← Chapters

အခန်း ၁၃၆၁

Vol. 91 Ch. 1361

အခန်း ၁၃၆၁

Vol. 91 Ch. 1361

အခန်း (၁၃၆၁) အနာဂတ်၏ စွမ်းအားအကြီးဆုံး

လုယန် လောကတွင် ပေါ်လာသည်နှင့် ပုံရိပ်သာကျန်နေသည့် ယွမ်ကျိလည်း မူလအသွင် ပြန်ပြောင်းလာသည်။ နောက်ထပ်အဆင့်မတက်တော့ဘဲ ပေါင်းစပ်ခြင်းတစ်ဝက်အဆင့်တွင် အခိုင်အမာ ရပ်တည်နေသည်။

"အမယွမ်၊ ကျုပ်ကိုခေါ်တာ ကိစ္စတစ်ခုခုရှိလို့လား"

လုယန် ခပ်ညှင်းညှင်းရယ်၍ ယွမ်ကျိရှေ့တွင် သက်တောင့်သက်သာဟန်ဖြင့် ပေါ်လာသည်။ ကြယ်ကမ္ဘာများပျက်စီး၍ မသေမျိုးသွေးများစွန်းနေသည့် တိုက်ပွဲကွင်းအလယ်တွင် သူ့အသွင်က ထူးခြားစွာ တည်ငြိမ်နေသည်။

"မင်း..."

ယွမ်ကျိ အံ့အားသင့်သွားသည်။ လုယန်ထိုမျှယုံကြည်မှုရှိသည့် ဟန်ပန်မျိုး တစ်ခါမှမမြင်ဖူး။

လုယန်အကြည့်က တောက်ပကြည်လင်သည်။ လုပ်ကြံသူဆီ ကျလာချိန်တွင် ပေါင်တစ်ထောင်အလေးချိန်မျိုးရှိသည်။

"မင်း...မင်းက လွှမ်းခြုံခြင်းအဆင့်ကို ရောက်သွားပြီပေါ့"

လုပ်ကြံသူ မျက်လုံးပြူးသွားသည်။

လုယန်ထံမှ ကျင့်စဉ်ဖိအားမျိုး မခံစားရသော်လည်း စူးရှသည့်အကြည့်က ဘယ်ကျင့်စဉ်အဆင့်ဖိအားနှင့်မှမတူအောင် ကြောက်စရာကောင်းနေသည်။

နတ်မယ်ပြောခဲ့သည့်စကားကို သူပြန်သတိရသည်။ မှန်သည်။ ထိုလူသည် အနာဂတ်၏ စွမ်းအားအကြီးဆုံးလူဖြစ်သည်။

"နောက်ကွယ်ကလုပ်ကြံသူ...ဒါမှမဟုတ် ကျုပ်ခင်ဗျားကို ဖူရှုလို့ခေါ်ရမလား။ ခင်ဗျားက ကျုပ်တို့အားလုံးထက် ဝါစဉ်ကြီးတဲ့လူဆိုတော့ ကျုပ်အရိုအသေပေးသင့်တာပေါ့"

ထိုသို့ပြောရင်း လုပ်ကြံသူရှေ့တွင် လက်နှစ်ဘက်ဆုပ်၍ လေးနက်သည့်ဟန်ပန်ဖြင့် အရိုအသေပြုသည်။

"နောက်မျိုးဆက်လုယန် ချီကျင့်ကြံမှုစနစ်ရဲ့ဘိုးဘေး ပထမဆုံးမူလမသေမျိုးခန္ဓာပိုင်ရှင် အကြီးအကဲဖူရှုကို အရိုအသေပြုပါတယ်"

လုပ်ကြံသူ၏နောက်ခံကို သိလိုက်ရသဖြင့် ကျန်းပင်ကန်းနှင့်မုန်ကျင်းဇီတို့ အကြီးအကျယ်အံ့ဩသွားသည်။ လုပ်ကြံသူက ထိုမျှဝေးကွာပြီး အတိအကျမသိနိုင်သည့် ခေတ်ကာလမှလူ ဖြစ်နေမည်ဟု ထင်မထားကြ။

ချီကျင့်ကြံမှုစနစ်တည်ထောင်သူသည် ကျင့်ကြံမှုစနစ်တစ်ခုလုံးကို တီထွင်သူဆိုသည့် သဘောလည်းဖြစ်သည်။

လုယန် ပြုံး၍ခေါင်းမော့ကြည့်ပြီး ဆက်ပြောသည်။

"လောကသစ်ပင်၊ ရှောက်ဟော်၊ အင်ပါယာရှီနဲ့ ဟော်ကျန်းအပါအတွင် သူတောင်စင်ရှစ်ယောက်ဟာ ခင်ဗျားရဲ့ မိတ်ဆွေတွေပါ။

သူတို့လည်း ခင်ဗျားရဲ့ စည်းမျဉ်းသဘောတရားပေါ်အခြေခံပြီး အခြေတည်အဆင့်တွေ ရွှေသန္ဓေအဆင့်တွေအပါအဝင် ကျင့်စဉ်အဆင့်တွေအတော်များများ တီထွင်ခဲ့တယ်။

နတ်ဆိုးမျိုးနွယ်ရန်ကနေ လူသားမျိုးနွယ်ကို ကာကွယ်ဖို့ပေါ့။

အရိယဖလအယူအဆကို ခင်ဗျားကြိုတင်ခန့်မှန်းမိတယ်။ အတ္တမဆန်ဘဲ ကျင့်စဉ်နည်းလမ်းတွေကို တစ်ခြားသူတော်စဉ်တွေဆီ မျှဝေခဲ့တယ်။

အဲဒီ့နောက်ပိုင်း အရိယဖလအလွန်က အဆင့်ကိုလည်း ခင်ဗျား သုံးသပ်နိုင်ခဲ့တယ်။ လွန်မြောက်ခြင်းအဆင့်နဲ့ အဲဒီ့အဆင့်ကို ရောက်နိုင်မယ့်နည်းလမ်းပေါ့"

လုယန်စကားတစ်ခွန်းပြောတိုင်း ဖူရှု ခေါင်းခါသည်။ ခါးကုန်းသွားသည်။ သူ့နာမည်ရင်းကို ဖော်ထုတ်သည်။ ရှေးသမိုင်းကြောင်းကို ပြန်ပြောသည်။ သူနောင်တအရဆုံး သမိုင်းအစိတ်အပိုင်းကို ပြန်ကြားနေရသဖြင့် ခံနိုင်ရည်မရှိတော့ဘဲ အော်ဟစ်လိုက်သည်။

"ဆက်မပြောနဲ့"

လုယန်က သူ့ကိုအရေးမစိုက်။

"လောကသစ်ပင်က အချိန်လမ်းကြောင်း အရိယဖလကို တည်ဆောက်တယ်။ ရှောက်ဟော်က ကောင်းကင်လျှပ်စီးအရိယဖလ၊ ဟော်ကျန်းက ဓာတ်ငါးမျိုးအရိယဖလ၊ အင်ပါယာရှီက ဝိညာဉ်အရိယဖလကို တည်ဆောက်ခဲ့တယ်။

..ခင်ဗျားတည်ဆောက်ခဲ့တာက ဝါးမျိုခြင်းအရိယဖလလေ။

လွန်မြောက်ခြင်းအဆင့်ကိုရောက်ဖို့ အင်ပါယာရှီနဲ့ ဝိညာဉ်အရိယဖလကို ခင်ဗျားအရင်ဆုံးဝါးမျိုတယ်။ ပြီးတော့ ကျန်တဲ့လူတွေရဲ့အရိယဖလကို ဆက်တိုက်ဝါးမျိုတယ်"

"ဆက်မပြောနဲ့တော့"

ဖူရှု အရူးတစ်ယောက်လို အော်ဟစ်လိုက်သည်။ သူတစ်ခါမှ ထိုသို့ဣန္ဒေမပျက်ခဲ့ဖူး။

လုယန်က အရေးမစိုက်ဘဲ ပုံမှန်အတိုင်းဆက်ပြောသည်။

"အစကတည်းက လွန်မြောက်ခြင်းအဆင့်ရောက်ဖို့ မိတ်ဆွေတွေရဲ့ အရိယဖလကို ဝါးမျိုဖို့အတွက် အရိယဖလကို ခင်ဗျားအာရုံစိုက်ခဲ့တာလေ။

တာအိုလမ်းကိုပဲ စိတ်နှစ်ထားတဲ့ ခင်ဗျားရဲ့စိတ်ဓာတ်ကို ကျုပ်တကယ်လေးစားမိပါတယ်"

"ဆက်မပြောနဲ့တော့..."

အယုတ်ညံ့ဆုံးစိတ်အတွေးများကို လုယန်က ဖော်ထုတ်လိုက်သဖြင့် ဖူရှု နောက်သို့ ခြေသုံးလေးလှမ်းယိုင်သွားသည်။ တစ်ချိန်က ပြိုင်ဘက်ကင်းစွမ်းအင်ရောင်လည်း မရှိတော့။ ကျောရိုးမရှိသည့် အဘိုးကြီးတစ်ယောက်လို ခါးပြန်မမတ်နိုင်တော့။

လွန်မြောက်ခြင်းအဆင့်သို့ရောက်ပြီးနောက် ပျော်ရွှင်မှုကို သူလုံးဝမခံစားရ။ ကြီးမားသည့်လစ်ဟာမှုကိုသာ ခံစားရသည်။ သူ့မိတ်ဆွေအားလုံး မရှိတော့။

လောကဘဝကို အရူးလိုသူလိုက်စားသည်။ ဘဝမျိုးစုံ တွေ့ကြုံခံစားသည်။

သူသည် လေရူးနှင့်တူသည်။ တိုက်ခတ်ပြီးနောက်ပိုင်း သဲလွန်စလုံးဝမကျန်ခဲ့။ သူ့ရင်ထဲမှ လစ်ဟာမှုကို မဖြည့်ဆည်းနိုင်ခဲ့။

ထို့ကြောင့် ရှေးဟောင်းမသေမျိုးငါးယောက် ခင်မင်ရင်းနှီးနေသည်ကို မနာလိုဖြစ်ခဲ့သည်။ နောက်ဆုံး မီးနိုင်ငံခေတ်တွင် ယင်ထန်ကိုတမင်ပူးကပ်၍ မသေမျိုးလေး‌ယောက်ကြား သွေးကွဲအောင်လုပ်ခဲ့သည်။

အချိန်လမ်းကြောင်းဟောင်း၌ လသံလွင်နန်းတော်တွင် ထာဝရနတ်မယ်နှင့်တွေ့ပြီးနောက် ရှေးဟောင်းလွန်ခေတ်မှ သူ့မိတ်ဆွေများနှင့် ရင်းရင်းနှီးနှီးနေခဲ့သည့်အချိန်ကို သူပြန်သတိရသည်။ ထိုစိတ်က သူ့လူသတ်ဗီဇကို ထိန်းချုပ်သည်။

ယင်ထန်အဖြစ်ဟန်ဆောင်ပြီး ဆက်နေချင်ခဲ့သည်။

သို့သော် လုယန်က သူ့အစီအစဉ်လေးကို ဖျက်ဆီးလိုက်သည်။ သူ့ဆန္ဒမပါဘဲ အသက်ရှင်သန်ဖို့ အချိန်လမ်းကြောင်းအသစ်သို့ ကူးလာခဲ့ရသည်။

"အားလုံးခြုံတွေးကြည့်ရင် ကျုပ်ကို လွှမ်းခြုံခြင်းအဆင့်တက်နိုင်အောင် လုပ်ပေးခဲ့တဲ့အတွက်လည်း ခင်ဗျားကို ကျေးဇူးတင်ရမှာပါ"

လွှမ်းခြုံခြင်းအဆင့်သို့ ရောက်ပြီးနောက် အချိန်လမ်းကြောင်းသစ်နှင့် လမ်းကြောင်းဟောင်း နှစ်ခုလုံးမှ အဖြစ်အပျက်များကို သူရှင်းလင်းစွာသိသည်။

လမ်းကြောင်းဟောင်းတွင် နတ်မယ်ကိုအသက်သွင်းပြီး သူများအားကျရသည့်ဘဝဖြင့် နေထိုင်ခဲ့မှန်းသိသည်။

"ကဲပါလေ..ကျုပ်က အဆင့်သစ်တက်စဆိုတော့ နည်းနည်းအပျော်လွန်ပြီး စကားတွေအများကြီးပြောနေမိတယ်။ ကျေးဇူးတင်စကားပြောပြီးပြီဆိုတော့ ကျုပ်တို့နှစ်ယောက်ကြားက အကြွေးကို ရှင်းလိုက်ရအောင်"

လုယန်မျက်နှာ အေးစက်တင်းမာလာသည်။ အစောပိုင်းကလို နူးညံ့သည့်စာပေသမားဟန်ပန် မရှိတော့။

လုယန် လက်တစ်ချောင်းဆန့်ထုတ်၍ လေဟာနယ်ကိုဖြတ်ပြီး ဖူရှု၏နဖူးကို ထောက်လိုက်သည်။

ဖူရှု တစ်ကိုယ်လုံးတုန်ခါလာသည်။ အဆုံးစမဲ့အသက်စွမ်းအားများ ချက်ချင်းယိုစိမ့်ထွက်သွားသည်။ လူသားပျက်စီးခြင်းငါးမျိုးဒုက္ခကို ခံရသည်။

အရိုးပေါ်အရေတင် အဘိုအိုတစ်ယောက်ပုံစံ ချက်ချင်းပြောင်းသွားသည်။ အနံ့ဆိုးများထွက်လာသည်။

"နေဦး၊ မင်းငါ့ကိုသတ်လို့မရဘူး။ မဟုတ်ရင် အချိန်လမ်းကြောင်းကို အဟောင်းအတိုင်းပြန်ပြောင်းလိုက်မယ်။ အဲဒါဆို မင်းတို့အားလုံးပျောက်ကွယ်သွားမှာကွ"

အသက်အန္တရာယ်ကြုံရချိန်တွင် နောက်ဆုံးကြိုးပမ်းမှုအဖြစ် ဖူရှုအော်ဟစ်လိုက်သည်။

လုယန်က ဟာသတစ်ခုကြားလိုက်ရသလို အော်ဟစ်ရယ်မောနေသည်။

ဆောင့်ကြောင့်ထိုင်၍ ဖူရှုဦးခေါင်းကို ကိုင်ချုပ်ကိုင်လိုက်သည်။

"ခင်ဗျားက အချိန်လမ်းကြောင်းအရိယဖလကို ကျွမ်းကျင်အောင်မသုံးတတ်လို့ အချိန်တိုအတွင်း ထပ်မသုံးနိုင်တာကို မပြောသေးဘူး။

ခင်ဗျားအဲလိုသုံးနိုင်ရင်တောင် ဘာကြောင့် ကျုပ်တို့အချိန်လမ်းကြောင်းက ပျောက်သွားမယ်လို့ ထင်နေရတာလဲ"

"ဘာ..ဘာရယ်.."

ဖူရှု မှင်သက်မိသွားသည်။ ထိုစကားအဓိပ္ပါယ်ကို သူနားမလည်။ အချိန်လမ်းကြောင်းတစ်ခုသာရှိသည်ဟု လောကသစ်ပင်က သူ့ကိုပြောသည်။

"အချိန်လမ်းကြောင်းတစ်ခုပဲရှိတယ်လို့ အကြီးအကဲလောကသစ်ပင်က ခင်ဗျားကိုပြောခဲ့တယ်မဟုတ်လား"

အချိန်များစွာရသဖြင့် လုယန် တမင်ဖြေးဖြေးချင်းပြောသည်။

"ဒါပေမယ့် တစ်ယောက်ယောက်က ကိုယ်ပိုင်ခန္ဓာနဲ့ ပေါင်းစပ်ခြင်းအဆင့်ကို ဖြတ်သန်းဖူးရင် ဘယ်လိုဖြစ်လာမလဲဆိုတာ သူစဉ်းစားဖူးမယ်ထင်လား။

ဒီအချိန်လမ်းကြောင်းကို ခင်ဗျားဖန်တီးခဲ့တာမှန်တယ်။ ဒီမှာဖြစ်တဲ့ကိစ္စတွေကို သေချာတွေးကြည့်ပါ။ အမယွမ်က ပေါင်းစပ်ခြင်းအဆင့်ကို ရောက်သွားတယ်လေ။

သူအဆင့်ကျလာပေမယ့် တစ်ခါရောက်ဖူးရင်လုံလောက်တယ်။ ပေါင်းစပ်ခြင်းအဆင့်အတွက် သူ့ကိုယ်ပိုင်ခန္ဓာကိုသုံးခဲ့တော့ ဒီအချိန်လမ်းကြောင်းက ခိုင်မာသွားပြီ။

အချိန်လမ်းကြောင်းဟောင်းမှာလည်း အဲဒီ့အတိုင်းပဲ။ တိုက်ခိုက်ရင်းနဲ့ အမယွမ် ပေါင်းစပ်ခြင်းအဆင့်တက်တယ်။ အချိန်လမ်းကြောင်းခိုင်မာသွားတယ်။

ပေါင်းစပ်ခြင်းအဆင့်တစ်ယောက်ရှိတဲ့ အချိန်လမ်းကြောင်းကို ခင်ဗျားကိုင်လှုပ်နိုင်မယ်ထင်လား။ ခင်ဗျားမကျွမ်းကျင်တဲ့ အချိန်လမ်းကြောင်းအရိယဖကြောင့် ဒါမှမဟုတ် ဖြတ်လမ်းနဲ့တက်ခဲ့တဲ့ လွန်မြောက်ခြင်းအဆင့်ကြောင့် ခင်ဗျားယုံကြည်မှုတွေ ပြည့်နေတာလား"

လူပြက်တစ်ယောက်လို ငေးကြောင်နေသည့်ဖူရှုကို လုယန်ကြည့်သည်။

"ဒီတော့ အချိန်လမ်းကြောင်းအဟောင်းအသစ်နှစ်ခု အတူရှိနေတယ်။ အချိန်လမ်းကြောင်းအရိယဖလကို ခင်ဗျားသုံးတဲ့အချိန်မှာ ခင်ဗျားသိစိတ်ဝိညာဉ်ပဲ ဒီလမ်းကြောင်းနှစ်ခုပဲ ရှေ့ပြန်နောက်ပြန် ခုန်ကူးတာပါ။

အခု အချိန်လမ်းကြောင်းဟောင်းမှာ ခင်ဗျားအလောင်းပဲ ကျန်တော့မှာ သေချာတယ်။ ဒါပေမယ့် ခင်ဗျားကို သတင်းကောင်းတစ်ခု ပြောစရာရှိတယ်"

"ဘာသတင်းကောင်းလဲ"

ဖူရှု မျှော်လင့်ချက်ပါးပါး ပြန်ပေါ်လာသည်။

လုယန်ကပြုံး၍ပြောသည်။

"အကြီးအကဲလောကသစ်ပင်တို့က အသေဆိုးနဲ့သေခဲ့ရတယ်။ ကမ္ဗည်းတိုင်တစ်ခုတောင် မရှိခဲ့ဘူး။ ခင်ဗျားသေရင်တော့ ကမ္ဗည်းတိုင်ထောင်ပေးပါ့မယ်။ ဒီတော့ စိတ်အေးလက်အေးသွားပါ"

"မလုပ်နဲ့..."

ဖူရှု အော်ဟစ်တောင်းပန်သော်လည်း လေလျော့သွားသည့် ပူဖောင်းတစ်ခုလို ချက်ချင်းရှုံ့ဝင်ပြီး ဘာမှမကျန်အောင် ပျောက်ကွယ်သွားသည်။

လုယန် လက်နှစ်ဘက်ကို ဖုန်ခါသည်။ အဓိကပြဿနာတစ်ခုကို ဖြေရှင်းလိုက်ပြီဖြစ်၍ သူအတော်စိတ်ကြည်နေသည်။

"ပြီးသွားပြီလား"

ယွမ်ကျိက အနားသို့ပျံသန်းလာပြီး မေးသည်။

လုယန် ခေါင်းခါသည်။

"တစ်ခုကျန်သေးတယ်"

"ဘာလဲ"

"ထာဝရနတ်မယ်ကို အသက်ပြန်သွင်းဖို့ပေါ့"

"ထာဝရနတ်မယ်ကိုအသက်ပြန်သွင်းမယ်..ဟုတ်လား"

"ချီလင်မသေမျိုးနဲ့ဝူယော်က နတ်မယ်ကို အသက်ပြန်သွင်းဖို့အတွက် ကျုပ်နဲ့နေရာလဲဖို့ သဘောတူခဲ့ကြတာ"

လုယန် ယွမ်ကျိကို မပွင့်တပွင့်ပြုံး၍ကြည့်သည်။

"ထာဝရနတ်မယ်ပြန်ရှင်သန်တဲ့ကိစ္စက အမယွမ်နဲ့လည်း ဆက်စပ်နေပါတယ်။ ဒါပေမယ့် သူ့ကိုအသက်ပြန်သွင်းရင် နည်းနည်းဒုက္ခများတယ်"

လုယန် ခေါင်းကုတ်သည်။

"ကျုပ်က ထာဝရအရိယဖလပိုင်ဆိုင်ထားတယ်။ ထာဝရစည်းမျဉ်းကို ရထားတယ်။ ဒီတော့ သူ့ထာဝရအရိယဖလကို သုံးနိုင်မှာမဟုတ်ဘူး။

ဒါပေမယ့် သိပ်ကိစ္စမရှိပါဘူး။ ကျုပ်ရဲ့ထာဝရအရိယဖလကို စွန့်ပယ်ပြီး သူ့အတွက်လမ်းဖွင့်ပေးရုံပါပဲ။ စိတ်မပူပါနဲ့။ ကျုပ်အဆင့်မကျပါဘူး"

ယွမ်ကျိ စိုးရိမ်သွားပြီး ဖျောင်းဖျရန်ကြိုးစားသည်။ သို့သော် လုယန်က ထာဝရအရိယဖလကို ချက်ချင်းစွန့်ပစ်၍ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"ထာဝရနတ်မယ်ပဲဝါရေ..."

မိုးမြေအရောင်များ ပြောင်းလဲသွားသည်။ မသေမျိုးစွမ်းအားများ အထက်ကောင်းကင်တွင်စုစည်းလာသည်။ နောက်ဆုံးတွင် တောက်ပသည့်ဝိညာဉ်တစ်ခုအဖြစ် ပြောင်းသွားသည်။

"အင်း...ငါအိပ်တာ အတော်ကြာသွားသလိုပဲ။ နင်တို့နှစ်ယောက်က ဘယ်သူလဲ"

ဝိညာဉ်က သမ်းတစ်ချက်ဝေ၍ မျက်လုံးကိုပွတ်သည်။ အိပ်ချင်မူးတူးပုံစံဖြစ်သည်။

"ခင်ဗျားနဲ့ ပထမဆုံးအကြိမ် ဆုံတွေ့ရတာ ဝမ်းသာပါတယ် နတ်မယ်။ ကျုပ်နာမည် လုယန်ပါ။ ဒါက ကျုပ်အမကြီး ယွမ်ကျိပါ"

*************************************

All Chapters