← Chapters

အခန်း ၁၃၅၈

Vol. 91 Ch. 1358

အခန်း ၁၃၅၈

Vol. 91 Ch. 1358

အခန်း (၁၃၅၈) အချိန်လမ်းကြောင်းသစ်

အတိတ်အချိန်မှတ်ကို ပြောင်းလဲပြီးနောက် လုပ်ကြံသူ၏သိစိတ်ဝိညာဉ်က လမ်းကြောင်းသစ်သို့ ခုန်ကူးသွားသည်။

ထိုသို့အချိန်ခုန်ကူးသွားကြောင်း သိစိတ်ဝိညာဉ်က မသိသေး။ အချိန်လမ်းကြောင်းဟောင်းနှင့် ထပ်တူကျသည့်အချိန်မှသာ မှတ်ဉာဏ်ဟောင်းများ ပြန်ပေါ်လာသည်။

မှတ်ဉာဏ်အသစ်နှင့်အဟောင်း ပေါင်းစပ်ဖို့ အချိန်တစ်ချို့လိုသည်။

လမ်းကြောင်းသစ်သို့ရောက်ချိန်တွင် ကြယ်များကြား၌ သူနှင့်ယွမ်ကျိ တိုက်ခိုက်နေသည်။

ထာဝရနတ်မယ် ရှိမရှိ မသေချာလှ။

တိုက်ပွဲကွင်းဘေးပတ်လည်ကို သူအမြန်လေ့လာကြည့်သည်။ တက်သစ်စမသေမျိုးလုယန်နှင့် မဟာရှားမသေမျိုးနှစ်ယောက်သာ တွေ့ရသည်။ နတ်မယ်ကိုမတွေ့။

စိတ်ချရစေရန် လုယန်၏သိစိတ်နယ်မြေထဲသို့ပင် စစ်ဆေးကြည့်သည်။ နတ်မယ်အရိပ်အယောင်မတွေ့ရ။

သူကျိတ်ပျော်သွားသည်။

အောင်မြင်သည်။ နတ်မယ်မရှိသည့် အချိန်လမ်းကြောင်းသို့ သူရောက်လာသည်။

ဝမ်းသာနေဟန်ဖြင့် ခဏငေးငိုင်သွားသည့် သူ့အမူအရာကို ယွမ်ကျိ သတိထားမိသည်။ တွေးမရသော်လည်း အခွင့်အရေးကို လက်လွတ်မခံဘဲ ရဲရဲတင်းတင်းလှုပ်ရှားသည်။

"တိမ်ဆင်းလက်ဝါး"

လုပ်ကြံသူ ဒဏ်ရာအပြင်းအထန်ရသွားသည်။

"ဒီစွမ်းအားက..."

လက်ဝါးအရိုက်ခံရပြီးနောက် ယခုမှတိုက်ပွဲစခြင်းဖြစ်ကြောင်း သူနားလည်လာသည်။ ယွမ်ကျိက စွမ်းအားကုန်တိုက်ခိုက်ရင်း ပေါင်းစပ်ခြင်းအဆင့်ဆီ တဖြေးဖြေးတက်နေသည်။

စိုးရိမ်စရာမရှိ။

အချိန်လမ်းကြောင်းဟောင်းမှ ကူးလာသူဖြစ်၍ တိုက်ပွဲရလာဒ်ကို သူမြင်ပြီးဖြစ်သည်။ ယွမ်ကျိပေါင်းစပ်ခြင်းအဆင့်ရောက်အောင် သူအချိန်ဆွဲနိုင်လျှင် ဤလောကတွင် သူ့ကိုယှဉ်နိုင်သူ တစ်ယောက်မှမရှိတော့။

လမ်းကြောင်းဟောင်းကလိုပင် ဝါဇရအရိယဖလကို သူအသက်သွင်းသည်။ ထင်ထားသည့်အတိုင်းပင် ဤအချိန်လမ်းကြောင်းသစ်တွင်လည်း လုယန်က ထိုက်ရှန်းဓားဖြင့် တိုက်ခိုက်သည်။

တိုက်ပွဲကို အောက်ဘက်မှကြည့်ရင်း လုယန် မျက်မှောင်ကျုံ့နေသည်။ လုပ်ကြံသူတွင် အပြောင်းအလဲတစ်ခုခု ဖြစ်သွားသလို ခံစားနေရသည်။ တိုက်ပွဲစစဉ်ကပုံစံနှင့်မတူ။

လုယန်၏ဦးခေါင်းထဲ ကိုက်ခဲတင်းကြပ်နေသည်။ သူ့အာရုံတွင် မိန်းမတစ်ယောက်၏ပုံရိပ် ဝိုးတဝါးပေါ်လာသည်။ ငန်းဝါရောင်ဝတ်စုံ ဝတ်ထားသည်။ ရင်းနှီးနေသည်။ သို့သော် ထူးဆန်းသည်။ သူတစ်ခါမှမမြင်ဖူး။

သူမသေမျိုးမဖြစ်မီကတည်းက ထိုအာရုံကို မကြာခဏရခဲ့သည်။ မသေမျိုးဖြစ်ပြီးနောက် အကြိမ်ရေပိုစိပ်လာသည်။

"ငါဘာမေ့သွားတာလဲ"

သူ့ရင်ထဲတွင် အရေးကြီးသည့်အရာတစ်ခု ဆုံးရှုံးထားသလို လစ်ဟာမှုကို ခံစားရသည်။

လုယန်အဖြစ်ကို ယွမ်ကျိ အကြိမ်ကြိမ်စစ်ဆေးခဲ့သည်။ အကြောင်းရင်းရှာမတွေ့။ အချိန်အတော်ကြာအောင် သူစိတ်ပူခဲ့ရသည်။

သို့သော် ထိုအာရုံကြောင့်တော့ လုယန်၏ကျင့်ကြံမှုကို မထိခိုက်။ တစ်ဆင့်ချင်းကျင့်ကြံပြီး အရိယဖလတည်ဆောက်၍ မသေမျိုးဖြစ်လာသည်။

ကျင့်ကြံမှုလောကမှ ကြယ်များ တုန်ခါလာပြီး တစ်ခုပြီးတစ်ခုပျောက်သွားသည်။

နောက်ဆုံးကြယ်ပျောက်သွားချိန်တွင် ယွမ်ကျိအသွင် မှေးမှိန်ပျောက်ကွယ်ပြီး ကောင်းကင်အဖြစ်ပြောင်းသွားသည်။ အရိပ်တစ်ခုသာကျန်သည်။ လုပ်ကြံသူနှင့် ဆက်တိုက်ခိုက်နေသည်။

မြင်ပြီးသားမြင်ကွင်းကို ထပ်မြင်နေရသော်လည်း လုပ်ကြံသူ ပျော်ရွှင်နေသည်။ ကောင်းကင်အသွင်ပြောင်း၍ အရိယဖလအားလုံးကို နှိပ်ကွပ်နိုင်သည့် ထိုစွမ်းအားက တကယ်ပြင်းထန်လွန်းသည်။ အတိတ်မှယနေ့ထိ ယွမ်ကျိကိုယှဉ်နိုင်သူ တစ်ယောက်မှရှိမည်မဟုတ်။ သူလည်းမယှဉ်နိုင်။

သို့သော် ထိုအခြေအနေ ကြာရှည်ခံမည်မဟုတ်။

"ဘုန်း"

အဆင့်မတည်ငြိမ်သေးချိန်ကို အခွင့်ကောင်းယူ၍ ယွမ်ကျိက တာအိုစွမ်းအင်များစွာထိန်းချုပ်၍ လုပ်ကြံသူကို ဖိနှိပ်သည်။

သို့သော် လုပ်ကြံသူကို အလွယ်တကူ အနိုင်မယူနိုင်။ သူ့အသက်ဓာတ်က အားကောင်းသည်။ ဝိညာဉ်ကြေမွသွားလျှင်ပင် ပြန်တည်ဆောက်နိုင်သည်။

"ဟားဟား၊ ယွမ်ကျိ၊ မင်းအစွမ်းက ဒီလောက်ပဲလား"

သွေးများအန်ထုတ်ရင်း လုပ်ကြံသူ ရယ်မောနေသည်။ အကြောင်းမသိသူများအဖို့ သူအသာစီးရနေသည်ဟု ထင်ကြမည်။

ယွမ်ကျိစိတ်ထဲ ထူးဆန်းသည့်ခံစားချက်တစ်ခု ပေါ်လာသည်။ ပေါင်းစပ်ခြင်းအဆင့်နှင့် အတော်ရင်းနှီးနေသလို ခံစားရသည်။ အရင်ကကြုံဖူးခဲ့သလို ဖြစ်နေသည်။

လုယန်က သူ့အာရုံမှ ဝိုးတဝါးပုံရိပ်ကို အရေးမစိုက်အား။ အမယွမ်၏မှတ်ဉာဏ်များ လျင်မြန်စွာ မှေးမှိန်ပျောက်ကွယ်နေသည်။ အဆင့်တည်ငြိမ်တော့မည့် လက္ခဏာဖြစ်သည်။

ချင်ဖုန်းဓားကို ဓားလမ်းစဉ်သုံးထောင် လည်ပတ်၍ ပြတ်ပြတ်သားသားလှုပ်ရှားသည်။ ဘယ်ဓားကျင့်ကြံသူမှ မရနိုင်သည့် အဆင့်မျိုးဖြစ်သည်။

"အနာဂတ်ဓားကျင့်ကြံသူတွေ မိတ်ဆွေလေးလုရဲ့ ဓားပညာမျိုး ရဖို့ခက်ခဲလောက်တယ်"

ကျန်းပင်ကန်း သက်ပြင်းချသည်။ ထိုမြင်ကွင်းကို လက်တွေ့မြင်သည့် ဓားကျင့်ကြံသူတိုင်း စိတ်ပျက်အားငယ်ကြလိမ့်မည်။ ဘယ်သူမှမယှဉ်နိုင်သည့် ဓားချက်မျိုးဖြစ်သည်။

"ဓားကျင့်ကြံသူတွေမပြောနဲ့။ အနာဂတ်မသေမျိုးတွေတောင် သူ့အဆင့်မျိုး မရောက်နိုင်လောက်ဘူး"

မုန်ကျင်းဇီက ချီးကျူးသည်။ လုယန်၏လှုပ်ရှားမှုများ ကျင့်ကြံမှုအတွေ့အကြုံများကို သူပြန်တွေးမိသည်။ ယွမ်ကျိနှင့်တန်းတူ ပါရမီရှိသည့် လူငယ်ဖြစ်သည်။ သူ့လိုလူ နောက်တစ်ယောက်မရှိနိုင်။

"ဇစ်မြစ်ခြေရာခံ"

မဟာတာအိုစွမ်းအင်များ ပြင်းထန်စွာတုန်ခါသွားသည်။ ယွမ်ကျိကို ပေါင်းစပ်ခြင်းအဆင့်မှ ဆွဲချသည်။

"အလုပ်ဖြစ်တယ်"

လုယန် ပျော်သွားသည်။ အမယွမ်တားနေသည်ကို အရေးမစိုက်ဘဲ ဇစ်မြစ်အရိယဖလကို သူတည်ဆောက်ခဲ့သည်။ အမယွမ်ကို ကောင်းကင်ဖြစ်မသွားအောင် သူတားဆီးလိုသည်။

အရင်က ထိုဓားကွက်မျိုး မစမ်းသပ်ဖူး။ မသေမျိုးဖြစ်ပြီးစတွင် ရုတ်တရက် တိုက်ပွဲဖြစ်သည်။ ဇစ်မြစ်အရိယဖလက အမယွမ်အပေါ် သက်ရောက်မှုရှိမရှိ တွေးပူခဲ့သည်။ ယခု တကယ်အလုပ်ဖြစ်သည်။

အဆင့်ကျလာသော်လည်း ယွမ်ကျိက စွမ်းအားကြီးနေဆဲဖြစ်သည်။ ပေါင်းစပ်ခြင်းအဆင့်၏ အတွေးအမြင်နှင့်ဆန်းကျယ်မှုများကို သူမမေ့။ လုပ်ကြံသူကို နောက်တစ်ကြိမ်တိုက်ခိုက်သည်။

လုပ်ကြံသူ နောက်တစ်ကြိမ် အရေးနိမ့်လာသော်လည်း ရယ်မောနေသည်။ ထိုသို့ပင်ဖြစ်ရမည်။ ထိုသို့ပင်ဖြစ်သင့်သည်။

"အသေးစားလှည့်ကွက်လေးပါ။ ဇစ်မြစ်အရိယဖလနဲ့ နောက်တစ်ကြိမ်တားနိုင်မယ်ထင်နေလား"

သွေးအန်နေသော်လည်း သူရယ်မောနေဆဲဖြစ်သည်။ သူ့စကားကြောင့် လုယန် စိတ်လေးလာသည်။

ကျင့်စဉ်ကျပြီးနောက် ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ယွမ်ကျိ ကောင်းကင်နှင့်နောက်တစ်ကြိမ်ပေါင်းစပ်သည်။

လုယန် နည်းလမ်းဟောင်းကို ထပ်သုံးသည်။

"ဇစ်မြစ်ခြေရာခံ"

အသုံးမဝင်တော့။ ပေါင်းစပ်ခြင်းအဆင့်၏ဆွဲအားက ပြင်းထန်လွန်းသည်။ ဇစ်မြစ်အရိယဖလတစ်ခုတည်းဖြင့် မတားနိုင်တော့။

"ငါအရမ်းအလွယ်တွေးခဲ့မိတာပဲ"

ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း လုယန် မျက်ရည်ဝဲလာသည်။ အမယွမ် မကြာမီ ခံစားချက်မရှိသည့် ကောင်းကင်ဖြစ်လာတော့မည်။

ဇစ်မြစ်အရိယအပေါ် သူအယုံကြည်လွန်ခဲ့သည်။ အားလုံးအဆင်ပြေမည်ထင်ခဲ့သည်။ လက်တွေ့တွင် ထိုသို့မဟုတ်တော့။

"ဒီလမ်းကြောင်းက တကယ်မကောင်းလို့လား"

ယွမ်ကျိမျက်လုံးများ မှေးမှိန်သွားသည်။ ရှောင်လုက သူ့ကိုကယ်ဖို့ အစွမ်းကုန်ကြိုးစားနေသည်။ သို့သော် ထိုအရာမျိုးက ကြိုးစားရုံဖြင့် ရနိုင်သည်မဟုတ်။

သူ့စိတ်ကိုတင်းလိုက်သည်။ ပေါင်းစပ်ခြင်းအဆင့်ကို မတားနိုင်လျှင် ရှောင်လုကိုသတ်လိုသည့် ရန်သူကို အချိန်မီ သူသတ်သွားမည်။

သူ့တိုက်ခိုက်မှုများ ပိုကြမ်းတမ်းလာသည်။ အသက်ကိုအလောင်းအစားပြု၍ တိုက်ခိုက်နေသယောင်ထင်ရသည်။ ထိုမျှပြင်းထန်သည့်လူသတ်ရိပ်မျိုးကို လုပ်ကြံသူ တစ်ခါမှမမြင်ဖူး။

"ယွမ်ကျိ၊ အမှန်တရားကို လက်ခံလိုက်ပါ။ မင်းလူသတ်ချင်စိတ်ဘယ်လောက်ပြင်းထန်ပါစေ ပေါင်းစပ်ခြင်းအဆင့်မရောက်ခင် ငါ့ကိုမသတ်နိုင်ပါဘူး"

လုပ်ကြံသူ လှောင်ပြောင်သရော်နေသည်။

လုယန် ကိုယ့်ပါးကိုယ် ခပ်ကြမ်းကြမ်းနှစ်ချက်ရိုက်သည်။ သွေးများစီးကျလာသည်။ စိတ်ကိုတည်ငြိမ်အောင် အတင်းထိန်းသည်။

နည်းလမ်းရှိရမည်။ နည်းလမ်းတစ်ခုတော့ရှိရမည်။

...ဟုတ်ပြီ၊ ဒီနည်းလမ်း အဆင်ပြေနိုင်တယ်...

"အမယွမ်၊ ကျုပ်နည်းလမ်းရပြီ"

လုယန် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ ထိုနည်းလမ်း အဆင်ပြေပြေမပြေပြေ ယုံကြည်မှုမြှင့်တင်ဖို့ အရင်ဆုံး အော်ဟစ်ရမည်။

ရှေ့တစ်လှမ်းတိုးသည်။ သူ့ဒုတိယအရိယဖလဖြစ်သည့် ထာဝရအရိယဖလကို ချက်ချင်းအသက်သွင်းလိုက်သည်။

ထာဝရစွမ်းအားများ သူ့ဓားဦးထိပ်တွင် စုစည်းလာသည်။ အသစ်စစ်စစ်နည်းလမ်းကို ပုံဖော်သည်။

"ထာဝရတည်မြဲခြင်း"

ဇစ်မြစ်အရိယဖလနှင့် ထာဝရအရိယဖလစွမ်းအား အတူပေါင်းစည်းသွားသည်။ မိုးမြေကို တကယ်ရင်ဆိုင်နိုင်သည့်စွမ်းအားဖြစ်သည်။ ယွမ်ကျိ၏အဆင့်ကို တည်မြဲအောင်ထိန်းချုပ်သည်။ နောက်တစ်လှမ်းပင် ဆက်မတိုးနိုင်တော့။

လုပ်ကြံသူ "..."

ဒီအချိန်လမ်းကြောင်းသစ်မှာ ဘာသောက်တလွဲတွေ ဖြစ်ကုန်တာလဲကွာ။

***********************************

All Chapters