← Chapters

တရကြမ်း

Vol. 98 Ch. 1349

တရကြမ်း

Vol. 98 Ch. 1349

သို့ရာတွင် ဟင်းလင်းပြင်အက်ကြောင်းအတွင်းမှ လောကသည် ခရမ်းရောင် ဖြစ်နေ၏။ အဝေးမှ ကြည့်ပါက ခရမ်းရောင်မှာ ပိုသိပ်သည်း၏။ မမြင်ရသော အေးစက်မှုသည် ရွှေ့လျားနေရင်း ဤလောကတွင် တဝီဝီလှည့်လည်လျက် ရှိသည်။ ထို့အတွက်ကြောင့် ထောက်လှမ်းမသာသော ပြောင်းလဲမှုများ ပြည့်နှက်လို့ နေ၏။

လီချန်မေသည် သတ်ဖြတ်မှုများ၏ လားရာရင်းမြစ်ထံ မျက်ရည်စများ ပြည့်နေသော မျက်လုံးဖြင့် လှမ်းကြည့်နေချိန်တွင် ဧရာမကျာပွတ်သည် ရုတ်တရက် နီးကပ်လာပြီး အပြာရောင်အလင်းအကာအကွယ်ကို ကြမ်းတမ်းစွာ ရိုက်ချလာသည်။

ထိုအပြာရောင်အလင်းမှာ တုန်ခါသွားပြီး ခဏအတွင်း ပျက်စီး၏။ ထိုအခါ ကြမ်းကြုတ်သောသားရဲများစွာသည် လီချန်မေထံသို့ ဟိန်းသံပေးလျက် တိုးဝင်လာသည်။

မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေပြီး အကွာအဝေးတစ်ခုထံသို့သာ အကြည့်ရောက်နေသည်။ သူသည် ဘာဖြစ်နေသည်ကို တိတိကျကျ မမြင်နိုင်သော်လည်း ထိုနေရာမှ မန္တာန်လှိုင်းများကိုတော့ ကောင်းစွာ မြင်နိုင်၏။

ထိုမန္တာန်တုန်ခါလှိုင်းများအတွင်း၌ သူနှင့် ရင်းနှီးလှသော အော်ရာတစ်ခု ရှိသည်။ ၎င်းမှာ လီချန်မေ၏အော်ရာပင်။

ဝမ်လင်း၏စိတ်သည် တုန်ယင်နေ၏။ သူသည် နှေးဖင့်မနေဘဲ မန္တာန်လှိုင်းများ ရှိရာသို့ တိုးဝင်လာသည်။ အတောမသတ်နိုင်အောင် များပြားသော သားရဲများမှာ ဝမ်လင်းထံသို့ တရကြမ်း တိုးဝင်လာစဉ်ပင်။ သူ့မျက်လုံးမှာ နီရဲနေ၏။ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေပြီး ဝေ့ယမ်းသည်။ မူလစွမ်းအင်များ ရုတ်ချည်းသိပ်သည်းကာ တုန်ဟည်းသံများ ဤလောကတခွင် ပဲ့တင်ထပ်၏။

ထိုသားရဲများသည် သွေးမြူများအဖြစ် တစ်ကောင်ပြီးတစ်ကောင် ပျက်စီးကုန်၏။ ထို့နောက် သူသည် ပိုမြန်ဆန်စွာ ရွှေ့လျား၏။ ခြင်သားရဲတစ်သောင်းကလည်း သူ့ကိုဝန်းရံထားသဖြင့် ဝမ်လင်းသည် သတ်ဖြတ်ခြင်းဝဲကတော့တစ်ခုအသွင် ဖြစ်နေတော့သည်။ သူ ဖြတ်ကျော်သွားသည့်နေရာတိုင်းတွင် မည်သည့်သားရဲတစ်ကောင်မှ အသက်ရှင်လျက် မကျန်ခဲ့ပေ။

“သေစမ်း…သေစမ်း…သေစမ်း…” သားရဲများ ဆက်လက် သေဆုံးနေ၏။ သားရဲအော်သံများသည် ပိုဆိုးရွားလာသည်။

အဆက်မပြတ်သတ်ဖြတ်နေရင်း ဝမ်လင်း၏အရှိန်က ပိုတိုးလာ၏။ သူသည် သည်သားရဲများကို ချခြင်းသတ်ဖြတ်ကာ သူ့လမ်းကို သွေးခင်း၍ ရှေ့တိုးဝင်လာနေသည်။

သွေးများ နေရာအနှံ့။ သွေးနံ့များ ဤလောကတွင် ပြည့်နှက်၏။ ဤလောကရှိ ခရမ်းရောင်ပင် ခုချိန်တွင် အနီရင့်ရောင် ဖြစ်လာသလား။ သည်အမြန်နှုန်းဖြင့် ဝမ်လင်းသည် မန္တာန်လှိုင်းများ ထွက်ပေါ်နေသော နေရာဖြင့် နီးကပ်လာ၏။ သူသည် ထိုမန္တာန်လှိုင်းများထံမှ အားနည်းသောအော်ရာတစ်ခုကို ရှင်းလင်းစွာ ခံစားမိ၏။ ကြည့်ရသည်မှာ လီချန်မေသည် အန္တရာယ်ကြီးကြီးမားမား ရင်ဆိုင်နေရသည့်ပုံပင်။

ဝမ်လင်းသည် မာန်သွင်းကာ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေ၏။ မူလစွမ်းအင်များ သူ့လက်ဝါးထက်တွင် စုဝေးလာပြီး လင်းထိန်တောက်ပသည်။ သူက ၎င်းစွမ်းအင်ကို လေထဲသို့ ပစ်သွင်းပြီးနောက် သွေးတိမ်တိုက်တစ်ခုအဖြစ် ပြိုလဲစေ၏။ ထိုအဖြစ်က သည်အမှောင်လောကကို ချက်ခြင်း လင်းထိန်သွားစေသည်။

ထိုအခါ ဝမ်လင်းသည် သူ့ဘဝတွင် ဘယ်တော့မှ မေ့ဖျောက်နိုင်မည် မဟုတ်သော မြင်ကွင်းတစ်ခုကို မြင်လိုက်ရတော့၏။

ထိုမြင်ကွင်းသည် သူ့စိတ်ကို တုန်ရီစေသည်။ သူ့ကို ကောင်းကင်တုန်လှုပ်စေနိုင်သည့် မာန်သွင်းသံကို ထုတ်ဖော်စေသည်။ သူ့ခန္ဓာကိုယ်မှာ တုန်ရီနေလျက် အဆုံးစွန်ရူးသွပ်မှု ပေါက်ကွဲလာ၏။

သူသည် သားရဲမြောက်များစွာ ဝန်းရံခံထားသော ဖြူရောရောမျက်နှာဖြင့် အမျိုးသမီးတစ်ယောက်မှာ သူ့ကို ပြုံး၍ ကြည့်နေသည်ကို လှမ်းမြင်လိုက်ရသည်။

ထိုအပြုံးမှာ ထာဝရတိုင်မည်ဟု ထင်မှတ်ရ၏။ သူမ ပတ်လည်တွင် ဖျော့တော့တော့ အပြာရောင်အလင်းတစ်ခု ဝန်းရံထားသည်။ သို့သော် ကျာပွတ်အရိပ်ကြီးသည် ထိုအလင်းကို ရိုက်ချလာ၏။

ရုတ်တရက် အပြာရောင်အလင်းသည် ပျက်စီးသွားသည်။ ကျာပွတ်သည် အပြာရောင်အလင်းကို ချိုးဖျက်ကာ လီချန်မေထံ တိုးဝင်လာပေပြီ။ ထိုကျာပွတ်ရိုက်ချသာ ထိမှန်ပါက လီချန်မေသည် သေဆုံးသွားရပေမည်။

အချိန်ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်ကာ မာန်သွင်းလိုက်သည်။ သူသည် ကြမ်းကြုတ်သောဟန်ပန် အပြည့်ဖြစ်ပေါ်နေပြီး ရူးသွပ်သည့်အမူအရာဖြင့် ထိုဧရာမကျာပွတ်ထံ လက်ညွှန်ကာ အော်ပြောလိုက်လေ၏။ “ရပ်တန့်ခြင်း…”

ဖော်ပြ၍မရသောဥပဒေသတစ်ခုသည် လောကတွင် ပြည့်နှက်လာပြီး မရေမတွက်နိုင်သော အမျှင်တန်းများအဖြစ် ပြောင်းကာ ထိုဧရာမကျာပွတ်ကို ဝန်းရံထွေးခြုံသည်။ ကျာပွတ်၏အရှိန်မှာ လျော့ကျသွား၏။သို့သော် ရပ်တန့်မသွားပေ။

ကျာပွတ် အရှိန်လျော့ကျသွားသည်နှင့် ဝမ်လင်း၏စိတ်မှာ ဗလာကျင်းသွား၏။ သူ့စိတ်ထဲတွင် လီမူဝမ်ကို ကယ်တင်နိုင်ဖို့ တစ်ခုသာ ရှိ၏။ သူက သူ့ညာခြေထောက်ကို ပင့်ငမြှောက်လိုက်ရာ သူ့ခြေထောက်အောက်တွင် လှိုင်းတွန့်များ ပေါ်လာပြီး လေဟာနယ်နှင့် တစ်သားတည်းဖြစ်ကာ ပျောက်ကွယ်သွားသည်။ ဟင်းလင်းပြင်ကွေးညွတ်ခြင်း။

ထိုဧရာမကျာပွတ်တွင် ဆန်းကြယ်သောအားတစ်ခု ပါဝင်ပြီး ဥပဒေသပင် ၎င်းကို ရပ်တန့်ပစ်နိုင်စွမ်း မရှိပေ။ ရပ်တန့်ခြင်းမန္တာန် ပျက်စီးပြိုပျက်ကာ တစီစီအသံများ ဖြစ်ပေါ်၏။ ကျာပွတ်မှာ လီချန်မေထံ နီးသထက် နီးလာ၏။

လီချန်မေအဖို့ ရှောင်နိုင်စွမ်းလည်းမရှိ၊ ခုခံနိုင်စွမ်းလည်း မဲ့နေ၏။ သည်အခိုက်အတန့်တွင် သူမ၏အသက်ဓာတ်များမှာ ကုန်ခမ်းလုနီး ဖြစ်နေပေပြီ။ သူမသည် ဆီကုန်သည့်မီးအိမ်တစခုကဲ့သို့ သွေ့ခြောက်နေလေပြီ။ ထိုကျာပွတ်ရိုက်ချက်က သူမကို ထိမှန်ခြင်းမရှိလျှင်ပင် သူမသည် အချိန်ကြာကြာ အသက်ရှင်နိုင်လိမ့်မည် မဟုတ်တော့ပါ။ သူမ ခုထိ အသက်ရှင်နေရသော တစ်ခုတည်းသောအကြောင်းရင်းမှာ ရှင်းပြရန်ခက်ခဲသောအာရုံဆန္ဒတစ်ခုကြောင့်သာ။

သူမ ဝမ်လင်းကို မြင်လိုက်ရသည့်နောက် သူမ ပြုံး၏။ သူမ ကျေနပ်သည်။ ခုချိန်တွင် သေနိုင်ပေပြီ။ သူမသည် ဝမ်လင်းကို မြင်ချင်၏။ သူ အဆင်ပြေသည်ကို တွေ့ချင်၏။ သူ ပြန်နိုးထလာခြင်း တစ်ခုတည်းဖြင့် သူမအဖို့ လုံလောက်နေခဲ့သည်။

ခုချိန်တွင် သူမ အလွန်ပင်ပန်းကာ အေးစက်နေမိ၏။ နှစ်ပေါင်းဆယ်နှစ်လုံးလုံး သူမ ပေးဆပ်ခဲ့ရသည့်အရာများက ခုချိန်တွင် အားလုံးပေါက်ကွဲထွက်လာပြီး သူမကို ဆွဲချနေသည့်အလား။

ကျာပွတ်မှာ အနားရောက်လာခဲ့လေပြီ။ တုန်ဟည်းသံများ ပဲ့တင်ထပ်လျက် လီချန်မေလက်ထဲရှိ ရွှေရောင်စုတ်တံမှာ ရုတ်တရက် ပျက်စီးသွားသည်။ ကျာပွတ်မှာ လီချန်မေ၏ခန္ဓာကိုယ်ပေါ် ရိုက်ချလာခဲ့ပြီ။

သို့ရာတွင် ထိုကျာပွတ် လီချန်မေ၏ခန္ဓာကိုယ်နှင့် ခုနစ်လက်မအကွာ ရောက်လာချိန်၌ ရူးသွပ်ဖွယ်အော်ဟိန်းသံတစ်ခုက ပဲ့တင်ထပ်လာပြီး လေဟာနယ်ထဲမှ လက်တစ်ဖက် လီချန်မေ ဘေးနားတွင် ထွက်ပေါ်လာကာ ကျာပွတ်ကို ဖမ်းဆုပ်လိုက်လေ၏။

ဝမ်လင်း၏ပုံရိပ်သည် လေဟာနယ်အတွင်းမှ လှမ်းထွက်လာ၏။ သူ့ကိုယ်ပေါ်ရှိ သွေးကြောများမှာ ဖောင်းကြွနေ၏။ သူ့မျက်လုံးတို့က နီရဲနေ၏။ သူသည် လီချန်မေရှေ့တွင် လေနှင့်မိုး၊ရှင်ခြင်းနှင့်သေဆုံးခြင်းတို့ကို ကာဆီးပေးထားမည့် တောင်တစ်လုံးကဲ့သို့ မားမားရပ်သည်။

လီချန်မေသည် ဝမ်လင်းကို ကြည့်၏။ သူမအပြုံးမှာ ပို၍ပင် နူးညံ့သွားသည်။ သို့ရာတွင် သူမ၏မျက်လုံးမှာ သာ၍မှိန်ဖျော့လာပြီးနောက် အလင်းဓာတ် ဖြည်းဖြည်းချင်း လွင့်ပျောက်နေလေပြီ။

ဝမ်လင်းက ကျာပွတ်ကို သူ့လက်ဖြင့် ဆုပ်ကိုင်လိုက်ချိန်တွင် ပြင်းထန်သောအားတစ်ခု သူ့ခန္ဓာကိုယ်ထဲ တိုးဝင်လာ၏။ မြင်းလှည်းပေါင်းဆယ်သန်းလောက်က သူ့ကို ဝင်ဆောင့်ပစ်လာသည့်အလား။ ဝမ်လင်း၏စိတ်ပင် တုန်ယင်သွားရပြီး သွေးအန်လိုက်ရသည်။ သို့သော် သူသည် နောက်သို့ ခြေတစ်လှမ်းပင် မဆုတ်ပေ။ အကြောင်းမှာ သူ့နောက်တွင် သူ ကယ်တင်ပေးရမည့် လီချန်မေဟူသော အမျိုးသမီးတစ်ဦး ရှိလို့နေသည် မဟုတ်လော။

သူ့တဘဝလုံးတွင် ဝမ်လင်းသည် ဝမ်အာအတွက်သာ ထိုကဲ့သို့ လုပ်ဆောင်ပေးခဲ့ဖူး၏။ ခုချိန်တွင် သူသည် သူအများကြီး ကျေးဇူးကြွေးတင်နေသော နောက်ထပ်အမျိုးသမီးတစ်ယောက်အတွက် အလားတူ ထပ်လုပ်ဆောင်နေသည်။ သူသာ ထိုသို့ မလုပ်ဆောင်ပါက သူ့ကိုယ်သူ ယောက်ျားတစ်ယောက်ဟု ခေါ်ဆိုနိုင်တော့မည် မဟုတ်ပေ။

သူ့မျက်နှာမှာ ကြမ်းကြုတ်ဟန် ဖြစ်ပေါ်နေ၏။ ပြင်းထန်သောအားက သူ့ထံ တိုးဝင်လာသည်နှင့် သူ့ခန္ဓာကိုယ်တွင်း၌ တစီစီအသံများ ပဲ့တင်ထပ်သည်။ သူသည် မာန်သွင်းကာ သူ့ညာလက်ဖြင့် ကျာပွတ်ကို ဆုပ်ကိုင်ထားသည်။ ရှေးဟောင်းနတ်ဘုရားကြယ်များ ပေါ်လာကာ အရူးအမူး စတင်လှည့်ပတ်သည်။ သူ့ရှေးဟောင်းနတ်ဘုရားစွမ်းအားသည် သူ့ခန္ဓာကိုယ်တွင်း၌ ပြည့်နှက်ပြီး သူ့ညာလက်တွင် စုဝေးသည်။ ရှေးဟောင်းနတ်ဘုရားအရိပ်က သူ့ဘေးပတ်လည်တွင် ပေါ်လာပြီး ဝမ်လင်းသည် တုန်လှုပ်ဖွယ်မာန်သွင်းသံ ပြုသည်။

“ငါ့အတွက် ကျိုးပျက်လိုက်စမ်း…” ဝမ်လင်းသည် မာန်သွင်းဟစ်အော်နေရင်း ကျာပွတ်ထံမှ မိုကြိုးပစ်သံတမျှ တုန်ဟည်းသံတို့ ပဲ့တင်ထပ်၏။ ထို့နောက် ၎င်းသည် ချက်ခြင်း ပျက်စီးသွားသည်။

သို့ရာတွင် ထိုကျာပွတ် ပျက်စီးသွားသည်နှင့် ပြင်းထန်သောအော်ရာတစ်ခုသည် ဝမ်လင်းရှိ တိုးဝင်လာ၏။ သူသည် နောက်မဆုတ်သေးပေ။ လီချန်မေရှေ့တွင်သာ မားမားရပ်နေ၏။ သူ သွေးအန်လိုက်ရပြန်သည်။ သို့သော် သူ့မျက်လုံးထံမှ ကြောက်မက်ဖွယ်အေးစက်စက်အကြည့် လှစ်ပေါ်ထွက်လာ၏။

“မင်း ဘယ်သူလဲ ငါ ဂရုမစိုက်ဘူး။ ငါ မင်းကို ဒီအမျိုးသမီးရဲ့ အသက်ကို ယူဆောင်သွားခွင့် မပြုနိုင်ဘူး…”

လီချန်မေမျက်နှာထက်ရှိ အပြုံးသည် ပိုပို၍ နူးညံ့လာသည်။ သူမသည် ဝမ်လင်းကို ကြည့်၍ နူးညံ့တိုးညင်းစွာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်…”

ထိုသို့ပြောလိုက်ပြီးနောက် သူမ၏မျက်ခွံများမှာ တုန်ယင်ပြီးနောက် သူမသည် အိပ်ပျော်သွားသည့်အလား ဖြည်းဖြည်းချင်း မျက်လုံးမှိတ်သွားတော့သည်။

ဝမ်လင်း တုန်ယင်မိ၏။ သူ ရုတ်တရက် လီမူဝမ်ဘက် လှည့်ကာ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေပြီး သူမထံ လက်ညွှန်သည်။ မူလစွမ်းအင်သည် လီချန်မေ၏ခန္ဓာကိုယ်အတွင်း ဝင်ရောက်ကာ သူမ၏ပျောက်ကွယ်နေသော အသက်ဓာတ်ကို ချိပ်ပိတ်၏။

သို့ရာတွင် ထိုလုပ်ဆောင်မှုသည် သေဆုံးခြင်းအော်ရာကို မရပ်တန့်နိုင်၊ အသက်ဓာတ် သူမထံမှ ပျောက်ကွယ်နေသည်ကို မဟန့်တားနိုင်ပါ။ သူမ၏မူလစိတ်ဝိညာဉ်သည် အလွန်အားနည်းနေခဲ့ပြီး ဖြစ်၏။ သူမ၏စိတ်ဝိညာဉ်ပင် စတင်ပျောက်ကွယ်လာသည်။ သူမ၏ခန္ဓာကိုယ်သည် အရောင်အဝါမရှိတော့ပေ။ သူမ၏အပြုံးတစ်ချက်ကတော့ ဝမ်လင်း၏မှတ်ဉာဏ်ထဲတွင် ထာဝတိုင်‌ ထင်ကျန်ပေတော့မည်။

“မသေနဲ့။ နင် မသေရဘူး…” ဝမ်လင်းသည် ဝမ်းနည်းပူဆွေးမိ၏။ ထပ်မံပြီး သူသည် အကူအညီမဲ့မှုကို ခံစားရပြန်သည်။ လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ကျော်က သူသည် အမျိုးသမီးတစ်ယောက် သူ့လက်ပေါ်တွင် အိုမင်းကာ သေဆုံးသွားသည်ကို ကြည့်နေခဲ့ရဖူး၏။ ကျန်ခဲ့သည့်အရာမှာ သူမ၏ခန္ဓာကိုယ်နှင့် အိပ်ပျော်သွားသောစိတ်ဝိညာဉ်တစ်ခုသာ။

နှစ်ပေါင်းတစ်ထောင် ကျော်လာပြီးနောက် သူသည် သူ့ရှေ့တွင် ခြောက်သွေ့သေဆုံးသွားတော့မည် အမျိုးသမီးတစ်ယောက်ကို ထပ်မံ တွေ့နေရပြန်ပြီ။ ဝမ်လင်း၏မျက်လုံးထဲတွင် ဝမ်းနည်းမှုတို့ ပြည့်နှက်နေ၏။ ထိုအခိုက်အတန့်တွင် သူသည် ကောင်းကင်ဘုံဖယ်ကျဉ်ခြင်းခေါင်းတလားထဲတွင် နိုးထလာနိုင်စွမ်း မရှိသော သူ့ချစ်သူ လီမူဝမ်ကို တွေးမိ၏။ သို့ရာတွင် လောကသည် ရက်စက်၏။ သူ့ကို အတိတ်တုန်းက လီမူဝမ်ကြောင့် ဝမ်းနည်းခဲ့ရသလို အခုထပ်မံ ကြုံရစေပြန်ပြီ။

“ငါ နင့်ကို သေခွင့်မပြုဘူး…” ဝမ်လင်းသည် သူ့ကိုယ်သူပင် နားမလည်လောက်အောင် စကားဆိုနေမိ၏။ သူက သူ့ညာလက်ကို ပင့်မြှောက်ကာ လီမူဝမ်ထံ လက်ညွှန်သည်။

“အချိန်စီးဆင်းခြင်း…”

အချိန်စီးဆင်းခြင်းသည် ရုတ်တရက် ပေါ်လာ၏။ ဧရာမ ကျောက်တံခါးတစ်ချပ် ပေါ်လာသည်။ ရှေးဟောင်းအော်ရာတစ်ခု ပျံ့လွင့်ကာ အချိန်စွမ်းအားသည် လီချန်မေကို ထွေးခြုံလွှမ်းသွား၏။

ချက်ခြင်းပင် သူမ၏လျင်မြန်စွာ ကွယ်ပျောက်နေသော အသက်ဓာတ်မှာ မထင်မှတ်စွာဖြင့် အရှိန်လျော့သွား၏။ သို့ရာတွင် အချိန်စီးဆင်းခြင်းမန္တာန်ကို ရပ်တန့်ပစ်၍ မဖြစ်ပေ။ ယင်းမန္တာန် ရပ်တန့်သွားသည်နှင့် လီချန်မေ၏အသက်ဓာတ်သည် အချိန်တိုအတွင်း မြန်မြန်ဆန်ဆန် ကွယ်ပျောက်သွားမည်ပင်။ ထိုသို့သာဖြစ်ပါက လီချန်မေဆိုသော အမျိုးသမီးသည် လောကထဲမှ ကွယ်ပျောက်သွားပေတော့မည်။

အချိန်စီးဆင်းခြင်းမန္တာန်သည် သူ့မူလစွမ်းအင်များကို ဆက်တိုက် သုံးစွဲနေ၏။ သူက လီချန်မေကို သူ့လက်ထဲတွင် ထွေးပိုက်ထားသည်။ သူသည် သူ့ဘေးပတ်လည်ရှိ အမှောင်ထုလောကကို ကြည့်သည်။ သူ့ထံမှ ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်လာ၏။

ထိုအခိုက်အတန့်တွင် လေဟာနယ်အတွင်းမှ မိုးကြိုးတုန်ဟည်းသံ ထွက်ပေါ်လာ၏။ ဧရာမကျာပွတ်အရိပ်နှစ်ခု ရုတ်တရက် ပေါ်လာကာ ဝမ်လင်းထံ ခပ်ကြမ်းကြမ်း ရိုက်ချလာသည်။

အကွာအဝေးတစ်ခုရှိ ကြမ်းကြုတ်သောသားရဲများသည်လည်း သွေးဆာစွာ ဟိန်းသံပေးလျက် ဝမ်လင်းထံ တိုးဝင်လာကြ၏။ ပိုဝေးသောနေရာတွင်ပင် သားရဲများသည် ဝမ်လင်းကို ကြမ်းတမ်းရန်လိုစွာ ကြည့်နေပြန်သည်။

“ချန်မေ…ငါ နင့်ကို ဒီနေရာကနေ ခေါ်ထုတ်သွားမယ်…” ဝမ်လင်းသည် မျက်လုံးမှိတ်၏။ သူ့ညာလက်ကို သူ့မျက်ခုံးနှစ်ခုကြားသို့ တင်သည်။ သူ့မျက်ခုံးနှစ်ခုကြားတွင် ရှုပ်ထွေးသောအတားအဆီးတစ်ခု တဖျပ်ဖျပ် တလက်လက် ဖြစ်ပေါ်သည်။

သူ့ဘယ်လက်ကို သူ့မျက်ခုံးနှစ်ခုကြားသို့ ဆန့်ထုတ်လိုက်ကာ ကြမ်းတမ်းစွာ ဆွဲဖြဲပစ်၏။ သူသည် ခုနစ်ရောင်စုံနယ်မြေမှ ထွက်ခွာလာခဲသည့်နောက် ချိပ်ပိတ်ထားသော သူ့ကျင့်ကြံမှုအဆင့်ကို ဖွင့်လှစ်လိုက်ခြင်းတည်း။ ထိုအခိုက်အတန့်တွင် ဝမ်လင်းသည် သူ့ နှစ်ပေါင်းနှစ်ထောင်ကျော် ကျင့်ကြံခဲ့စဉ်အတွင်း အသန်မာဆုံး ဖြစ်လာခဲ့တော့သည်။

***

All Chapters