လက်တစ်ဖက်ဖြင့် ကောင်းကင်ကို ဖုံးလွှမ်းပစ်ခြင်း
Vol. 99 Ch. 1354
မိုးကြိုးတုန်ဟည်းသံများသည် တိမ်များထံမှ အရူးအမူး ထွက်ပေါ်ကာ ပဲ့တင်ထပ်နေ၏။ အတောမသပ်နိုင်သော တုန်ဟည်းမှုများသည် အတူတကွ ချိတ်ဆက်ကာ ပို၍ ပြင်းထန်သောအသံကို ဖြစ်စေသည်။
ထိုမိုးကြိုးသံမှာ ဖော်ပြနိုင်ရန်ပင် ခက်၏။ ထိုအသံသည် ဟင်းလင်းပြင်အနှံ့သို့ ပျံ့နှံ့ပြီး မြူများကို နောက်လွင့်စင်စေ၏။ မြူသားရဲများစွာသည် ထိုတုန်ခါလှိုင်းကြောင့် သေဆုံးရသည်။
အရိုင်းကုန်းမြေများ တစ်ခုပြီးတစ်ခု ပြိုလဲပျက်စီး၏။ နတ်ဆိုးကလန်အစီအရင်သည်ပင် မိုးကြိုးစွမ်းအားကို ခုခံနေရသဖြင့် တဖျပ်ဖျပ် ဖြစ်နေသည်။
နတ်ဆိုးကလန်ရှိ မရေမတွက်နိုင်သောကျင့်ကြံသူများသည် ထိုမိုးကြိုးရှေ့မှောက်တွင် တုန်ရီကာ တစ်စက်လေးပင် မခုခံဝံ့ကြချေ။ သူတို့သည် ကောင်းကင်ဘုံ၏ခွန်အားရှေ့မှောက်အောက်တွင် ပုရွတ်ဆိတ်များအလား။
“နတ်ဘုရားပြစ်ဒဏ်က ဒီလိုမျိုးပေါ့။ ဒီလိုမျိုးပေါ့…” ဤအခိုက်တွင် နတ်ဘုရားပြစ်ဒဏ်သည် ထိုကျင့်ကြံသူများ၏ စိတ်နှလုံးအတွင်း ကမ္ဗည်းထွင်းသွားခဲ့ပေပြီ။ ဘယ်တော့မှ ဖျောက်ဖျက်နိုင်ကြတော့မည် မဟုတ်ပေ။
သူတို့က သူတို့စိတ်နှလုံးထဲရှိ အမှတ်အသားကို ချိုးဖျက်နိုင်ခြင်း မရှိပါက သူတို့၏လက်ကျဘဝအချိန်တွင် အဆင့်တစ်ခုရောက်သည်နှင့် သူတို့၏ကျင့်ကြံမှုအဆင့်မှာ ရပ်တန့်သွားပေလိမ့်မည်။ သို့ပေမည့် သူတို့သာ ချိုးဖျက်နိုင်ခဲ့ပါက သူတို့၏ကျင့်ကြံမှုအဆင့်မှာလည်း များစွာ တိုးတက်လာပေမည်။
မိုးကြိုးသံမှာ ပိုပို ပြင်းထန်လာပြီး ဟင်းလင်းပြင်ကို တုန်ခါစေ၏။ အလွန်ကျယ်လောင်သော စုတ်ဖြဲသံတစ်ခု ထွက်ပေါ်လာကာ မိုးကြိုးသည် အဆင့်ကိုး ဒေသကို ကျော်လွန်လျက် အဆင့်ရှစ်ဒေသကပင် ယင်းအသံကို ကြားလာရသည်။
“နတ်ဘုရားပြစ်ဒဏ်အသံ…နတ်ဘုရားပြစ်ဒဏ်အသံ…” တုန်ဟည်းသံများက သည်စကားနှစ်ခွန်းအသွင် ပဲ့တင်ထပ်နေသည့်အလား။ မိုးကြိုးသံသည် လောကရှိ အသံအားလုံးနေရာတွင် အစားဝင်ရောက်လာချိန်၌ လျှပ်စီးတန်းများ တိမ်များထံမှ ထိုးထွက်လာကာ အဆင့်ကိုးဒေသကို ခြုံလွှမ်းသည်။
လျှပ်စီးတန်းများသည် ခရမ်းရောင်ရှိကာ နတ်ဆိုးကလန်အပြင်ဘက်ရှိ ဟင်းလင်းပြင်အက်ကြောင်းထံ တိုးဝင်လာကြသည်။ ခရမ်းရောင်လျှပ်စီးတန်းများ ကောင်းကင်အပြည့် နေရာယူလာပြီး အဆင့်ကိုးဒေသရှိ ကျင့်ကြံသူအားလုံး၏ စိတ်အာရုံကို စွဲဆောင်လေ၏။
များပြားလွန်းသောလျှပ်စီးများ။ မိုးကြိုးမှာလည်း ထူထဲသိပ်သည်းလွန်း၏။ ဟိန်းမြည်သံများသည် ကောင်းကင်ဘုံကိုပါ လှုပ်ခါစေနိုင်သည်။
အဆုံးမဲ့လျှပ်စီးတန်းများ ထိုးထွက်လာလျက် ယင်းတို့သည် ချက်ခြင်းပင် အကွာအဝေးများစွာကို ဖြတ်ကျော်လာဟန် ပေါ်၏။ လောကတွင် ယင်းလျှပ်စီးများကို ရပ်တန့်စေနိုင်မည့်အရာ မရှိသည့်အလား။ အကွာအဝေးဟူသော အမှတ်သညာမှာ ယင်းလျှပ်စီးများအတွက် မတည်ရှိသည့်ပုံ ပေါ်သည်။
ချက်ခြင်းလိုလို အတောမသပ်နိုင်သော ခရမ်းရောင်လျှပ်စီးတန်းများသည် အဆင့်ကိုးဒေသတစ်ခုလုံးကို ခြုံလွှမ်းသွားခဲ့လေပြီ။ ယင်းတို့သည် ဟင်းလင်းပြင်အက်ကြောင်းပတ်လည်တွင် ဧရာမပိုက်ကွန်တစ်ခုသဖွယ် ဖြစ်တည်ကာ ပေတစ်သောင်းလောက် ရှည်လျားသော ကြီးမားသည့်မိုးကြိုးလျှပ်စီးတန်းအဖြစ် သိပ်သည်းသည်။
ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။
ထိုမိုးကြိုးက ဟင်းလင်းပြင်အက်ကြောင်းထံ တိုးဝင်လာ၏။ ယင်းသည် အရာအားလုံးကို ဖျက်စီးပစ်မည့် သတ်ဖြတ်လိုစိတ်တစ်ခုကို သယ်ဆောင်ကာ ဆင်းသက်လာခဲ့ပြီ။ ထိုမိုးကြိုးတန်းသည် ကျင့်ကြံသူအားလုံး၏ စိတ်အာရုံကို စွဲဆောင်ကာ သူတို့၏စိတ်ကို ဗလာကျင်းသွားစေမိ၏။ သူတို့၏စိတ်ထဲ၌ အံ့မခန်းနတ်ဘုရားပြစ်ဒဏ်မိုးကြိုးကသာ သိမ်းပိုက်စိုးမိုးထားလေ၏။
ယင်းမိုးကြိုးတန်း ဟင်းလင်းပြင်အက်ကြောင်းပေါ်သို့ သက်ဆင်းလာစဉ် အနီရောင်ပုံရိပ်တစ်ခု လှမ်းထွက်လာသည်။
ထိုပုံရိပ် ပေါ်လာသည့်အခါ ကြောက်မက်ဖွယ်သွေးနံ့တို့ ကပ်ပါလာသည်။ သူ့ဝတ်စုံ၊သူ့အော်ရာထံမှ သွေးများစီးဆင်းကျ၏။
မိုးကြိုးဆင်းသက်လာချိန်မှာပင် သူ ပေါ်လာခဲ့ခြင်းပင်။ မိုးကြိုးက မြန်လွန်း၏။ ထိုပုံရိပ်ကို ချက်ခြင်း ပြာမှုန့်ဖြစ်စေကာ လောကကနေ ပျောက်ကွယ်သွားစေတော့မည့်အလား။
ယင်းအနီရောင်ပုံရိပ်မှာ ဝမ်လင်းတည်း။
မိုးကြိုး နီးကပ်လာသည်နှင့် ဝမ်လင်းက သူ့ညာလက်ဖြင့် လီချန်မေကို ကာကွယ်ကာ သူ့ဘယ်လက်ဖြင့် မိုးကြိုးထံ ဆန့်ကျင်ဖိနှိပ်သည်။
လက်တစ်ဖက်နှင့်လူတစ်ယောက်၊ ကောင်းကင်အပြည့်ဖုံးလွှမ်းဟန်ရသော မထူးခြားနား မျက်လုံးတစ်စုံ။ သူ အက်ကြောင်းအတွင်းမှ လှမ်းလျှောက်ထွက်လာသည်နှင့် သူက ကောင်းကင်နှင့်မြေကြီး၊ နတ်ဘုရားပြစ်ဒဏ်တို့ကို စိန်ခေါ်လိုက်သည့်အလား။
ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။
မိုးကြိုးနှင့် ဝမ်လင်း၏ဘယ်လက် ထိပ်တိုက်တွေ့ပြီ။ သာ၍ပြင်းထန်ခက်ထန်သော အသံတစ်ခု ဖြစ်ပေါ်၏။ ဝမ်လင်း ပတ်လည်ရှိ ဟင်းလင်းပြင်သည် ပျက်စီးကာ သူ့နောက်မှ ဟင်းလင်းပြင်အက်ကြောင်းပင် ဆထက်တပိုး ပွင့်ဟသွားသည်။
သူ့ခန္ဓာကိုယ်သည် တုန်ရီကာ ဘယ်လက်သည် အနည်းငယ် လှုပ်ခါသွား၏။ သို့ပေမည့် သူ့အမူအရာမှာ ပုံမှန်သာ။ သူက ခပ်ကြမ်းကြမ်း ညှစ်ချေလိုက်သည်။
“နတ်ဘုရားပြစ်ဒဏ်မိုးကြိုးက ငါ့ကို ဆန့်ကျင်ဖို့အတွက်တော့ အသုံးမဝင်ဘူး…”
သူသည် ညှစ်ချေပစ်ရင်း မိုးကြိုးသည် အရူးအမူး မြည်ဟိန်းသံ ပြု၏။ ဝမ်လင်း၏ ဘယ်လက်ထံမှ မမျှော်လင့်ဖွယ်စိတ်ဆန္ဒတစ်ခု ထွက်ပေါ်၏။ သူသည် ကောင်းကင်ဘုံနှင့် အပြိုင်ကြဲကာ မိုးကြိုးကို ထိန်းချုပ်ရာတွင် တိုက်ခိုက်လေပြီ။
မိုးကြိုးသံများ ပဲ့တင်ထပ်လျက် မိုးကြိုးအတွင်းရှိ စိတ်ဆန္ဒနှစ်ခုသည် ထိပ်တိုက်တွေ့ကြသည်။ မိုးကြိုးသည် ရုတ်တရက် ပေါက်ကွဲသွား၏။ အဆုံးမဲ့ လျှပ်စီးတန်းများသည် ဝမ်လင်းကို ဗဟိုပြုကာ ပျံ့နှံ့သည်။ ချက်ခြင်းလိုလို လောကတစ်ခုလုံးသည် မိုးကြိုးတွင်းတစ်ခုအဖြစ် ပြောင်းလဲသွားသလား မှတ်ထင်ရသည်။
တဝုန်းဝုန်းအသံများ ဆက်လက် ဖြစ်ပေါ်လျက်ပင်။ မိုးကြိုးသည် ပျက်စီးသွားသော်လည်း ဝမ်လင်းသည် အတိတ်တုန်းက ဝမ်လင်း မဟုတ်တော့။ သူက နတ်ဘုရားပြစ်ဒဏ်အသံကို ခုခံမည် မဟုတ်။ နတ်ဘုရားပြစ်ဒဏ်ကိုပါ အတူတကွ ချိုးဖျက်မည်ပင်။
သူ့ညာလက်ဖြင့် လီချန်မေကို ထွေးပွေ့ထားလျက် သူ့နောက်ကျောကပ်လျက်သို့ ပို့၏။ သူ့မူလစွမ်းအင်ဖြင့် ကြိုးမား ဖြစ်စေကာ သူတို့နှစ်ဦးကို အတူတူ စီးနှောင်စေလိုက်သည်။ ထိုကဲ့သို့ ပြုလုပ်ပြီးသည့်နောက် သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေကာ ဝေ့ယမ်းသည်။ သူ့ကို ဗဟိုပြုလျက် မိုးကြိုးတွင်းသည် တဖန် ဟိန်းမြည်သံ ပြုသည်။
“ငါဟာ မိုးကြိုးပဲ။ မိုးကြိုးအားလုံး ငါ့အမိန့်ကို နာခံကြ။ မြင့်တက်စေ…” ဝမ်လင်း၏စကားလုံးများသည် ခွန်အား ပြည့်၏။ သူ့အသံ ထွက်ပေါ်လာသည်နှင့် ခရမ်းရောင်မိုးကြိုးတန်းများသည် မြည်ဟိန်းကာ သူ့ထံ တရကြမ်း တိုးဝင်လာကြသည်။
လျှပ်စီးများသည် အဆုံးမရှိ။ သူ့ကို လှည့်ပတ်လျက် ရှိသည်။ နတ်ဆိုးကလန်ထဲရှိ လူများသည် ထိုအခြင်းအရာကြောင့် မင်သက်ကြောင်ရီကာ အလွန်အမင်း ကြောက်လန့်ကုန်သည်။
နတ်ဆိုးကလန်၏ မြင့်မြတ်သောအကြီးအကဲ၏မျက်လုံးသည် တောက်ပသွားပြီး သူက အသက်ဝဝရှိုက်သွင်းလိုက်၏။
ဝမ်လင်းသည် ကောင်းကင်ထက်သို့ လက်ညွှန်ကာ ကောင်းကင်ဘုံလှုပ်ခါစေမည့် ဟိန်းသံကို ထုတ်ဖော်၏။ “ငါ့အတွက် နတ်ဘုရားပြစ်ဒဏ် ပျက်စီးစမ်း…”
မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်လျက် လျှပ်စီးသည် အရူးအမူး ဖြစ်လာသည်။ ထို့နောက် ၎င်းက ပေတစ်သောင်းမိုးကြိုးတန်းကို ဖွဲ့တည်၏။ ယင်းမိုးကြိုးထဲတွင် ဝမ်လင်း၏ဆန္ဒ ပြည့်နှက်ကာ ၎င်းသည် တိမ်စုတိမ်ဝေးများထံ တိုးထွက်သွားသည်။
တိမ်များနှင့် မိုးကြိုး ထိပ်တိုက်တွေ့၏။ အရင်က ထွက်ပေါ်ခဲ့သော အသံထက် အမျာများစွာ ပိုပြင်းထန်သောအသံတစ်ခု ဖြစ်ပေါ်ကာ အဆင့်ကိုးဒေသတစ်ခွင် ပျံ့နှံ့သည်။
နတ်ဘုရားကလန်ထဲ၌ မူပင်းမေသည် ဆယ်နှစ်တာ ကျင့်ကြံနေရာမှ နိုးထလာ၏။သူမသည် အပြင်ဘက်သို့ ကြည့်လိုက်ရာ နက်မှောင်ကာ ပြိုလဲတော့မလား ထင်မှတ်ရသော ကောင်းကင်ကို တွေ့မြင်လိုက်ရသည်။
သူမဘေးရှိ ဝမ်ရှန်ရှန်၏ မျက်နှာမှာလည်း ကောင်းကင်ထက်သို့ မော့ကြည့်ရင်း ဖြူရောနေ၏။
နတ်ဘုရားကလန်အတွင်းပိုင်းရှိ လျှို့ဝှက်ခန်းထဲ၌ တာအိုပညာရှင်ရေ ရှိနေ၏။ သူ့မျက်ခုံးနှစ်ခုကြားမှ ခုနစ်ရောင်စုံအလင်းသည် မှိန်ဖျော့နေခဲ့ပေပြီ။ ခုနစ်ရောင်စုံလက်သည်း ထိပ်ဖျားမှာ ၎င်းဘာသာ လှစ်ပေါ်နေသလို သူ့ခန္ဓာကိုယ်ရှိ သွေးကြောများက ဖောင်းကြွနေ၏။ သူသည် ခုနစ်ရောင်စုံလက်သည်းကို အတင်းအကြပ် ပြန်ထုတ်နေခြင်းပင်။
သူ့ရှေ့ရှိ မိုးကြိုးတုန်ဟည်းသံများမှာ သူ့ကို အာရုံပျက်စေခြင်း ရှိမနေပေ။ သူက အရေးကြီးဆုံး အခိုက်အတန့်တွင် ရှိနေ၏။ ကောင်းကင် ပြိုကျလျှင်ပင် သူသည် မော့ကြည့်မည် မဟုတ်ပါ။ သူ့အာရုံအားလုံးသည် ခုနစ်ရောင်စုံလက်သည်းကို ထုတ်ပစ်နိုင်ဖို့အတွက်သာ စူးစိုက်ထားသည်။
သို့ရာတွင် ထိုအခိုက်အတန့်၌ မိုးကြိုးတုန်ဟည်းသံများ ထပ်မံ ပဲ့တင်ထပ်လာပြီး သည်အသံထဲတွင် ဝမ်လင်း၏ဆန္ဒပါ ပါဝင်နေလျက် ယင်းအသံသည် တာအိုပညာရှင်ရေ၏ နားထဲ ကျရောက်လာသည်။ ခုနစ်ရောင်စုံလက်သည်းသည် မူလက မှိန်ဖျော့ကာ ထိုးထွက်ရန် ပြင်နေ၏။ သို့သော် ဤအခိုက်အတန့်တွင် တုန်ဟည်းသံအတွင်းရှိ ဝမ်လင်း၏စိတ်ဆန္ဒကြောင့် ၎င်းလက်သည်းသည် သူ့အသံနှင့် သဟာဇာတ ဖြစ်ကာ နောက်တဖန် တောက်ပသွားသည်။
သိပ်သည်းသောလင်းလက်မှုက တာအိုပညာရှင်ရေ၏အမူအရာကို အကြီးအကျယ် ပြောင်းလဲသွားစေပြီး သွေးအန်ထွက်စေသည်။ သူ့ခက်ခက်ခဲခဲလုပ်ဆောင်မှုများမှာ မပြီးမပြတ် ဖြစ်သွားရ၏။
သူက ရှေ့တည့်တည့်သို့ မှုန်ဝေစွာ စူးစိုက် ကြည့်လျက် ဟစ်အော်လိုက်လေသည်။
အဆင့်ကိုးကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်သည်လည်း ထိုမိုးကြိုးသံကို ကြားကာ ရွှေ့လျားနေသောတိမ်ထုများကို မြင်၏။ သူတို့သည် ကလန်အကာအကွယ်အစီအရင်ကို ချက်ခြင်း ဖွင့်လှစ်လိုက်ကြသည်။
ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်ခေါင်းဆောင်က သူ့အခန်းထဲတွင် ထိုင်နေလျက် ကောင်းကင်ထက်သို့ စူးစိုက်ကြည့်နေ၏။ အချိန်အတန်ကြာပြီးနောက် သူက သက်ပြင်းချကာ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်း၏။ သူက ကလန်အကာအကွယ်အစီအရင်ကို ချိုးဖျက်ကာ နတ်ဆိုးကလန်ရှိ ဟင်းလင်းပြင်အက်ကြောင်းထံ တိုးဝင်နေသော နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များထံသို့ ဦးတည်လာတော့သည်။
နတ်ဆိုးကလန်၊ နတ်ဘုရားကလန်၊ ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်တို့အပြင် တစ္ဆေကလန်လည်း ရှိသေး၏။ ထိုအခိုက်အတန့်တွင် တိမ်စုများအတွင်းပိုင်း၌ အကာအကွယ်အစီအရင်ကို ဖွင့်လှစ်ထားသော ကျင့်ကြံခြင်းဂြိုဟ်တစ်လုံး ရှိနေသည်။ ထိုအစီအရင်ပေါ်တွင် ကြီးမားသောအရိပ်တစ်ခု အုပ်မိုးလို့နေ၏။ ထိုအရိပ်သည် ဦးဂျိုတစ်ခု ရှိကာ မိစ္ဆာနတ်ဘုရားတစ်ပါးအလား။
၎င်းက တိမ်စုတိမ်ဝေးများကို လောဘတကြီး စူးစိုက်ကြည့်လျက် မိစ္ဆာဆန်သောအော်ရာတစ်ခုကို ပေးစွမ်းနေ၏။ ၎င်း၏မျက်လုံးထဲတွင် မိစ္ဆာကြယ်ကိုးလုံး လှည့်ပတ်လျက် ရှိပြီး လှည့်ပတ်တိုင်းတွင် ဆန်းကြယ်သောအားတစ်ခုသည် ၎င်းအရိပ်ခန္ဓာကိုယ်ထဲ ဝင်ရောက်သည်။
မိုးကြိုးတုန်ဟည်းသံများသည် အဆင့်ကိုးဒေသကို ကျော်လွန်ကာ အဆင့်ရှစ်ဒေသထိ တိုးဝင်၏။ ထိုအဖြစ်က အဆင့်ရှစ်ဒေသရှိ ကျင့်ကြံသူများ၏အမူအရာများကို ပြောင်းလဲသွားစေကာ သူတို့၏စိတ်သည် တုန်ယင်သည်။
နတ်ဆိုးကလန် အနီးအနားရှိ ဟင်းလင်းပြင်အက်ကြောင်းအပြင်တွင်မူ ဝမ်လင်းသည် လီချနန်မေကို သယ်ဆောင်ထားလျက် ခရမ်းရောင်တိမ်တိုက်များကို ကြည့်သည်။ နတ်ဘုရားပြစ်ဒစ်သည် အခုထိ အားကောင်းနေဆဲသာ။ ယင်းက အလွန်ထူးဆန်းနေ၏။ သူသည် မဟာမိတ်ကြယ်အဖွဲ့အစည်းရှိ ရုပ်တုတစ်ခုပေါ်တွင် ထိုင်နေသော ဆန်းကြယ်သောလူငယ်တစ်ယောက်နှင့်အတူ ရှေးဟောင်းနတ်ဆိုး၊ရှေးဟောင်းမိစ္ဆာ၊ ရှေးဟောင်းနတ်ဘုရားတို့၏ ရုပ်တုများကို တွေ့မြင်ခဲ့ရသောနေရာကို ပြန်မတွေးမိဘဲ မနေနိုင် ဖြစ်ရသည်။
သူ့အကြည့်သည် တိမ်စိုင်တိမ်ထုများကို ထွင်းဖောက်သွားကာ အခြားလောကတစ်ခုခုနှင့် အဟကြားမှ ထွက်ပေါ်လာဟန် ရသော ကျောက်စိမ်းဖြူရောင်အဆောက်အဦတစ်ခုကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရသည်။ သူက ထိုအဆောက်အဦပေါ်တွင် ထိုင်နေသောရုပ်တုတစ်ခုနှင့် ထိုရုပ်တုရှေ့ရှိ ကျောက်သားဓားနှစ်လက်ကိုလည်း တွေ့မြင်သည်။
“ဒီနတ်ဘုရားပြစ်ဒဏ်က လုံးဝ အသက်မဝင်သေးဘူး။ ဒါ့ကြောင့် ချိပ်ပိတ်နယ်မြေအစီအရင်ကို ချိုးဖျက်ဖို့အတွက် မလုံလောက်သေးဘူး…”
ထိုအခိုက်အတန့်တွင် ရုပ်တုရှေ့မှ ကျောက်သားဓားနှစ်လက်ထဲမှ တစ်လက်သည် တုန်ရီကာ အစိမ်းရောင်အခိုးအငွေ့ကို ထုတ်လွှတ်၏။ ထိုအစိမ်းရောင်အခိုးအငွေ့သည် တိမ်တိုက်တစ်ခုနှင့် အလားသဏ္ဌာန်တူပြီး ချက်ခြင်းပင် အစိမ်းရောင်ဓားတစ်လက်အဖြစ် ပြောင်းလဲသည်။ ၎င်းဓားသည် ကောင်းကင်ဖျက်စီးခြင်းအော်ရာကို ပေးစွမ်းလျက် မှန်းဆ၍မရသော ဓားစွမ်းအင်သည် တိမ်စုတိမ်ဝေးများကို ဖြတ်သန်းကာ ဝမ်လင်းထံ တိုးဝင်လာသည်။
ဝမ်လင်း၏အမူအရာသည် အလေးအနက် ဖြစ်သွား၏။ အစိမ်းရောင်ဓား အနားရောက်လာချိန်တွင် သူသည် သူ့လက်ချောင်းကို ပင့်မြှောက်ကာ ညွှန်သည်။ သမင်နှစ်ကောင် ရုတ်တရက် ပေါ်လာပြီး ဓားစွမ်းအင်တန်းဆယ်သန်း ပေါက်ကွဲထွက်လာ၏။ ဟိန်းမြည်သံ ပဲ့တင်ထပ်၏။ သို့သော် ဓားစွမ်းအင်ဆယ်သန်းမှာ ပျံ့နှံ့သွားခြင်း မရှိပေ။ ထိုအစား ယင်းစွမ်းအင်များသည် ဓားတစ်လက်တည်းအဖြစ် သိပ်သည်းကာ အစိမ်းရောင်ဓားထံသို့ တိုးဝင်သည်။
အစိမ်းရောင်ဓားနှင့် ဝမ်လင်း၏ဓားဆယ်သန်း ထိပ်တိုက်တွေ့မိချိန်တွင် မိုးကြိုးတုန်ဟည်းသံ ပဲ့တင်ထပ်၏။ ဓားစွမ်းအင်သည် တလက်လက် ဖြစ်ကာ တစီစီအသံများလည်း ထွက်ပေါ်နေစဉ်မှာပင် အစိမ်းရောင်ဓားလည်း ဆက်တိုက် အားနည်းသွား၏။ သို့သော် ၎င်းက ပျက်စီးသွားခြင်းတော့ မရှိသေးပေ။ ထိုအခိုက်အတန့်တွင် ဓားစွမ်းအင်များသည် တုန်ခါလာပြီး အစိမ်းရောင်ဓားသည် ချိုးဖျက်ကာ အားကောင်းသောအစိမ်းရောင်လင်းလက်တောက်ပပြီး ဝမ်လင်းရှိ တဟုန်ထိုး ဝင်ရောက်လာတော့သည်။
ဝမ်လင်း၏မျက်လုံးသူငယ်အိမ်မှာ ချက်ခြင်း ကြုံ့သွား၏။ သူ့အမူအရာသည် အလေးအနက် ဖြစ်လာသည်။ သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ သွေးအလင်းတစ်ခု ဖျပ်ခနဲ လင်းလက်ပြီး သွေးဓားသည် သူ့လက်ထဲတွင် ပေါ်လာလေ၏။
***