← Chapters

အခန်း ၁၃၆၂

Vol. 91 Ch. 1362

အခန်း ၁၃၆၂

Vol. 91 Ch. 1362

အခန်း (၁၃၆၂) ဇာတ်သိမ်းပိုင်း

အချိန်လမ်းကြောင်းဟောင်း။

"ထူးဆန်းတယ်။ လုပ်ကြံသူက ဘာလို့မလှုပ်တော့တာလဲ"

လုယန် မျက်မှောင်ကျုံ့သွားသည်။ လုပ်ကြံသူ သို့မဟုတ် အလောင်းကိုကြည့်၍ တွေးမရဖြစ်နေသည်။

အပြောင်းအလဲက ရုတ်တရက်ဆန်သည်။ တိုက်ပွဲကွင်းအခြေအနေက ထူးဆန်းနေသည်။ ဘယ်သူမှ မလှုပ်ရှားရဲ။ လုပ်ကြံသူ၏လှည့်ကွက်ဖြစ်မည်ကို စိုးရိမ်နေသည်။

တိုက်ပွဲတွင် ယွမ်ကျိက လွှမ်းခိုးခဲ့သည်။ လုပ်ကြံသူကို ဆက်တိုက်အားနည်းအောင်လုပ်သည်။ ဒဏ်ရာကုစားနှုန်းက ဒဏ်ရာရသည့်နှုန်းကို အမီမလိုက်နိုင်တော့။ စွမ်းအင်ရောင် ဆက်တိုက်ကျဆင်းနေသည်။

တစ်ခြားအပြောင်းအလဲတစ်ခုမကြုံလျှင် သိပ်မကြာမီ ယွမ်ကျိနိုင်တော့မည်မှန်း အားလုံးသိသည်။

ထိုအခြေအနေတွင် လုပ်ကြံသူက လုယန်နှင့် နတ်မယ်ကိုကြည့်ပြီး ထူးဆန်းသည့်အပြုံးမျိုးပြုံးသည်။ ထို့နောက် အသက်ရှူရပ်သွားသည်။

"သူဘာလို့ ရုတ်တရက်သေသွားတာလဲ"

အားလုံးအံ့အားသင့်နေသည်။ ဘယ်လိုမှတွေးမရ။

"တာအိုရှင်ယွမ်ကျိကို မနိုင်တော့မှန်းသိလို့ သိက္ခာထိန်းပြီး သူ့ကိုယ်သူ သတ်သေသွားတာများလား"

လုပ်ကြံသူအလောင်းကို မသေမျိုးအာရုံဖြင့်ကြည့်ရင်း ကိုးဆမသေမျိုးက အလေးအနက်စဉ်းစားသည်။

အားလုံး၏အကြည့်က နတ်မယ်ဆီရောက်လာသည်။ သူ့သေဟန်ဆောင်ပညာကို ပြန်သတိရလာသည်။

"ဘာကြည့်နေတာလဲ။ ဘာလို့နင်တို့ငါ့ကို အဲလိုစိုက်ကြည့်နေတာလဲ"

ဘေးလူများအကြည့် တစ်ခုခုမူမမှန်သည်ကို နတ်မယ်ခံစားမိသည်။

"သေဟန်ဆောင်ပညာ မဟုတ်လောက်ပါဘူး"

လုယန်က နတ်မယ်အတွက် ကာကွယ်သည်။

"သတ်သေတာလည်း မဖြစ်နိုင်လောက်ဘူး။ ဒါက လုပ်ကြံသူရဲ့ နည်းလမ်းမျိုးမဟုတ်ဘူး။ သူက သတိနဲ့လုပ်ရှားတဲ့လူပါ။ ဒီအခြေအနေက လုံးဝမူမမှန်တာသေချာတယ်"

လုယန် မျက်မှောင်ကျုံ့၍တွေးည်။ တစ်ခုခုကို သတိမထားမိသလို ခံစားရသည်။

"ဘုန်း"

လုယန် မော့ကြည့်သည်။ ယွမ်ကျိက တိုက်ခိုက်မှုမရပ်သေးပဲ အလောင်းကို ဆက်တိုက်ခိုက်ခြင်းဖြစ်သည်။

သေသည်ဖြစ်စေ သေဟန်ဆောင်သည်ဖြစ်စေ အလောင်းကိုဖျက်ဆီးခြင်းသည် မမှားနိုင်။

"ဟုတ်ပြီ၊ လုပ်ကြံသူက အချိန်လမ်းကြောင်းအရိယဖလကို လုံးဝမသုံးသေးဘူးမဟုတ်လား"

တိုက်ပွဲကို သေချာပြန်စဉ်းစားသည်။ အစမှအဆုံးထိ အချိန်လမ်းကြောင်း တစ်ခါမှမပြောင်းခဲ့။

ယခုလိုရုတ်တရက် သေဆုံးခြင်းသည် အချိန်လမ်းကြောင်းပြောင်းခြင်းနှင့် ဆက်စပ်နေနိုင်သည်။

ထိုသို့တွေးရင်း ဇစ်မြစ်အရိယဖလကို သူအသက်သွင်း၍ အနာဂတ်မြင်ပညာကိုသုံးသည်။ လက်နှစ်ဘက်ဖြင့် မှော်တံဆိပ်များဖန်တီးသည်။ အနက်ရောင်မြစ်ရေများ သူ့ခြေထောက်အောက်မှ ဆန့်ထွက်သွားသည်။

လုယန်ထိုမှော်ပညာသုံးသည်ကို အချိန်မသေမျိုး ဒုတိယအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ ပြောရလျှင် အနာဂတ်မြင်ပညာသည် နတ်မယ်ကို သူသင်ပေးခဲ့ခြင်းဖြစ်သည်။ နတ်မယ်က လုယန်ကို ပြန်သင်သည်။

သို့သော် လုယန်လက်ထဲရောက်ချိန်တွင် အကျိုးဆက်က လုံးဝကွဲပြားသွားသည်။

ထိုပညာကို ရင်းနှီးသလို သိသလို သူအမြဲခံစားရသည်။ သို့သော် မသိသည်ကလည်း သေချာသည်။

အနာဂတ်မြင်ပညာသည် လောကသစ်ပင်၏ အချိန်လမ်းကြောင်းအရိယဖလမှ ခွဲထွက်လာသည့် မှော်ပညာဖြစ်သည်။ အချိန်လမ်းကြောင်းများစစ်ဆေးခြင်းကို အဓိကထားသည်။ မသေမျိုးအဆင့်ရောက်လာပြီဖြစ်၍ လုယန် ထိုပညာကို အပြည့်စုံဆုံးအသွင်ဖြင့် အသုံးချနိုင်သည်။

လူအားလုံး ဝိုင်းအုံလာသည်။ အတူခေါင်းချင်းဆိုင်၍ တစ်ခြားအချိန်လမ်းကြောင်းမှ အခြေအနေကို ကြည့်ကြသည်။

"ဟေ့ ဟေ့ အားလုံးက မသေမျိုးတွေပါ။ မင်းတို့မသေမျိုးအာရုံနဲ့ အဝေးကကြည့်လို့မရဘူးလား"

"မျက်လုံးနဲ့ကြည့်ရတာလောက်မရှင်းဘူးကွ။ ဘေးကိုနည်းနည်းရွှေ့ပါ"

အနက်ရောင်မြစ်ရေထဲတွင် သီးခြားအချိန်လမ်းကြောင်းတစ်ခု ထင်ဟပ်လာသည်။

အရိယဖလနှစ်ခုပိုင်သည့် လုယန်ကိုမြင်ရသည်။ ပေါင်းစပ်ခြင်းအဆင့်တက်သည့် ယွမ်ကျိကို မြင်ရသည်။ လုယန်က လွန်မြောက်ခြင်းအဆင့်တက်ပြီး ယွမ်ကျိကို ကယ်သည်။ လုပ်ကြံသူ၏ နောက်ကြောင်းကိုလည်း ပြန်ပြောပြသည်။

လူအားလုံး ကြည့်လေလေ အံ့ဩလာလေဖြစ်သည်။

"လုပ်ကြံသူက ငါတို့ကိုမနိုင်လို့ တစ်ဘက်အချိန်လမ်းကြောင်းကိုကူးပြီး လွန်မြောက်ခြင်းအဆင့်လုယန်နဲ့ တိုက်ခိုက်တယ်ပေါ့"

ချီလင်မသေမျိုး၏ ချီလင်နှုတ်ခမ်းမွှေးများ တုန်ခါနေသည်။ တကယ်မြန်မြန်သေချင်သည့်လူဟု တွေးမိသည်။

လုံးဝအသွင်ပြောင်းသွားသည့်လုယန်ကို သူတို့ကြည့်ကြသည်။ လုယန်ပါရမီ ထိုမျှထူးခြားမည်ဟုမထင်ခဲ့။ တစ်ခြားအချိန်လမ်းကြောင်းတွင် လွှမ်းခြုံခြင်းအဆင့်သို့ ရောက်နေသည်။

"ဟားဟား၊ ရှောင်ယန်၊ နင်ကစွမ်းအားအကြီးဆုံးလို့ ငါပြောသားပဲ"

ထာဝရနတ်မယ် ဝင့်ကြွားစွာရယ်မောနေသည်။ လုယန်ထက်ပင် ပိုပျော်နေသည်။ သူလူကဲခတ်မမှားခဲ့။

"နတ်မယ်၊ ခင်ဗျားပြောတဲ့လုယန်က ဟိုဘက်အချိန်လမ်းကြောင်းမှာလေ"

"ဘယ်အချိန်လမ်းကြောင်းဖြစ်ဖြစ် ကိစ္စမရှိဘူး။ ငါမှန်တယ်ဆိုတာ ဝန်ခံလိုက်စမ်းပါ"

လုယန် ရိုးသားစွာ ခေါင်းငြိမ့်သည်။ နတ်မယ်စကား ဘယ်တုန်းက မှားခဲ့ဖူးသနည်း။ အမြဲတမ်းမှန်သည်။

အချိန်လမ်းကြောင်းသစ်မှလုယန်က တစ်ခုခုကို အာရုံခံမိဟန်ဖြင့် အချိန်လမ်းကြောင်းဖြတ်ကျော်ပြီး အားလုံးကို စိုက်ကြည့်လာသည်။

လွန်မြောက်ခြင်းအဆင့်ဖြစ်၍ လမ်းကြောင်းနှစ်ခုလုံးမှ အဖြစ်အပျက်အားလုံးကို သူသိသည်။

အချိန်လမ်းကြောင်းဟောင်းမှ ကျန်သည့်လူအားလုံး မင်သက်မိသွားသည်။ လုယန်တစ်ယောက်သာ တည်ငြိမ်သည်။ ကိုယ့်အစွမ်းအစကိုယ် သူသိသည်။ တစ်ခြားလူများ အံ့ဩနေသည်ကို ကြည့်ရသည်မှာ ကျေနပ်စရာတစ်မျိုးကောင်းသည်။

"ငါတို့ပြဿနာကူရှင်းပေးတဲ့အတွက် မင်းကိုကျေးဇူးတင်ပါတယ်"

"ကျေးဇူးတင်စရာမလိုပါဘူး။ ငါကမင်းကို ကျေးဇူးတင်သင့်တာပါ။ မင်းတို့သာ ဖူရှုကို အဆုံးထိဖိအားမပေးခဲ့ရင် ဒီအချိန်လမ်းကြောင်း ပေါ်လာမှာမဟုတ်ဘူးလေ"

"ဒါလည်းမှန်တာပဲ"

"မင်းနည်းနည်းလေးပိုပြီး ယဉ်ယဉ်ကျေးကျေးပြောလို့မရဘူးလား"

"ငါ့ကိုယ်ငါ ဘာလို့ယဉ်ကျေးနေရမှာလဲ"

လုယန်နှစ်ယောက် အချိန်လမ်းကြောင်းနှစ်ခုဖြတ်၍ ပြောဆိုရယ်မောနေသည်။

"အမယွမ်က ငါ့ကိုခေါ်နေပြီ။ နောက်မှစကားပြောကြတာပေါ့"

လမ်းကြောင်းသစ်လုယန်က အားလုံးကို လက်ဝှေ့နှုတ်ဆက်၍ ထွက်သွားသည်။ ရှေ့လျှောက် စကားပြောချိန် အများကြီးရှိသေးသည်။ စိတ်လောဖို့မလို။

"ဘာပဲပြောပြော။ ပြဿနာက ရှင်းသွားပြီပဲ"

လုယန်က အားလုံးကို အိမ်ပြန်ဖို့အချက်ပြသည်။

.....

"တိုက်ပွဲက ဘယ်လိုအခြေအနေလဲမသိဘူး"

ကောင်းကင်ဂိတ်တောင်ထိပ်တွင် အောင်းလင်းနှင့်ကျန်းလျန်ယိ စိုးရိမ်ပူပန်ပြီး ရင်တထိတ်ထိတ်ဖြစ်နေသည်။ လုပ်ကြံသူသည် သူတို့ကြုံဖူးသမျှတွင် စွမ်းအားအကြီးဆုံးရန်သူဖြစ်သည်။

"ငါတို့ပြန်လာပြီဟေ့"

နတ်မယ်က သက်တောင့်သက်သာအပြုံးဖြင့် အောင်ပွဲခံပြီးပြန်လာသည်။

"ခေါင်းဆောင်၊ ဒုခေါင်းဆောင်၊ ရှောင်ကျိ"

ယွမ်မုန်မုန်ပြေးထွက်လာပြီး တိုက်ပွဲ၏ အဓိကလူသုံးယောက်ကို ပွေ့ဖက်သည်။

"နင်စိတ်ပူအောင်လုပ်မိတာ စိတ်မကောင်းပါဘူး"

ယွမ်ကျိလေသံက ခါတိုင်းထက်နူးညံ့နေသည်။ တိုက်ပွဲက ရုတ်တရက်ဆန်လွန်းသဖြင့် ယွမ်မုန်မုန် စိတ်ပူနေမည်ကို သူသိသည်။

"အဲလိုမဟုတ်ပါဘူး။ နင်တို့က အရမ်းတော်တယ်လေ။ အောင်မြင်မယ်ဆိုတာ ငါယုံပြီးသားပါ"

ယွမ်မုန်မုန်က ပြုံး၍ပြောသည်။ ရှောင်ကျိတို့လူစုကို ဘာဖြစ်ဖြစ်သူယုံကြည်သည်။

"သခင်၊ ဟိုလူရဲ့အလောင်းကို ပြန်မယူလာဘူးလား"

ချင်ဟဲထရပ်လာပြီး လေးလေးစားစားမေးသည်။

"ယူမလာဘူး။ အလောင်းကို ရှောင်ယွမ်က တစ်စမကျန်ဖျက်ဆီးလိုက်ပြီ"

ချင်ဟဲ ဝမ်းနည်းပက်လက်ခေါင်းခါသည်။ သူ့သခင်အသက်ကို အန္တရာယ်ပေးခဲ့သည့်လုပ်ကြံသူကို အကြိမ်တစ်ထောင်သေလျှင်ပင် ခွင့်မလွှတ်နိုင်။

သူ့ဒေါသကိုဖြေဖို့ အလောင်းကို တစ်စစီခုတ်ထစ်ချင်သည်။ သို့သော် အခွင့်အရေးမရ။

"မသေမျိုးအမ၊ တိုက်ပွဲက ဘယ်လိုမျိုးလဲ ပြောပြပါဦး"

ဂုဏ်ပြုပွဲလုပ်နေရင်းတန်းလန်း တိုက်ပွဲစဖြစ်သည်။ ယခု တိုက်ပွဲပြီးသွားပြီဖြစ်၍ ဂုဏ်ပြုပွဲကို ဆက်ကျင်းပကြသည်။

"ပြောစရာတွေအများကြီးပါပဲ"

နတ်မယ်က စကြွားသည်။ သူသာဝင်မကူလျှင် ယွမ်ကျိ ပေါင်းစပ်ခြင်းအဆင့်သို့ ရောက်ပြီးဖြစ်မည်။

"...ရှောင်ယန်တစ်ယောက်တည်းစွမ်းအားနဲ့ မလုံလောက်ဘူးလို့ အစကတည်းက ငါတွေးမိပြီးသားပါ။ ဒါကြောင့် အရေးကြီးတဲ့အချိန်မှာ ရှောင်ယန်နဲ့အတူ ပူးတွဲလှုပ်ရှားခဲ့တယ်။ ရှောင်ယွမ်ကို ထိန်းထားနိုင်ခဲ့တယ်"

စိတ်လှုပ်ရှားပျော်ရွှင်နေသဖြင့် နတ်မယ်က မုန့်ပေါင်းကိုချပြီး ထရပ်သည်။ မြင်ကွင်းကို ခြေဟန်လက်ဟန်ဖြင့် အလန်းစားဖြစ်အောင် သရုပ်ဆောင်ပြသည်။

ယွမ်မုန်မုန်၊ ချင်ဟဲနှင့် အောင်းလင်းတို့ ဇာတ်လမ်းတွင် အာရုံနစ်မျောနေသည်။ နတ်မယ်ဟန်ပန်ကလည်း တကယ်လန်းသည်ဟု တွေးနေကြသည်။

လုယန်က မုန့်ပေါင်းကို အသံတိတ်စားနေသည်။ မကောင်းသည့်အာရုံတစ်ခု သူခံစားနေရသည်။

ရုတ်တရက် ယွမ်ကျိက သူနှင့်နတ်မယ်ကြားတွင် ဝင်ထိုင်သည်။ အရယ်အပြုံးမရှိသည့်မျက်နှာဖြင့် သူတို့ပုခုံးကို ဆွဲနှိပ်သည်။

"အမယွမ်၊ တစ်ခုခုပြဿနာရှိလို့လား"

လုယန် တီးတိုးမေးသည်။ မလုံမလဲခံစားနေရသည်။

"မင်းတို့ကို ကျေးဇူးတင်ကြောင်းပြောဖို့လာတာပါ။ တိုက်ပွဲမှာတုန်းက ငါပေါင်းစပ်ခြင်းအဆင့်မရောက်အောင်တားဖို့ မင်းတို့စကားတွေအများကြီးပြောတယ်။

ရှောင်လု၊ ငါ့အပြုံးက အရမ်းလှတယ်လို့ မင်းပြောခဲ့တယ်နော်။ ဒီလိုမျိုးလား"

ယွမ်ကျိမျက်နှာတွင် အေးစက်စက်အပြုံးတစ်ခုပေါ်လာသည်။ လုယန် ထိတ်လန့်လွန်းသဖြင့် လက်များတုန်ရင်လာသည်။ လက်ထဲမှမုန့်ပေါင်း လွတ်မကျအောင် အတော်ကြိုးစားရသည်။

"ကဲ..အကြီးအကဲနတ်မယ်၊ ရှင်လည်း ရှင့်မသေမျိုးခန္ဓာပြန်ရပြီ။ ရှောင်လုလည်း မသေမျိုးဖြစ်လာပြီဆိုတော့ ကျွန်မတို့ လက်ရည်စမ်းကြည့်သင့်တယ်ထင်တယ်"

"ရှောင်..ရှောင်ယွမ်။ ဒါဘာသဘောလဲ။ သတိပေးထားမယ်နော်။ ငါလွှမ်းခြုံခြင်းအဆင့်ရောက်ရင် နင်နောင်တရလိမ့်မယ်"

"ဒါတော့မတရားဘူး အမယွမ်။ ဒါတွေအားလုံးက နတ်မယ်ရဲ့ အကြံပါ။ ကျုပ်စိတ်ကူးမဟုတ်ပါဘူး"

ရှေးဟောင်းမသေမျိုးသုံးယောက်နှင့် မဟာရှားမသေမျိုးနှစ်ယောက် ဝိုင်ကိုသာသောက်နေကြသည်။ သူတို့စကားဝိုင်းကို ကြည့်လည်းမကြည့် နားလည်းမထောင်။

လုယန်ဒုက္ခကြုံတော့မည့်အဖြစ်ကို မသိသလိုဟန်ဆောင်နေသည်။

"ဒီဝိုင်အတော်ကောင်းတာပဲ"

မုန်ကျင်းဇီ ဝိုင်တစ်ငုံသောက်ပြီးနောက် မျက်လုံးများအရောင်လက်လာသည်။ ဝိုင်နံ့တွင် မသေမျိုးစွမ်းအင်များ ပြည့်နေသည်။

"လွန်ခဲ့တဲ့နှစ်လေးသိန်းက ဖောက်ထားတဲ့ဝိုင်လေ။ ကျယ်ပြန့်တဲ့ ဒီလောကကြီးထဲမှာ ဒီဝိုင်တစ်အိုးပဲ ကျန်တော့တယ်"

ချီလင်မသေမျိုးက အော်ဟစ်ရယ်မောနေသည်။ ယနေ့သည် ဝိုင်ဖြင့်တကယ်အောင်ပွဲခံသင့်သည်။

"ယင်ထန်မရှိတာဆိုးတာပဲ"

ကိုးဆမသေမျိုး သက်ပြင်းချသည်။ ရှေးဟောင်းမသေမျိုးလေးယောက် အရင်က ပျော်ရွှင်စွာနေထိုင်ခဲ့သည်။ ယခု လူတစ်ယောက်လျော့နေသဖြင့် တစ်ခုခုလစ်ဟာနေသလို ခံစားကြရသည်။

"ယင်ထန်လူဝင်စားက စုစည်းခြင်းအဆင့်ပဲရှိသေးတယ်လို မိတ်ဆွေလုကပြောတယ်။ ပထမဘဝမှတ်ဉာဏ်ပြန်ရဖို့ဆို ကူးဖြတ်ခြင်းအဆင့်ထိရောက်ဖို့လိုတယ်။ အခုချိသူ့ကိုခေါ်လည်း အကျိုးမရှိဘူး"

"ဒါဆိုလည်း မတတ်နိုင်ဘူးလေ။ ဒီဝိုင်ကောင်းကို ငါတို့ညီအကိုတွေပဲ သောက်ရတော့မှာပေါ့"

မသေမျိုးများ ပျော်ရွှင်စွာရယ်မောနေသည်။ ယင်ထန်မသေမျိုး ကံမကောင်းဟုသာ သတ်မှတ်ကြသည်။

သစ်ပင်များအရိပ်အောက်တွင် လုယန်နှင့်နတ်မယ် ဘေးချင်းဆိုင်လှဲနေသည်။ ကိုယ်ပေါ်တွင် ပတ်တီးများ ကပ်ထားသည်။ ယွမ်ကျိနှင့်တိုက်ပွဲမှရလာသည့် ဆုလာဒ်ဖြစ်သည်။ လုယန်က မျက်လုံးတစ်ဘက်ပင် ပတ်တီးကပ်ထားသည်။

"သူအဆင့်မတက်အောင်ထိန်းဖို့ ငါတို့အရိယဖလစွမ်းအားကိုသာ ထုတ်မသုံးခဲ့ရရင် သူဘယ်လိုနိုင်မှာလဲ"

နတ်မယ် မကျေမနပ်ပြောသည်။

ယွမ်မုန်မုန်၊ ချင်ဟဲ၊ ရှားဟဲနှင့် ပိုင်ရွှမ်းတို့က သူတို့ဘေးမှ အဟာရဖြည့်အစားအသောက်များ ဆေးဝါးများကျွေး၍ ပြုစုပေးနေသည်။

မုန်ကျင်းကျိုး ကောင်းကင်ဂိတ်တောင်ထိပ်ပေါ်တက်လာချိန်တွင် ထိုမြင်ကွင်းကိုကြည့်၍ အတော်အမြင်ကပ်သွားသည်။

"လောင်မုန်၊ မင်းဘာလာလုပ်တာလဲ"

လုယန် ထထိုင်၍မေးသည်။

မုန်ကျင်းကျိုးက တည်ငြိမ်စွာပြန်မေးသည်။

"ဂုဏ်ပြုပွဲလုပ်တာ ငါ့ကိုဘာလို့မဖိတ်တာလဲ"

"အဟားဟား၊ ငါလုံးဝမေ့သွားတယ်ကွာ။ မင်းက နန်းမြို့တော်မှာ ဗေဒင်ဟောနေတာမဟုတ်လား။ အဝေးကြီးပဲလေ။ ဒါကြောင့်မခေါ်တော့တာ"

"အဲဒီတုန်းက ငါဂိုဏ်းမှာရှိတယ်ကွ"

လုယန် "..."

မုန်ကျင်းကျိုး "..."

လေထုက ခဏကမောက်ကမဖြစ်သွားသည်။ သို့သော် မုန်ကျင်းကျိုးက စာရင်းရှင်းဖို့ လာခြင်းမဟုတ်သဖြင့် စကားလမ်းကြောင်းပြောင်းလိုက်သည်။

"လောင်လု၊ အခုရက်ပိုင်းထွက်တဲ့သတင်းတွေ မင်းမဖတ်ရသေးဘူးမဟုတ်လား"

"မဖတ်ရသေးဘူး"

မုန်ကျင်းကျိုးတွေးနေသည်။ ဤနေရာတွင် ဘဝကိုသာယာနေရသည်က အွန်လိုင်းတက်ရသည်ထက်ပိုကောင်းမှန်း သူသိသည်။

"မင်းမသေမျိုးဖြစ်လာတော့ ကြယ်စုမျိုးစုံကလူတွေ မင်းအကြောင်း အရမ်းအရေးစိုက်နေကြတယ်။ မင်းနဲ့ပတ်သက်တဲ့ ပို့စ်တွေ ဗွီဒီယိုတွေ ကြည့်ရှုနှုန်း ဘယ်တော့မှ လျော့မသွားဘူး"

"ဟုတ်လား"

လုယန် သွားဖြဲပြုံးနေသည်။ သူ့အကြောင်းသူ အွန်လိုင်းတွင်ရှာကြည့်ဖို့ တွေးလိုက်သည်။

"ဒါပေမယ့် မကောင်းတဲ့ကောလဟာလတစ်ချို့လည်း ပြန့်နေတယ်"

"မကောင်းတဲ့ကောလဟာလ..."

"ကျင့်ကြံမှုလောကမှာ မင်းရဲ့လွှမ်းမိုးမှုက အရမ်းကြီးတယ်။ ကျင့်ကြံမှုလောကရဲ့ မကောင်းတဲ့ဓလေ့စရိုက်တစ်ချို့က မင်းကြောင့်ဖြစ်လာတာလို့ ပြောကြတယ်"

"အဓိပ္ပါယ်မရှိတာကွာ။ အဲဒါ ငါနဲ့ဘယ်လိုပတ်သက်မှာလဲ"

အခြေအမြစ်မရှိသည့် ကောလဟာလများကြောင့် လုယန် ဒေါသထွက်သွားသည်။ သူ့ဘဝကို ဖြောင့်မတ်မှန်ကန်မှုနှင့် ကျင့်ကြံမှုအပေါ် စိတ်နှစ်ထားခဲ့သည်။ တော်ဝင်လမ်း၏ စံပြဖြစ်အောင် နေခဲ့သည်။

တာအိုလမ်းစဉ်ဂိုဏ်းကသူ့ကို စံပြဂိုဏ်းတပည့်အဖြစ် အသိအမှတ်ပြုသည်။

မုန်ကျင်းကျိုး အရိုးခံမျက်နှာဖြင့် ခေါင်းငြိမ့်သည်။ သူလည်းဒေါသထွက်လာသည်။

"ဒါပေါ့။ ငါလည်း အဲလိုပဲတွေးပါတယ်။ ဒါကြောင့် သတင်းစာကိုကိုယ်စားပြုအနေနဲ့ မင်းကိုအင်တာဗျူးမယ်။ ကဲ... ကျင့်ကြံမှုလောကရဲ့ မကောင်းတဲ့ဓလေ့စရိုက်တွေက မင်းနဲ့ဘာမှမဆိုင်ဘူးလို့ထင်တယ်ပေါ့"

"ဒါပေါ့၊ ငါအထပ်ထပ်အလေးအနက်ပြောခဲ့တယ်။ ကျင့်ကြံမှုလောကရဲ့ မကောင်းတဲ့ဓလေ့စရိုက်တွေဟာ အစကတည်းကလမ်းလွဲနေတာ။ ငါ့ကြောင့်ဖြစ်တာမဟုတ်ဘူး။ အောင်နိုင်သူတွေက သမိုင်းကိုရေးတယ်လို့ လူတွေကပြောကြတယ်။

အခု ငါ့လိုအောင်နိုင်သူက ဘာကြောင့် မဟုတ်မမှန်စွပ်စွဲခံနေရတာလဲ"

ဓားမသေမျိုးလုယန်က သတင်းထောက်မုန်ကျင်းကျိုးနှင့် အင်တာဗျူးချိန်တွင် ဒေါသတကြီးပြောသည်။

နောက်တစ်နေ့...

"ငါအထပ်ထပ်အလေးအနက်ပြောခဲ့တယ်။ ကျင့်ကြံမှုလောကရဲ့...........

********************************

All Chapters