အဆင့်ဆယ့်သုံး
Vol. 98 Ch. 1351
“အဆင့်ဆယ့်သုံးသားရဲကနေ လူသားအသွင် ပြောင်းထားတာပဲ…”
ဝမ်လင်းသည် သွေးပင်လယ်ထဲတွင် ရပ်နေလျက် ရှိ၏။ သူက ဧရာမကင်းမြှီးကောက်အရိပ်ရှေ့တွင် ရပ်နေသော ဝတ်စုံနက်အမျိုးသမီးကို ကြည့်သည်။ ချက်ခြင်းပင် သူမက ကျင့်ကြံသူတစ်ယောက် မဟုတ်မှန်း သူ သိလိုက်၏။ သို့သော် သားရဲများသည် ကျင့်ကြံမှုအဆင့်တစ်ခု ရောက်သည့်အခါတွင် လူသားတစ်ယောက်အသွင် ပြောင်းလဲနိုင်ပေသည်။
လီချန်မေ၏ အကာအကွယ်အပြာရောင်အလင်းကို ပျက်စီးသွားစေခဲ့သော ကျာပွတ်မှာ ထိုအမျိုးသမီးနောက်ရှိ ကင်းမြှီးကောက်၏ အမြှီးဖြစ်မှန်း သိသာနေ၏။ ထိုအမြှီးကြောင့်သာ မဟုတ်ပါက လီချန်မေသည် ဒဏ်ရာအပြင်းအထန် ရသွားလိမ့်မည် မဟုတ်ပေ။ သူမသည် အနည်းဆုံးတော့ ဝမ်လင်း ရောက်လာသည့်အချိန်ထိ တောင့်ခံနိုင်ပေလိမ့်မည်။
ထိုဝတ်စုံနက်အမျိုးသမီးနှင့် သူမနောက်ရှိ ကင်းမြှီးကောက်အရိပ်ကို တွေ့လိုက်ရသည့်နောက် ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်လာ၏။ သူသည် သူမက လူသားအသွင် ပြောင်းလဲထားသော်လည်း ကောင်းကင်ဘုံဒုက္ခဒုတိယအဆင့် ကျင့်ကြံမှုနှင့် ညီမျှသောအစွမ်း ပိုင်ဆိုင်ထားမှန်း ချက်ခြင်း တွေ့မြင်သည်။ သူက ထိုအမျိုးသမီး၏ အမေးကို ပြန်တုန့်ပြန်မနေဘဲ သူမထံ တိုးဝင်လာတော့၏။
သူ လှုပ်ရှားလိုက်သည့်အခါ သွေးဓားမှာ ဝမ်လင်းနား ပျံသန်းလာ၏။ ဝမ်လင်းက သူ့ဘယ်လက်ဖြင့် ဓားကို ဆုပ်ကိုင်ကာ ကြမ်းတမ်းစွာ ခုတ်ပိုင်းချလိုက်သည်။
ဝတ်စုံနက်အမျိုးသမီး၏ အမူအရာသည် ပြောင်းလဲသွား၏။ သူမသည် ထိုသွေးဓားကြောင့် အစောပိုင်းကတည်းက ဒဏ်ရာရထားခဲ့သည် မဟုတ်လား။ သူမက ချက်ခြင်း နောက်ဆုတ်ကာ လက်နှစ်ဖက်ကို ဖြန့်ကားလိုက်သည်။ သူမနောက်ရှိ ဧရာမကင်းမြှီးကောက်အရိပ်က တုန်ခါကာ အူသံပြု၏။ အမြှီးကိုးချောင်းမှာ ကျာပွတ်ကိုးခုအလား ဝမ်လင်းထံ ရိုက်ချလာသည်။
ဝမ်လင်း၏အမူအရာမှာ ကြမ်းတမ်းနေ၏။ သူသည် တစ်စက်လေးပင် ရပ်မသွား။ရှေ့သို့ လှမ်းဝင်လာရင်း သွေးဓားကို ဝေ့ယမ်းကာ သွေးစွမ်းအင်တန်းတစ်ခုကို ထိုးထွက်သွားစေသည်။ ဓားစွမ်းအင်ထံမှ စူးရှရှအော်မြည်သံများ ဖြစ်ပေါ်လျက် ထိုကျာပွတ်ကဲ့သို့ အမြှီးကိုးချောင်းထံ တိုးဝင်လာသည်။
မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်၏။ သွေးဓားသည် တောက်ပသောအလင်းကို ထုတ်လွှတ်ကာ သွေးပင်လယ်ကို ဧရာမဝဲကတော့တစ်ခုအသွင် ဖြစ်ပေါ်စေသည်။ ထိုဝဲကတော့က ရှေ့သို့ ဝေ့ခတ်လာကာ အမြှီးများထဲမှ သုံးခုသည် ရုတ်တရက် ပျက်စီးသွားလေ၏။
သွေးအလင်း တဖျပ်ဖျပ် တောက်ပ၏။ သွေးဓားကိုပင် မမြင်ရတော့ချေ။ ဖျပ်ခနဲ ၎င်းက အမြှီးလေးချောင်းကို ဖြတ်တောက်ပစ်သည်။ ထိုအခါ အမြှီးနှစ်ခုသာ ကျန်တော့၏။ ယင်းတို့က ဝမ်လင်းအနား တိုးဝင်လာသည့်အခါ သူက သူ့ဘယ်လက်ကို ဝေ့ယမ်းသည်။ မူလစွမ်းအင်များ စတင်စုဝေး၏။ သူက ထိုမူလစွမ်းအင်ကို သူ့ရှေးဟောင်းနတ်ဘုရားစွမ်းအားနှင့် ပေါင်းစပ်ကာ ကောင်းကင်တုန်ခါစေမည့် လေပြင်းကို ဖြစ်ပေါ်စေပြီး ထိုအမြှီးနှစ်ချောင်းနှင့် ထိပ်တိုက်တွေ့စေလိုက်သည်။
ထိုအခါ အမြှီးနှစ်ချောင်းမှာ တစစီ ဖြစ်သွားလေ၏။
ချိပ်ပိတ်မှုကို ဖွင့်လှစ်ပြီးသည့်နောက် တာအိုသစ်သီး၏စွမ်းအားမှာ သူ့ကို နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ထိ ချိုးဖျက်ဝင်ရောက်စေခဲ့ပြီး နောက်ဆုံးတွင် ဝမ်လင်းသည် အစစ်အမှန်စွမ်းအားထောက်တိုင်တစ်ခု ဖြစ်လာခဲ့ပေပြီ။ ထို့အပြင် သူသည် ထာဝရကလန်တွင် ရှေးဟောင်းနတ်ဘုရားအော်ရာကိုလည်း စုပ်ယူခဲ့ပြီး သူ့ ရှေးဟောင်းနတ်ဘုရားကြယ်များကို ပြန်ကောင်းမွန်စေသည်။ သူ့ခြောက်ခုမြောက်ကြယ်သည် နောက်ဆုံးတွင် ပုံစံအသွင် ဖြစ်ပေါ်လာခဲ့သလို ခုနစ်ခုမြောက်ကြယ်ပင် သူ့ဟာသူ စတင် ထွက်ပေါ်လာခဲ့သည်။
ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ သွေးနှင့် သန့်စင်မွန်းမံထားသော အံ့ချီးဖွယ်သွေးဓားကိုပါ ထည့်ပေါင်းပါက ဝမ်လင်း၏စွမ်းအားသည် တာအိုပညာရှင်ရေနှင့် တိုက်ခိုက်ခဲ့ချိန်ကထက် အပုံကြီး သာလွန်နေပြီ ဖြစ်၏။
ပို၍ အရေးကြီးသည်က သူ့ခန္ဓာကိုယ်ထဲရှိ အဆီအနှစ်ငါးခုလည်း နိုးထလာခဲ့ပြီး မဟုတ်လား။ ၎င်းတို့က အလွန်အားနည်းနေသေးသော်လည်း ဆက်တိုက်ဆိုသလို တိုးတက်နေကြ၏။ ခုလက်ရှိ ဝမ်လင်း၏ခွန်အားကို သူ့ နှစ်ပေါင်းနှစ်ထောင်ကျင့်ကြံမှုအတွင်း အသန်မာဆုံးဟုပင် ပြောနိုင်သည်။
ခုချိန်တွင် ဝမ်လင်းသည် သန်မာမှုနယ်ပယ်ထဲ ဝင်ရောက်လာခဲ့ပြီဟု ဆိုနိုင်၏။ အတွင်းနယ်မြေ(ချိပ်ပိတ်နယ်မြေ) သို့မဟုတ် ပြင်ပနယ်မြေမှာ ဖြစ်စေ သူသည် အုပ်ချုပ်သူတစ်ယောက် ဖြစ်လာနိုင်ခဲ့ပြီ။
“နင်က လူသားအသွင် ပြောင်းလဲထားတဲ့ အဆင့်ဆယ့်သုံးသားရဲတစ်ကောင်သာသာပဲ။ နင် ငါ့ကို တားဆီးဖို့ အရည်အချင်း မပြည့်မှီဘူး။ ငါ့နာမည် မေးဖို့လည်း အရည်အချင်း မရှိဘူး…” ဝမ်လင်း၏ ဝတ်စုံမှာလည်း သွေးရောင်နီနေ၏။ သူ့ဆံပင်များပင် သွေးဖြင့် နီရဲလျက် ရှိသည်။ သူသည် ရှေ့သို့ ခြေလှမ်းကာ ဝတ်စုံနက်အမျိုးသမီးထံသို့ ကြယ်ပျံတစ်စင်းအလား တိုးဝင်လာတော့သည်။
ထိုအမျိုးသမီး၏မျက်နှာသည် ပို၍ ဖြူရောသွား၏။ သူမ၏မျက်လုံးထဲတွင် တုန်လှုပ်မှုတို့ ပြည့်နှက်သည်။ သူမသည် သွေးဓားကိုသာ ရင်ဆိုင်ရအခက်ဆုံး ဖြစ်လိမ့်မည်ဟု တွေးထင်ထားခဲ့မိသည်။ သို့သော် ခုချိန်တွင်မူ သူမသည် ထိုကျင့်ကြံသူ၏ ကျင့်ကြံမှုအဆင့်သည် အလွန်အစွမ်းထက်လှသည်ဟု မခံစားရသော်လည်း သူ့ထံ၌ သူမကို သတ်နိုင်သောခွန်အား ပိုင်ဆိုင်ထားမှန်း သဘောပေါက်သွားခဲ့ပေပြီ။
ဝမ်လင်းသည် ကြယ်ပျံတစ်စင်းအလား နီးကပ်လာသည်ကို တွေ့သည့်အခါ ထိုအမျိုးသမီးက ချက်ခြင်း နောက်ဆုတ်၏။ သူမ၏လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ ဝေ့ယမ်းသည်။ ခပ်နက်နက်ကျာပွတ်တစ်ခု ချက်ခြင်း ပေါ်လာ၏။ ထိုကျာပွတ်မှာ အရိပ်တစ်ခု မဟုတ်၊ အစစ်အမှန် ဖြစ်သည်။ ယင်းကို ဆူးများဖြင့် ဖုံးထားပြီး အဆုံးသပ်အနားစတွင် တံစဉ်တစ်ခုပါ ရှိနေသည်။
ဤကျာပွတ်က မည်သို့သော ကျာပွတ်မျိုးနည်း။ ၎င်းမှာ ကင်းမြှီးကောက်အမြှီးတစ်ခုဖြစ်မှန်း သိသာ၏။ ဝတ်စုံနက်နှင့်အမျိုးသမီးသည် ထိုကင်းမြှီးကောက်အမြှီး ကျာပွတ်ကို ကိုင်ဆိုင်ကာ ရိုက်ချလိုက်သည်။ တုန်လှုပ်ဖွယ် တုန်ဟည်းသံများ ပဲ့တင်ထပ်လျက် ယင်းကျာပွတ်သည် ပုံရိပ်ယောင်အထပ်ထပ်ကို ဖြစ်စေကာ တိုးဝင် ရိုက်ချလာသည်။ ၎င်းသည် လောကကိုပါ ဖွင့်လှစ်ပစ်တော့မလား။ ယင်းကျာပွတ်ရိုက်ချက်သည် တိုးဝင်လာသော ဝမ်လင်းထံသို့ ကျရောက်လာ၏။
ဝမ်လင်းက နှာခေါင်းရှုံ့သည်။ သူ့ဘယ်လက်ကို ဝေ့ယမ်းလိုက်သည်။ သွေးဓားသည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပျံသန်းထွက်သွားပြီး ထိုကျာပွတ်ကို ခုတ်ပိုင်းချသည်။ တစ်ချိန်တည်းမှာ ဝမ်လင်းက သူ့ဘယ်လက်ကို ရှေ့သို့ တွန်းထုတ်လိုက်ရာ သူ့မျက်လုံးထဲတွင် မူလစွမ်းအင်များ စုဝေးသည်။ ထို့နောက် သူ့အကြည့်သည် သူ့ဘယ်လက်ဝါးပေါ်သို့ ကျရောက်၏။ သူက သူ့အကြည့်ကို လီချန်မေကို ပွေ့ထွေးထားသော ညာလက်အစား အသုံးပြုလိုက်ခြင်းသာ။ သူက အရှင်လုဖူထံမှ သူ သိရှိခဲ့သော မန္တာန်ကို အသုံးပြုလိုက်တာ ဖြစ်သည်။
ဝမ်လင်း၏ ဘယ်လက်ထံသို့ မူလစွမ်းအင်များနှင့် အံ့မခန်းဖျက်စီးခြင်းစွမ်းအား စုဝေးလာ၏။ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ စွမ်းအားလည်း ရောပါဝင်သေးသည်။ ဝမ်လင်းသည် သူ့ဘယ်လက်ကို ဝတ်စုံနက်အမျိုးသမီးထံသို့ တွန်းထုတ်၏။ တုန်ဟည်းသံများ မြည်ဟိန်းသွားသည်။ ဝမ်လင်း တွန်းထုတ်လိုက်သော လက်ဝါးရာမှာ နေမင်းအလား တောက်ပပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လင်းထင်းသွားစေပြီးနောက် ဝတ်စုံနက်အမျိုးသမီးထံ သက်ဆင်းလာသည်။ ထိုအမျိုးသမီး၏မျက်နှာထက်တွင် ထိတ်လန့်မှုတို့ အထင်းသား ဖြစ်ပေါ်ကာ သူမသည် နာနာကျင်ကျင် ဟစ်အော်လိုက်ရ၏။ သူမသည် ကင်းမြှီးကောက်အမြှီးကျာပွတ်ကို လစ်လျူရှုကာ သူမ၏လျှာထိပ်ဖျားကို ကိုက်ကာ သွေးများ ထွေးထုတ်သည်။ ထိုသွေးသည် သွေးမြူအစီအင်တစ်ခုပြောင်းလဲပြီး သူမကို ထွေးခြုံ၏။ ထို့နောက် သူမသည် နောက်သို့ အရူးအမူး ဆုတ်လေသည်။
သူမ နောက်ဆုတ်နေရင်း နောက်ပြန်လှန်ချလိုက်ရာ သူမ၏ဝတ်စုံမှာ စုတ်ပြဲသွားသည့်အတွက် နှင်းလိုဖြူဖွေးသောအသားအရည် လှစ်ပေါ်လာသည်။ တစ်ချိန်တည်းမှာ သူမ၏ခန္ဓာကိုယ်ကနေ ဆူးများ ထွက်လာသည်။ ကင်းမြှီးကောက်တစ်ကောင်က သူမ၏ခန္ဓာကိုယ်အတွင်း၌ ရှိနေသည့်အလား။
ထိုအခိုက်အတန့်တွင် သူမသည် နောက်ဆုတ်နေလျက် သူမ၏ခန္ဓာကိုယ်ကနေ ကင်းမြှီးကောက်တစ်ကောင် ဖြတ်သန်းကာ ထိုးထွက်လာ၏။ သို့ရာတွင် ၎င်း ထွက်ပေါ်လာသည်နှင့် လက်ဝါးချက်မှာ ရောက်ရှိလာပြီး သွေးမြူနှင့် ထိပ်တိုက်တွေ့သည်။ တုန်ဟိန်းသံတို့ ဖြစ်ပေါ်ပြီး နာနာကျင်ကျင်အော်သံတစ်ခုကို ကြားလိုက်ရသည်။
ထိုစဉ် သွေးဓားသည် ရှေ့သို့ ရောက်ရှိလာခဲ့သည်။ ကင်းမြှီးကောက်အမြှီးကျာပွတ်သည် ၎င်းဓားကို ရပ်တန့်နိုင်စွမ်းမရှိဘဲ ပေါက်ကွဲထွက်သွားရသည်။
ဝမ်လင်းသည် ဝတ်စုံနက်အမျိုးသမီးနှင့် တိုက်ပွဲတွင် အသားစီး ယူထား၏။ သူမအဖို့ ခုခံနိုင်စွမ်း မဲ့နေသည်။ သူမသည် နောက်ဆုတ်၊နောက်ဆုတ်၊နောက်ဆုတ်ဖို့သာ တတ်နိုင်လေ၏။
“ငါက လရှေးဟောင်းအင်ပါယာကိုယ်လုပ်တော်ရဲ့ အမိန့်အောက်မှာ ရှိတာ။ နင် ငါ့ကို သတ်ဝံ့ရင် အင်ပါယာကိုယ်လုပ်တော်က နင့်ကလန်တစ်ခုလုံးကို သတ်ပစ်လိမ့်မယ်…”
သူမသည် နောက်ဆုတ်နေရင်း ထိုသို့ အကြောက်အကန် လှမ်းပြော၏။ သို့ရာတွင် သူမ၏စကားက ဝမ်လင်းကို ရပ်တန့်သွားအောင် မလုပ်နိုင်သည့်အပြင် ပို၍ပင် မြန်လာစေ၏။
“ငါ့ကလန်ကို သတ်မယ် ဟုတ်လား။ ငါ့ကလန်တစ်ခုလုံးက သေဆုံးသွားခဲ့ပြီးပြီး။ ငါ တစ်ယောက်ပဲ ကျန်တော့တာ။ နင်က ဒီအမျိုးသမီးကို နာကျင်စေခဲ့မှတော့ နင့်ကို ရတနာတစ်ခုအဖြစ် သန့်စင်မွန်းမံပစ်ပြီး အဆုံးမရှိ နာကျင်မှုကို ခံစားရစေမယ်…”
ဝမ်လင်း၏အသံသည် အေးစက်၏။ သူသည် ချက်ခြင်း မီလာခဲ့သည်။ သူ့ဘယ်လက်ဖြင့် ခပ်ကြမ်းကြမ်း ရိုက်ချလိုက်သည်။
ဝမ်လင်းက သူ့ဘယ်လက်ကို ရိုက်ချလိုက်ချိန်၌ သူ့မျက်လုံးမှာ ကျဉ်းမြောင်းသွားပြီး နောက်သို့ ခြေလှမ်းဆယ့်နှစ်လှမ်းခန့် ပြန်ဆုတ်၏။ သွေးမြူသည် ပျက်စီးပြိုပျက်ကာ တုန်လှုပ်ဖွယ်အားတစ်ခု ဖြစ်ပေါ်သည်။ ကြမ်းကြုတ်သောအော်ရာတစ်ခု ထိုးထွက်လာပြီး ဝတ်စုံနက်အမျိုးသမီးသည် နေရာတွင် မရှိတော့ပေ။
ဧရာမကင်းမြှီးကောက်အနက်ကြီး ရုတ်တရက် ပေါ်လာ၏။ ၎င်း၏အရွယ်မှာ မူလတုန်းက ပေဒါဇင်ချီကနေ ပေါ်လာသည်နှင့် ပေတစ်သိန်းအထိ စတင် ကြီးထွားလာခဲ့သည်။
ကင်းမြှီးကောက်အရိပ်မှာလည်း ၎င်းနောက်တွင် ထပ်ကာ ပေါ်လာ၏။ ကင်းမြှီးကောက်နှင့်၎င်း၏အရိပ် တစ်ခုနှင့်တစ်ခု ထပ်သွားသည်နှင့် ငါးညှီနံ့တစ်ခု ဝေ့ခတ်လေ၏။
ကင်းမြှီးကောက်၏ ဦးခေါင်းထိပ်တွင် အသားစိုင်တစ်ခု ရွှေ့လျားနေပြီး လူသားမျက်နှာတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ယင်းမျက်နှာမှာ ဝတ်စုံနက်အမျိုးသမီး၏မျက်နှာပင်။ သူမသည် ဝမ်လင်းကို ရန်လိုစွာ ကြည့်၍ စူးစူးဝါးဝါးအော်ဟစ်သည်။
ကင်းမြှီးကောက်အမြှီးကိုးခုသည် လှုပ်ယမ်းကာ မိုးကြိုးတုန်ဟည်းသံကို ဖြစ်စေ၏။ လောကသည်ပင် ပျက်စီးသွားတော့မည့်အလား။ ၎င်းသည် အော်သံပေးလျက် ဝမ်လင်းထံ တိုးဝင်လာသည်။ အမြှီးကိုးခုအပြင် ကြီးမားသောလက်သည်းခွံနှစ်ခုလည်း ဝမ်လင်းထံ ချိန်ရွယ်၏။
ဝမ်လင်းသည် ထိုဧရာမကင်းမြှီးကောက်ရှေ့တွင် မထင်မရှားပုရွတ်ဆိတ်တစ်ကောင်အလား။ သို့သော် သူ့အမူအရာမှာ ပြောင်းလဲမသွားပါ။ သူသည် အေးစက်စက်နှာခေါင်းရှုံ့ကာ သူ့ဘယ်လက်ကို သူ့မျက်ခုံးနှစ်ခုကြားသို့ ထိရိုက်လိုက်ရာ သူ့ရှေးဟောင်းနတ်ဘုရားကြယ်များ ပေါ်လာ၏။ ၎င်းတို့သည် အလျင်အမြန် လှည့်လည်ကြသည်။
ကြယ်များ လှည့်လည်နေရင်း ရှေးဟောင်းနတ်ဘုရားစွမ်းအားသည် ဝမ်လင်း၏ခန္ဓာကိုယ်တွင် ပြည့်နှက်လာကာ သူ့အသွေးအသားနှင့် အရိုးတို့သည် စတင်ကြီးထွားလာသည်။ သူ့ခန္ဓာကိုယ်သည် ပေတစ်ရာ၊ ပေတစ်ထောင်ထိ ကြီးမားလာပြီးနောက် ပေတစ်သောင်းနီးနီးထိ ရှိလာသည်။
ကြမ်းရှသောအရေပြား၊ ကောင်းကင်တုန်လှုပ်ဖွယ်အော်ရာ၊ရှေးဟောင်းဆန်မှု။ ဤအခိုက်အတန့်တွင် ရှေးဟောင်းနတ်ဘုရားတစ်ပါး လောကတွင် ပေါ်လာခဲ့ချေပြီ။
“ရှေးဟောင်းနတ်ဘုရား…” ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားမှ ကြယ်များကို တွေ့မြင်လိုက်ရသည့်နောက် ဝတ်စုံနက်အမျိုးသမီးသည် အင်မတန်ကြောက်လန့်မိသွားသည်။
ဝမ်လင်း၏မျက်လုံးထဲတွင် ကြယ်များ ပါဝင်ဟန်ရကာ လင်းထင်းနေ၏။ သူသည် လီချန်မေကို လက်ဝါးထဲတွင် ထည့်သိမ်းကာ ရှေ့သို့ ခြေလှမ်း၏။ ဘယ်လက်သီးချက်ကို ပစ်သွင်းလိုက်သည်။ တဝုန်းဝုန်းအသံများ မြည်ဟိန်းသွား၏။ ဧရာမကင်းမြှီးကောက်၏ခန္ဓာကိုယ်သည် တုန်ရီကာ ဘေးတစ်ဖက် လွင့်ထွက်သွားသည်။ ဝမ်လင်း၏ဘယ်လက်ဖြင့် ထိပ်တိုက်တွေ့မိသော လက်သည်းပေါ်တွင် အက်ရာများ ပေါ်လာ၏။
ကင်းမြှီးကောက်မှာ ပြင်းထန်စွာ နာကျင်ဟန် ဖြစ်ပေါ်သည်။
ဝမ်လင်းသည် မရပ်တန့်ပေ။ သူက ကင်းမြှီးကောက်ကျောပေါ်သို့ ချက်ခြင်း ရောက်လာပြီး ဘယ်လက်ဖြင့် အောက်သို့ ရိုက်ချလိုက်သည်။
ဝုန်း…ဝုန်း…ဝုန်း…။
ကင်းမြှိးကောက်သည် နာကျင်စွာဟစ်အော်လိုက်ရပြီး လက်သည်းနှစ်ခု ပျက်စီးသွားသည်။ အမြှီးကိုးခုက ဝမ်လင်းကို ရိုက်ချလာ၏။ သို့ပေမည့် ဝမ်လင်းက ၎င်းတို့ကို သူ့ဘယ်လက်ဖြင့် ဖမ်းဆုပ်ကာ ခုန်ထွက်သည်။ ဝမ်လင်း ခုန်ထွက်လိုက်သည့်အခါ ကင်းမြှီးကောက်သည် ရှေးဟောင်းနတ်ဘုရား၏စွမ်းအားကနေ ချိုးဖျက်နိုင်စွမ်း ကင်းမဲ့ကာ ဆွဲယူခြင်း ခံရသည်။
ဝမ်လင်းသည် ထိုကင်းမြှီးကောက်ကို အရိုးထဲကနေ မုန်းတီးနေ၏။ သူက ၎င်းကို အောက်သို့ ကိုင်ပေါက် ရိုက်ချလိုက်သည်။ ကင်းမြှီးကောက်မှာ ကြီးမားလွန်းလှ၏။ သူက ၎င်းကို ဆွဲကိုင်ကာ သားရဲအုပ်စုများထံ ရိုက်ချလိုက်ခြင်း ဖြစ်သဖြင့် ထိုသားရဲများအားလုံး ချက်ခြင်း သေဆုံးသွားရတော့သည်။
သို့ရာတွင် ထိုမျှနှင့် မပြီးသေးပေ။ ဝမ်လင်းက ကင်းမြှီးကောက်၏အမြှီးကို ဆွဲကိုင်ကာ ၎င်း၏ခန္ဓာကိုယ်ကို ရှေ့သို့ တရွတ်တိုက်ဆွဲလာ၏။ သူက ဆက်လက်၍ ကိုင်ပေါက်ရိုက်ချရင်း သူ့လမ်းကို ဆက်သွားသည်။
သားရဲများသည် ဝမ်လင်းကို အလွန်အမင်း ကြောက်လန့်စွာ ကြည့်နေမိကြ၏။ သို့ရာတွင် သူတို့သည် ဝမ်လင်းထက် နှေးကွေးကြသည်သာ။ ထို့အပြင် ဝမ်လင်းလက်ထဲတွင် ကင်းမြှီးကောက်ကြီးကို ဖမ်းကိုင်ထားသေးသည် မဟုတ်လား။ သူက မာန်သွင်းကာ ရှေ့တိုးလာရင်း ထိုကင်းမြှီးကောက်ကို လက်နက်သဖွယ်အသုံးပြုကာ သားရဲများကို ရိုက်ချပစ်နေ၏။ ကင်းမြှီးကောက်သည် ပိုပို အားနည်းလာ၏။ ၎င်း၏ နာကျင်စွာအော်သံပင် ဖျော့လာခဲ့သည်။
ဝမ်လင်း ပတ်လည်ရှိ ခြင်သားရဲများကလည်း တဝီဝီအသံများ ပေးလျက် ရှိ၏။ အထူးသဖြင့် ခြင်သားရဲဘုရင်ပင်။ ၎င်းက ကင်းမြှီးကောက်ကို တပ်မက်စွာ စူးစိုက်ကြည့်နေသည်။
***