အခန်း ၁၃၅၃
Vol. 91 Ch. 1353
အခန်း (၁၃၅၃) အနာပေါ်တုတ်ကျ
"လောကသစ်ပင်၊ မင်းကတကယ်ဇွဲကောင်းတဲ့ဝိညာဉ်ပဲ"
လုပ်ကြံသူ ဒေါသထွက်သွားသည်။ သူ့မိတ်ဆွေဟောင်း၏ တိုက်ခိုက်ပညာဖြင့် နောက်တစ်ကြိမ်လှည့်စားခံရသည်။ လောကသစ်ပင်က သူ့လမ်းကြောင်းတွင် အတားအဆီးများပစ်ချခဲ့သည်မှာ ပထမဆုံးအကြိမ်မဟုတ်တော့။
လောကသစ်ပင်သည် ရှေးဟောင်းခေတ်မှ သူ့မိတ်ဆွေကောင်းဖြစ်သည်။ သေသွားပြီးနောက်တွင် အချိန်မသေမျိုးကို မွေးဖွားသည်။
နတ်မယ်က ဖျက်ဆီးခြင်းအရိယဖလသန္ဓေကို တည်ထောင်ချိန်တွင် လုပ်ကြံသူက သူနှင့်လမ်းကြောင်းတူလျှောက်မည်လူဖြစ်ကြောင်း ကြိုမြင်ခဲ့သည်။
ထိုအချိန်တွင် အချိန်မသေမျိုးက နတ်မယ်ကို ဘဝအမုန်းတရားများ၏ အချုပ်အချယ်မခံဖို့ အကြံပေးသည်။ ဖျက်ဆီးခြင်းအရိယဖလသည် မှန်ကန်သည့်လမ်းကြောင်းမဟုတ်ဟုပြောသည်။ နောက်ပိုင်းတွင် နတ်မယ်က အမုန်းတရားကိုစွန့်လွှတ်ပြီး အတိတ်ခန္ဓာကို ဖြတ်တောက်ခဲ့သည်။ ထာဝရအရိယဖလကို အာရုံစိုက်သည်။
ထို့ကြောင့် လောကကြီးက လွန်မြောက်ခြင်းအဆင့်တစ်ယောက်ဆုံးရှုံးသွားသည်။ လုပ်ကြံသူက တာအိုလက်တွဲဖော်တစ်ယောက် ဆုံးရှုံးသွားသည်။
အချိန်မသေမျိုးသည် ရှေးဟောင်းလွန်ခေတ်မှ အဖြစ်အပျက်များကို မမှတ်မိ။ သို့သော် နတ်မယ်လမ်းမှားနေကြောင်း သူ့အာရုံတွင် အသံတစ်ခုက သတိပေးခဲ့သည်။
"ဘယ်လိုလုပ်ပြီး ပြန်ကန်မထွက်တော့တာလဲ"
ကိုးဆမသေမျိုး အံ့အားသင့်နေသည်။ ထို့နောက် လုယန်ကိုင်ထားသည့်ဓားသည် ချင်ဖုန်းဓားမဟုတ်ကြောင်း သတိထားမိသည်။
"အဲဒါ ငါ့ရဲ့ထိုက်ရှန်းဓားလေ"
ကျန်းပင်ကန်းကပြောသည်။ သူ့တိုက်ခိုက်စွမ်းအားက အကန့်အသတ်ရှိသည်။ တိုက်ပွဲတွင် တိုက်ရိုက်ဝင်မပါနိုင်။ ထို့ကြောင့် တစ်ခြားလူများကိုသာကူညီရသည်။ လုယန်သည် ထိုက်ရှန်းဓားကိုင်ဖို့ ကွက်တိကျသည်။
လုပ်ကြံသူ၏ ဝါဇရခန္ဓာအတားအဆီးကို ချိုးဖျက်ပြီးဖြစ်၍ ယွမ်ကျိနှင့်နတ်မယ်တို့ နောက်တစ်ကြိမ်ဝင်တိုက်ခိုက်သည်။ ချီလင်၊ အချိန်မသေမျိုး ကိုးဆမသေမျိုးတို့က ဘေးမှကူပေးသည်။
လုယန်နည်းနည်းမျက်မှောင်ကျုံ့နေသည်။ သူကစမ်းကြည့်ခဲ့ရုံသာဖြစ်သည်။ ထိုက်ရှန်းဓားက တကယ်ထိရောက်မည်ဟု ထင်မထား။ ကျန်းပင်ကန်းကို သိစိတ်အာရုံမှလှမ်းမေးသည်။
"ထိုက်ရှန်းဓားက အရိယဖလတွေကိုပဲ အစွမ်းပျောက်အောင်လုပ်နိုင်တာမဟုတ်လား"
"သဘောတရားအရတော့ ဟုတ်တယ်။ အနည်းဆုံးတော့ ဒါနဲ့ မိတ်ဆွေယွမ်ကျိကို တိုက်ခိုက်ရင် သူဘာမှဖြစ်မှာမဟုတ်ဘူး"
ကျန်းပင်ကန်းပြန်ပြောသည်။
လုယန် စဉ်းစားသည်။ လုပ်ကြံသူက ဘယ်တိုက်ခိုက်မှုကိုမှမမှုဘဲ တန်ပြန်တိုက်ခိုက်နိုင်ခြင်းသည် အရိယဖလစွမ်းရည်တစ်ခုလော။
ရှေးဟောင်းခေတ်မှ ယနေ့ခေတ်ထိ ထိုအရိယဖလမျိုးရှိသည်ဟု နတ်မယ်တစ်ခါမှမပြောဖူး။ ထိုအရိယဖလပိုင်ဆိုင်သည့် မသေမျိုး မရှိခဲ့ဖူး။
သို့ဆိုလျှင် ထိုအရိယဖလသည် 'ရှေးဟောင်းလွန်ခေတ်'တွင် ပေါ်ခဲ့ခြင်းလော။
အရိယဖလလမ်းစဉ်ကို နတ်မယ်က တီထွင်ခဲ့သည်ဟုပြောသည်။ နတ်မယ်ထက်အရင် ရှေးဟောင်းလွန်ခေတ်က အရိယဖလများရှိခဲ့သလော။
"ဟုတ်ပြီ။ သူအရင်က ခေတ်ကာလတစ်ခုကို ဖျောက်ဖျက်ခဲ့တယ်။ အဲဒီ့ခေတ်မှာလည်း အရိယဖလတွေပေါ်ခဲ့တာပဲ"
လုယန် တမင်အသံထွက်၍ပြောလိုက်သည်။
ရုပ်ခန္ဓာကိုတိုက်ခိုက်သည့်ပညာ စိတ်ဝိညာဉ်ကိုတိုက်ခိုက်သည့်ပညာ နှစ်မျိုးရှိသည်။
ထိုလုပ်ကြံသူသည် ယင်ထန်လိုသရုပ်ဆောင်ရသည်ကို စွဲလန်းနေသည်။ ထိုကိစ္စသည် ရှေးဟောင်းလွန်ခေတ်မှ သူ့အတွေ့အကြုံများနှင့် ပတ်သက်နေမည်ဟု လုယန်ယူဆသည်။
မှန်သည်။ သူ့စကားကြားသည်နှင့် လုပ်ကြံသူဂဏာမငြိမ်ဖြစ်လာသည်။ လွန်မြောက်ခြင်းအဆင့်သို့တက်သည့် လမ်းခရီးတွင် သူများစွာစတေးစွန့်လွှတ်ခဲ့ရသည် သူ့အတိတ်ကို ပြန်မသွားချင်။
လုယန်စကားက သူ့နာကျင်စရာမှတ်ဉာဏ်ကို လှုံ့ဆော်ခဲ့သည်။
လုပ်ကြံသူ အာရုံလွတ်နေချိန်ကို အခွင့်ကောင်းယူ၍ ယွမ်ကျိနှင့်နတ်မယ်တို့ မသေမျိုးလက်သီးပညာဖြင့် မှော်စက်ဝန်းတစ်ခုဖန်တီးပြီး အတင်းပိတ်ဆို့ဝင်တိုက်ခိုက်ကြသည်။ တစ်ခြားမသေမျိုးများက စွမ်းအားထိခိုက်မည်စိုး၍ ဝင်မစွက်ရဲကြ။
ထိုနှစ်ယောက်သည် ခေတ်နှစ်ခု၏ ထိပ်ဆုံးလူများဖြစ်သည်။ ကံဆိုးမှုတစ်ချို့ကြောင့်သာ မဟုတ်လျှင် ပေါင်းစပ်ခြင်းအဆင့်နှင့် လွှမ်းခြုံခြင်းအဆင့်သို့ ကိုယ်စီရောက်ကျပြီးဖြစ်သည်။ ထိုနှစ်ယောက်ပူးပေါင်းစွမ်းအားသည် အတိတ်၊ ပစ္စုပ္ပာန်၊ အနာဂတ် အားလုံးမှ ရန်သူများကို သတ်ဖြတ်နိုင်သည်။
စွမ်းအင်ရောင်များ မိုင်သန်းချီပျံ့နှံ့ပြီး မြင်ကွင်းအားလုံး ပိတ်ဆို့သွားသည်။ လေဟာနယ်အက်ကွဲသည်။ ကမ္ဘာငယ်များစွာ မွေးဖွားလာသည်။ တမင်ရည်ရွယ်ဖန်တီးခြင်းမဟုတ်။ သူတို့နှစ်ယောက်ပူးပေါင်းအင်အားက များပြားပြင်းထန်လွန်းသဖြင့် ကမ္ဘာလောကများ အလိုလိုပေါ်လာခြင်းဖြစ်သည်။
အမြင့်ဆုံးတိုက်ပွဲတစ်ပွဲတွင် အသေးဆုံးအမှားတစ်ခုသည်ပင် အခြေအနေပြောင်းလဲသွားနိုင်သည်။
ကြယ်စုများ ပြိုကွဲသွားသည်။ လောကငယ်များ ပျောက်ပျက်သွားသည်။ လုပ်ကြံသူ၏ခန္ဓာကိုယ် အဆက်မပြတ်တုန်ခါနေသည်။ လက်သီးပညာနှစ်ခု၏စွမ်းအားက သူ့ကိုယ်ထတွင် တစ်လွှာပြီးတစ်လွှာ အဆက်မပြတ်ပေါက်ကွဲနေသည်။
"အားးး"
လုပ်ကြံသူ ဒေါသတကြီးအော်ဟစ်၍ စွမ်းအားမြင့်အသက်ဓာတ်ကိုသုံးပြီး လက်သီးစွမ်းအားကို အတင်းဖိနှိပ်လိုက်သည်။
"ဘုန်း"
ခန္ဓာဖောက်ခွဲမှုတစ်ခု ထပ်ပေါ်လာသည်။ ဤတစ်ကြိမ် နတ်မယ်ရောယွမ်ကျိပါ ဖောက်ခွဲခြင်းဖြစ်သည်။ နတ်မယ်က 'ထာဝရ'စည်းမျဉ်း လွှဲပေးထားသဖြင့် ယွမ်ကျိလည်း ခန္ဓာကိုယ်ကို ချက်ချင်းပြန်စုစည်းနိုင်သည်။
လုပ်ကြံသူ၏သည် တကယ်စွမ်းအားကြီးသည်။ ခန္ဓာကိုယ်ဖောက်ခွဲနည်းကို ယွမ်ကျိသိပ်မကြိုက်သော်လည်း ယခုဂရုမစိုက်နိုင်တော့။ တိုက်ခိုက်နည်းမှန်သမျှ အသုံးပြုရမည်။
"တိမ်ဆင်းလက်ဝါး"
ကြယ်စုတိမ်တိုက် ထပ်ပေါ်လာသည်။ စွမ်းအင်နိယာမမျိုးစုံပါဝင်သည်။ နိယာမတစ်ခုစီသည် ကူးဖြတ်ခြင်းအဆင့်တစ်ယောက် တစ်သက်တာသုံးသပ်လေ့လာဖို့လုံလောက်သည်။
လက်ဝါးချက်မရှောင်နိုင်အောင် လုပ်ကြံသူကို လေဟာနယ်တွင်ချုပ်နှောင်ထားသည်။ လက်ဝါးရိပ်က အရှိန်ဖြင့်ကျလာသည်။
ရှောင်မရမှန်းသိသဖြင့် လုပ်ကြံသူမရှောင်။ အကြောက်တရားရိပ်လုံးဝမရှိ။
ကောင်းကင်များ အက်ကွဲကြေမွသွားသည်။ တာအိုနိယာမများ အဆုံးမဲ့လျှပ်စီးအလင်းနှင့်အတူ ပေါက်ကွဲထွက်လာသည်။ တိုက်ပွဲအစမှလက်ဝါးချက်ထက်ပင် ပို၍စွမ်းအားကြီးသည်။
ချီလင် ကြက်သီးထမိသည်။ သူစွမ်းအားအမြင့်ဆုံးအနေအထားမှာပင် ထိုလက်ဝါးချက်အောက်မှ ရှင်သန်နိုင်ဖို့ အတော်ခက်ခဲလိမ့်မည်။ မသေမျိုးတစ်ယောက်ကို သတ်နိုင်သည့် လက်ဝါးဖြစ်သည်။
သို့သော် လုပ်ကြံသူက လက်ဝါးအောက်မှ အကောင်းပကတိ ပြန်ထွက်လာသည်။
ယွမ်ကျိ မျက်မှောင်ကျုံ့သွားသည်။ သူ့လက်ဝါးမှ အဆုံးမဲ့အလင်းနှင့် တာအိုနိယာမများ လုပ်ကြံသူကိုထိချိန်တွင် အားလုံးပျောက်ကွယ်သွားသည်ကို သူခံစားမိသည်။
အစောပိုင်းက ဝါဇရခန္ဓာ ပြန်ဖန်တီးခြင်းလား။
မဟုတ်။ မဖြစ်နိုင်။
ယွမ်ကျိမျက်လုံးများက လူသတ်ရိပ်တို့ဖြင့် အေးစက်နေသည်။ လုပ်ကြံသူဘယ်လိုပညာများတတ်ထားသည်ဖြစ်စေ ဤတစ်ကြိမ် ဤနေရာတွင် အပြတ်ရှင်းလင်းဖို့ သူဆုံးဖြတ်ထားသည်။
လေဟာနယ် တုန်ခါသွားသည်။ ကြယ်များစုစည်းလာသည်။ တိုက်ပွဲအတွင်းပျက်စီးခဲ့သည့်ကြယ်များကို ယွမ်ကျိက မှော်ပညာများသုံး၍ ပြန်ဖန်တီးခြင်းဖြစ်သည်။
"ဖန်တီးခြင်းကိုထိန်းချုပ် ကြယ်စုတန်းပြောင်းလဲဖို့ ကြယ်တွေကိုရွှေ့"
ကြယ်များက မီးတောက်အဖြစ်ပြောင်းသွားသည်။ တည်နေရာများ ပြန်ပြောင်းသည်။ ကိုးလွှာအဓိပဓိသတ်ဖြတ်မှော်စက်ဝန်းဖြစ်လာသည်။ ကြယ်များကြည့်ရသည်ကို သူကြိုက်သည်။ ကြယ်များသုံး၍ မှော်စက်ဝန်းဖန်တီးရသည်ကိုလည်း ပျော်ရွှင်သည်။
သို့သော် ကျင့်ကြံမှုလောကတွင် အခွင့်အရေးမရခဲ့။
သတ်ဖြတ်မှော်စက်ဝန်းကိုအသက်သွင်း၍ လုပ်ကြံသူကို ဖုံးအုပ်လိုက်သည်။ လူသတ်မှော်စက်ဝန်းက ငရဲတွင်းအဖြစ်ပြောင်းသွားသည်။ အဆုံးမဲ့မှော်စွမ်းအားများ လည်ပတ်နေသည်။ မြေမီးဖုန်းရွှေဓာတ်များက လောကဖန်တီးနေသလို တောက်ပစူးရှနေသည်။
လုပ်ကြံသူ၏ချီနှင့်သွေး ဆူပွက်လာသည်။ ဘေးပတ်လည်လေဟာနယ် တွန့်လိပ်သွားသည်။ လောကသစ်တစ်ခုဖန်တီးပြီး ကောင်းကင်တလျှောက် မရေမတွက်နိုင်သည့်ကြယ်များကို စုစည်းသည်။ လျှပ်စီးသုံး၍ ကြယ်များကိုဆက်သွယ်သည်။ လူသတ်မှော်စက်ဝန်းကို တန်ပြန်ရင်ဆိုင်ဖို့ ပြိုင်ဘက်ကင်းမဟာမှော်စက်ဝန်းတစ်ခု တည်ဆောက်သည်။
"ဘုန်း"
မဟာမှော်စက်ဝန်းနှစ်ခုရိုက်ခတ်သည်။ နှစ်ခုလုံးကြေမွသွားသည်။ အချိန်တွန့်လိပ်သွားသည်။ လောကတစ်ခုလုံး အရောင်ပျောက်သွားသည်။
နတ်မယ်က သတ်ဖြတ်ရန် အနီးကပ်ဝင်လာသည်။ သူ့နောက်ဘက်တွင် ထူးဆန်းသည့်နိမိတ်ပုံများ ပြည့်နေသည်။ သားရဲမျိုးစုံ ပြိုင်တူအော်ဟစ်သည်။ နိုင်ငံစံမှ ရုံးတော်လာတက်ကြသည်။
လူသားများ ကျောက်စိမ်းမှမွေးဖွားသည်။ သားရဲကိုးမျိုး ကောင်းကင်ဖြတ်၍ ဒုန်းစိုင်းပြေးလာသည်...
နတ်မယ်တမင်ဖန်တီးထားခြင်းမဟုတ်။ ထိုအဆင့်တိုက်ပွဲမျိုး၏ နှစ်ဘက်ရင်ဆိုင်တွေ့သည့်စွမ်းအင်ရောင်မှ ပုံရိပ်များစွာ ပေါ်လာခြင်းဖြစ်သည်။
ထိုပုံရိပ်တိုင်းကို စွမ်းအားကြီးသက်ရှိအဖြစ် ဖန်တီးနိုင်သည်။ သို့သော်ယခု ဘယ်သူမှဖန်တီးဖို့ စိတ်မဝင်စား။ တစ်ဘက်ရန်သူ၏အသက်ကို နှုတ်ယူဖို့သာ အာရုံနှစ်ထားသည်။
"မင်းအစွမ်းဒါအကုန်ပဲဆိုရင်တော့ မလုံလောက်သေးဘူး ယွမ်ကျိ"
လုပ်ကြံသူ မခိုးမခန့် ရယ်မောနေသည်။ နှစ်ယောက်တစ်ယောက်ကို တန်းတူယှဉ်နိုင်သည်။ သူမောက်မာခွင့်ရှိသည်။
"မင်းတို့နှစ်ယောက်နဲ့ရှောင်လုကို အောင်သွယ်လုပ်ပေးဖို့ ငါစဉ်းစားခဲ့တာ။ ဒါပေမယ့် မင်းတို့က သေချင်နေတော့ နောက်ဆက်ဖြစ်လာတာတွေအတွက် အပြစ်မတင်နဲ့တော့"
ရွှေခေါင်းလောင်းသံ မြည်လာသည်။ ယွမ်ကျိ နောက်တစ်ကြိမ်တိုက်ခိုက်သည်။ လှုပ်ရှားမှုတိုင်းက လှပကျော့ရှင်းသည်။
လှပကျော့ရှင်းသော်လည်း ထိုလက်သီးချက်ထိချိန်တွင် လုပ်ကြံသူ ရယ်နိုင်စွမ်းမရှိတော့။
ယွမ်ကျိ တဖြေးဖြေးပို၍ပို၍ စွမ်းအားကြီးလာသည်။ ယခုမှ စွမ်းအားတက်လာပုံမျိုးမဟုတ်။ အမြင့်ဆုံးသို့ ပြန်သွားနေခြင်းဖြစ်သည်။ မူလစွမ်းအားကို ပြန်ရလာခြင်းဖြစ်သည်။
"မင်းက ပေါင်းစပ်ခြင်းအဆင့်တက်နေတာပဲ"
"ရှင်က လွန်မြောက်ခြင်းအဆင့်ဆိုတော့ ကျွန်မလည်း ပေါင်းစပ်ခြင်းအဆင့်ဖြစ်ရမှာပေါ့"
ယွမ်ကျိက အေးစက်စက်ပြောသည်။ ပေါင်းစပ်ခြင်းအဆင့်သို့ ရောက်ဖူးပြီးကတည်းက ပထမဆုံးအကြိမ် အစွမ်းကုန်ထုတ်သုံးခြင်းဖြစ်သည်။
******************************