ချိပ်ပိတ်မှုကို ဆုတ်ဖြဲပစ်ခြင်း…
Vol. 98 Ch. 1350
ချိပ်ပိတ်မှုသည် ဝမ်လင်း ဆုတ်တ်ဖြဲပစ်ပြီးနောက် ပျက်စီးသွား၏။ ၎င်း ပျက်စီးသွားသည့်နောက် အံ့မခန်းအစွမ်းထက်အော်ရာတစ်ခုသည် ဝမ်လင်း၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။
ထိုအော်ရာမှာ အလွန်အစွမ်းထက်ပြီး ဝဲကတော့အသွင် ဖြစ်ပေါ်၏။ ယင်းဝဲကတော့သည် အားကောင်းသထက်အားကောင်းလာကာ ပတ်ဝန်းကျင်ရှိ သားရဲများ၏ မျက်လုံးထဲတွင်ပင် ကြောက်ရွှံ့မှုများ ဖြစ်ပေါ်လာသည်။
ဝမ်လင်း ခုနစ်ရောင်စုံနယ်မြေတွင် တာအိုသစ်သီးကို စုပ်ယူပြီးသည့်နောက် သူ့ကျင့်ကြံမှုအဆင့်ကို ထိုချိပ်ပိတ်မှုဖြင့် ဖိနှိပ်ထားခဲ့ခြင်းပင်။ ထိုချိပ်ပိတ်မှုက သူ့ကို နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကနေ ခွဲခြားပေးထားခဲ့ခြင်းပင်။
ခုချိန်တွင် လီချန်မေအတွက် သူသည် ယောကျ်ားတစ်ယောက် လုပ်သင့်သည့် အရာတစ်ခုအနေဖြင့် ဤချိပ်ပိတ်မှုကို တွေဝေခြင်းမရှိ ဖွင့်လှစ်လိုက်ပေပြီ။
ချိပ်ပိတ်မှု ဖြေလျော့သွားသည်နှင့် ဝမ်လင်း၏ခန္ဓာကိုယ်ထဲတွင် တစီစီအသံများ ဖြစ်ပေါ်နေဟန် ထင်မှတ်ရသည်။
သားရဲဟိန်းသံများလည်း ဖိနှိပ်ပစ်ခြင်း ခံရ၏။ သားရဲများနောက်ရှိ သားရဲဘုရင်များသည် တုန်ယင်ကုန်သည်။ များပြားလှသောစွမ်းအားများသည် ဝမ်လင်းထံသို့ အဘက်ဘက်မှ စုဝေးလာသည့်အလား။
လေဟာနယ်အတွင်းမှ ထွက်ပေါ်လာသော ကျာပွတ်နှစ်ခုပင် တဒင်္ဂ တုန့်နှေးသွား၏။ သို့ရာတွင် ယင်းတို့မှာ ဝမ်လင်းထံ မြန်မြန်ဆန်ဆန်ဖြင့် ထပ်မံ ရိုက်ချလာသည်သာ။
သို့ပေမည့် ထိုကျာပွတ်နှစ်ခု အနားရောက်လာစဉ် ဝမ်လင်းထံမှ အံ့မခန်းအော်ရာတစ်ခု ပေါက်ကွဲထွက်ကာ ဝမ်လင်း ပတ်လည်တွင် ဝဲကတော့ကြီးတစ်ခုကို ဖန်တီး၏။ တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။
ဝမ်လင်း၏ဟိန်းသံမှာ ထိုဝဲကတော့အတွင်းကနေ ထွက်ပေါ်လာ၏။ ကျာပွတ်နှစ်ခုထဲမှ တစ်ခုသည် ထိုဝဲကတော့နှင့် ထိမိသည်နှင့် ပျက်စီးသွား၏။ ဒုတိယမြောက် ကျာပွတ်ထိပ်ဖျားကတော့ ဝဲကတော့ကို ထွင်းဖောက်လာချိန်မှာပင် လက်တစ်ဖက်၏ ဖမ်းယူခြင်းကို ချက်ခြင်း ခံလိုက်ရသည်။
ဝမ်လင်း၏ခန္ဓာကိုယ်ထံမှ အလွန်အန္တရာယ်များသောအော်ရာကို ပေးစွမ်းနေ၏။ သူ့ဆံပင်ဖြူများသည် လေမတိုက်ပါဘဲ ရွှေ့လျားနေ၏။ သူ့ဘယ်လက်ဖြင့် ကျာပွတ်ကို ဆုပ်ကိုင်ကာ သူ့ညာလက်ဖြင့် လီချန်မေကို ထွေးပွေ့ထားသည်။ သူ့မျက်လုံးတို့မှာ အေးစက်လှသည်။
ဝမ်လင်းထံမှ ထွက်ပေါ်လာနေသော အစွမ်းထက်အော်ရာမှာ ပိုပို၍ သိပ်သည်းလာနေ၏။
သူ့ခန္ဓာကိုယ်တွင်းရှိ မူလစွမ်းအင်များသည် အရူးအမူး လှည့်ပတ်ကာ အဆုံးမဲ့မူလစွမ်းအင်များသည် အပြင်ဘက်မှ သူ့ထံ တရကြမ်း တိုးဝင်နေ၏။ မူလစွမ်းအင်များ ဝမ်လင်းထံ ဆက်တိုက်တိုးဝင်လာနေရင်း နောက်ဆုံးတွင် သူသည် နိဗ္ဗာနဖြိုခွဲခြင်းအဆင့်သို့ အမှန်တကယ် ခြေလှမ်းဝင်ရောက်လာခဲ့ပေပြီ။
သူ ထိုအဆင့်သို့ လှမ်းဝင်လာသည်နှင့် ဝမ်လင်းမျက်စိရှေ့မှ လောကသည် ပြောင်းလဲသွား၏။ မူလစွမ်းအင်များ ဝမ်လင်းထံ အရူးအမူး တိုးဝင်လျက် သူသည် မာန်သွင်းလိုက်၏။
“ယား…”
ထိုဟိန်းသံကား ကောင်းကင်ကိုလှုပ်ခါပစ်နိုင်၏။ မိုးကြိုးအားလုံးကို ဖိနှိပ်ပစ်နိုင်၏။ ယင်းဟိန်းသံသည် အသံလှိုင်းတစ်ခုအဖြစ် ပြောင်းကာ အရူးအမူး ပျံ့နှံ့သည်။ ဟိန်းသံ ထွက်ပေါ် မည်ဟိန်းနေရင်း ယင်းက အဖျက်အစီးအော်ရာတစ်ခုကို ဖွဲ့တည်၏။
ဝမ်လင်း ပတ်ပတ်လည်ရှိ ကြမ်းကြုတ်သောသားရဲများ၏ ဒွာရပေါက်များထံမှ သွေးများစိမ့်ကျကုန်၏။ သူတို့၏ခန္ဓာကိုယ်များလည်း ပျက်စီးကာ နာကျင်ထိတ်လန့်စွာ အော်ဟစ်ကုန်ကြသည်။ တစီစီအသံများ ပဲ့တင်ထပ်ကာ သွေးမြူအဝန်းတစ်ခုပါ ဖြစ်ပေါ်လာသည်။
ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်မှာ ထိုသွေးမြူအဝန်းသည် အသံလှိုင်းကြောင့်ထပ်မံ ပျက်စီးသွားခြင်းတည်း။ ဝမ်လင်းပတ်လည်ရှိ သားရဲများအားလုံးသည် သွေးမြူအဖြစ် ပေါက်ကွဲထွက်ကုန်သည်။
ယင်းသည် သတ်ဖြတ်ခြင်းမဟုတ်တော့၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းသာ မည်တော့၏။
ဟင်းလင်းပြင်အက်ကြောင်း စဖြစ်တည်ခဲ့ချိန်မှစ၍ အခုလိုမျိုး အရေအတွက်များများစားစား သတ်ဖြတ်မှုမှာ ဖြစ်တောင့်ဖြစ်ခဲပင်။ ဝမ်လင်း၏အော်ဟစ်သံဖြင့်ပင် သားရဲရာချီကို ပေါက်ကွဲထွက်စေခဲ့၏။ အဝေးရှိ သားရဲဘုရင်များ၏ မျက်လုံးထဲတွင်ပင် ကြောက်ရွှံ့မှုတို့ ဖြစ်ပေါ်ကာ နောက်သို့ ပြန်ဆုတ်ကြသည်။
ကြမ်းကြတ်သောသားရဲများအတွက်တော့ သည်အဖြစ်မှာ အိပ်မက်ဆိုးပင်။ သို့သော် ခုချိန်တွင် ထိုအိပ်မက်ဆိုးက ပြီးဆုံးမသွားသေးပါ။ ခုမှ အစပြုတာ ဖြစ်၏။
သူသည် နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကို ချိုးဖျက်ပြီး နိဗ္ဗာနဖြိုခွဲခြင်းအစောပိုင်းအဆင့်သို့ ဝင်ရောက်လာခဲ့၏။ သို့ရာတွင် ထိုမျှသည် ဝမ်လင်း၏အဆုံးသပ် မဟုတ်သေးပေ။ တာအိုသစ်သီး၏စွမ်းအားမှာ လုံးဝ လွင့်ပါးပျောက်ကွယ်သွားခြင်း မရှိသေးသလို ဝမ်လင်း တာအိုနယ်ပယ်တွင် ရရှိခဲ့သော ဉာဏ်အလင်းမှာလည်း ပေါက်ကွဲထွက်လာ၏။
သူ့ခန္ဓာကိုယ်တွင်းရှိ အော်ရာသည် ရုတ်တရက် ပျံ့နှံ့လာ၏။ ၎င်းအော်ရာသည် ပိုအားကောင်းကာ ရူးသွပ်လာသည်။ ဤအဖြစ်အပျက်များသည် လျှပ်တပြတ်အတွင်း ဖြစ်ပွားခဲ့ခြင်းပင်။ ဝမ်လင်းသည် နိဗ္ဗာနဖြိုခွဲခြင်းအစောပိုင်းအဆင့်ကို ချိုးဖျက်ကာ အလယ်အဆင့်ထိ တိုက်ရိုက် ဝင်ရောက်လာသည်။
ဟင်းလင်းပြင်အက်ကြောင်းက အလွန်အမင်း ထူးဆန်းနေပြီး နတ်ဘုရားပြစ်ဒဏ်ဝင်ရောက်လာနိုင်ခြင်း မရှိသည့်အတွက်ကြောင့်သာ နတ်ဘုရားပြစ်ဒဏ်သည် ချက်ခြင်း ထွက်ပေါ်မလာခြင်း ဖြစ်၏။ ထို့အပြင် အကယ်၍ နတ်ဘုရားပြစ်ဒဏ်သာ ထွက်ပေါ်လာပါက ၎င်းပြစ်ဒဏ်သည် အရင်ထက် အဆများစွာ ပိုမိုပြင်းထန်ပေမည်။
ယင်းက သူ ရင်ဆိုင်ခဲ့ရသော နတ်ဘုရားပြစ်ဒဏ်ထဲတွင် အားအကောင်းဆုံး ဖြစ်လာပေလိမ့်မည်။
သူ့ကျင့်ကြံမှုအဆင့် နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့်သို့ ပေါက်ကွဲထွက်လာချိန်၌ ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု တဖျပ်ဖျပ် ဖြစ်ပေါ်၏။ သူသည် ရှေ့သို့ ခြေလှမ်း၏။ ထိုအခိုက်အတန့်တွင် သူ့ဘေးပတ်လည်ရှိ မူလစွမ်းအင်ဝဲကတော့သည် ပတ်ဝန်းကျင်ကို အံ့မခန်းဖိသိပ်အားနှင့်အတူ ဝေ့ခတ်တိုက်ခတ်လေ၏။
ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။
ထိုဖိသိပ်အားအောက်တွင် သားရဲများသည် မရှောင်နိုင်ကြပေ။ ၎င်းတို့အားလုံး ကြေမွကုန်၏။ သွေးနံ့များ လောကတွင် လှိုင်တက်နေသည်။ သွေးနံ့မှာ အလွန်ပြင်းထန်လှ၏။ ပြင်းထန်လွန်း၏။
ဝမ်လင်းသည် သတ်ဖြတ်သူနတ်ဘုရားတစ်ပါးအလား။ သူ ရှေ့သို့ သွားနေရင်း သူ့ဘယ်လက်ဖြင့် ကျာပွတ်ကို ဖမ်းဆုပ်ကာ ဆွဲယူ၏။ သူက ပါးစပ်ဟလိုက်ရာ လက်သီးစုပ်ခန့်သွေးဓားကို ထွေးထုတ်သည်။ သွေးဓားသည် ကျာပွတ်နောက်သို့ လိုက်ကာ လေဟာနယ်အတွင်း ဝင်ရောက်သည်။
လောကသည်ပင် အပြင်းအထန် တုန်ခါဟန် ထင်မှတ်ရသည်။
လောက တုန်ခါနေရင်း လေဟာနယ်အတွင်းမှ ခပ်အုပ်အုပ်ငြီးသံတစ်ခု ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာ၏။ ကျာပွတ်မှာ ပျက်စီး၍ သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။
လေဟာနယ်အတွင်း၌ သွေးအလင်း ဖျပ်ခနဲ လင်းလက်သွားသည်။ သွေးဓား ပြန်လည် ပျံသန်းလာခြင်းပင်။ ထိုဓား၏ ထိပ်ဖျားတွင် ရွှေရောင်ခပ်ရင့်ရင့်သွေးတစ်စက် ရှိနေ၏။ ၎င်းက ဓားတစ်လျှောက် စီးဆင်းနေသည်။ ဝမ်လင်းသည် ညာလက်ဖြင့် လီမူဝမ်ကို ပွေ့ကိုင်ထား၏။ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်အပြည့်ပင်။ သူက ဘယ်လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေလိုက်ရာ နဂါးနက်ရှစ်ကောင် ပေါ်လာ၏။ လေဆင့်ခေါ်ခြင်းမန္တာန်သည် ဝမ်လင်းကို ဝန်းရံသွားသည်။
သူ ရှေ့သို့ ဆက်သွားနေရင်း ကျန်သည့်သားရဲအမြောက်အများလည်း စတင် သေဆုံးကုန်၏။ သွေးဓားထဲ၌ ဝမ်လင်း၏ နတ်ဘုရားအာရုံ အပိုင်းအစ ပါဝင်၏။ ၎င်းက လေဟာနယ်ကို ဖြတ်သန်းကာ သားရဲများ၏အသက်ကို ရိတ်သိမ်းလေသည်။
ဤနေရာတွင် သွေးများဖြင့် ပြည့်နှက်နေ၏။ ထို့ကြောင့် သွေးဓားမှာ အလွန်စိတ်လှုပ်ရှားနေသည်။ သွေးဓားသည် သတ်ဖြတ်နေရင်း ဓားတေးသံကို ထုတ်ဖော်၏။ ၎င်းသည် သားရဲများကို ထွင်းဖောက်ကာ သွေးကို သောက်သုံးလေ၏။ မျက်စိတစ်မှိတ်အတွင်း သားရဲများ၏ခန္ဓာကိုယ်များသည် အရိုးစုဖြစ်ကုန်ကြသည်။
သွေးဓားထံမှ သွေးအလင်းသည် ပိုပို အားကောင်းလာ၏။ ကြည့်ရသည်မှာ ၎င်းသည် သတ်ဖြတ်နေရမှုအပေါ် စိတ်လှုပ်ရှားနေပုံပင်။
၎င်းဓားက ဆက်လက် သတ်ဖြတ်နေလျက် သွေးဓား၏အော်ရာမှာ များစွာ တိုးတက်လာ၏။ ပိုထက်ရှလာ၏။
ဟင်းလင်းပြင်အက်ကြောင်းအတွင်း၌ ဝမ်လင်းကို မရေမတွက်နိုင်သောသားရဲများက ဝန်းရံထား၏။ သို့ရာတွင် ခြင်သားရဲများ၊သွေးဓား၊ သူ့နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့် ကျင့်ကြံမှုတို့ဖြင့် သူသည် သွေးလမ်းကို ခင်းနေတော့သည်။
သူ့အဝတ်အစားများသည် သွေးရောင်နီနေ၏။ သို့သော် သူ လုံးဝ မရပ်ပေ။ သူ ပြင်းပြင်းထန်ထန် ပိုသတ်ဖြတ်ရင်း အချိန်ကုန်လာသည်။
အချိန်မည်မျှကြာအောင် ကုန်ဆုံးသွားမှန်း မသိပြီးနောက် ပိုနည်းပါးသောသားရဲများသာ ကျန်တော့၏။ သတ်ဖြတ်မှုက ဆက်ဖြစ်နေသလို ယင်းသားရဲများလည်း ပိုထိတ်လန့်ကြောက်ရွှံ့လာကြသည်။ သူတို့သည် ဤအက်ကြောင်းအတွင်းမှာ မွေးဖွားလာခဲ့ချိန်မှစ၍ သားရဲဘုရင်တစ်ယောက်၏ အော်ရာကိုသာ ကြောက်ခဲ့ဖူးသည်။ မည်သည့်ပြင်ပဖြစ်တည်မှုသက်ရှိများနှင့် ရင်ဆိုင်ရပါစေ အထူးသဖြင့် ကျင့်ကြံသူများနှင့် ရင်ဆိုင်ရချိန်တွင် ထိုပြင်ပလူသည် မည်မျှသန်မာပါစေ မကြောက်လန့်ခဲ့ဖူးပေ။ ထိုအစား သူတို့သည် ပိုပို၍ပင် ကြမ်းကြုတ်လာသေး၏။
သို့ရာတွင် ဝမ်လင်း၏ အင်တိုက်အားတိုက် သတ်ဖြတ်မှုကြီးကို မျက်မြင်တွေ့နေရသဖြင့် ပထမဆုံးအကြိမ်အဖြစ် ယင်းသားရဲများသည် ကြောက်လန့်မိနေပြီ။
ဝမ်လင်း လက်ချက်ဖြင့် သားရဲမည်မျှ သေဆုံးသွားသည်ကိုပါ မသိနိုင်တော့ချေ။ သူကိုယ်တိုင်ပင် မည်မျှအရေအတွက် သတ်ပြီးခဲ့သနည်းကို မမှတ်မိနိုင် ဖြစ်ရ၏။ သူသည် သူ့ရှေ့ရှိ လောကတွင် သားရဲများ ပြည့်နှက်နေသည်ကို သိသည်။ သူ သတ်ပစ်ရမည်ကိုသာ သိသည်။
သူသည် ဟင်းလင်းပြင်အက်ကြောင်းအတွင်းကနေ ပြင်ပနယ်မြေသို့ လီချန်မေကို ခေါ်ထုတ်သွားနိုင်ဖို့ သွေးလမ်းခင်းရပေမည်။ သူသည် ထာဆန်၏တည်ရှိမှုကိုပါ လစ်လျူရှုထား၏။ သူသည် သူမကို သူမနှင့်ပတ်သတ်မှုတစ်ခုခု ရှိနေနိုင်သော တာအိုသခင်အိပ်မက်ပြာထံ ခေါ်ဆောင်သွားရပေမည်။
တာအိုသခင်အိပ်မက်ပြာသည် လီချန်မေ၏ ကျောက်စိမ်းလက်ကောက်ကို တွေ့မြင်ခဲ့ရသည့်နောက် ဝမ်လင်းကို လွှတ်ပေးဖို့ ဆန္ဒရှိခဲ့သည် မဟုတ်လား။ ဝမ်လင်း၏ဉာဏ်ရည်ဖြင့် မိဘမဲ့တစ်ယောက်အဖြစ် လီချန်မေ၏နောက်ခံကို ထောက်ရှုကာ သူသည် တချို့အရာများကို အကြမ်းဖျဉ်း ခန့်မှန်းနိုင်စွမ်း ရှိပေသည်။
“တာအိုသခင်အိပ်မက်ပြာရဲ့ စွမ်းအားနဲ့ဆိုရင် သူက လီချန်မေကို ကျိန်းသေပေါက် ကယ်တင်ပေးနိုင်မှာပဲ…”
သည်တစ်ခုသာ ဝမ်လင်းအတွက် မျှော်လင့်ချက် ရှိတော့၏။ သူ သေရမည်ဆိုလျှင်ပင် သူသည် လီချန်မေကို တာအိုသခင်အိပ်မက်ပြာထံ ရောက်အောင် ပို့ပေးပေမည်။
သူသည် လီချန်မေအပေါ် အကြွေးတင်ခဲ့၏။ သူ သူမကို ပြန်ပေးဆပ်ရပေမည်။
ခုချိန်၌ မူလတုန်းက တစ်သောင်းအရေအတွက် ရှိခဲ့သော ခြင်သားရဲများသည် ငါးထောင်လောက်သာ ရှိတော့၏။ သို့သော် ဒီခြင်သားရဲများသည် လေကောင်းကင်ဘုံနယ်မြေတွင် နေထိုင်သော သက်ရှိများထက် များစွာပိုလွန်သော သတ်ဖြတ်လိုစိတ် အပြည့်ရှိကြသည်။
ဤခြင်သားရဲများသည် လေကောင်းကင်ဘုံနယ်မြေတွင် နေထိုင်ခဲ့ကြ၏။ ထို့ကြောင့် ခြင်သားရဲဘုရင်များကြား တိုက်ပွဲကလွဲ၍ သူတို့အဖို့ အန္တရာယ်များများစားစား မရှိခဲ့ပေ။ ယင်းအဖြစ်က သူတို့၏တိုးတက်မှုကို နှေးဖင့်မှု ဖြစ်စေသည်။
သို့ပေမည့် ရက်စက်လှသော ဟင်းလင်းပြင်အက်ကြောင်းတွင်း၌ ခြင်သားရဲများသည် သတ်ဖြတ်မှုအတွင်းကနေ သူတို့၏အထူးသွေးမျိုးဆက်များ နိုးထလာခဲ့ကြပေပြီ။ အခုထိ ရှင်သန်ကျန်ရစ်ခဲ့သော ခြင်သားရဲများသည် အဆုံးစွန်ကြမ်းကြုတ်ရန်လိုမှု ပိုင်ဆိုင်နေပြီ ဖြစ်သည်။
အထူးသဖြင့် ခြင်သားရဲဘုရင်ပင်။ ၎င်းက ကြောက်မက်ဖွယ်ဟိန်းသံကို ပေးနေ၏။ ၎င်း၏ရက်စက်သောအကြည့်နှင့် တွေ့ဆုံရသူတိုင်းမှာ ချက်ခြင်းပင် သူတို့၏နှလုံးသားအတွင်း၌ အေးစိမ့်မှုကို ခံစားသွားရနိုင်သည်။
သွေးဓားက သွေးပင်လယ်ကို ဖြတ်သန်းသွားကာ နတ်ဆိုးဆန်သောအလင်းကို ပေးစွမ်း၏။ ထိုဓားသည် ကြမ်းကြုတ်သောအော်ရာကိုလည်း ပေးစွမ်းနေသည်။ စိတ်ဝိညာဉ်တစ်ခုက သွေးကို ဝါးမြိုပြီး နိုးထသက်ဝင်လာသည့်အလား။
ဤနေရာရှိ ပေတစ်သောင်းအတွင်းမှာ သွေးပင်လယ် ဖြစ်နေချေပြီ။ သားရဲများသည် အတွင်းသို့ ခြေတစ်ဝက်ပင် မချဝံ့ကြတော့ချေ။ သူတို့အားလုံးသည် ဝမ်လင်းကို ကြောက်လန့်တကြား စူးစိုက်ကြည့်နေသည်။
သို့ရာတွင် ထိုအခိုက်အတန့်၌ လေဟာနယ်အတွင်းမှ ခပ်စူးစူးတဝီဝီအသံ ထွက်ပေါ်လာ၏။ ကျာပွတ်ကဲ့သို့ အရိပ်ကိုးခုသည် ဝမ်လင်းထံ ရိုက်ချလာပေပြီ။
ထိုအခိုက်အတန့်မှာပင် လေဟာနယ်အတွင်း၌ ဧရာမပုံရိပ်တစ်ခု ပေါ်လာ၏။ ထိုပုံရိပ်မှာ အမြှီးကိုးခုနှင့် ဧရာမကင်းမြှီးကောက်ကြီးပင်။ ထိုကင်းမြှီးကောက်သည် ပေထောင်သောင်းချီ မြင့်မားပြီး တုန်လှုပ်ဖွယ်ရာဖိအားကို ပေးစွမ်းနေသည်။
၎င်းသည် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်၏။ ထိုကင်းမြှီးကောက်အရိပ်ရှေ့တွင် ဝတ်စုံနက်အမျိုးသမီးတစ်ယောက် ရှိနေ၏။ သူမ၏မျက်နှာထက်တွင် ကင်းမြှီးကောက်တက်တူးတစ်ခု ရှိသည်။ သူမသည် သုန်မှုန်စွာဖြင့် ရှေ့သို့ လှမ်းလာ၏။ သူမ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျနေသည်။ သူမသည် ဝမ်လင်းကို စူးစိုက်ကြည့်သည်။
“ငါဟာ ရှေးဟောင်းအင်ပါယာကိုယ်လုပ်တော်ရဲ့ အမိန့်အောက်မှာ ရှိတဲ့ ခရမ်းသွေးပဲ။ နင်က ဘယ်သူလဲ…”
***