← Chapters

အခန်း ၁၃၅၂

Vol. 91 Ch. 1352

အခန်း ၁၃၅၂

Vol. 91 Ch. 1352

အခန်း (၁၃၅၂) ထူးဆန်းသည့် နည်းဗျူဟာများ

ယင်ထန်ကိုပူးကပ်ပြီးနောက် လုပ်ကြံသူက ယင်ထန်၏လှုပ်ရှားမှုတိုင်းကို တုပခဲ့သည်။ စိတ်ဓာတ်အကျင့်များကိုပါ အတုခိုးခဲ့သည်။ တစ်ခါတစ်လေ ကိုယ့်သရုပ်မှန်ကိုပါ ကိုယ်မေ့သွားပြီး ယင်ထန်အစစ်ဟု ခံယူနေမိတတ်သည်။

သို့သော် ကုကျန်ယဲ့စကားများကို ပြန်တွေးမိပြီးနောက် သူ့စိတ်ဓာတ်တွင် ပြဿနာကြီးတစ်ခုရှိကြောင်း နားလည်လာသည်။

သူ့အဆင့်လူတစ်ယောက်သည် စိတ်ဓာတ်ကို အဆုံးစွန်ထိ သန့်စင်ထားပြီးဖြစ်သင့်သည်။ ထိုပြဿနာများမရှိသင့်။ ရုတ်တရက် သူဉာဏ်အလင်းရပြီး စိတ်ဓာတ်ပြောင်းလဲလိုက်သည်။ မသိစိတ်မှ လွတ်မြောက်အောင် ရုန်းထွက်သည်။

"လျှပ်စီးအရိယဖလ ပစ္စည်းသွန်းအရိယဖလလောက်နဲ့ မလုံလောက်ဘူးဆိုရင်..."

သူ့မျက်လုံးတွင် ရက်စက်သည့်အရိပ်တစ်ခုပေါ်လာသည်။ သူသုံးသည့်နည်းလမ်းများက ထိုထက်များစွာသာသည်။

သူ့ကိုယ်ထဲမှ မိုးချုန်းသံများဟိန်းထွက်လာသည်။ ချီနှင့်သွေး ထိုးတက်သွားသည်။ အသက်ဓာတ်များ မယုံနိုင်လောက်အောင် များပြားလာသည်။ လူတိုင်း၏အသက်ဓာတ်က သူ့အသက်ဓာတ်နှင့် ခပ်ပါးပါးစည်းချက်ရိုက်ခတ်လာသည်။

အသက်ဓာတ်များ ကြယ်ကောင်းကင်တလျှောက် ဖြန့်ထွက်သွားသည်။ ထိုအသက်ဓာတ်ဝါးမျိုခံရသည့် ကြယ်ကမ္ဘာတိုင်း သက်ရှိဖြစ်စဉ်ပြောင်းလဲမှုစတင်လာသည်။ သက်ရှိများမွေးဖွားလာသည်။

"ကြယ်ကောင်းကင်လောင်ကျွမ်းခြင်း"

တစ်ချိန်တည်းမှာပင် အဆုံးစမဲ့အနက်ရောင်မီးတောက်များကို ထုတ်လွှတ်လိုက်သည်။ ကာလရှည်ကြာ ပျောက်ကွယ်ခဲ့သည့် အသက်မီးတောက်များဖြစ်သည်။

အသက်မီးတောက်များက အသက်ဓာတ်ကို လောင်စာအဖြစ်သုံး၍ ကြယ်ကောင်းကင်ကို ဝါးမျိုသည်။

တိုက်ပွဲကွင်းတစ်ခုလုံး မီးတောက်များချက်ချင်းဖုံးလွှမ်းသွားသည်။ ကြယ်ကမ္ဘာများပေါ်မှ ဖြစ်တည်စသက်ရှိများ တစ်စမကျန်လောင်ကျွမ်းသွားသည်။

ချီလင်တို့၏အသက်ဓာတ်များ မခံမရပ်နိုင်လောက်အောင် လောင်ကျွမ်းခံရသည်။ မသေမျိုးများသည် အဆုံးစမဲ့သက်တမ်းရှိသည်။ သို့သော် အသက်မီးတောက်စစ်များက ထိုအသက်ဓာတ်ကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်သည်။ အသက်ဓာတ်များများရှိလေ လောင်ကျွမ်းမှုပြင်းထန်လေဖြစ်သည်။

အသက်ဓာတ်မကုန်ခမ်းလျှင်ပင် သေချင်လောက်အောင် ဝေဒနာခံစားရသည်။

"ယင်ယန်ကျားပွဲ။ အရာအားလုံးဖျက်ဆီးမယ်"

စကြာဝဠာထဲတွင် ကိုးဆမသေမျိုး၏ ပုံရိပ်ကိုးခုပေါ်လာသည်။ မျက်လုံးများက နေနှစ်စင်းနှင့်တူသည်။ ကြယ်ကမ္ဘာများကို ဆုပ်ကိုင်ထားသည်။ အဖြူအနက်ရောယှက်နေသည့် ကျားခုံတစ်ခုပေါ်လာသည်။ အရာအားလုံးအပေါ် ယင်ယန်ဂုဏ်သတ္တိများ သတ်မှတ်နိုင်စွမ်းရှိသည်။

ဆန့်ကျင်ဘက်ဂုဏ်သတ္တိများသုံး၍ တိုက်ခိုက်နှိမ်နှင်းနိုင်သည်။

သို့သော် အသက်မီးတောက်သည် ယင်ယန်ဂုဏ်သတ္တိထဲတွင်မပါကြောင်း တွေ့လိုက်ရသည်။ ယင်ယန်ဂုဏ်သတ္တိ အတင်းသတ်မှတ်၍မရ။

"မဖြစ်နိုင်ဘူး.."

ကိုးဆမသေမျိုး မြင်နေရသည့်အဖြစ်ကို မယုံနိုင်တော့။ သူ့ပညာသည် လုံးဝလွဲမှားမှုမရှိခဲ့ဖူး။ မီးတောက်များသည် 'ယန်သတ္တိ'ဖြစ်ကြောင်း ထင်ရှားနေသည်။

ဘယ်လိုနည်းလမ်းမျိုးမှန်းမသိ။

မသေမျိုးအုပ်စု အသက်မီးတောက်ကြောင့် ဝေဒနာခံစားနေရသဖြင့် တိုက်ပွဲထဲအာရုံမနှစ်နိုင်ကြတော့။

သို့သော် ယွမ်ကျိ၊ နတ်မယ်နှင့် လုယန်အပေါ် အသက်မီးတောက်မသက်ရောက်။

ထိုမီးတောက်စပေါ်လာသည်နှင့် လုယန်ကိုယ်ပေါ်တွင် ရသာသုံးမျိုးမီးတောက်က အလိုလိုရစ်ပတ်ကာကွယ်ထားသည်။ အသက်မီးတောက်များက ထိုမီးတောက်ကိုရှောင်ကွင်းသွားကြသည်။

ထိုမြင်ကွင်းကြောင့် လုပ်ကြံသူ မျက်မှောင်နည်းနည်းကျုံ့သွားသည်။ ထို့နောက် ချက်ချင်း အကြောင်းရင်းကိုနားလည်လာသည်။

"ဟော်ကျန်းရဲ့ ပင်ကိုယ်မီးတောက်ဖြစ်တဲ့ ရသာသုံးမျိုးမီးတောက်လား...အတော်စိတ်ရှုပ်ဖို့ကောင်းတာပဲ"

ဟော်ကျန်းသည် ရှေးဟောင်းခေတ်မှ သူ့မိတ်ဆွေရင်းတစ်ယောက်ဖြစ်သည်။ ရသာသုံးမျိုးမီးတောက်ကို တီထွင်ခဲ့သည်။ အသက်မီးတောက်လည်း ဟော်ကျန်း၏တီထွင်မှုဖြစ်သည်။

ထိုမီးတောက်နှစ်ခု အချင်းချင်းဒုက္ခပေးဖို့ မဖြစ်နိုင်။

လုယန်က ရသာသုံးမျိုးမီးတောက်များ အဆက်မပြတ်ထုတ်လွှတ်၍ လူအားလုံးကိုရစ်ပတ်ပေးပြီး အသက်မီးတောက်ဒဏ်မှ ကာကွယ်သည်။

"သိပ်ကောင်းတယ် မိတ်ဆွေလု။ အဆုံးစွန်အမြန်နှုန်းစွမ်းအား.."

အချိန်မသေမျိုးက သဘောကျစွာအော်ဟစ်ရင်း လူတိုင်းအပေါ် အဆုံးစွန်အမြန်နှုန်းစွမ်းအားများ ပို့လွှတ်ပြီး အားလုံး၏အမြန်နှုန်းကို မြှင့်သည်။

မသေမျိုးအုပ်စု အမြန်နှုန်းသုံး၍ ဝိုင်းတိုက်ရန်ကြိုးစားသည်။ သို့သော် သူတို့အမြန်နှုန်းက လုပ်ကြံသူ၏ ပင်ကိုယ်အမြန်နှုန်းကို မီရုံသာရှိသည်။

"ဟာသပဲ"

လုပ်ကြံသူက ရေခဲကြာပွတ်ကိုင်၍ ဝှေ့ယမ်းရိုက်ထုတ်သည်။ အားလုံး လွင့်ထွက်သွားပြီး သွေးအဆက်မပြတ်အန်နေသည်။

ဇစ်မြစ်အရိယဖလစွမ်းအားနှင့် ထာဝရစွမ်းအားမရှိလျှင် ထိုကြာပွတ်တစ်ချက်ဖြင့် နှစ်ပိုင်းပြတ်သွားလိမ့်မည်။

သို့သော် လုပ်ကြံသူ၏ခါးတွင်လည်း ကြာပွတ်ရိုက်ခံရသကဲ့သို့ ဒဏ်ရာတစ်ခု ရုတ်တရက်ပေါ်လာသည်။

"ဂုဏ်ပြုပွဲတစ်ခါလာတက်ရတဲ့တန်ကြေးက တကယ်မြင့်တာပဲ"

မုန်ကျင်းဇီက သူ့ဒဏ်ရာကို လုပ်ကြံသူဆီလွှဲပြောင်းရင်း နာကျင်စွာညည်းညူနေသည်။ အချိန်တစ်ခုကြာပြီးလျှင် သူ့ဆီပြန်ရောက်လာမည့်ဒဏ်ရာက နှစ်ဆပြင်းထန်လိမ့်မည်။

သို့သော် ဤအဆင့်တိုက်ပွဲမျိုးတွင် သူအရေးမစိုက်။ အရင်ဆုံး ရန်သူကို ဒဏ်ရာနည်းနည်းထပ်ဖြည့်ပေးချင်သည်။

ကျန်းပင်ကန်းလည်း ခေါင်းငြိမ့်နေသည်။ နှစ်ယောက်လုံးက ယနေ့အဖြစ်ကို သာမန်ဂုဏ်ပြုပွဲလာတက်ရသည့်ကိစ္စဟုသာ တွေးခဲ့သည်။ သို့သော် စားသောက်နေရင်း မသေမျိုးတိုက်ပွဲတစ်ခု ထဖြစ်လာသည်။

ရန်သူက သူတို့မသိသည့်ခေတ်မှ အလွန်စွမ်းအားကြီးသည့် ရှေးမကောင်းဆိုးဝါးတစ်ကောင်ဖြစ်နေသည်။

"မသေမျိုးလက်သီး"

နတ်မယ်က လုပ်ကြံသူ၏ဘယ်ဘက်တွင် ပေါ်လာသည်။ မသေမျိုးလက်သီးပညာက အလွန်ကြမ်းတမ်းသည်။ လူသတ်ရိပ်များ ဆက်တိုက်လိမ့်ထွက်နေသည်။

လက်သီးချက်တိုင်းက ကြယ်မြစ်များကို ဖျက်ဆီးနိုင်သည်။ လေဟာနယ်ကို ထိုးခွဲနိုင်သည်။ ဝေးကွာသည့် ရှေးဟောင်းခေတ်မှာပင် ထာဝရနတ်မယ် ဤလက်သီးပညာကို တစ်ခါမှအပြည့်အဝမသုံးဖူး။

ယော်စိန့်နှင့်တိုက်ခိုက်စဉ်ကပင် ယခုလောက်အားပြင်းပြင်းမတိုက်ခိုက်ခဲ့ရ။ မသေမျိုးလက်သီးပညာတွင် လျှို့ဝှက်အဖျက်စွမ်းအားများပါသည်။ သွေးကြောများ၊ အရိုးအသားများထဲသို့ ထိုစွမ်းအားထိုးဖောက်လာပြီး ကိုယ်ထဲတွင် စွမ်းအားပေါက်ကွဲစေနိုင်သည်။

ယော်စိန့်ကိုထိခဲ့သည့် လက်သီးချက်များက ကမ္ဘာငယ်တစ်ခုဖောက်ခွဲအားမျိုးသာရှိသည်။

ထိုစွမ်းအားကို အလွန်ရင်ဆိုင်ဖို့ခက်သည်။ နတ်မယ်၏လက်သီးပညာက ဆေးတစ်ရာလက်သီးပညာများကို အခြေခံထားသည်။ ဆေးမြစ်မျိုးစုံကို နားလည်တတ်ကျွမ်းပြီးမှ တီထွင်ခဲ့ခြင်းဖြစ်သည်။ ဆေးတစ်မျိုးသည် သီးခြားလက်သီးပညာတစ်မျိုးကို ကိုယ်စားပြုသည်။

ထို့ကြောင့် မသေမျိုးလက်သီးပညာတွင် စွမ်းအားအမျိုးအစားပေါင်းရာချီပါဝင်သည်။ ရင်ဆိုင်ဖြေရှင်းဖို့ အလွန်ခက်ခဲသည်။

သို့သော် လုပ်ကြံသူတွင် ထိုစွမ်းအားကို ဖြေရှင်းသည့်နည်းလမ်းရှိသည်။

လက်သီးစွမ်းအားကို ဖြေရှင်းရန်ပြင်နေစဉ် ယွမ်ကျိက လုပ်ကြံသူ၏ ညာဘက်တွင်ပေါ်လာသည်။ သူလည်း မသေမျိုးလက်သီးဖြင့် တိုက်ခိုက်သည်။

နတ်မယ် နည်းနည်းအံ့အားသင့်သွားသည်။ ယွမ်ကျိကို ထိုပညာတစ်ကြိမ်သာသင်ခဲ့သော်လည်း ယခုကျွမ်းကျင်နေသည်။

နှစ်ယောက်လုံး စကားမပြော။ အချက်ပြမှုမလို။ သူတို့စိတ်က ထပ်တူကျသည်။ တစ်ယောက်သုံးမည့်တိုက်ကွက်ကို တစ်ယောက်သိသည်။ အထစ်အငေါ့မရှိ ပူးပေါင်းတိုက်ခိုက်သည်။

စွမ်းအားအကြီးဆုံးနှစ်ယောက် ပညာတစ်မျိုးတည်းသုံး၍ တိုက်ခိုက်နေသည်။ ပြိုက်ဘက်ကို အသက်ရှူချိန်မပေး။ လုပ်ကြံသူပင် ခုခံကာကွယ်ရခက်လာသည်။

"အတိတ်နဲ့လက်ရှိခေတ်ရဲ့ စွမ်းအားအကြီးဆုံးနှစ်ယောက် ပူးပေါင်းတိုက်ခိုက်တယ်ပေါ့။ မင်းတို့ငါ့ကို အတော်အထင်ကြီးထားကြတာပဲ"

လုပ်ကြံသူ ရယ်မောနေသည်။ အရေးနိမ့်သော်လည်း တည်ငြိမ်သည်။

အသံတိုးတိုးတစ်ချက်အော်၍ အမည်မသိမှော်ပညာတစ်ခု သူအသက်သွင်းသည်။ ဝါဇရခန္ဓာကိုယ်အဖြစ် ပြောင်းသည်။ မဖျက်ဆီးနိုင်လောက်အောင် မာကျောသည်။

အတွင်းပိုင်းတည်ဆောက်မှုပင် မသေမျိုးရွှေခန္ဓာထက် အဆများစွာမာကျောသည်။ ဘယ်စွမ်းအားမှ မထိုးဖောက်နိုင်။

"မသေမျိုးလက်သီး"

နတ်မယ်နှင့်ယွမ်ကျိ နောက်တစ်ကြိမ်ပူးပေါင်းလှုပ်ရှားသည်။ သို့သော် ဤတစ်ကြိမ် မလွယ်တော့။

သူတို့လက်သီးများ လုပ်ကြံသူကိုထိသည်နှင့် စွမ်းအားမထိုးဖောက်နိုင်ဘဲ သူတို့ဆီ အပြည့်အဝ တန်ပြန်ကန်ထွက်လာသည်။

ကိုယ့်လက်သီးချက်ကိုယ်ထိသလို ဖြစ်သွားသည်။ ကံကောင်းထောက်မစွာဖြင့် လက်သီးစွမ်းအားကို ကိုယ်တိုင်ပြန်ချေဖျက်နိုင်ကြသည်။ ဒဏ်ရာအပြင်းအထန်မရ။

ကြယ်ကောင်းကင်က ယင်ယန်ထိုက်ချိစက်ဝန်းအဖြစ်ပြောင်းသွားသည်။ ကိုးဆမသေမျိုးနှင့်လုပ်ကြံသူက ဗဟိုချက်ကိုယ်စီတွင်ရပ်နေသည်။ မသေမျိုးမီးတောက်နှင့် မှော်ရေခဲများသုံး၍ လုပ်ကြံသူကိုတိုက်ခိုက်သည်။

သို့သော် သူ့ကိုထိချိန်တွင် ထိုအရာအားလုံး လာရာလမ်းအတိုင်းပြန်သွားပြီး ကိုးဆမသေမျိုးကိုထိသည်။

"သောက်လခွမ်းကွာ။ သူ့ကိုထိတဲ့ တိုက်ခိုက်မှုတိုင်း တန်ပြန်သက်ရောက်တာလား"

အချိန်မသေမျိုး ကျိန်ဆဲရင်း ကောင်းကင်ဖွင့်ပုဆိန်ကို သိမ်းလိုက်သည်။ အစက လုပ်ကြံသူကို နောက်ဘက်မှ ပုဆိန်ဖြင့်ဝင်ခုတ်ဖို့ တွေးခဲ့သည်။ ယခု ဖြစ်နိုင်မည်မထင်။

အဆုံးမဲ့ဓားနယ်မြေ ဆန့်ထွက်လာသည်။ မသေမျိုးကောင်းကင်ဆင်းရဲထက် များစွာ ပိုစွမ်းအားကြီးသည်။ လုယန် ချင်ဖုန်းဓားဖြင့် ဓားရိပ်ပေါင်းများစွာဖန်တီးသည်။ ဓားရိပ်တိုင်းက သူ့လှုပ်ရှားမှုတိုင်းနောက်သို့ လိုက်သည်။

သမိုင်းတွင်ပထမဆုံး ဓားမသေမျိုးဖြစ်၍ ဓားရိပ်တိုင်းက ကြယ်စုတန်းကို ဖျက်ဆီးနိုင်သည်။ မသေမျိုးစွမ်းအားများ ပြည့်လျှံနေသည်။

ဓားရိပ်အားလုံး လုပ်ကြံသူကို ရိုက်ခတ်သည်။ ပြန်ကန်ထွက်လာသည်။ ဓားရိပ်များ ကြေမွသွားသည်။ လုယန်အလျှော့မပေး။

"ဓားတစ်သောင်းဌာနေပြန်"

ဓားကိုးလက်တစ်ခုတည်းပေါင်းစည်းသည်။ ကိုးဆမသေမျိုး၏ မသေမျိုးမီးတောက်နှင့်မှော်ရေခဲထက် ပိုကြောက်စရာကောင်းသည်။ တက်သစ်စမသေမျိုးတစ်ယောက်၏ပညာက ယုံနိုင်စရာပင်မရှိ။

သို့သော် လုပ်ကြံသူ၏ ဝါဇရခန္ဓာကိုယှဉ်ဖို့ မလုံလောက်သေး။ စွမ်းအားအပြည့် ပြန်ကန်ထွက်လာသည်။ လုယန်က သူ့ဓားချက်သူ ခံယူသည်။ ဒဏ်ရာများစွာရ၍ သွေးများအန်ထွက်လာသည်။

လုပ်ကြံသူ ခပ်အေးအေးပြုံးနေသည်။ ထိုနည်းလမ်းသည် သစ်သားဓားကိုင်ထားသည့် သုံးနှစ်သားကလေးက လူကြီးတစ်ယောက်ကို ရင်ဆိုင်သလိုသာဖြစ်သည်။

သို့သော် လုယန်နောက်ဘက်မှ ဓားရိပ်တစ်ခုပေါ်လာပြီး လုယန်ကိုနှစ်ခြမ်းခွဲ၍ ထွက်လာသည်။ အရှိန်လျော့မသွားသေးဘဲ လုပ်ကြံသူကိုထိသည်။

ဤတစ်ကြိမ်တွင် ဓားချက်က ပြန်ကန်ထွက်မလာတော့။

"အောင်မြင်ပြီ"

လုယန် အမြန်ပြန်ဆုတ်သည်။

ဓားဖြင့်နှစ်ခြမ်းခွဲခံရသည့် လုယန်က သစ်သားတုံးနှစ်ခုအဖြစ်ပြောင်းသွားသည်။ သစ်သားတုံးနှစ်ခုကိုကြည့်၍ လုပ်ကြံသူစိတ်ထဲ မှော်ပညာတစ်မျိုးတွေးမိသည်။

"လေဟာနယ်ထဲက တာအိုစေ့...အစစ်နဲ့အမှန် ခွဲခြားဖို့ခက်တယ်...။ ဒါက လောကသစ်ပင်ဖန်တီးခဲ့တဲ့ ကိုယ်ပွားပညာပဲ"

ဤခေတ်တွင် သစ်ပင်စိုက်ပညာဟုခေါ်သည်။

***********************************

All Chapters