အခန်း ၅၉၃
Vol. 60 Ch. 593
အခန်း (၅၉၃)
" ငါ စိတ်ဝိညာဉ်ရတနာတစ်ခုကို သန့်စင်ပြီး ဝိညာဉ်တွေရဲ့ မှတ်ဉာဏ်ကို ဆေးကြောဖို့ ဝိညာဉ်နိယာမကို ထည့်သွင်းလိုက်မယ်။ အဲ့ဒါဆို လုံလောက်သွားပြီ။ " ကျောက်ဖုန်းက ချက်ချင်း အကြံရသွားသည်။
ထို့နောက် သူက သန့်စင်ရန် ပစ္စည်းများကို ထပ်ထုတ်လိုက်သည်။ ခဏကြာသောအခါ ကျောက်ဖုန်းက ရေကန်ကြီးတစ်ခုကို တိုက်ရိုက် သန့်စင်လိုက်သည်။ သူက ရေကန်ထဲသို့ ဝိညာဉ်နိယာမကို ထည့်သွင်းပြီး ကောင်းကင်တာအိုရဲ့ စွမ်းအားနှင့် ကောင်းချီးပေးလိုက်သည်။
" ဝိညာဉ်သန့်စင်ခြင်းရေကန်၊ ဝိညာဉ်တစ်ခုက အဲ့ဒီထဲဝင်လိုက်တာနဲ့ သူတို့ရဲ့ မှတ်ဉာဏ်တွေအားလုံး ဆေးကြောခံရလိမ့်မယ်။ အဲ့ဒီဝိညာဉ်က နောက်ဘဝမှာ သိုင်းတာအိုမဟာစွမ်းအားရှင်အဆင့်ကို ရောက်မှ သူ့ရဲ့ အတိတ်ဘဝက မှတ်ဉာဏ်တွေကို ပြန်ရနိုင်မယ့် အခွင့်အရေး ရှိလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ လက်ဝှေ့ရမ်းလိုက်သည်။
ဝိညာဉ်သန့်စင်ခြင်းရေကန်က ပြန်လည်မွေးဖွားခြင်းစင်မြင့်ရှေ့သို့ ကျရောက်သွားပြီး မရဏဘုံနှင့် ပေါင်းစပ်သွားသည်။ ကျောက်ဖုန်းက ထိုရတနာသုံးခုကို ဟေယက်ထျန်းအဆင့်ထိသာ သန့်စင်ထားသော်လည်း မရဏဘုံနှင့် ပေါင်းစပ်ထားသောကြောင့် ကမ္ဘာငယ် အဆင့်တက်လာသည်နှင့်အမျှ ထိုရတနာများကလည်း အဆင့်တက်လာပေလိမ့်မည်။
" အပြစ်ကြေးမုံ၊ သုံးဘဝကျောက်တုံးနဲ့ ဝိညာဉ်သန့်စင်ခြင်းရေကန်တို့တော့ ပြီးသွားပြီ။ နောက်တစ်ခုအနေနဲ့ ငရဲဆယ့်ရှစ်ထပ်ထဲမှာ ဝိညာဉ်တွေကို အပြစ်ပေးဖို့အတွက် မှော်ရတနာအချို့ သန့်စင်ဖို့ လိုသေးတယ်။ အနာဂတ်မှာ မရဏတမန်တော်တွေ လိုအပ်မယ့် မှော်ရတနာတွေကိုတော့ ထျန်းရွှမ်ကြေးမုံက ထုတ်ယူပြီး မရဏဘုံရဲ့ စွမ်းအားနဲ့ ကောင်းချီးပေးလိုက်ရုံပဲ။ " ကျောက်ဖုန်းက ပြုံးလိုက်ပြီး သန့်စင်ခြင်းကို စတင်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် ငရဲဆယ့်ရှစ်ထပ်တွင် ဝိညာဉ်များကို ညှင်းပန်းနှိပ်စက်နိုင်သော ရတနာများ စုံလင်သွားသည်။
" ပြီးသွားပြီ။ " ကျောက်ဖုန်းက ကျေနပ်စွာ ပြုံးလိုက်သည်။ သို့သော် ရုတ်တရက် မရဏဘုံ၏ ဆင့်ကဲပြောင်းလဲမှုက ရပ်တန့်သွားသည်။
" ဘာဖြစ်တာလဲ။ " ကျောက်ဖုန်းက အံ့ဩသွားပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။ " အရေးကြီးဆုံးအရာကို မေ့တော့မလို့။ သေခြင်းရှင်ခြင်းစာအုပ်ပဲ။ အဲ့ဒါကိုလည်း သန့်စင်ဖို့ လိုသေးတယ်။ သေခြင်းရှင်ခြင်းစာအုပ်ကို သန့်စင်ပြီး အပိုင်းတွေ ခွဲထုတ်လိုက်မယ်။ " ကျောက်ဖုန်းက တွေးလိုက်ပြီး နောက်တစ်ကြိမ် သန့်စင်ရန် စတင်လိုက်သည်။
မကြာမီ ဝိညာဉ်နိယာမ၏ သိပ်သည်းသော စွမ်းအားများ ပြည့်နှက်နေသော စာအုပ်တစ်အုပ်က မရဏဘုံထဲတွင် ပေါ်လာသည်။ ကျောက်ဖုန်းက အထဲသို့ ကောင်းကင်တာအို၏ စွမ်းအားများ ထည့်သွင်းလိုက်သောအခါ သက်ရှိအားလုံး၏ အချက်အလက်များက သေခြင်းရှင်ခြင်းစာအုပ်ထဲတွင် ပေါ်လာသည်။ သိုင်းတာအိုမဟာစွမ်းအားရှင်အဆင့်ထက် ကျော်လွန်သူများသာ ထိုထဲတွင် မပါဝင်ပေ။
" အခုတော့ ပြီးပြီ။ " ကျောက်ဖုန်းက ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။
ထို့နောက် ကမ္ဘာငယ်က တုန်ခါသွားပြီး ကျောက်ဖုန်းသန့်စင်ထားသော ရတနာများကို စွမ်းအားများ ထပ်ဖြည့်လိုက်သည်။ ကမ္ဘာငယ်ထဲတွင် ရှေးဦးမူလကမ္ဘာ၏ ကောင်းကင်၊ မြေကြီးနှင့် လူသား တာအိုသုံးခု မရှိပေ။ ကျောက်ဖုန်း၏ ကောင်းကင်တာအိုတစ်ခုသာ ရှိသည်။ ထို့အပြင် ကျောက်ဖုန်းက သူ၏ ကမ္ဘာငယ်ထဲတွင် မြေကြီးတာအိုနှင့် လူသားတာအိုကို ပေါ်လာခွင့်ပြုမည်မဟုတ်လဲ အရာအားလုံးကို သူ၏ လက်ထဲတွင်သာ ထိန်းချုပ်ထားမည်ဖြစ်သည်။
ဝုန်း....
မရဏဘုံ၏ ပြန်လည်မွေးဖွားခြင်းနိယာမက ကမ္ဘာငယ်တစ်ခုလုံး၏ ကောင်းကင်နှင့်မြေကြီးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ ယခင်က ဝိညာဉ်များကို ပြန်လည်မွေးဖွားရန် ကောင်းကင်တာအို၏ စွမ်းအားကို သုံးစွဲရသည်။ ယခု ပြန်လည်မွေးဖွားခြင်းကို တည်ထောင်လိုက်သောကြောင့် အရာအားလုံး လွယ်ကူသွားပြီဖြစ်သည်။
" မရဏဘုံမှာ မရဏတမန်တော်တွေ၊ မရဏတရားသူကြီးတွေနဲ့ ယမမင်းတွေ လိုတယ်။ ထျန်းရွှမ်ကြေးမုံထဲက ညီအကိုတွေ နောက်ဆုံးတော့ အနားယူခွင့်ရသွားပြီ။ " ကျောက်ဖုန်းက ဝမ်းသာသွားသည်။
အတိတ်တွင် စစ်မြေပြင်၌ ကျဆုံးသွားသော စစ်သည်များ၏ ဝိညာဉ်များကို သိမ်းဆည်းထားခဲ့သည်။ သူတို့၏ ဝိညာဉ်များက မရဏဘုံသို့ ဝင်နိုင်သော်လည်း သူတို့၏ ရှေ့ရေးက မသေချာပေ။ ထို့အပြင် ကောင်းကင်ဘုံမှ ကောင်းကင်စစ်သည်များက ချပ်ဝတ်ထဲတွင် ထာဝရ ချုပ်နှောင်ခံရပြီး လုံးဝပျက်စီးမှသာ လွတ်မြောက်နိုင်ကြသည်။ ကျောက်ဖုန်းက သေဆုံးသွားသော စစ်သည်များ၏ ဝိညာဉ်များကို ထျန်းရွှမ်ကြေးမုံထဲတွင် သိမ်းဆည်းထားခဲ့သည်။
ယခု ကမ္ဘာငယ်တွင် မရဏဘုံရှိနေပြီဖြစ်သောကြောင့် သူ၏ ညီအကိုများက ပြန်လည်မွေးဖွားနိုင်ပြီဖြစ်သည်။ ကျောက်ဖုန်းက သူတို့ကို ပြန်လည်မွေးဖွားနိုင်သည် သို့မဟုတ် မရဏတမန်တော်များအဖြစ် တာဝန်ထမ်းဆောင်ရန် ရွေးချယ်နိုင်သည်။
ကျောက်ဖုန်းက ထျန်းရွှမ်ကြေးမုံကို ဆင့်ခေါ်ပြီး ဝိညာဉ်များရှိနေသော နေရာကို ဖွင့်လိုက်သည်။ ဝိညာဉ်လေးငါးသိန်းလောက်က မရဏဘုံထဲသို့ ကျဆင်းသွားသည်။ သူတို့အားလုံးက အသက်ရှိစဉ်က ဝတ်ခဲ့သော အနက်ရောင်ချပ်ဝတ်များကို ဝတ်ဆင်ထားကြသည်။
" ဒါ ဘယ်နေရာလဲ။ ယင်စွမ်းအားတွေ သိပ်သည်းနေပါလား။ "
" ငါရဲ့ ခန္ဓာကိုယ် ဖြစ်တည်လာသလိုပဲ။ "
ထျန်းရွှမ်ကြေးမုံထဲမှ ဝိညာဉ်များကို မပျက်စီးအောင် ထိန်းသိမ်းထားရသောကြောင့် သူတို့အားလုံးက အိပ်ပျော်နေခဲ့သည်။ သို့သော် သူတို့က မရဏဘုံထဲသို့ ရောက်သွားပြီဖြစ်သောကြောင့် ၎င်းက ဝိညာဉ်တိုင်းအတွက် နိဗ္ဗာန်ပင်ဖြစ်သည်။
" ညီအကိုတို့ " ကျောက်ဖုန်းက စစ်သည်များကို ကြည့်ပြီး ခေါ်လိုက်သည်။
ထိုခေါ်ဆိုမှုက စစ်သည်များ၏ စိတ်ကို ချက်ချင်း နိုးထနေပြီး သူတို့ကို အသိပြန်ဝင်လာစေခဲ့သည်။
" အိမ်ရှေ့စံမင်းသား... ဒါ အိမ်ရှေ့စံမင်းသားရဲ့ အသံပဲ။ "
" ကျွန်တော်မျိုး အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။ " သူတို့ အိမ်ရှေ့စံမင်းသား၏ အသံကို ကြားလိုက်သည်နှင့် အားလုံးက ချက်ချင်း ဂါရဝပြုလိုက်ကြသည်။ သူတို့အားလုံးက အသက်ရှိစဉ်တုန်းကလိုပင် ဘာမှမပြောင်းလဲပေ။ သူတို့ သေဆုံးသွားလျှင်တောင် ချင်စစ်သည်များသာ ဖြစ်သည်။
ကျောက်ဖုန်းက စစ်သည်များကို ခံစားချက်များဖြင့် ကြည့်လိုက်သည်။ သူတို့က ချင်အပေါ်သစ္စာရှိစွာဖြင့် သူနှင့်အတူ တိုက်ခိုက်ပြီး သူနှင့်အတူ တိုက်ပွဲဝင်ခဲ့သော စစ်သည်များဖြစ်သည်။ ထို့နောက် သူက မရဏဘုံအထက်တွင် သူ၏ ပုံရိပ်တစ်ခုကို ဖန်တီးလိုက်သည်။
" ညီအကိုတို့ မတွေ့တာကြာပြီ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" အိမ်ရှေ့စံမင်းသား ကျွန်တော်မျိုးက မြောက်ဘက်နယ်စပ်တိုက်ပွဲမှာ သေဆုံးသွားပြီမဟုတ်လား။ ဘယ်လိုလုပ် အိမ်ရှေ့စံမင်းသားကို ပြန်တွေ့နေရတာလဲ။ "
" အိမ်ရှေ့စံမင်းသားကို ဘယ်သူက ထိခိုက်အောင်လုပ်တာလဲ။ ကျွန်တော်မျိုးတို့ ဝိညာဉ်တွေ ပျက်စီးသွားရင်တောင် အိမ်ရှေ့စံမင်းစားအတွက် လက်စားချေပေးမယ်။ "
ကျောက်ဖုန်းကို မြင်လိုက်ရချိန်တွင် စစ်သည်များက ဒေါသများ၊ မုန်းတီးမှုများဖြင့် ပြည့်နှက်သွားကြသည်။ ကျောက်ဖုန်းက သူတို့လို စစ်မြေပြင်တွင် သေဆုံးခဲ့သည်ဟု သူတို့ ထင်နေသောကြောင့်ဖြစ်သည်။ ၎င်းကို မြင်သောအခါ ကျောက်ဖုန်းက စိတ်လှုပ်ရှားသွားမိသည်။
" ညီအကိုတို့ ငါ အသက်ရှင်လျက်ရှိပါသေးတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
ထိုစကားများက စစ်သည်များအားလုံးကို စိတ်တည်ငြိမ်သွားစေခဲ့သည်။
" အရှင် ကျွန်တော်မျိုးတို့ ဘယ်ရောက်နေတာလဲ။ " ဝိညာဉ်များစွာထဲတွင် ကျောက်ဖုန်းနှင့်အတူ စစ်ဆင်ရေးများတွင် အမြဲလိုက်ပါခဲ့သော ရှောင်ဟန်က ရှေ့တိုးလာသည်။
သူက ကျောက်ဖုန်းနှင့်အတူ တုန်ဟူကို တိုက်ခိုက်သော မြောက်ဘက်နယ်စပ်တွင် ကျဆုံးခဲ့သည်။ သူက သိုင်းတာအိုကို ကျင့်ကြံထားသော်လည်း အဆင့်သိပ်မမြင့်သေးပေ။
" မင်းတို့ ရောက်နေတာ ငါအုပ်ချုပ်တဲ့ ကမ္ဘာပဲ။ ဒါက သေဆုံးတဲ့ ဝိညာဉ်တွေရဲ့ ကမ္ဘာ မရဏဘုံပဲ။ အခု ငါရဲ့ ကမ္ဘာမှာ မရဏဘုံနဲ့ ပြန်လည်မွေးဖွားခြင်းစင်မြင့်ကို ပိုင်ဆိုင်လာပြီ။ ညီအကိုတို့ မင်းတို့က ငါ့နောက်လိုက်ပြီး ချင်အတွက် အသက်ပေးခဲ့ကြတယ်။ ငါ ဆက်ပြီး တိုက်ခိုက်နေပေမယ့် မင်းတို့ကို အသက်ရှင်လျက် ပြန်မခေါ်လာနိုင်ခဲ့ဘူး။ ဒါပေမယ့် ငါမင်းတို့ရဲ့ ဝိညာဉ်တွေကိုတော့ ကာကွယ်နိုင်ခဲ့တယ်။ "
" အခု ငါက မရဏဘုံကို ထိန်းချုပ်ပြီး ပြန်လည်မွေးဖွားခြင်းကို ပိုင်ဆိုင်ထားပြီဖြစ်လို့ မင်းတို့ကို ရွေးချယ်စရာနှစ်ခုပေးမယ်။ ပထမတစ်ခုက မင်းတို့ရဲ့ ဝိညာဉ်ခန္ဓာကိုယ်ကို ထိန်းသိမ်းပြီး မရဏဘုံမှာ မရဏတမန်တော်တွေ၊ မရဏတရားသူကြီးတွေအဖြစ် နေထိုင်သွားဖို့ပဲ။ ဒုတိယတစ်ခုက ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲကို ဝင်ရောက်ဖို့ပဲ။ မင်းတို့အားလုံးက ချင်အတွက် အကျိုးပြုခဲ့သူတွေဖြစ်လို့ ချမ်းသာတဲ့ မိသားစုမှာ ပြန်မွေးဖွားနိုင်ပြီး အနာဂတ်မှာ သိုင်းတာအိုကိုလည်း ကျင့်ကြံနိုင်လိမ့်မယ်။ ဘယ်လိုရွေးချယ်မလဲဆိုတာ မင်းတို့အပေါ်မှာပဲ မူတည်တယ်။ " ကျောက်ဖုန်း၏ အသံက မရဏဘုံထဲတွင် ပဲ့တင်ထပ်သွားသည်။
၎င်းကို ကြားသောအခါ စစ်သည် ၉၀ ရာခိုင်နှုန်းလောက်က ချက်ချင်း ဒူးထောက်လိုက်ကြသည်။ " ကျွန်တော်မျိုးတို့ အရှင်မင်းသားအတွက် သေတဲ့အထိ တာဝန်ထမ်းဆောင်ဖို့ အဆင်သင့်ပါပဲ။ "
ကျန်သော ဆယ်ရာခိုင်နှုန်းက အတွင်းစိတ်ထဲတွင် ရုန်းကန်နေကြသည်။
" ငါ့ရဲ့ ညီအကိုတွေ ဘယ်လိုပဲရွေးချယ်ပါစေ ငါခွင့်ပြုတယ်။ ပြန်လည်မွေးဖွားခြင်းထဲကို ဝင်ချင်တဲ့သူတွေက လူသားလမ်းကြောင်းကို ဝင်ရောက်ပြီး ချမ်းသာတဲ့ မိသားစုမှာ ပြန်လည်မွေးဖွားနိုင်တယ်။ မရဏဘုံမှာ နေချင်တဲ့သူတွေ ငါမင်းတို့ကို ကျင့်စဉ်တွေပေးမယ်။ မရဏဘုံရဲ့ စွမ်းအားကို ရရှိပြီး ဝိညာဉ်တွေကို စီရင်ဖို့နဲ့ ပြန်လည်မွေးဖွားခြင်းထဲကို လမ်းပြဖို့ တာဝန်ယူရမယ်။ " ကျောက်ဖုန်းက ထပ်ပြောလိုက်သည်။
" ကျွန်တော်မျိုးက အရှင်မင်းသားအတွက် တာဝန်ထမ်းဆောင်ဖို့ ကျန်နေခဲ့ပါမယ်။ "
" ကျွန်တော်မျိုးက မိသားစုနဲ့အတူ မနေခဲ့ရဘူး။ ပြန်လည်မွေးဖွားခြင်းထဲဝင်ပြီး နောက်ဘဝမှာ ငြိမ်းချမ်းမှုကို ခံစားချင်ပါတယ်။ "
" ကျွန်တော်မျိုးက နေခဲ့ပါမယ်။ "
ဝိညာဉ်များအားလုံးက ဆုံးဖြတ်ချက်ချလိုက်ကြသည်။ ကျောက်ဖုန်းက သူတို့တစ်ယောက်ချင်းစီ၏ ရွေးချယ်မှုကို အလေးထားသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့