အခန်း ၁၂၉
Vol. 13 Ch. 129
အခန်း (၁၂၉) သခင်လေးယဲ့မှာ ဒီလိုဝါသနာမျိုး ရှိနေတာလား။
ဤအခိုက်အတန့်တွင် ဆရာကြီး ဖန်းသည် ပန်းချီကားထဲ၌ လုံးဝနစ်မြောနေပုံရသည်။
သူ၏မျက်နှာထက်ရှိ အမူအရာမှာ တစ်ချက်တစ်ချက်တွင် အံ့အားသင့်သွားလိုက် ငေးမောသွားလိုက်နှင့် လွမ်းဆွတ်တမ်းတသလို ဖြစ်သွားလိုက်ကြည့်ရသည်မှာ ရူးသွပ်လုနီးပါး အခြေအနေသို့ ရောက်ရှိနေပုံရသည်။
မိုထင်ဝမ်၊ မိုချင်းနှင့် သူဌေးချောင်တို့ သုံးဦးစလုံးမှာ အနည်းငယ် ကြောင်အသွားကြသည်။
"ဒါက ဘာပန်းချီကားမို့လို့လဲ။"
သူဌေးချောင်နှင့် မိုထင်ဝမ်တို့သည်လည်း အနားသို့ မသိမသာ တိုးကပ်ကာ လှမ်းကြည့်လိုက်ကြသည်။
"ကမ္ပည်းစာမှာ ထန်ပေါ်ဟူလို့ ရေးထားတာလား ဟုတ်ရဲ့လား။"
သူဌေးချောင်ကြောင်အသွားပြီးနောက် သံသယဖြစ်ဖွယ် မျက်နှာပေးဖြင့် ကြည့်လိုက်သည်။
သူဌေးချောင်သည် ရှေးဟောင်းကမ္ပည်းစာများနှင့် ပန်းချီကားများကို စုဆောင်းရသည်ကို အလွန်ရူးသွပ်သူဖြစ်သည်။ သူသည် ဈေးကွက်ထဲတွင် ထန်ပေါ်ဟူ၏ အစစ်အမှန်လက်ရာများ လည်ပတ်နေမှုမှာ အလွန်အမင်းအလွန်အမင်း ရှားပါးလှပြီး ဖီးနစ်ငှက်၏ အမွှေးအတောင် သို့မဟုတ် ဒဏ္ဍာရီလာ ကိလင်သားရဲ၏ ဦးချိုကဲ့သို့ပင် ရှာမှရှားသည့်အရာ ဖြစ်ကြောင်း ကောင်းစွာသိရှိထားသည်။
"ဒါ...ဒီစုတ်ချက်တွေက တကယ့်ကို အံ့မခန်းပဲ။"
ယန်မြို့တော်၏ အလွန်ကျော်ကြားသော ပန်းချီဆရာတစ်ဦးအနေဖြင့် မိုထင်ဝမ်သည် ကမ္ပည်းစာနှင့် ပန်းချီပညာရပ်တို့တွင် အတိုင်းအတာတစ်ခုအထိ အနုပညာအဆင်တန်ဆာ အရည်အချင်းရှိသူ ဖြစ်သည်။
ဤအခိုက်အတန့်တွင် ပန်းချီကားကို မြင်လိုက်ရရုံမျှဖြင့် မိုထင်ဝမ်သည် နတ်သက်ကြွေသည့်အရာတစ်ခုနှင့် တွေ့ဆုံလိုက်ရသလို ခံစားလိုက်ရပြီး သူ၏စိတ်ဝိညာဉ်မှာ ပန်းချီကားထဲသို့ တဖြည်းဖြည်းနှင့် သိမ်မွေ့စွာ စီးမျောဝင်ရောက်ကာ ဖမ်းစားခြင်းခံလိုက်ရတော့သည်။
သို့သော်လည်း မိုထင်ဝမ်သည် ထိုပန်းချီကားမှာ အစစ်အမှန်လက်ရာလား သို့မဟုတ် အတုအပလား ဆိုသည်ကိုမူ အသေအချာ မပြောနိုင်သေးပေ။
စာကြည့်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
မိနစ် ၂၀ ခန့် အချိန်ကုန်လွန်သွားပြီးနောက်...
"အစစ်အမှန်ပဲ ထန်ပေါ်ဟူရဲ့ အစစ်အမှန်လက်ရာပဲ။"
နောက်ဆုံးတွင် ဆရာကြီး ဖန်းသည် ခေါင်းမော့လာကာ ကလေးငယ်တစ်ဦးကဲ့သို့ စိတ်လှုပ်ရှားနေပြီး မျက်နှာတွင်လည်း ထပ်မံကြည့်ရှုလိုသည့် အမူအရာများဖြင့် ပြည့်နှက်နေခဲ့သည် ။
"လုံးဝ သံသယဖြစ်စရာမလိုအောင် အတည်ပြုနိုင်ပြီ ဒါဟာ ထန်ပေါ်ဟူရဲ့ လက်ရာစစ်စစ်ပဲ။"
"ဆရာကြီး ဖန်း..."
သူဌေးချာင်မျက်မှောင်ကြုတ်လိုက်၏။
"ဒီပန်းချီကားက ကောင်းတာတော့ အမှန်ပဲဒါပေမဲ့... နောက်တစ်ကြိမ်လောက် ထပ်ပြီး စဉ်းစားပေးလို့ရမလား ပန်းချီကားပေါ်မှာ တံဆိပ်တုံးခတ်နှိပ်ထားတာလည်း မရှိဘူးစုဆောင်းသူတွေရဲ့ တံဆိပ်အမှတ်အသားလည်း မပါဘူး... ဆရာကြီး ဖန်း ကျွန်တော် လက်ဆောင်ဆောင်ရတဲ့ အဏုကြည့်မှန်ပြောင်း ယူလာတယ် အဲဒါနဲ့ ထပ်ကြည့်ချင်သေးလား။"
"ကြည့်ဖို့မလိုတော့ဘူး။"
ဆရာကြီး ဖန်းက လက်ဝှေ့ယမ်းပြလိုက်သည်။
"ဒါဟာ အစစ်အမှန်လက်ရာပဲ မဟုတ်ရင် ငါ့ခေါင်းကို ဖြတ်ပစ်လိုက်။"
ခဏမျှ ရပ်တန့်ပြီးနောက် ဆရာကြီး ဖန်းက ပြုံးလိုက်သည်။
"ခင်ဗျားတို့က ရှေးဟောင်းကမ္ပည်းစာနဲ့ ပန်းချီကားတွေရဲ့ အစစ်အမှန် စစ်ဆေးတဲ့ လုပ်ငန်းအကြောင်းကို နားမလည်ကြသေးဘူး။"
"ဒါလည်း ဟုတ်တာပါပဲ။"
သူဌေးချောင်ခေါင်းငြိမ့်လိုက်သည်။
"ဆရာကြီး ဖန်းက ဒီလောကမှာ အားလုံးရဲ့ ရိုသေလေးစားမှုကို ခံရတဲ့သူပဲဥစ္စာ။"
"ငါ ပြောပြမယ် ရှေးဟောင်းကမ္ပည်းစာနဲ့ ပန်းချီကားတွေကို အစစ်အမှန် စစ်ဆေးတဲ့နေရာမှာ အဓိက အနှစ်သာရက ဘာလဲ။ အဲဒါက မျက်စိအားကောင်းတာ မဟုတ်ဘူးအတွေ့အကြုံလည်း မဟုတ်ဘူး.ဗဟုသုတ ဒါမှမဟုတ် နောက်ခံနောက်ကြောင်းလည်း လုံးဝမဟုတ်ဘူး။ အဲဒါကတော့ ပါရမီနဲ့ ခံစားချက်ပဲ။"
"ခံစားချက် အဲဒါက နည်းနည်းတော့ စိတ်ကူးယဉ်ဆန်သလိုပဲ။"
သူဌေးချောင်လုံးဝ ဝေခွဲမရဖြစ်သွားသည်။
ဆရာကြီး ဖန်းက မရပ်မနား ဆက်လက်ရှင်းပြနေခဲ့သည်။
"ငါ ဒီအလုပ်ကို အသက် ၁၈ နှစ်ကတည်းက စလုပ်ခဲ့တာ ငါ့ဘဝရဲ့ အချိန်အတော်များများကို ဒီလောကထဲမှာပဲ ကုန်ဆုံးခဲ့ပြီး တစ်ခါမှ အမှားမရှိခဲ့ဖူးဘူး။ ဒီလောကထဲကလူတွေက ငါ့ကို ဒီအလုပ်လုပ်ဖို့ မွေးဖွားလာတာလို့တောင် ပြောကြတယ်။ စဉ်းစားကြည့်လေ ငါ အသက်ငယ်ငယ်ကတည်းက စလုပ်တာ ငါ့မှာ ဘယ်လောက်တောင် အတွေ့အကြုံ ရှိနိုင်မှာမို့လို့လဲ ငါ အားကိုးခဲ့တာ ပါရမီနဲ့ ခံစားချက်ပဲ။"
"အစစ်အမှန်လက်ရာတစ်ခုက တကယ်တော့ တကူးတက စစ်ဆေးနေဖို့တောင် မလိုဘူး။ သူ့ရှေ့မှာ မတ်တတ်ရပ်လိုက်ရုံနဲ့တင် ငါ့ရင်ထဲမှာ အေးချမ်းတဲ့ ခံစားချက်ကို ရရှိစေတယ်။ အစစ်အမှန်လက်ရာတစ်ခုတည်းသာလျှင် လူကို အဲဒီထဲမှာ လုံးဝနစ်မြောသွားစေပြီး ရုန်းမထွက်နိုင်အောင် လုပ်နိုင်တာ။"
ဆရာကြီး ဖန်းက ပြောရင်း ခေါင်းခါလိုက်သည်။
"ဒီပန်းချီကားက ထန်ပေါ်ဟူရဲ့ အစစ်အမှန်လက်ရာပဲ။ စက္ကူရဲ့ သက်တမ်း စုတ်ချက်တွေဟန်ပန်တွေ ဒါတွေကို ငါ ထည့်တောင် မပြောတော့ဘူး။ ငါသာဆိုရင် ဒီပန်းချီကားကို မအိပ်မနေ မနားတမ်း သုံးရက်သုံးညလုံး ထိုင်ကြည့်နေနိုင်တယ် ယုံလား။"
မိုထင်ဝမ်နှင့် သူဌေးချောင်တို့သည် ဆရာကြီး ဖန်းပြောလိုသည့်အဓိပ္ပာယ်ကို နားလည်သွားကြသည်။ အတိုချုပ်ပြောရလျှင် စစ်မှန်သော ရှေးဟောင်းပန်းချီကားများသည် လူ့စိတ်ကို တည်ငြိမ်အေးချမ်းစေနိုင်ပြီး ကြည့်လေကြည့်လေ ပိုမိုသက်တောင့်သက်သာရှိမှုကို ပေးစွမ်းနိုင်ကာ မည်သို့ပင်ဖြစ်စေ ဘယ်တော့မှ ကြည့်ရသည်မှာ ငြီးငွေ့သွားခြင်း မရှိပေ။
"ညီကိုမိုခင်ဗျားဆီမှာ ဒီလိုအဖိုးတန်ပစ္စည်းမျိုး ရှိနေလိမ့်မယ်လို့ ငါ တကယ် မျှော်လင့်မထားခဲ့ဘူး။ ဒါက နိုင်ငံတော်အဆင့် ရတနာပဲ။"
သူဌေးချောင်သည် ဆရာကြီး ဖန်း၏ စကားကို လုံးဝယုံကြည်သွားခဲ့ပြီဖြစ်သည်။ အဆုံးတွင်တော့ ထိုသူက ကျွမ်းကျင်ပညာရှင်ဖြစ်ပြီး ဒီလောက၏ ထိပ်သီးတစ်ဦး မဟုတ်ပါလား။
ပြောရင်းနှင့် သူဌေးချောင်၏ မျက်ဝန်းများက အရောင်တဖျတ်ဖျတ် တောက်ပလာကာ စီးပွားရေးသမားတစ်ဦး၏ ကောက်ကျစ်စဉ်းလဲသော အမူအရာကို ထုတ်ဖော်ပြသလိုက်သည်။
"ညီကိုမို ခဏစောင့်ဦး ငါ ဆရာကြီး ဖန်းနဲ့ ဆွေးနွေးစရာလေး အချို့ရှိလို့။"
သူဌေးချောင်က ဆရာကြီး ဖန်းကို ဘေးသို့ဆွဲခေါ်ကာ တိုးတိုးလေး ကပ်တိုင်ပင်လိုက်ကြသည်။
"မိုချင်း ဒီပန်းချီကားက ဘာလဲ ဒါက ထန်ပေါ်ဟူရဲ့ အစစ်အမှန်လက်ရာကြီးပဲ။ တန်ဖိုးမဖြတ်နိုင်ဘူး။"
မိုထင်ဝမ် က တုန်ရင်နေသော လေသံဖြင့် မေးလိုက်သည်။
"သမီး ဒါကို ဘယ်ကရတာလဲ။"
"သမီးကို ယဲ့ချန်ပေးလိုက်တာပါ။"
မိုချင်းသည်လည်း အံ့အားသင့်နေသော မျက်နှာဖြင့် ရှိနေခဲ့၏။ မနေ့ညက ယဲ့ချန် သည် ထိုပန်းချီကားကို သာမန်အနက်ရောင် ပလတ်စတစ်အိတ်တစ်ခုထဲသို့ ပေါ့ပေါ့ပါးပါး ထည့်သွင်းကာ သူမ၏လက်ထဲသို့ ထိုးထည့်ပေးခဲ့ခြင်းဖြစ်သည်။ သူမဘက်ကလည်း ထိုအရာကို လုံးဝ အလေးမထားခဲ့မိပေ။ ယခုကြည့်ရသည်မှာ ထိုပန်းချီကားက တကယ့်ကို ထူးခြားဆန်းပြားလွန်းလှသည် တကား။
"အဖေ ယဲ့ချန်ရဲ့ ရည်ရွယ်ချက်က အဖေ အဲဒီ ကျန်းတာချန်ပန်းချီကားအတွက် လျော်ကြေးအဖြစ် သုံးဖို့ ပေးလိုက်တာပါ။"
မိုချင်းက အမှန်အတိုင်း ပြောပြလိုက်၏။
"ဒါ... ဒါက... တကယ့်ကို တန်ဖိုးကြီးလွန်းတယ်။"
မိုထင်ဝမ်ရင်ခုန်စိတ်လှုပ်ရှားမှုကြောင့် တုန်ရင်နေခဲ့သည်။
"မိုချင်း ယဲ့ချန် ရဲ့ နောက်ကြောင်းက အမှန်တကယ် ဘယ်လိုမျိုးလဲ။ ဒီလိုပန်းချီကားမျိုးက သာမန်လူတစ်ယောက် ပိုင်ဆိုင်နိုင်တဲ့အရာ မဟုတ်ဘူး။"
"သူက လျှို့ဝှက်ချက်တွေ အများကြီးကို ဖုံးကွယ်ထားတဲ့လူပဲ။"
မိုချင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
"သမီးလည်း သူ့ကို အကဲခတ်လို့ မရသေးဘူး။"
ထိုအခိုက်အတန့်တွင် သူဌေးချောင်နှင့် ဆရာကြီး ဖန်း တို့ လျှောက်လှမ်းလာခဲ့ကြသည်။
"ဟမ်းဟမ်း..." သူဌေးချောင်က ချောင်းအနည်းငယ် ဟန့်လိုက်သည်။
"သူဌေးမို ငါ့ရဲ့ ကျန်းတာချန်ပန်းချီကားက ပျက်စီးသွားပြီဆိုတော့လည်း ငါတို့ရဲ့ နှစ်ပေါင်းများစွာ သံယောဇဉ်ကို ငဲ့ညှာတဲ့အနေနဲ့ ငါ ထပ်ပြီး အပြစ်မယူတော့ပါဘူး။ ဒါပေမဲ့... ဒီ ထန်ပေါ်ဟူ ရဲ့ အစစ်အမှန်ပန်းချီကားကိုတော့ ငါ့ကို လွှဲပြောင်းပေးရမယ် ဘယ်လိုလဲ။"
ဆရာကြီး ဖန်းက တည်ကြည်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။
"သူဌေးမိုငါ သက်သေအဖြစ် ဆောင်ရွက်ပေးပါ့မယ်။ ခင်ဗျားက သူဌေးချောင်ရဲ့ ပန်းချီကားကို ဖျက်ဆီးမိတာဆိုတော့ လျော်ကြေးပေးရမှာက တရားမျှတပါတယ်။ ဒီ ထန်ပေါ်ဟူရဲ့ အစစ်အမှန်ပန်းချီကားနဲ့ လျော်ကြေးပေးလိုက်ပါ ဒါပေမဲ့လည်း ငါတို့ ခင်ဗျားအပေါ် အခွင့်အရေး မယူပါဘူး။ အဲဒီ ကျန်းတာချန် ပန်းချီကားက ဈေးကွက်ထဲမှာဆိုရင် အနည်းဆုံး ယွမ် ၁၅ သန်းလောက် တန်ဖိုးရှိတယ်။ ခင်ဗျားရဲ့ ထန်ပေါ်ဟူအစစ်အမှန်ပန်းချီကားကတော့ ယွမ် သန်း ၂၀ ကနေ ၃၀ ကြား တန်ဖိုးရှိမယ်လို့ ခန့်မှန်းရတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ ပန်းချီကားက တံဆိပ်တုံးတွေစုဆောင်းသူတွေရဲ့ အမှတ်အသားတွေ မပါတဲ့အတွက် ဈေးနှုန်းအနည်းငယ် လျှော့တွက်ရမယ်။ ညှိနှိုင်းတဲ့အနေနဲ့ သူဌေးချောင်က ခင်ဗျားကို ထပ်တိုး ယွမ် ၈ သန်း ထပ်ပေးမယ် ပြီးတော့ ပန်းချီကားကို သူ ယူမယ်။ ဘယ်လိုလဲ။"
"ဒါ... ကျွန်တော် တစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး..."
မိုထင်ဝမ်က မိုချင်း ကို လှမ်းကြည့်လိုက်သည်။
"အဖေ သူတို့ကို ခဏစောင့်ခိုင်းလိုက်ပါဦး၊ သမီး ယဲ့ချန်ဆီ ချက်ချင်း ဖုန်းဆက်လိုက်မယ်။"
မိုချင်းသည် သူမ၏ ဖုန်းကို ထုတ်ယူကာ စာကြည့်ခန်းထဲမှ ထွက်ခွာ၍ ဝရံတာသို့ လျှောက်လှမ်းကာ ယဲ့ချန်၏ ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။
"အစ်မမိုချင်း ကျွန်တော့်ကို လွမ်းလို့လား။"
ယဲ့ချန်ဖုန်းလက်ခံဖြေကြားကာ ပြုံးစိစိဖြင့် ပြောလိုက်သည်။
"ယဲ့ချန် လာပြီး ကလေးကလား မလုပ်နဲ့နော်။"
မိုချင်းပြုံးလိုက်၏
"ဟုတ်ပါတယ် နင့်ကို နည်းနည်းတော့ လွမ်းတာပေါ့။ ဒါပေမဲ့ ငါ အရေးကြီးကိစ္စတစ်ခုကြောင့် ဖုန်းဆက်တာ။ မနေ့က နင် ငါ့ကို ပေးခဲ့တဲ့ ပန်းချီကားက ဘာလဲ။"
"အစ်မမိုချင်း ကျွန်တော် အရင်ကတည်းက ပြောပြီးသားပဲ မဟုတ်ဘူးလား။ ဦးလေးကို အဲဒီပန်းချီကားကို အဲဒီသူဌေးဆီ ပေးခိုင်းလိုက်ပါ။အဲဒါကို သူ့ရဲ့ ကျန်းတာချန်ပန်းချီကားအတွက် လျော်ကြေးအဖြစ် သတ်မှတ်လိုက်ပေါ့။"
ယဲ့ချန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"ဒါပေမဲ့... နင့်ရဲ့ အဲဒီပန်းချီကားက ထန်ပေါ်ဟူရဲ့ အစစ်အမှန်လက်ရာကြီး ဖြစ်နေတာကို နင် တကယ်ပဲ ငါ့ကို ပေးချင်လို့လား။"
"မပေးချင်စရာ ဘာရှိလို့လဲ အစ်မမိုချင်း ကျွန်တော် လျှို့ဝှက်ချက်တစ်ခု ပြောပြမယ် အဲဒါကို ကျွန်တော်ကိုယ်တိုင် ဆွဲထားတာ။"
ယဲ့ချန်က တစ်ဝက်နောက်ပြောင် တစ်ဝက်အတည်ဖြင့် ပြောလိုက်သည်။
"လာပြီး မနောက်ပါနဲ့ နင် ငါ့ကို သုံးနှစ်သမီးလေးလို့ ထင်နေတာလား နင် ဆွဲထားတာ ဟုတ်လား။"
မိုချင်းရယ်မောလိုက်သည်။
"ကျွန်တော် တကယ် ဆွဲထားတာပါ။ အကယ်၍ အစ်မမိုချင်း ကြိုက်တယ်ဆိုရင် နောက်ရက်ကျရင် အများကြီး ထပ်ဆွဲပေးဦးမယ်။ ဒီလိုအရာမျိုး မပြောနဲ့ဦး အစ်မမိုချင်းလိုချင်ရင် ချင်းမင်ပွဲတော်ကာလ မြစ်ကမ်းနံဘေး မြင်ကွင်း ပန်းချီကားကြီးကိုတောင် ဆွဲပေးလို့ရတယ်။ ကဲပါ... အစ်မိုချင်းကျွန်တော် ဖုန်းချလိုက်တော့မယ်နော်။ အဲဒီပန်းချီကားကို သူတို့ကိုသာ ပေးလိုက်ပါ။"
မိုချင်းသည် ဝရံတာမှ စာကြည့်ခန်းထဲသို့ ပြန်လည်ဝင်ရောက်လာကာ မိုထင်ဝမ်ကို ကြည့်လိုက်သည်။
"အဖေ အခုလောလောဆယ် အရေးကြီးတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ပန်းချီကားကို သူတို့ကိုသာ ပေးလိုက်ပါတော့။"
မိနစ် ၁၀ အကြာတွင် မိုထင်ဝမ်သည် ရတနာတစ်ပါး ရရှိသွားသည့်အလား အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသောသူဌေးချောင်နှင့် ဆရာကြီး ဖန်း တို့ကို လိုက်လံပို့ဆောင်ပေးခဲ့ပြီး သူ၏လက်ထဲတွင်မူ ယွမ် ၈ သန်းတန် ငွေသားချက်လက်မှတ်တစ်ခု ကျန်ရစ်ခဲ့သည်။
"ဒီတစ်ခါတော့ ငါ့ကို အကျပ်အတည်းထဲက ကယ်ထုတ်ပေးတဲ့အတွက် ယဲ့ချန်ကို ကျေးဇူးတင်ရမယ်။"
မိုထင်ဝမ့က မိုချင်းကို ကြည့်လိုက်သည်။
"ဒါဟာ ကောင်းမွန်တဲ့ သမက်တစ်ယောက် ရှိခြင်းရဲ့ အရေးပါမှုပဲ။"
"အဖေ ဘာလို့ ဒီလောက်တောင် ပိုက်ဆံမျက်နှာကြည့်တတ်နေရတာလဲ။"
မိုချင်းမျက်နှာနီမြန်းသွားကာ ရင်ထဲတွင် အလွန် ပျော်ရွှင်မှုနှင့် နွေးထွေးမှုများကို ခံစားလိုက်ရသည်။
"မိုချင်း ဒီပိုက်ဆံကို ယဲ့ချန်ဆီ သွားပေးလိုက်ပါ။"
မိုထင်ဝမ်က ချက်လက်မှတ်ကို မိုချင်း၏လက်ထဲသို့ ထည့်ပေးကာ တည်ကြည်စွာ ပြောလိုက်သည်။
"ယဲ့ချန် ကောလိပ်ကျောင်းပြီးတာနဲ့ သမီးတို့နှစ်ယောက် အမြန်ဆုံး လက်ထပ်စာချုပ် သွားလုပ်ကြတော့။ အဖေက သမီး သူ့ကို ဆွဲဆောင်ထားနိုင်မှာ မဟုတ်မှာကို စိုးရိမ်လို့။"
"မိုချင်း ဒီလောကမှာ အောင်မြင်တဲ့ ယောက်ျားတွေဟာ မိန်းမမရှိမှာကို ဘယ်တော့မှ ပူပန်စရာမလိုဘူး။ အဖေက သမီးကို အကြံပတ်ပေးတယ်လို့ မထင်ပါနဲ့ ဒါပေမဲ့ တကယ်လို့ အခြေအနေက လိုအပ်လာပြီဆိုရင် နောက်တစ်ခါ သမီးနဲ့ ယဲ့ချန် တို့ အတူတူရှိတဲ့အချိန်ကျရင် ဘာကာကွယ်မှုမှ မလုပ်နဲ့တော့သမီးမှာ သူ့ရဲ့သွေးသား သန္ဓေတည်လာပြီဆိုရင်တော့ သူ သေချာပေါက် တာဝန်ယူရမှာပဲ။"
"အဖေ သမီး အဖေနဲ့ ဆက်မပြောတော့ဘူး။"
မိုချင်း သည် ရှက်လည်းရှက်ဒေါသလည်းထွက်သွားကာ လှည့်ထွက်၍ ပြေးသွားတော့သည်။
"သမီး သူ့ကို မဆွဲထားနိုင်ရင်လည်း မဆွဲထားနိုင်ဘူးပေါ့ သမီး ဂရုမစိုက်ဘူး။"
တံခါးကို ပိတ်လိုက်ပြီးနောက် မိုချင်းသည် မှန်တင်ခုံမှ သူမကိုယ်သူမ ပြန်လည်ကြည့်ရှုလိုက်သည်။
"ယဲ့ချန် ငါ မိုချင်း တစ်ဘဝလုံး နင့်အပေါ်မှာပဲ ပုံချလိုက်ပြီ ငါ သေချာပေါက် နင့်ကို ဖမ်းထားမှာပဲ။"
ယဲ့ချန် သည် အလွန်ပျော်ရွှင်သော စိတ်အခြေအနေဖြင့် လမ်းမထက်တွင် လျှောက်လှမ်းနေခဲ့သည်။ သူသည် သူဌေးကြီးတစ်ဦး ဖြစ်ရခြင်း၏ ခံစားချက်ကို အမှန်တကယ် ခံစားလိုက်ရပြီဖြစ်သည်။
ရေကန်နံဘေးမှ သီးခြားဗီလာနှစ်လုံးစုစုပေါင်း ဈေးနှုန်း ယွမ် သန်း ၆၀ နီးပါးကို သူသည် မျက်တောင်တစ်ချက်မျှပင် မခတ်ဘဲ ငွေအပြည့် ခြေပခဲ့သည် မဟုတ်ပါလား။
"ပိုက်ဆံသုံးရတဲ့ ခံစားချက် ပိုက်ဆံကို ဘာမှမဟုတ်သလိုမျိုး ကြဲဖြန့်ရတဲ့ ခံစားချက်က တကယ့်ကို သက်တောင့်သက်သာ ရှိလှတာပဲ..."
ယဲ့ချန်ထိုခံစားချက်ကို မြည်းစမ်းနေခဲ့သည်။ ကွက်တိ ထိုအချိန်တွင် သူ၏ဖုန်း မြည်လာခဲ့သည်။ သူ ကြည့်လိုက်သောအခါ ကွမ်းထျန်ရှုံ ထံမှ ဖုန်းခေါ်ဆိုမှု ဖြစ်နေသည်ကို တွေ့ရသည်။ သူ ဖုန်းကို လက်ခံလိုက်သည်။
"သခင်လေးယဲ့ ကျွန်တော့်ကို အပ်နှံထားတဲ့ ကိစ္စ ပြီးမြောက်ပါပြီ။"
ဖုန်းထဲတွင် ကွမ်းထျန်ရှုံက ရိုသေစွာ ပြောလိုက်၏။
"ကားပေါ်မှာ လိုင်စင်နံပါတ်ပြားတွေ တပ်ဆင်ပြီးပါပြီ အခု သခင်လေးဆီ မောင်းလာခဲ့ရမလား ခင်ဗျာ။"
"ရတာပေါ့ ကားမရှိတော့ တကယ်ပဲ သွားရလာရတာ အဆင်မပြေဘူး။ မောင်းလာခဲ့လိုက်တော့။"
ယဲ့ချန် ရယ်မောလိုက်သည်။
"ငါ ပိုင်ရှန့်ရဲ့ မြေညီထပ်မှာရှိတဲ့ စတားဘတ်စ်မှာ စောင့်နေမယ်။"
"ကောင်းပါပြီ သခင်လေးယဲ့ ခဏလောက် စောင့်ပေးပါခင်ဗျာ ကျွန်တော် ၁၀ မိနစ်အတွင်း ရောက်လာပါ့မယ်။"
ယဲ့ချန်သည် စတားဘတ်စ်ထဲသို့ ဝင်ရောက်ကာ ကော်ဖီတစ်ခွက်ဝယ်ပြီး ပြတင်းပေါက်နားရှိ ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်သည်။
မကြာမီအချိန်၌ ကွမ်းထျန်ရှုံသည် စိတ်လှုပ်ရှားစွာဖြင့် အပြေးအလွှား ဝင်ရောက်လာခဲ့၏။
"သခင်လေးယဲ့။"
"ကားသော့သာ ငါ့ကို ပေးလိုက်တော့။"
ယဲ့ချန် ပြုံးလိုက်၏။ ကွမ်းထျန်ရှုံ သည် မာစီးဒီး-ဘင့်စ် ဂျီ-ကလပ်စ်၏ ကားသော့ကို ယဲ့ချန် ၏လက်ထဲသို့ ရိုသေစွာဖြင့် အပ်နှံလိုက်ပြီး ယဲ့ချန် ၏ မျက်နှာချင်းဆိုင် ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
"သခင်လေးယဲ့..."
ကွက်တိ ထိုအခိုက်အတန့်တွင် ယဲ့ချန်သည် ကွမ်းထျန်ရှုံ၏ မျက်နှာအသားအရေမှာ အနည်းငယ် ပုံမှန်မဟုတ်သည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ သူသည် သူ၏ ယင်ယန်မျက်လုံးကို ဖွင့်ကာ သူ့ကို အကဲခတ်လိုက်ရာ
သူ မြင်လိုက်ရသည်မှာ ကွမ်းထျန်ရှုံ၏ ကံဇာတာနန်းဆောင်တွင် မငြိမ်မသက်ဖြစ်နေသော အနက်ရောင်လိုင်း အချို့ ရစ်ပတ်နေပြီး သူ၏ နှလုံးသားဧရိယာတွင်လည်း မကောင်းသော အငွေ့အသက်များ ဖုံးလွှမ်းနေခြင်းပင် ဖြစ်သည်။
ယဲ့ချန်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
"ဒါက... ဖြစ်နိုင်မလား..."
'ကွမ်းထျန်ရှုံ ဒုက္ခရောက်တော့မယ်... ငါ မနေ့ကတင် သူ့ရဲ့ ရုပ်အဆင်းလက္ခဏာကို ကြည့်ပေးခဲ့သေးတယ် ပြဿနာ လုံးဝမရှိခဲ့ပါဘူး '
ယဲ့ချန်ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်သည်။
"မနေ့က မင်း ဘယ်တွေသွားခဲ့လဲ။"
"မနေ့ကလား။"
ကွမ်းထျန်ရှုံအနည်းငယ် ကြောင်အသွားပြီးနောက် ပြောလိုက်သည်။
"သခင်လေးယဲ့ မနေ့က နေ့ခင်းပိုင်းမှာတော့ ကျွန်တော် မော်တော်ယာဉ်စီမံခန့်ခွဲရေးရုံးကို သွားပြီး အစ်ကို့ရဲ့ ကားလိုင်စင်ပြားတွေ သွားလုပ်ပေးခဲ့ပါတယ် ညနေပိုင်းမှာတော့ ကော့တေးပါတီတစ်ခုကို တက်ရောက်ခဲ့ပါတယ်။"
"ဘာကော့တေးပါတီလဲ။"
"အော်... သာမန်ပါတီတစ်ခုပါပဲ ပိုင်အုပ်စုရဲ့ ပိုင်ရှောင်ရန် က ဦးစီးကျင်းပတာပါ။"
ကွမ်းထျန်ရှုံ ပြုံးလိုက်၏
"သခင်လေးယဲ့ ဘာဖြစ်လို့လဲ ခင်ဗျာ။"
"ပိုင်အုပ်စု..."
ယဲ့ချန်၏ မျက်သူငယ်အိမ် အနည်းငယ် ကျုံ့သွားခဲ့သည်။
"ကွမ်တာလမ်းဘက်က အဆောက်အဦး ဖျက်သိမ်းရေးကိစ္စကို ကိုင်တွယ်နေတာလည်း ဒီပိုင်အုပ်စုပဲ ထင်တယ်။"
"ဟုတ်ပါတယ် သခင်လေးယဲ့ ကွမ်တာလမ်း ဖျက်သိမ်းရေးကိစ္စက တကယ့်ကို အဆီအအိမ့်ကြီး တစ်တုံးပါပဲ။"
ကွမ်းထျန်ရှုံ၏ မျက်ဝန်းများတွင် မနာလိုအားကျမှုများ ပြည့်နှက်နေခဲ့သည်။
"ပိုင်အုပ်စုက မကြာသေးမီနှစ်တွေအတွင်း အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပြီး ကွမ်တာလမ်းရဲ့ မြို့ဟောင်းပြန်လည်မွမ်းမံရေး စီမံကိန်းတစ်ခုလုံးအတွက် ခွင့်ပြုချက် ရရှိထားတာ။ နောက်ပိုင်းနှစ်အနည်းငယ်အတွင်း သူတို့ထိပ်တန်းသို့ ရောက်ရှိလာပြီး ရှမိသားစု နဲ့ ကျိုးမိသားစုတို့လို အင်အားကြီးမိသားစုတွေနဲ့ ရင်ဘောင်တန်းနိုင်လာလိမ့်မယ်။"
'မင်းက ဘာကို အားကျနေတာလဲ မင်း အခု သေခါနီးဖြစ်နေပြီ ငါနဲ့ တွေ့လို့သာ ကံကောင်းတာ...'
ယဲ့ချန်ချက်ချင်းပင် ထရပ်လိုက်သည်။
"စကားအပိုတွေ ပြောမနေနဲ့တော့ တိတ်ဆိတ်တဲ့ နေရာတစ်ခုကို အမြန်ဆုံးရှာ အင်း... ပိုင်ရှန့် အနီးနားမှာ ဟိုတယ်တစ်ခုရှိတယ် အခုချက်ချင်း သွားပြီး အခန်းတစ်ခန်း သွားယူလိုက်။"
"အခန်းယူရမယ်။"
ကွမ်းထျန်ရှုံလန့်ဖျတ်သွားခဲ့၏
"သခင်လေးယဲ့ ဘာကို ဆိုလိုတာလဲ ခင်ဗျာ။"
"အခန်းယူလိုက် ငါ မင်းကို နည်းနည်းလောက် ကိုင်တွယ်စရာရှိလို့။"
ယဲ့ချန်က ပြောလိုက်၏။
"ဒါ... ဒါက... သခင်လေးယဲ့ (Ye Chen)၊ သခင်လေးက..."
ဤစကားကို ကြားလိုက်ရသောအခါ ကွမ်းထျန်ရှုံ မှာ ကြောက်လန့်လွန်းသဖြင့် မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့သည်။
သောက်ကျိုးနည်း သခင်လေးယဲ့မှာ ဒီလို ဝါသနာမျိုး ရှိနေတာလားယ ဒါပေမဲ့ ငါ ကွမ်းထျန်ရှုံက ယောက်ျားစစ်စစ်ကြီးပါဗျာ။
"တောက်... ငါ ကွမ်းထျန်ရှုံ တစ်ယောက် တစ်ဘဝလုံး တောလိုက်လာခဲ့ပြီးမှ နောက်ဆုံးကျမှ မြေခွေးရဲ့ အောက်ကောင် အဖြစ်ခံရပြီး ငါ့ဘဝရဲ့ သိက္ခာတွေ အဖတ်ဆယ်မရအောင် ပျက်စီးရတော့မှာလား။"
ယခုအခိုက်အတန့်တွင် ကွမ်းထျန်ရှုံ သည် သူ၏တစ်နေရာဆီမှ အေးစိမ့်သော ခံစားချက်ကို ခံစားလိုက်ရပြီး ကြောက်လန့်လွန်းသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ရင်နေခဲ့သည်။
"ငါ ပြောနေတယ်လေ မင်း ဘာလို့ မတ်တတ်ရပ်နေသေးတာလဲ မင်း အသက်ရှင်ချင်တာလား သေချာပေါက် သေချင်တာလား။"
ယဲ့ချန်စိတ်မရှည်ဖြစ်လာခဲ့သည်။
"ကောင်းပါပြီ သခင်လေးယဲ့ ကျွန်တော်... ကျွန်တော် အခုချက်ချင်း အခန်းသွားယူပါ့မယ်။"
ကွမ်းထျန်ရှုံ သွားကို ကြိတ်ကာ ထရပ်လိုက်ပြီး သေတွင်းထဲသို့ သက်စွန့်ဆံဖျား ဝင်ရောက်တော့မည့် မျက်နှာပေးမျိုး ဖြစ်နေခဲ့သည်။
ထားလိုက်ပါတော့လေအဲဒီလို အဖြစ်ခံရတာက အသက်ရှင်သန်ခွင့်ရဖို့နဲ့ ယှဉ်ရင် ပိုပြီး အရေးကြီးပါတယ်လေ...