ဆိုးကလန်ကမူ ဘယ်တော့မှ လက်မလျော့ပေ။ သူတို့သည် အက်ကြောင်းအတွင်းနက်ပိုင်းသို့ လူများ ဆက်တိုက် စေလွှတ်နေခဲ့သည်သာ။

ထိုကဲ့သို့နည်းလမ်းဖြင့် သူတို့သည် မရေမတွက်နိုင်သောနှစ်များစွာ ကြာလာသည့်အခါ လမ်းကြောင်းတစ်ခုကို ဖြည်းဖြည်းချင်း တွေ့ရှိလာခဲ့သည်။ လီချန်မေမှာ ထိုဟင်းလင်းပြင်အက်ကြောင်းကို ထပ်မံရှာဖွေဖို့အတွက် ကင်းထောက်တစ်ယောက် ဖြစ်လာခဲ့သည်။ သူမသည် အသက်ရှင်လျက် တွေ့ရှိမှုအသစ်များဖြင့် ပြန်လာရင်လာ၊ သို့တည်းမဟုတ် သေဆုံးချင် သေဆုံး၊ ပျောက်ကွယ်သွားသည့် ကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်လာရင်ဖြစ်လာဖြင့် အဆုံးသပ်ရနိုင်သည်။

ဝမ်လင်းက သူ့လက်ထဲရှိ ကျောက်စိမ်းပြားထံမှ သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းကာ အလင်းကင်းမဲ့သော အမှောင်ထုကမ္ဘာကို ကြည့်၏။ သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူသည် ပေတစ်ထောင်ထိသာ မြင်နိုင်သည်။ ထိုအကျော်မှာ ခပ်ဝါးဝါးဖြင့် မှောင်မိုက်လို့နေ၏။

“ဒီကျောက်စိမ်းပြားထဲက လမ်းကြောင်ဟာ မရေမတွက်နိုင်တဲ့အသက်တွေ စတေးခဲပြီးမှ နတ်ဆိုးကလန်က ရရှိလာခဲ့တဲ့ ဟင်းလင်းပြင်အက်ကြောင်းရဲ့ အတွင်းနက်ပိုင်းထဲသွားတဲ့ လမ်းပဲ။ ဒီလမ်းဟာ လီချန်မေ သွားခဲ့တဲ့လမ်းလည်း ဖြစ်တယ်။ ဒါပေမဲ့ ဒီနေရာဟာ ကြီးမားလွန်းတယ်။ ကျောက်စိမ်းပြားပေါ်က လမ်းကြောင်းနဲ့တောင်မှ အတွင်းနက်ပိုင်းတွေထိ အမှန်တကယ် မဝင်ရောက်နိုင်ဘူး…”

ဝမ်လင်းသည် ကိုးခုအသူတရာချောက်နဂါး၏ ထိပ်တွင် ရပ်နေ၏။ ၎င်းနဂါးသည် အလွန်မြန်ဆန်သောနှုန်းဖြင့် သွားနေခြင်းပင်။

ဝမ်လင်းက ထိုနဂါး၏ဦးခေါင်းထက်တွင် ထိုင်နေလျက် သူ့ဘေးပတ်ပတ်လည်ကို တိတ်ဆိတ်စွာ ကြည့်နေ၏။ သူသည် အမှောင်ထုအတွင်း၌ မည်သို့မျှ မသက်မသာ မခံစားရဘဲ အသားကျနေနိုင်စွမ်း ရှိပုံ ရသည်။

သူ အချိန်မည်မျှကြာမှန်းမသိအောင် သွားလာခဲ့ပြီးနောက် တိတ်ဆိတ်မှုမှာ ပြိုကွဲသွား၏။ အကွာအဝေးတစ်ခုမှ ဟိန်းသံများ ထွက်ပေါ်လာနေ၏။

ထိုဟိန်းသံများသည် အဝေးတွင် ရှိနေသည့်အတွက်ကြောင့် တစ်စုံတစ်ယောက် အသက်ရှုနေသည်နှင့်ပင် တူနေသေးသည်။ သို့ပေမည့် ယင်းဟိန်းသံမှာ တစ်သံတည်းမဟုတ်၊များပြားလွန်း၏။

ထိုထူးဆန်းသောခံစားချက်က တိမ်ပင်လယ်ရှိကျင့်ကြံသူအားလုံးကို ပထမဆုံးအကြိမ် အက်ကြောင်းထဲဝင်လာခဲ့ချိန်ကဆို သတိထားရမှုကို ဖြစ်စေ၏။ သို့ရာတွင် ဝမ်လင်းအပေါ်တော့ ထိုဟိန်းသံများမှာ သက်ရောက်မှု မရှိပေ။

သူသည် တည်ငြိမ်စွာဖြင့် ထိုင်နေကာ ရှေ့တည့်တည့်သို့ ငြိမ်သက်စွာ ကြည့်နေပြီး သူ ကျောက်ရုပ်တုအဖြစ် ပြောင်းသွားခဲ့သော ဆယ်နှစ်တာကာလကို ပြန်ပြောင်းစဉ်းစားနေမိသည်။ ထိုစဉ်က သူသည် အပြင်ဘက်ကမ္ဘာကို လုံးဝ မခံစားမိ၊မသိရှိခဲ့ပေ။ ထို့အပြင် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အတွင်း သူ ရှိနေသော ဆယ်နှစ်လုံးလုံး သွေးအလင်းနှင့်နွေးထွေးမှုက အမြဲလိုလို ရှိနေခဲ့သည်။

ထိုသွေးအလင်းသာ မရှိခဲ့ပါက ဝမ်လင်း၏စိတ်ဝိညာဉ်သည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အတွင်းမှာပင် ပျောက်ကွယ်သွားသည့်အထိ ရှိနေရပေလိမ့်မည်။ သူသည် အစပိုင်းတုန်းက အေးစက်မှုနှင့် သူ ဖြည်းဖြည်းချင်း ပျောက်ကွယ်ခဲ့ရမှုကို မှတ်မိ၏။ ထိုသွေးအလင်းကသာ သူ့ကို နွေးထွေးစေခဲ့ပြီး သူ့ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ပြန်ဖွဲ့စည်းပေးခဲ့ခြင်းသာ။ သူသည် သူ့အာရုံခံစားမှုနှင့် မှတ်ဉာဏ်များကို ထိုသွေးအလင်းကြောင့်သာ ပြန်လည် ရရှိခဲ့ခြင်း မဟုတ်လား။

ထိုသွေးအလင်းကြောင့်သာ သူသည် ချိပ်ပိတ်နယ်မြေအရှင်ကို ရှာနိုင်ခဲ့ပြီး တာအိုနယ်ပယ်ထဲ ဝင်ရောက်ကာ သူ့ပထမဆုံးတာအိုမန္တာန်ကို ပြီးပြည့်စုံအောင် လုပ်နိုင်ခဲ့ခြင်းပင်။

“အိပ်မက်တာအို…။ ဒါက ငါ တာအိုနယ်ပယ်မှာ နားလည်ခဲ့တဲ့ မန္တာန်ပဲ။ ဒါက နေသာသောည၊ အချိန်စီးဆင်းခြင်း မန္တာန်တွေနောက် ငါ့ရဲ့ တတိယမြောက် တာအိုမန္တာန် ဖြစ်လာခဲ့ပြီ…”

ဝမ်လင်းသည် သက်ပြင်းချမိ၏။ သူသည် ဆံဖြူအဘွားအို၏စကားများကို ပြန်စဉ်းစားမိလေလေ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အတွင်းရှိ သွေးအလင်းအကြောင်း ပိုတွေးမိလေပင်။ သူသည် လီချန်မေအပေါ် ကျေးဇူးကြွေးတင်ကာ ပြန်ပေးဆပ်နိုင်မည် မဟုတ်ဟုပါ ခံစားရ၏။

ဝမ်လင်းသည် သူ့မှတ်ဉာဏ်များကို ပြန်ပြောင်းစဉ်းစားနေရင်း အချိန် ဖြည်းဖြည်းချင်း ကုန်ဆုံးနေသည်။ ဟင်းလင်းပြင်အက်ကြောင်းထဲရှိ လောကမှာ မည်သည့်အခါမှ ပြောင်းလဲမသွား၊ အရာရာသည် အမြဲလိုလို အမှောင်ထုသာ ဖြစ်နေ၏။

တစ်ခုတည်းသော ပြောင်းလဲသွားသည်ဆို၍ ဝမ်လင်း အပေါ်သို့ ရံဖန်ရံခါ မော့ကြည့်ချိန်တွင် သားရဲအရိပ်များသည် ပေတစ်ထောင်အကွာတွင် ပိုပိုများပြားလာခြင်းပင်။ သည်လောကသာ လင်းထိန်သွားခဲ့ပါက မြင်ရမည့်မြင်ကွင်းသည် မည်သည့်ကျင့်ကြံသူကိုမဆို တုန်လှုပ်သွားစေလောက်၏။

ဝမ်လင်းသည် ခေါင်းမော့ကာ သူ့ညာလက်တွင် မူလစွမ်းအင်များ စုစည်းထား၏။ သူ့လက်ဝါးထက်တွင် ရွှေရောင်အလင်းတစ်ခု စုဝေးလာပြီး ကြယ်ပျံတစ်စင်းကဲ့သို့ ထိုးထွက်သွားချေသည်။ ယင်းအလင်းက ငြိမ်သက်တိတ်ဆိတ်မှုကို ချိုးဖျက်ကာ ရုတ်တရက် တောက်ပသောအလင်းအဖြစ် ပေါက်ကွဲပြီး အရာရာကို လင်းထိန်သွားစေသည်။

ထိုအလင်း ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများထံမှ တုန်လှုပ်ဖွယ်ဟိန်းသံများ ထွက်ပေါ်လာသည်။ ထိုအလင်းဖြင့် ဝမ်လင်းသည် သူနှင့် ကိုးခုအသူတရာချောက်နဂါးတို့ကို ဝန်းရံထားသော မတူညီသောသားရဲများစုံကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သားရဲများမှာ တစ်သောင်းထက် မနည်းပေ။

၎င်းသားရဲများသည် အလင်းနှင့် ပတ်သတ်၍ အဆုံးစွန်အာရုံခံနိုင်စွမ်း ရှိပုံ ပေါ်၏။ အမှောင်ထုအတွင်း လင်းလက်လာသည်နှင့် ထိုသားရဲများအားလုံးသည် ပြင်းပြင်းထန်ထန် ဟိန်းသံပြုကာ အလျင်အမြန် နောက်ဆုတ်သွားကြသည်။

ထိုတောက်ပသွားသောအလင်းမှာ အမှောင်ထု၏ဝါးမြိုခြင်း ခံလိုက်ရပြီး လောကကို တဖန် ပြန်မှောင်မိုက်သွားစေသည်။

ကိုးခုအသူတရာချောက်နဂါးသည် ဟင်းလင်းပြင်အက်ကြောင်းထဲရှိ သားရဲဘုရင်များထဲမှ သားရဲတစ်ကောင် ဖြစ်၍ သားရဲဘုရင်တစ်ယောက်၏ အော်ရာကို ပေးစွမ်းနေသည်။ ထိုအော်ရာက ပတ်ဝန်းကျင်ရှိ သားရဲများ ချဉ်းကပ်လာခြင်းကို ဟန့်တားထားနိုင်သည်။ ထို့ကြောင့်လည်း ဝမ်လင်းသည် ခုလောက်ဝေးဝေးထိ မြန်မြန်ဆန်ဆန် ရောက်လာနိုင်ခြင်းပင်။

ကိုးခုအသူတရာနဂါးကြောင့် သားရဲများအားလုံးသည် နောက်ဆုတ်ပေးကြ၏။ သို့သော် ဝမ်လင်း၏တည်ရှိမှုကြောင့် ၎င်းတို့မှာ စိတ်ရှုပ်ထွေးရသည်။ ထို့ကြောင့်လည်း သားရဲများစွာ စုဝေးနေကြပြီး အနီးသို့ ကပ်မလာဝံ့ကြခြင်းပင်။

အလင်းက ဝမ်လင်းကို ပတ်ဝန်းကျင်ရှိ သားရဲများကို တွေ့မြင်လိုက်စေ၏။ ထိုသားရဲအရေအတွက်မှာ များပြားလှသော်လည်း အများစုမှာ အဆင့်တစ်ဆယ်သားရဲများသာ။ အဆင့်တစ်ဆယ်အထက်သားရဲများကတော့ များများစားစား ရှိမနေပေ။

အလင်း‌ ပျောက်ကွယ်သွားခဲ့ပြီ။ ဝမ်လင်းသည် သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ နဂါး၏ဦးခေါင်းထက်တွင် တည်ငြိမ်စွာ ထိုင်နေဆဲပင်။ နဂါးက သူ့နတ်ဘုရားအာရုံကို အာရုံခံမိဟန်ရကာ ဟိန်းသံ ပြု၏။ ထိုဟိန်းသံသည် ကောင်းကင်ကို တုန်ခါသွားစေနိုင်ပြီး သည်နက်မှောင်သောလောကတွင် ပြင်းထန်စွာ ပဲ့တင်ထပ်လေ၏။

ကိုးခုအသူတရာချောက်နဂါးသည် ရုတ်တရက် အရှိန်မြင့်ကာ ရှေ့သို့ တိုးဝင်သွား၏။ ကြမ်းကြုတ်သောသားရဲအားလုံးသည် နောက်ဆုတ်ပေး၍ လမ်းဖယ်ပေးကြသည်။ ကိုးခုနဂါးအသူတရာချောက်သည် သားရဲအုပ်ကို ချိုးဖျက်ကာ အမှောင်ထုအတွင်းနက်ပိုင်းထိ ထွင်းဖောက်ဝင်လာ၏။

သည်ဟင်းလင်းပြင်အက်ကြောင်းအတွင်း၌ အချိန်ကို ထောက်လှမ်းနိုင်ရန် ခက်ခဲ၏။ နေ့တာမရှိဘဲ အဆုံးမဲ့အမှောင်ထုသာ ကြီးစိုးလို့နေသည် မဟုတ်လား။ ကိုးခုအသူတရာချောက်နဂါးသည် အတွင်းနက်ပိုင်းသို့ ပို တိုးဝင်လာနေရင်း ဝမ်လင်း၏အမူအရာမှာ အလေးအနက် ဖြစ်လာသည်။

သူက ရှေ့ပေတစ်ထောင်ကို မြင်နိုင်နေဆဲ ဖြစ်သော်လည်း တစ်ခုခုခြားနားသည်ကို တွေ့လိုက်ရသည်။ သူ အတွင်းနက်ပိုင်း ပိုဝင်လာနေရင်း သည်လောက၏ အရောင်မှာ ပြောင်းလဲလာသည်။ အနက်ရောင် မဟုတ်တော့ဘဲ ခရမ်းရောင် ဖြစ်လာ၏။

ကိုးခုနဂါး၏သည် တဖြည်းဖြည်း အရှိန်စလျော့လာ၏။ ၎င်း၏စိတ်ဝိညာဉ်အတွင်း၌ ခပ်ရေးရေးတုန်လှုပ်မှု ဖြစ်ပေါ်နေသည်။ သည်ခရမ်းရောင်လောကသည် ၎င်းကို ထိတ်လန့်စေသည့်အလား။

ဝမ်လင်း၏နတ်ဘုရားအာရုံကသာ ၎င်းကို ဝန်းရံထားခြင်းကြောင့်သာ မဟုတ်ပါက ထိုနဂါးသည် အပြင်းအထန် တုန်ရင်နေလောက်ပေပြီ။ ရှေ့ဆက်လည်း သွားဝံ့တော့မည် မဟုတ်ပေ။ ၎င်းသည် ချက်ခြင်း ထွက်ခွာကာ ပြန်ပြေးလောက်ပြီ ဖြစ်၏။ သူတို့နောက်သို့ လိုက်လာကြသော သားရဲအားလုံးမှာလည်း တုန်ယင်နေပြီး အတွင်းနက်ပိုင်းသို့ ဆက်မလိုက်ဝံ့ကြတော့ချေ။ သို့ရာတွင် ဝမ်လင်းတို့ ပတ်ဝန်းကျင်ရှိ သားရဲအရေအတွက်မှာ လျော့ပါးသွားခြင်း မရှိသည့်အပြင် ပို၍ပင် တိုးပွားလာ၏။ ထိုသားရဲများအားလုံးမှာ ဤခရမ်းရောင်လောကတွင် နေထိုင်သော သားရဲများ ဖြစ်နေ၏။

ဝမ်လင်းက ကိုးခုအသူတရာချောက်နဂါး၏ ပုံမှန်မဟုတ်မှုကို သတိပြုမိပေ၏။ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ အချိန်မည်မျှ ကုန်ဆုံးသွားပြီမှန်း မသိရသော်လည်း ဝမ်လင်းက သူတို့၏အမြန်နှုန်းကို အခြေခံကာ သူတို့ မည်မျှ သွားလာခဲ့ပြီးသည်ကို တွက်ချက် ကြည့်သည်။ သူ့တွက်ချက်မှုအရ သူသည် ကျောက်စိမ်းပြားတွင် မှတ်တမ်းတင်ထားသော ခရမ်းရောင်နယ်မြေ၏အစွန်းအဖျားသို့ ရောက်နေပြီ ဖြစ်၏။

ယင်းသည် ကျောက်စိမ်းပြားပေါ်ရှိ လမ်းကြောင်းအမှတ်အသား အဆုံးသပ်နှင့် အလွန်နီးနေခဲ့ပြီ။

ကိုးခုနဂါးချောက်၏ ဦးခေါင်းထက်တွင် ထိုင်နေလျက် ဝမ်လင်းက မျက်လုံးမှိတ်လိုက်ကာ သူ့ပတ်ဝန်းကျင်ကို အာရုံခံ၏။ သူသည် တဖြည်းဖြည်းဖြင့် မန္တာန်အရိပ်အယောင်များကို ခံစားမိလာ၏။ တစ်စုံတစ်ယောက်က သည်နေရာတွင် မန္တာန်တစ်ခု အသုံးပြုထားခဲ့သည်မှာ သိပ်မကြာသေးပုံ ရသည်။

ဝမ်လင်းသည် ဤနေရာထိ ရောက်လာသည့်အခါ မြေပုံထက်ရှိ လမ်းကြောင်းအဆုံးသပ်ရောက်ဖို့ သိပ်မလိုတော့ပေ။ သို့ရာတွင် သူသည် လမ်းကြောင်းအမှန်အတိုင်း လာခဲ့သည်လားကိုမူ မသိပေ။ သူက လီချန်မေနှင့် ပတ်သတ်သည့် သဲလွန်စကိုလည်း တစ်လမ်းလုံးတွင် ရှာမတွေ့ခဲ့ချေ။ ဟင်းလင်းပြင်အက်ကြောင်းအတွင်း ဝင်ရောက်လာပြီးနောက် သူက အစွမ်းထက်အော်ရာအချို့ကို ခံစားမိခဲ့၏။ ထိုအော်ရာများသည် သူ့ကို သတိပြုမိဟန် ရ၏။ သို့သော် ထူးဆန်းစွာဖြင့် သူ့ကို မတားဆီးခဲ့ပေ။

သည်အခိုက်အတန့်တွင် ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်းသည် လီမူဝမ်နှင့် ပတ်သတ်သော သဲလွန်စတစ်ခုကို တွေ့ရှိလာ၏။ မန္တာန်အရိပ်အယောင်များမှာ ဖျော့တော့လှသော်လည်း အစစ်အမှန်ပင်။ ယင်းတို့ကို သားရဲတစ်ကောင်ကောင်က ချန်ထားခဲ့ခြင်းမဟုတ်၊ ကျင့်ကြံသူတစ်ယောက်သာ ထိုမန္တာန်အရိပ်အယောင်များ ထင်ကျန်နေခဲ့တာ ဖြစ်သည်။

“လီချန်မေ…ဒါ နင်လား…” ဝမ်လင်းက မျက်လုံးဖွင့်လိုက်၏။ သူ့မျက်လုံးသည် တလက်လက် ဖြစ်နေသည်။ သူက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူ့မျက်ခုံးနှစ်ခုကြား ဖိချသည်။ ပြင်းထန်သောအားတစ်ခုသည် သူ့နှဖူးထံ စီးဝင်၏။ သူ့မူလစိတ်ဝိညာဉ်သည် အပြင်းအထန် တုန်ယင်သွားသည်။

သူ့မူလစိတ်ဝိညာဉ် တုန်ယင်နေရင်း မန္တာန်အရိပ်အမြွက်များသည် ထူးဆန်းသောနည်းဖြင့် ပြောင်းလဲကုန်၏။ ဝမ်လင်း၏မျက်လုံးထဲတွင် လောကသည် စတင် ပြောင်းလဲသည်။ အမှောင်ထု ပျောက်ကွယ်ကွာ လေးထောင့်လိုင်းများ အစားထိုး ဝင်လာ၏။

“အချိန်စီးဆင်းခြင်း…ပြန်ပြောင်းစီးဆင်းခြင်း…” ဝမ်လင်း၏မျက်လုံးတို့မှာ မီးအိမ်တစ်ခုကဲ့သို့ တောက်ပနေ၏။ ရုတ်တရက် သူက အမှောင်ထုကို ထွင်းဖောက် မြင်သွားသည့်အလား။ လိုင်းများသည် တစ်ခုခုကို ဖွဲ့တည့်မည့်အလား စတင် ရွှေ့လျားကြ၏။ သူ့ရှေ့ရှိ လေဟာနယ်သည် အချိန်စွမ်းအားနှင့် ပြည့်နှက်လာပြီး ထိုထူးဆန်းသောစွမ်းအားအောက်တွင် အချိန်သည် ပြောင်းပြန်စီးဆင်းသည်။

လေဟာနယ်သည် တဖြည်းဖြည်း တွန့်ခေါက်လာပြီး အဖြူရောင်ဝတ်စုံဖြင့် အမျိုးသမီးတစ်ယောက် ပေါ်လာ၏။ သူမ၏မျက်နှာသည် အလွန်ဖြူရောနေပြီး သူမ၏ဝတ်စုံတွင်လည်း သွေးများစွန်းထင်းနေသည်။ သူမသည် လက်ထဲတွင် ဓားရှည်တစ်ချောင်း ကိုင်ဆောင်ထားပြီး သူမပတ်လည်တွင် ရွှေရောင်စုတ်တံကို ဝန်းရံစေကာ လေဟာနယ်ကို တရကြမ်း ဖြတ်သန်းသည်။

***

All Chapters