← Chapters

အခန်း ၁၃၆၃

Vol. 91 Ch. 1363

အခန်း ၁၃၆၃

Vol. 91 Ch. 1363

အခန်း (၁၃၆၃) အချပ်ပို

တာအိုလမ်းစဉ်ဂိုဏ်း၊ မစ်ရှင်ခန်းမ။

"မှော်လက်စွပ်ထဲမှာ ခေါင်းနှလုံးရေနဂါးနတ်ဆိုးရဲ့ အလောင်းရှိတယ်။ သူက အပြင်လောကကိုခိုးထွက်ပြီး နိုင်ထက်စီးနင်းလုပ်ရပ်တွေ လုပ်ခဲ့တာ"

တန်ချန်ဝူနှင့် တန်ချောင်ချောင်တို့မောင်နှမက သွေးစွန်းနေသည့် မှော်လက်စွပ်တစ်ကွင်း လာပို့သည်။

ထိုမောင်နှမ ခရီးပန်းနေဟန်ရှိသည်။ မျက်လုံးတွင် နွမ်းနယ်သည့်အရိပ်တစ်ချို့ မြင်နေရသည်။ ခေါင်းနှလုံးရေနဂါးသည် ရှင်ဆိုင်ဖို့မလွယ်။

မစ်ရှင်ခန်းမ၏ တာဝန်ကျ စီနီယာအမတစ်ယောက်က မှော်လက်စွပ်ကို စစ်ဆေးပြီး ဝရမ်းထုတ်ထားသည် ရေနဂါးဟုတ်မဟုတ် အတည်ပြုသည်။

ထို့နောက် တာဝန်ပြီးမြောက်ကြောင်းမှတ်တမ်းသွင်း၍ ကျိုးဆောင်မှတ်များကို တွက်ချက်သည်။

ကျိုးဆောင်မှတ်တွက်ချက်နေစဉ် တန်ချန်ဝူက ဘေးပတ်လည်ကို မျက်လုံးဝေ့ကြည့်သည်။ မစ်ရှင်ခန်းမတွင် ယနေ့ ခါတိုင်းထက် လူနည်းနေသည်ကို သတိထားမိသည်။

"ခေါင်းနှလုံးရေနဂါးကို တကယ်သတ်လိုက်ပြီပေါ့။ ကောင်းကင်ဂုဏ်စာရင်းဝင်တွေအတော်များများ ရှင်းပစ်ဖို့ကြိုးစားခဲ့တာတောင် မအောင်မြင်ခဲ့ဘူးတဲ့"

"ဘယ်သူရှင်းလိုက်သလဲဆိုတာ မင်းမသိလို့ပါ။ ဗုဒ္ဓနိုင်ငံကနေ အကိုလုခေါ်လာတဲ့ တန်ချန်ဝူ တန်ချောင်ချောင် မောင်နှမလေ။ အကိုတန်က အချိန်မသေမျိုးဆီက အမွေခံထားတဲ့လူလို့တောင် ပြောကြတယ်။

ဒီလိုအတွေ့အကြုံမျိုးရှိတဲ့လူက ငါတို့တာအိုလမ်းစဉ်ဂိုဏ်းမှာတောင် ရှားတယ်ကွ"

ဂိုဏ်းဝင်စတပည့်နှစ်ယောက် စိတ်အားထက်သန်စွာဆွေးနွေးနေသည်။ ဂိုဏ်းဝင်ပြီးနောက် ထိုနာမည်ကျော်ကျင့်ကြံသူများကို မကြာခဏတွေ့ရသဖြင့် စိတ်လှုပ်ရှားမိကြသည်။

"အကိုတန်က ဒီလိုအချိန်မှ ပြန်လာတယ်ဆိုတော့ အကိုလီအဆင့်တက်တာကို ကြည့်ချင်လို့များလား"

"ဘယ်ကအကိုလီလဲ"

တန်ချန်ဝူအသံ ရုတ်တရက် ပေါ်လာသဖြင့် လူသစ်နှစ်ယောက် လန့်သွားသည်။

နာမည်ကျော်ပုဂ္ဂိုလ်နဲ့ စကားပြောရသဖြင့် စကားများအထစ်ထစ်အငေါ့ငေါ့ဖြစ်နေသည်။

"အကို..အကိုလီဟော်ရန်ပါ။ သူက ကူးဖြတ်ခြင်းအဆင့်တက်တော့မှာ"

"အကိုလီဟော်ရန်လား"

တန်ချန်ဝူမျက်လုံးများ အရောင်လက်လာသည်။ ပင်ပန်းနွမ်းနယ်မှုများ ချက်ချင်းပျောက်သွားသည်။ သူတို့ညီအမနှစ်ယောက်ကို လီဟော်ရန်က အတော်ဂရုစိုက်ခဲ့သည်။

သူ့ညီမ၏အသက်ကယ်ရတနာများပင် လီဟော်ရန် ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။

"ဟုတ်တယ်၊ အပြင်ရောက်နေတဲ့ အကိုအမတွေအတော်များများ ပြန်လာကြတယ်။ ဥပမာ။ အိပ်မက်ရေပွက်လုပ်ငန်းစု တည်ထောင်တဲ့ အမထောင်ယော်၊ ပြည်နယ်ဝန်ကြီး အကိုအရိုးရိုင်း၊ အမြဲတမ်း လမ်းဘေးမှာဗေဒင်ဟောနေတဲ့ အကိုမုန်တို့လို လူတွေပေါ့"

....

"လောင်မုန်၊ မင်းပြန်လာရဲသေးတယ်ပေါ့"

ကောင်းကင်ဂိတ်တောင်ထိပ်တွင် မုန်ကျင်းကျိုးကိုမြင်သည်နှင့် လုယန် ခုန်အုပ်သည်။ မသေမျိုးတစ်ယောက်ကို မသေမျိုးတစ်ဝက်က မယှဉ်နိုင်။

မုန်ကျင်းကျိုး ချက်ချင်းမြေပေါ်လှဲသိပ်ခံရသည်။

"မဟုတ်မမှန်သတင်းတွေရေးပြီး ငါ့ကိုနာမည်ဖျက်ရဲတယ်ပေါ့"

လုယန်အတော်စိတ်ပျက်လက်ပျက်ဖြစ်နေသည်။ သူအနားယူနေချိန်အတွင်း မုန်ကျင်းကျိုးက သတင်းအေဂျင်စီကို လက်လွှဲယူပြီး အင်တာဗျူးအကြောင်းအရာများကို မကောင်းသည့်အကြံဖြင့် တည်းဖြတ်ပြင်ဆင်သည်။

ထိုအကြောင်းသူသိချိန်တွင် မုန်ကျင်းကျိုးက ဂိုဏ်းတွင်မရှိတော့။ မသေမျိုးတစ်ဝက်မုန် ဘယ်ရောက်သွားမှန်း ဘယ်သူမှမသိ။

လီဟော်ရန်အဆင့်တက်တော့မည့်အချိန်မှသာ ပြန်ရောက်လာသည်။

ပြန်လာလာချင်း လုယန်က အမိဖမ်းသည်။

"ထွီး၊ ငါ့ကို ဂုဏ်ပြုပွဲဖိတ်ဖို့ မေ့ခဲ့တာ ဘယ်သူလဲ။ အဲဒါ မင်းထိုက်နဲ့မင်းကံပဲ"

"ညီမထောင်၊ ဒါကို ချရေးထားပါ။ လုယန်က မုန်ကျင်းကျိုးကို တစ်ကွက်တည်းနဲ့အနိုင်ယူတယ်"

ဘေးတွင်ရပ်နေသည့် ထောင်ယော်ယဲ့ကို လုယန်လှည့်ပြောသည်။

"ညီလေးအရိုးရိုင်း ဒါကိုချရေးထားပါ။ လုယန်က သတင်းထောက်ကို ကိုယ်ထိလက်ရောက်စော်ကားတယ်"

မုန်ကျင်းကျိုးက ဘေးတွင်ရပ်နေသည့် အရိုးရိုင်းကို လှည့်ပြောသည်။

ဂိုဏ်းဂိတ်တံခါးတွင် ထောင်ယော်ယဲ့နှင့် အရိုးရိုင်းက မုန်ကျင်းကျိုးနှင့်တွေ့၍ သုံးယောက်အတူ လာကြခြင်းဖြစ်သည်။

မသေမျိုးတစ်ဝက်နှင့် မသေမျိုးတို့ မြေပေါ်တွင် ခဏနပမ်းလုံးနေပြီးနောက် ထရပ်လာသည်။ နှစ်ယောက်လုံး ဖုန်မကပ်။ အဝတ်အစားများ ဖုန်ခါဖို့မလို။

"ညီမထောင်၊ အပြင်အာကာသမှာ မင်းအတော်အောင်မြင်နေပုံပဲ။ အခု စကြာဝဠာထဲက အကြီးဆုံးရုပ်ရှင်ကုမ္ပဏီပိုင်ရှင်ဖြစ်လာပြီလို့ကြားတယ်။ ပြီးတော့ ကူးဖြတ်ခြင်းအဆင့်လည်း ရောက်ပြီမဟုတ်လား"

လုယန်က ပြုံး၍ပြောသည်။ အပြင်ရုပ်ရှင်ကုမ္ပဏီများ ဗာကျူရယ်မူဗီကော်ပိုရေးရှင်းများက အိပ်မက်ရေပွက်ကို ယှဉ်နိုင်ဖို့ခဲယဉ်းသည်။ ထိုကုမ္ပဏီများကို ထောင်ယော်ယဲ့က လွှမ်းမိုးခဲ့သည်။

မှန်သည်။ သူသည် ပြိုင်ဘက်ကင်း ကြယ်စုလုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်သည်။

"အစက ပရိုမိုရှင်းအတွက် ဂိုဏ်းကိုပြန်လာတာပါ။ အပြန်လမ်းမှာ ကျင့်စဉ်စွမ်းအားမထိန်းချုပ်နိုင်ဘဲ ကောင်းကင်လျှပ်စီး ဆင်းလာတယ်လေ"

"ဪ ဒါနဲ့၊ ငါ့မှာ ဇာတ်ညွှန်းတစ်ခုရှိတယ်။ ကြည့်လိုက်ပါဦး"

လုယန် ကျောက်စိမ်းတံဆိပ်ထဲမှ စာအုပ်ငယ်တစ်ခု ထုတ်ပေးသည်။

ထောင်ယော်ယဲ့ လှမ်းယူ၍ ဖတ်ကြည့်သည်။ သူအတော်အံ့ဩသွားသည်။

"ဒါက ရှေးဟောင်းခေတ် မသေမျိုးကိုးယောက်ရဲ့ ဇာတ်ကြောင်းတွေလား"

လုယန် ခေါင်းငြိမ့်သည်။

"ဘာပဲပြောပြော၊ ဒီဘိုးဘေးကိုးယောက်က လူသားမျိုးနွယ်အတွက် ကျင့်ကြံမှုစနစ်ကို တည်ထောင်ခဲ့တဲ့လူတွေပဲလေ။ သူတို့ဆောင်ရွက်မှုတွေ မေ့မပစ်သင့်ဘူး။ မင်းရုပ်ရှင်တစ်ခု ဖန်တီးလို့ရမလားလို့ပါ"

"အကိုလုတောင်းဆိုတာဆိုတော့ ဖြစ်ကိုဖြစ်ရမှာပေါ့"

ထောင်ယော်ယဲ့ကပြုံး၍ ဇာတ်ညွှန်းကို သိမ်းလိုက်သည်။

"ညီမထောင်၊ မင်းမှာ ဇာတ်လမ်းကုန်းကြမ်းလိုနေရင် ညီလေးအရိုးရိုင်းအကြောင်း ရုပ်ရှင်ရိုက်လို့ရတယ်။ အခုသူက မဟာရှားရဲ့ အသက်အငယ်ဆုံးဝန်ကြီးချုပ် ဖြစ်နေပြီလေ"

လုယန်က စနောက်သည်။

မဟာရှားဝန်ကြီးချုပ်ဖြစ်ဖို့ အနည်းဆုံး ကူးဖြတ်ခြင်းအဆင့်ရှိရမည်။ အရိုးရိုင်းက ထိုအဆင့်ရောက်ပြီးပုံရသည်။

သို့သော် ဝန်ကြီးချုပ်နေရာရဖို့ ထိုမျှမလွယ်။ မဟာရှားအုပ်ချုပ်ရေးနယ်ပယ်က စွမ်းဆောင်ရည်နှင့် အတွေ့အကြုံကို တန်ဖိုးထားသည်။ အရိုးရိုင်းက အသက်ငယ်ငယ်ဖြင့်ဝန်ကြီးချုပ်ဖြစ်လာသည်မှာ ချွင်းချက်အဆက်ဆက်ရှိ၍ဖြစ်သည်။

"မောင်လေးအရိုးရိုင်း၊ မင်းရဲ့တိုးတက်လမ်းက အတော်ချောမွေ့ခဲ့တယ်လို့ကြားတယ်။ မင်းရှေ့မှာ လမ်းပိတ်နေတဲ့လူတိုင်း ထူးထူဆန်းဆန်း ဒုက္ခရောက်သွားကြသလိုပဲတဲ့"

ထောင်ယော်ယဲ့က စပ်စုသည်။ အရိုးရိုင်းဇာတ်လမ်းက တကယ်ဒဏ္ဍာရီဆန်သည်။ သာမန်ပြည်သူများကြားတွင် ကောလဟာလမျိုးစုံရှိသည်။

အရင်က တာအိုလမ်းစဉ်ဂိုဏ်းဝင်များ ဝန်ကြီးချုပ်နေရာ ထိုင်ဖူးသူမရှိ။ ပြည်နယ်စားလောက်သာ အမြင့်ဆုံးရှိခဲ့သည်။ အရိုးရိုင်းက ပထမဆုံးဖြစ်သည်။

အရိုးရိုင်း ရှက်ကိုးရှက်ကန်းခေါင်းကုတ်၍

"အမထောင်က အတော်နောက်တာပဲ၊ ကျုပ်ရာထူးတိုးမြန်တာ အင်ပါယာက ကျုပ်ကိုအလေးပေးလို့ပါ"

မဟာရှားအုပ်ချုပ်ရေးနယ်ပယ်သည် အတွေ့အကြုံကို တကယ်တန်ဖိုးထားကြသည်။ သို့သော် အသက်ကိုလည်း တန်ဖိုးထားကြသည်။ အရိုးရိုင်းလိုလူနှင့် ရင်ဆိုင်တွေ့လျှင် ချက်ချင်းရာထူးဖယ်ပေးသည်။ ကိုယ့်အသက်ကိုယ်ကယ်တင်သည့် နည်းလမ်းဖြစ်သည်။

"ညီလေးအရိုးရိုင်း၊ မင်းစိတ်ထဲ အင်ပါယာဖြစ်ချင်တဲ့ အတွေးမျိုးတော့ မရှိဘူးမဟုတ်လား"

လုယန် ကောက်ကာငင်ကာမေးသည်။

"မရှိပါဘူး"

ဘာကြောင့်ထိုသို့ရုတ်တရက်မေးလာသည်ကို အရိုးရိုင်းနားမလည်။ သူသည် မဟာရှား၏ သစ္စာရှိဝန်ကြီးချုပ်ဖြစ်သည်။

"ငါလည်း အဲလိုပဲထင်ပါတယ်"

ယခု အင်ပါယာရှားက အရိုးရိုင်းကိုမြင်သည်နှင့် ထိတ်လန့်နေသည်။ အရိုးရိုင်း အင်ပါယာဖြစ်ချင်လာမည်ကို သူစိုးရိမ်နေသည်။ ထိုသို့ဖြစ်လာလျှင် သူဒုက္ခရောက်မည်။

ထို့ကြောင့် သိပ်မကြာသေးခင်က လုယန်ဆီလာလည်၍ လုယန်မှတစ်ဆင့် အရိုးရိုင်း၏စိတ်အတွေးကို စုံစမ်းခိုင်းခဲ့သည်။

အင်ပါယာရှားအတွေးလွန်နေသည်ဟု လုယန်ယူဆသည်။ သို့သော် အင်ပါယာရှားကို ကတိပေးထားသဖြင့် သူသေချာထုတ်မေးရသည်။

သူတို့လေးယောက်စကားပြောနေစဉ် အဝေးဆီမှ မိုးချုန်းသံကို ကြားရသည်။

"ညီလေးလီ အဆင့်တက်တော့မယ်ထင်တယ်။ တောင်ပေါ်ကဆင်းပြီး အနီးကပ်သွားကြည့်ရအောင်"

"ဂျိန်း ဂျိန်း"

ထိုအဆက်မပြတ် မိုးချုန်းသံမျိုးကို တာအိုလမ်းစဉ်ဂိုဏ်းတပည့်များ ရင်းနှီးနေပြီးဖြစ်သည်။

"အကိုလီက ကူးဖြတ်ခြင်းအဆင့်ကို တက်တော့မယ်ဟေ့"

ပြီးခဲ့သည့်နှစ်ပိုင်းအတွင်း တာအိုလမ်းစဉ်ဂိုဏ်းတပည့်အတော်များများ ကူးဖြတ်ခြင်းအဆင့်သို့ တက်ကြသည်။ ထို့ကြောင့် ကောင်းကင်လျှပ်စီးနှင့် အတော်ရင်းနှီးနေကြသည်။ ကူးဖြတ်ခြင်းအဆင့်တက်သည့် မိုးချုန်းသံမှန်း ခွဲခြားသိကြသည်။

သန့်စင်မှုတစ်ရာ တောင်ထိပ်တွင် လီဟော်ရန်က သဘာဝနှင့်ပေါင်းစပ်ထားသည်။ ကောင်းကင်နှင့်လူ ညီညွတ်သည့် အကောင်းဆုံးအခြေအနေကို ထိန်းထားသည်။

အတိတ်ရှစ်ဘဝမှတ်ဉာဏ်များကို သူရထားပြီးဖြစ်သည်။ ကူးဖြတ်ခြင်းအဆင့်တက်ဖို့သာလိုသည်။ ပြီးလျှင် ပထမဘဝ၏ မှတ်ဉာဏ်များကို နှိုးဆွနိုင်မည်။

"လျှပ်စီး၊ ဆင်းလာစမ်း"

စိတ်အာရုံတည်ငြိမ်နေသည့်အခြေအနေမှ သူထရပ်သည်။ အော်ဟစ်ကြုံးဝါးပြီး ကောင်းကင်ဆင်းရဲကို ဆင့်ခေါ်သည်။

မိုးချုန်းသံများအော်မည်၍ ဘုံကိုးဆင့်မှလျှပ်စီး ဆင်းလာပြီး လီဟော်ရန်ကို ရိုက်ခတ်သည်။

"ဟော်ရန်အဆင်ပြေပါစေ"

စုယိရန် စိုးရိမ်နေသည်။ လီဟော်ရန် သေရေးရှင်ရေးဖြတ်ကျော်ရမည့်အချိန်ဖြစ်၍ မိသားစုဝင်များရှိနေသည်မှာ မဆန်းလှ။

"ညီလေးလီက ဘယ်လိုဒုက္ခရောက်နိုင်မှာလဲ။ ဘာပဲပြောပြော သူက..."

လုယန်က စုယီရန်ကို ဖျောင်းဖျရန်စကားစသည်။ ယင်ထန်မသေမျိုးလူဝင်စားတစ်ယောက်က ကောင်းကင်လျှပ်စီးထိပြီးသေသည်ဆိုလျှင် တကယ်ရယ်စရာကောင်းနေတော့မည်။

သို့သော် သူချက်ချင်းစကားရပ်လိုက်သည်။ အတိတ်ဘဝက ချင်ဟော်ရန်သည် ကောင်းကင်ဆင်းရဲဖြတ်ရင်း သေသွားသည့်အဖြစ်ကို ပြန်သတိရလာသောကြောင့်ဖြစ်သည်။ နှစ်သိမ့်စကားကို ဆုံးအောင်မပြောနိုင်တော့။

တော်သေးသည်။ စုယီရန်နှင့်ချင်ယန်ယန်တို့ သားအမိနှစ်ယောက် လီဟော်ရန်ကိုသာ အာရုံစိုက်နေကြသည်။ လုယန်အမူအရာပြောင်းသါားသည်ကို အရေးမစိုက်မိ။

လီဟော်ရန် ညာလက်ကို ဖျတ်ခနဲခါလိုက်သည်။ သူ့လက်ဝါးတွင် စိမ်းပြာရောင်ကြာပွင့်တစ်ချပ် ပေါ်လာသည်။ တစ်ခုမှနှစ်ခုပွားလာသည်။ ပြည့်ဝသည့်ကြာတစ်ပွင့်အဖြစ်ပြောင်းပြီး သူ့ဦးခေါင်းအထက်တွင် နေရာယူသည်။ သူ့မှော်အစွမ်းဖြင့် ကောင်းကင်လျှပ်စီးကို ခုခံသည်။

ကြာပွင့်၊ ရတနာဘူးသီးခြောက်၊ ကျောက်စိမ်းပုလင်း၊ ဗုဒ္ဓပလ္လင်၊ ချင်လော်ထီး...မှော်ပစ္စည်းမျိုးစုံ သူ့ကျောက်စိမ်းတံဆိပ်ထဲမှ ပျံထွက်လာသည်။ အားလုံးက သူသန့်စင်ထားသည့် ထိပ်တန်းကာကွယ်ရေးရတနာများဖြစ်သည်။

လူအုပ်ကြီး အံ့အားသင့်သွားသည်။ ကူးဖြတ်ခြင်းအဆင့်များပင် ထိုမှော်ရတနာများ ရဖို့ခက်သည်။ ပစ္စည်းသွန်းပညာရှင် လီဟော်ရန်တစ်ယောက်သာ ထိုရတနာများ ထုတ်သုံးနိုင်သည်။

ခရမ်းလျှပ်စီးပင်လယ်က လီဟော်ရန်ကို ဖုံးလွှမ်းသွားသည်။ အပူချိန် ပြင်းထန်သည်။ လေဟာနယ်ပင် တစ်စစီအက်ကွဲကြေမွသွားသည်။ ကျယ်ပြန့်သည့် လျှပ်စီးပင်လယ်တွင် လီဟော်ရန်၏ရတနာများမှ ထွက်လာသည့် အဖြူရောင်အလင်းသာရှိသည်။

"အကိုလီက မှော်ရတနာတွေအားကိုးပြီး ကောင်းကင်လျှပ်စီးကို ဖြတ်သန်းနိုင်တယ်ပေါ့"

တစ်ယောက်က တီးတိုးရေရွတ်သည်။ ထိုအကာအကွယ်ရတနာများ၏ အရည်အသွေးက အလွန်တရာအဆင့်မြင့်သည်။ ကောင်းကင်လျှပ်စီးပြီးဆုံးသည်အထိ တောင့်ခံနိုင်မည်ဟု ယူဆကြသည်။

"ဟာ၊ အကိုလီက သူ့မှော်ရတနာတွေကို ဘာလို့ပြန်သိမ်းလိုက်တာလဲ"

လီဟော်ရန်က ပုံမှန်လုပ်ရပ်နှင့်ကွဲပြားပြီး ထူးခြားစွာလုပ်ဆောင်နေသည်။ မှော်ရတနာများကို ပြန်သိမ်းပြီး သူ့ရုပ်ခန္ဓာဖြင့် ကောင်းကင်လျှပ်စီးကို ခုခံဖို့ရွေးချယ်သည်။

လုယန်သင်ပေးခဲ့သည့် ကောင်းကင်ဆင်းရဲဖြတ်သန်းမှုအတွေ့အကြုံများကို လီဟော်ရန်ပြန်တွေးမိသည်။ မှော်ရတနာချည်းအားကိုးလျှင် သိပ်မကောင်း။ ကောင်းကင်ဆင်းရဲမှရလာသည့် ကျင့်ကြံမှုအကျိုးကျေးဇူးကို မရနိုင်။

သူ့အားသာချက်များကို စွန့်ပယ်၍ ကောင်းကင်ဆင်းရဲကို တိုက်ရိုက်ရင်ဆိုင်သည်။

"ဘုန်း"

လီဟော်ရန်ကို လျှပ်စီးထိသည်။ အရေပြားကွဲ၍ အသားများပွင့်ထွက်သည်။ အရိုးအက်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ အတော်ဝေးဝေးမှပင် ကြားရသည်။

ထိုမြင်ကွင်းကိုကြည့်၍ လူအုပ်ကြီးရင်ထဲတွင် တင်းကြပ်လာသည်။

"အကိုလီက ဘာလို့မျက်လုံးမှိတ်လိုက်တာလဲ"

လူအုပ်ကြီး အံ့အားသင့်သွားသည်။ ကောင်းကင်ဆင်းရဲဖြတ်ချိန် မျက်လုံးမှိတ်ထားရဲသည့် ကျင့်ကြံသူဟု သူတို့မကြားဖူးကြ။

လီဟော်ရန် မျက်လုံးမှိတ်၍ စိတ်အာရုံစုစည်းသည်။ ကောင်းကင်လျှပ်စီးက သူ့ခန္ဓာကိုယ်ကိုရိုက်ခတ်ရုံမက ဝိညာဉ်ကိုပါ ခြိမ်းခြောက်နေသည်။

သို့သော် ထိုအဖြစ်သည် လီဟော်ရန်အတွက် အကျိုးရှိသည်။ ကောင်းကင်လျှပ်စီးက သော့တစ်ချောင်းအဖြစ်လုပ်ဆောင်သည်။ သူ့ဝိညာဉ်ကို အပြင်းအထန် ရိုက်ခတ်သည်။ အချိန်ကြာမြင့်စွာ ပိတ်မိနေသည့် မှတ်ဉာဏ်များကို ဖွင့်သည်။

နက်ရှိုင်းသည့် သူ့ဝိညာဉ်ထဲတွင် လွင့်မျောနေသည့် လူဝင်စားအရိယဖလသန္ဓေက စတင်လှုပ်ရှားလာသည်။ ရှေးဟောင်းခေတ်မှ သမိုင်းပုံရိပ်များ သူ့အာရုံတွင် တဖျတ်ဖျတ်ပေါ်လာသည်။ ပထမဘဝ၏မှတ်ဉာဏ်များ တဖြေးဖြေးနိုးထလာသည်။

သူ့ကိုဖုံးလွှမ်းနေသည့် ကောင်းကင်လျှပ်စီးက အရေပြားနှင့်အသားကို ခွဲဖွင့်ခဲ့သည်။ ယခု ထိုလျှပ်စီးက သူနှင့်အတော်ရင်းနှီးနေသလို ခံစားရသည်။

လျှပ်စီးကို သူမခုခံတော့။ လက်နှစ်ဘက်ကို ဘေးသို့ဆန့်၍ ဝါးမျိုခွင့်ပေးလိုက်သည်။

လူအုပ်ကြီး ထိတ်လန့်နေကြသည်။ ကိုယ့်ကိုယ်ကို သေကြောင်းကြံနေခြင်းလားမသိ။

အမြင်စူးရှသည့် လူတစ်ချို့သာ ထူးခြားသည့်လက္ခဏာများကို မြင်ရသည်။ ကိုယ်ထဲသို့စီးဝင်သွားသည့် လျှပ်စီးက သူ့ခန္ဓာကိုယ်နှင့်ဝိညာဉ်ကို သန့်စင်သည်။ လုံးဝဒုက္ခမပေး။ ကောင်းကင်လျှပ်စီးကို အမြင့်ဆုံးထိန်းချုပ်နိုင်သည့်အဆင့်သို့ သူရောက်ခဲ့ဖူးသည်။

ကောင်းကင်လျှပ်စီးကို ရှင်သန်နိုင်သည့် သမိုင်းဝင်ပုဂ္ဂိုလ်များသာ လုပ်နိုင်သည့်အဆင့်ဖြစ်သည်။ လီဟော်ရန်တစ်ယောက်သာ ထိုအဆင့်သို့ ရောက်နိုင်သည်။

လျှပ်စီးပင်လယ်ကို သူ့ဝတ်ရုံလို လွှမ်းခြုံထားသည်။ သူ့မျက်လုံးမှ ရွှေရောင်လျှပ်စီးမျှင်များ ထွက်လာသည်။ ကောင်းကင်သို့လက်ညှိုးညွှန်လိုက်သည်။

သူ့ခေါင်းပေါ်မှ ဆင်းလာတော့မည့်ကောင်းကင်လျှပ်စီးက ပျောက်ကွယ်သွားသည်။ ကြည်လင်သည့် ကောင်းကင်ပြာပေါ်လာသည်။

မျက်စိအားလုံး လီဟော်ရန်ပေါ် အာရုံစိုက်ထားသည်။ မိုးမြေကြားတွင် အထင်ရှားဆုံးလူဖြစ်နေသည်ဟု ထင်ရသည်။

သူ့အောက်ဘက်မှ မထင်မရှား သက်ရှိများကို မျက်လုံးဝေ့ကြည့်၍ ဖြေးညှင်းစွာပြောသည်။

"ငါအခု မှတ်မိပြီ။ ငါက ယင်-"

"ဘုန်း"

သူ့စကားမဆုံးမီ ပြောင်းလဲမှုတစ်ခု ဖြစ်လာသည်။

ပျောက်ကွယ်တော့မည့် ကောင်းကင်လျှပ်စီးက တစ်ဝက်တစ်ပျက်တွင်ရပ်သွားပြီး လစ်ဟာနေသည့်နေရာများကို ပြန်လည်စတင်အားဖြည့်သည်။

ကောင်းကင်လျှပ်စီးအသစ် ဖြစ်လာသည်။ ရုတ်တရက် ခံ့ညားထည်ဝါသည့်လူသုံးယောက် ‌ပေါ်လာသည်။

"ဘာတွေဖြစ်နေတာလဲ"

"သူတို့ကဘာတွေလဲ"

"အဲဒါ ကိုးဆမသေမျိုး၊ အချိန်မသေမျိုးနဲ့ အချိန်မသေမျိုးပဲ"

တစ်ယောက်က ထိုလူသုံးယောက်ကို မှတ်မိသွားသည်။

"ဘာရယ်၊ ရှေးဟောင်းမသေမျိုးသုံးယောက်လား။ သူတို့က ဘာလို့ပေါ်လာတာလဲ"

တစ်ခါမှမကြုံဖူးသည့် အခြေအနေဖြစ်သည်။

မိတ်ဆွေဟောင်းသုံးယောက်ကိုကြည့်၍ လီဟော်ရန် အဓိပ္ပါယ်ပါပါပြုံးလိုက်သည်။

"မင်းတို့သုံးယောက်..."

"ကောင်လေး၊ ကောင်းကင်လျှပ်စီးကို ဒီလောက်လွယ်လွယ် ဖြတ်ကျော်နိုင်မယ်ထင်နေလား။ ငါတို့အကြီးအကဲသုံးယောက်က မင်းကိုစမ်းသပ်ဖို့လာတာကွ"

ကိုးဆမသေမျိုးက အပြုံးမျက်နှာဖြင့်ပြောပြီး အရင်ဆုံးစတင်တိုက်ခိုက်သည်။

ကျန်နှစ်ယောက်လည်း လှုပ်ရှားသည်။ ယနေ့လိုအချိန်ရောက်ဖို့ အချိန်ကြာမြင့်စွာ သူတို့စောင့်ခဲ့ရသည်။

လီဟော်ရန် မျက်နှာအကြီးအကျယ် ပျက်သွားသည်။ ထိုခွေးသူတောင်းစားသုံးယောက်က လုံးဝအရှက်မရှိကြ။

"သူတို့ဘာလို့ ရုတ်တရက်ကြီး စတိုက်ခိုက်ကြတာလဲ"

အောက်ဘက်မှ ပရိတ်တသတ် တွေးမရဖြစ်နေသည်။

"သူက ဒဏ္ဍာရီကောင်းကင်လျှပ်စီးကို ဆင့်ခေါ်လိုက်တာလား..."

ကုကျန်ယဲ့က လက်နှစ်ဘက်နောက်ပျက်၍ ခပ်ပါးပါးပြုံးရင်း မသေမျိုးလေးယောက်တိုက်ပွဲကို ကြည့်နေသည်။

"ဘာဖြစ်နေတာလဲ မင်းသိလား"

တာအိုရှင်ရှန်ထန် အံ့အားသင့်သွားသည်။ ကုကျန်ယဲ့သည် တစ်ခြားလူများမသိသည့် ရှေးဟောင်းလျှို့ဝှက်ချက်များကို အမြဲသိနေသလိုရှိသည်။

"ဒါက ကောင်းကင်လျှပ်စီးရဲ့ ဒဏ္ဍာရီစမ်းသပ်ချက်ပါ။ ကိုးဆမသေမျိုးတို့သုံးယောက်ရဲ့စွမ်းအားကို သမိုင်းက မှတ်မိကြတယ်။ ကောင်းကင်လျှပ်စီးထဲမှာ ကမ္ဗည်းထိုးထားတယ်။

အကိုလီရဲ့စွမ်းအားကြောင့် မသေမျိုးတွေရဲ့စမ်းသပ်ချက် ဆင်းလာတာပဲ။ ဒီစမ်းသပ်ချက်ကို သူကျော်ဖြတ်နိုင်ရင် ထူးခြားတဲ့အကျိုးကျေးဇူးမျိုး သူရလာလိမ့်မယ်"

တာအိုရှင်ရှန်ထန် တွေးမရသေး။

"ဒါဆို ဆင်းလာတဲ့မသေမျိုးတွေထဲမှာ ယင်ထန်မသေမျိုး ဘာလို့မပါတာလဲ"

"ရှင်းပါတယ်။ ယင်ထန်မသေမျိုးက ဒဏ္ဍာရီမှာပြောထားသလောက် စွမ်းအားမကြီးလို့ပေါ့"

ကုကျန်ယဲ့က ယုံကြည်ချက်အပြည့်ဖြင့် ကြေညာသည်။

*******************************

MBW Team ရဲ့ "ဘယ်သူကျင့်ကြံခိုင်းလိုက်တာလဲ"စာစဉ် ဒီမှာတင်နိဂုံးချုပ်ပါပြီခင်ဗျာ။ ဖတ်ရှုအားပေးခဲ့ကြတဲ့ စာဖတ်သူတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။

All Chapters