အခန်း ၁၃၅၅
Vol. 91 Ch. 1355
အခန်း (၁၃၅၅) နှစ်ယောက်လုံးရပ်
ယွမ်ကျိ၏ဖြစ်တည်မှုက လျင်မြန်စွာပျောက်ကွယ်သွားသည်။ သူ့နာမည်ကြားရုံသာကြားဖူးသူများ သူ့အကြောင်းမှတ်ဉာဏ်စပျောက်ကွယ်သည်။ ထို့နောက် သူနှင့်သိပ်မရင်းနှီးသူများ၊ ထို့နောက် ယွမ်ကျိမှတ်ဉာဏ်တွင် အစားထိုးမရသူများ....
ပထမလူနှစ်မျိုးက ယွမ်ကျိအကြောင်း လုံးဝမေ့သွားသည်။ သူရှိခဲ့သည့် သက်သေအထောက်အထားများပါ ပျောက်သွားသည်။ သဘာစွမ်းအားများက ဖျောက်ဖျက်၍ လောကကိုပြန်ပြင်ဆင်နေသယောင်ရှိသည်။
နောက်ဆုံးကျန်သည့် လူတစ်မျိုးသာ ယွမ်ကျိအကြောင်း မှတ်မိနေကြသည်။
....
လောကတွင်တစ်ခါမှမမြင်ဖူးသည့် စွမ်းအားမျိုး ယွမ်ကျိရလာသည်။
သူသည် မိုးမြေအနှစ်သာရဖြစ်သည်။ အစောပိုင်းကမနိုင်ခဲ့သည့် လုပ်ကြံသူကို တစ်ချက်လှုပ်ရှားရုံဖြင့် အနိုင်ယူနိုင်သည်။
မသေမျိုးများ ငေးကြောင်နေသည်။ လုပ်ကြံသူနှင့်တိုက်ခိုက်နေသူအကြောင်း သူတို့မမှတ်မိတော့။
လုယန် ခေါင်းကိုအတင်းဆုပ်ကိုင်၍ အမယွမ်နှင့်ရှိခဲ့သည့် အတိတ်ကြောင်းများ အဆက်မပြတ်ပြန်စဉ်းစားသည်။
အမယွမ် ပေါင်းစပ်ခြင်းအဆင့်သို့ရောက်သည်။ သို့သော် အစစ်အမှန်ပေါင်းစပ်ခြင်းအဆင့်သည် ထိုသို့မဟုတ်သေး...
အမယွမ်စကားအရ ပေါင်းစပ်ခြင်းအဆင့်သည် ဘက်မလိုက်သည့်ကောင်းကင်ဖြစ်လာရမည်။ သက်ရှိအားလုံးကို တန်းတူမြင်ရမည်။ ဘယ်သူ့ကိုမှ မျက်နှာသာမပေးရ။ သူ့အတိတ်အကြောင်းအားလုံး လောကမှပျောက်ကွယ်သွားမည်။
ပေါင်းစပ်ခြင်းအဆင့်အစစ်သည် လုပ်ကြံသူကို တိုက်ခိုက်မည်မဟုတ်။ ထိုလုပ်ရပ်သည် ဘက်မလိုက်သည့်ကောင်းကင်၏ လုပ်ရပ်မဟုတ်။
အဆင့်တက်စဖြစ်၍သာ လုပ်ကြံသူနှင့် တိုက်ခိုက်နေနိုင်ခြင်းဖြစ်သည်။ အဆင့်မခိုင်မာသေး။ သေမျိုးလောကနှင့် နှောင်ဖွဲ့မှုများစွာရှိနေသေးသည်။
အနှောင်အဖွဲ့အားလုံး ဖြတ်ပြီးလျှင် အားလုံး၏မှတ်ဉာဏ်ထဲမှ ပျောက်ကွယ်သွားမည်။ ပေါင်းစပ်ခြင်းအဆင့်တည်ငြိမ်လာမည်။
နတ်မယ်လည်း တိုက်ပွဲသက်ရောက်မှုဒဏ်ခံရသည်။ လုယန်ဘေးတွင်ရပ်လျှင် ယွမ်ကျိနှင့်ရှိခဲ့သည့် အတိတ်ကြောင်းများကို စဉ်းစားနေသည်။ ယွမ်ကျိကို ဤအခြေအနေတိုင်း ကြာကြာထိန်းထားနိုင်ဖို့ ကြိုးစားသည်။
ထို့ပြင် လက်ရှိတွင် သူလည်းတိုက်ပွဲဝင်စရာမလိုတော့။ ယွမ်ကျိတစ်ယောက်တည်း လုံလောက်သည်။
လောကတွင် ယွမ်ကျိချန်ခဲ့သည့် အရိပ်က အဆုံးမဲ့တာအိုကို ပိုင်ဆိုင်သည်။ သေခြင်းရှင်ခြင်းစက်ဝန်းကို လွန်မြောက်သည်။ သူ့တာအိုစွမ်းအားကို မသေမျိုးလက်သီးပညာနှင့်ပေါင်းစပ်၍ လက်သီးပညာအသစ်တစ်မျိုး ဖန်တီးသည်။ အခြေမလှဖြစ်နေသည့် လုပ်ကြံသူကို ကြိမ်ချေရန် ကြိုးစားသည်။
လုပ်ကြံသူ၏ အသက်ဓာတ်က အလွန်အားကောင်းသည်။ ဒဏ်ရာအပြင်းအထန်ရသော်လည်း ချက်ချင်းပြန်ကောင်းသည်။
မူမမှန်သည့်တစ်ချက်ကို လုယန်သတိထားမိသည်။ တိုက်ပွဲတလျှောက် လုပ်ကြံသူသုံးခဲ့သည့် နည်းလမ်းများကို အဆက်မပြတ်ပြန်စဉ်းစားသည်။ အရိယဖလများစွာ ပိုင်ဆိုင်ထားသလိုဖြစ်နေသည်။ ထိုသို့ဖြစ်အောင် ဘယ်လိုလုပ်ခဲ့သည်မသိ။
"ရှောင်ယွမ်၊ သူ့ကိုသတ်လိုက်"
နတ်မယ်က စကြာဝဠာတစ်ခုလုံး ကြားနိုင်အောင် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"နင်သူ့ကိုသတ်နိုင်ရင် သားအမိမြစ်အကြောင်း ငါဘယ်တော့မှထုတ်မပြောတော့ဘူး"
ယွမ်ကျိအရိပ် နည်းနည်းတုန်ခါသွားသည်။
တုံ့ပြန်မှုရှိသည်ကို မြင်ရသဖြင့် နတ်မယ်ဆက်အော်သည်။
"နင့်ကိုယ်ပွားက ကောင်းကင်ဂိတ်တောင်ထိပ်က ရုပ်သေးရုပ်ဆိုတာလည်း ငါလျှို့ဝှက်ထားမယ်။ ဒါပေမယ့် နင်လည်း ငါ့လျှို့ဝှက်ချက်တွေကို ထိန်းထားရမယ်။ ထိန်းချုပ်သူသခင်ကို နှုတ်ပိတ်ခအဖြစ် ငါပေးထားပြီးသား"
"အကြီးအကဲနတ်မယ်။ ဆက်မပြောပါနဲ့တော့"
ယွမ်ကျိအရိပ်ကပြောသည်။ အရင်လို အေးစက်စက်အသံမျိုးမဟုတ်တော့။ စိတ်လှုပ်ရှားမှုအရိပ်ပါလာသည်။ ပေါင်းစပ်ခြင်းအဆင့်အတိုင်း နေရမလားဟုပင် သူစဉ်းစားနေသည်။
နတ်မယ်က လုယန်ကို လက်ဖြင့်ပုတ်သည်။
"ဒီနည်းလမ်းအလုပ်ဖြစ်တယ် ရှောင်ယန်။ နင်လည်း တစ်ခုခုပြောရင်ကောင်းမယ်"
"ဘယ်လို၊ ကျုပ်က ဘာပြောရမှာလဲ"
လုယန် အကြပ်ရိုက်သွားသည်။ ထိုကိစ္စက မူလအစီအစဉ်ထဲတွင် မပါ။
"ဘာဖြစ်ဖြစ်ပေါ့"
အမယွမ်အသွင်ကို ကြာကြာဆက်ထိန်းထားဖို့ ထိုနည်းလမ်းက အလုပ်ဖြစ်ကြောင်းသိသဖြင့် လုယန်အားတင်း၍ ပြောသည်။
"အမယွမ်၊ ကျုပ်ကျင့်ကြံမှုစတော့ ရေဆူကန်ထဲမှာ စိမ်ခိုင်းခဲ့တာ အရေခွံကွာပြီး ကျုပ်သေမတတ်ဘဲ"
"အမယွမ်အခု အရမ်းစွမ်းအားကြီးနေပြီ။ ကျုပ်မသေမျိုးအဆင့်ကနေ ရှေ့ဆက်မကျင့်ကြံတော့ဘူး။ ကျုပ်ဘဝကို ရှေ့ဆက်လျှောက်ဖို့အတွက် အမယွမ်ကိုပဲ အားကိုးရမှာ"
"အမယွမ်က အရမ်းလှတယ်၊ ကျုပ်မြင်ဖူးသမျှလူတွေထဲမှာ အလှဆုံးပဲ။ ပြုံးရင်ပိုတောင်လှသေးတယ်။ အမယွမ် များများပြုံးသင့်တယ်"
"မင်းတို့နှစ်ယောက်လုံး ဘယ်သူမှထပ်မပြောနဲ့တော့"
အရိပ်သဏ္ဌာန်၏ စိတ်လှုပ်ရှားမှုက ပို၍ပြင်းထန်လာသည်။ တိုက်ခိုက်မှုများ အလွန်တရာကြမ်းတမ်းလာသည်။ လုယန်နှင့်နတ်မယ်အပေါ် မကျေနပ်ချက်ကို လုပ်ကြံသူအပေါ် ဖွင့်ထုတ်နေသယောင်ရှိသည်။
အသေသတ်တိုက်ကွက်များချည်းသုံးသည်။
"ငါက အဲလောက် ဆင်ခြင်ဉာဏ်မနည်းပါဘူး။ အဲဒီ့စကားမျိုးတွေ ငါမအော်ဘူး"
လုပ်ကြံသူက ဖြူစင်မှုကိုပြသည်။ ကောင်းကင်သည် တရားမျှတသည်မဟုတ်လော။ ဘာကြောင့် ဒေါသအားလုံး သူ့အပေါ်ဖွင့်ထုတ်နေသည်မသိ။
ယွမ်ကျိ အရေးမစိုက်။ မိုးမြေစွမ်းအားကို ဆင့်ခေါ်၍ မသေမျိုးလက်နက်မျိုးစုံအသွင်ပြောင်း လုပ်ကြံသူဆီ တိုးလာသည်။
လုပ်ကြံသူက ကောင်းကင်လျှပ်စီးနှင့် မြေမီးတောက်ကိုဆင့်ခေါ်၍ ရှေးဟောင်းသက်ရှိများအသွင်ပြောင်းသည်။ မသေမျိုးသွေးဖြင့်အသက်သွင်း၍ ယွမ်ကျိ၏ မသေမျိုးလက်နက်များကို ရင်ဆိုင်သည်။
သူ့ဦးခေါင်းထက်တွင် အနက်ရောင်လေဝဲတစ်ခု လည်ပတ်နေပြီး တိုက်ခိုက်မှုအားလုံးကို ဝါးမျိုသည်။
သို့သော် ယွမ်ကျိ၏ တိုက်ခိုက်စွမ်းအားက အလွန်တရာကြမ်းတမ်းသည်။ ရှေးဟောင်းသက်ရှိများ ချက်ချင်းအားနည်းသွားသည်။ မသေမျိုးလက်နက်များကို မယှဉ်နိုင်ကြ။ လေဝဲနက်မဝါးမျိုနိုင်လောက်အောင် များလွန်းသည်။
ထိုမြင်ကွင်းကိုကြည့်၍ လုယန်နားလည်သွားသည်။ လုပ်ကြံသူသည် အရိယဖလများစွာ အသုံးပြုနိုင်သည်။
"သူက ဝါးမျိုခြင်းအရိယဖလရဲ့ စွမ်းရည်မျိုးပိုင်ဆိုင်ထားတာပဲ"
လုပ်ကြံသူ၏ 'အသက်နှောင်အရိယဖလ'အကြောင်း လုယန် တအံ့တဩရေရွတ်လိုက်သည်။
လုပ်ကြံသူသည် အင်ပါယာချန်လို ဝါးမျိုခြင်းအရိယဖလ ပိုင်ဆိုင်သူဖြစ်သည်။ ယခု အားလုံးရှင်းလင်းလာသည်။
အင်ပါယာချန်က ရှေးဟောင်းမသေမျိုးလေးယောက်၏ အရိယဖလများကို ဝါးမျိုချင်ပြီး ကျင့်ကြံသူလောကမှော်စက်ဝန်းကိုဖွင့်ချင်ခဲ့သည်။
သို့သော် စိတ်ကူးသာရှိသည်။ လုံးဝမအောင်မြင်ခဲ့။
လုပ်ကြံသူက ရှေးဟောင်းခေတ်တွင် အရိယဖလတစ်မျိုးမက ဝါးမျိုခဲ့သည်။
အရိယဖလတို့သည် အတုမရှိ။ လုပ်ကြံသူက ဝါးမျိုခြင်းအရိယဖလ တည်ဆောက်ပြီးလျှင် အင်ပါယာချန်က ထိုအရိယဖလကို တည်ဆောက်နိုင်စွမ်းမရှိသင့်။
သို့သော် လုပ်ကြံသူက မသေမျိုးအဆင့်မဟုတ်။ လွန်မြောက်ခြင်းအဆင့်ဖြစ်သည်။ သူ့အရိယဖလရေား သူဝါးမျိုထားသည့် တစ်ခြားအရိယအားလုံးပါ လောကအနှောင်အဖွဲ့မှ 'လွန်မြောက်ခြင်း'သို့ရောက်သည်။
နောက်ပိုင်း ဘယ်သူထပ်ကျင့်ကြံသည်ဖြစ်စေ သက်ရောက်မှုမရှိ။
ရှိခဲ့လျှင် အင်ပါယာချန် ဝါးမျိုခြင်းအရိယဖလ တည်ဆောက်နေချိန်တွင် ရှိပြီးသားအရိယဖလ၏ ဖိအားတစ်ခုကို ခံစားရလိမ့်မည်။
ထိုအရိယဖလမျိုး ရှိပြီးဖြစ်ကြောင်း ခန့်မှန်းမိမည်။ (သိခြင်းနှောင်ဖွဲ့မှုဖြစ်မည်)။ လွန်မြောက်ခြင်းအယူအဆနှင့် မကိုက်ညီ။
လုယန်စကားကြောင့် လုပ်ကြံသူ စွမ်းအင်ရောင် မငြိမ်မသက်ဖြစ်လာသည်။ သူ့နောက်ကြောင်း အစိတ်အပိုင်းတစ်ချို့ကို လုယန်နားလည်သွားသည်မှာ သေချာသည်။
လုယန်ကို သူသတ်ချင်လာသည်။ သို့သော်ယခု သူ့ကိုယ်သူပင် မနည်းကာကွယ်နေရသည်။
သို့သော် သူချက်ချင်း ပျော်သွားပြန်သည်။ အနိုင်ရမည့်အခွင့်အရေးကို သတိထားမိလာသည်။ ယွမ်ကျိ၏လှုပ်ရှားမှုများ ပို၍တုံ့ဆိုင်းလာသည်။ တိုက်ခိုက်သည့်အရှိန် လျော့သွားသည်။
လုယန်နှင့်နတ်မယ်တို့၏ ယွမ်ကျိနှင့်ပတ်သက်သည့်မှတ်ဉာဏ်များ လျင်မြန်စွာပျောက်ဆုံးနေသည်။ မကြာမီ ယွမ်ကျိအကြောင်း သူတို့မေ့သွားလိမ့်မည်။
"ယွမ်ကျိ၊ မင်းရဲ့ကျင့်စဉ်အဆင့်က အခု စပြီးတည်ငြိမ်လာပြီမဟုတ်လား"
'ကောင်းကင်'သည် ကောင်းကင်အောက်မှလူများကို မတိုက်ခိုက်။ ယွမ်ကျိ ကောင်းကင်နှင့်ပေါင်းစပ်ချိန်တွင် သူ့စိတ်ထဲအံ့ဩရုံသာရှိသည်။ စိတ်မပျက်။
လုယန်ကလည်း ထိုအချိန်ကို စောင့်နေခြင်းဖြစ်သည်။
ရှေ့သို့ခြေတစ်လှမ်းတိုးပြီး ချင်ဖုန်းဓားဖြင့် ဓားတစ်သောင်းဌာနေပြန်စွမ်းအား ထုတ်လွှတ်သည်။ ခမ်းနားသည့်ဓားချီဖြင့် မိုးမြေကိုဖိနှိပ်ပြီး ယွမ်ကျိရှိသည့်နေရာဆီ သူလှမ်းခုတ်သည်။
"ဇစ်မြစ်ခြေရာခံ"
ဓားချီက မိုင်သန်းချီပျံ့နှံ့သွားသည်။ ယွမ်ကျိအရိပ်ကို အထိအခိုက်မရှိဖြတ်သန်းသွားသည်။
အရိပ်က တဖြေးဖြေးအသွင်ပေါ်လာသည်။ သလင်းရောင်ထုထည်ဖြစ်လာသည်။ အရိုးနှင့်သွေးများ ပြန်တည်ဆောက်သည်။
ဇစ်မြစ်အရိယဖလ၏ မိုးမြေစည်းမျဉ်းဖြင့် ယွမ်ကျိကို ပေါင်းစပ်ခြင်းအဆင့်မှ ပြန်ဆွဲခေါ်ခြင်းဖြစ်သည်။
အံ့အားသင့်နေသည့် လုပ်ကြံသူကို ယွမ်ကျိက အရယ်အပြုံးမရှိသည့်မျက်နှာဖြင့် စိုက်ကြည့်သည်။ ပေါင်းစပ်ခြင်းအဆင့်သည် သူနှင့်ဘာမှမဆိုင်သလိုထင်ရသည်။
"ဆက်တိုက်ကြစို့"
*************************