အခန်း ၁၃၀
Vol. 13 Ch. 130
အခန်း (၁၃၀) နှလုံးစားကူအဆိပ်။
ကွမ်းထျန်ရှုံ သည် လေးလံသော စိတ်အခြေအနေဖြင့် ခြေလှမ်းများကို ခက်ခဲစွာ လှမ်းရွှေ့ရင်း အခန်းသွားယူခဲ့သည်။
ဟူး... တစ်ခါတရံမှာ ဘဝက တကယ့်ကို အဓိပ္ပာယ်မရှိလှပါလား။
ယဲ့ချန်သည် သူ၏နောက်မှ ဘာမှမပြောဘဲ တိတ်ဆိတ်စွာ လိုက်ပါလာသော်လည်း သူ၏စိတ်ထဲတွင်မူ အတွေးပေါင်းစုံ ဗျာများနေခဲ့၏။
သူသည် ကွမ်းထျန်ရှုံ ၏ အခြေအနေနှင့် ပတ်သက်၍ လုံးဝ သေချာရေရာခြင်း မရှိသေးပေ။ သူသည် ထိုအကြောင်းကို အဆက်မပြတ် တွေးတောနေဆဲ ဖြစ်သည်။
ယခုလောလောဆယ်တွင်တော့ ဖြစ်နိုင်ခြေ အရှိဆုံးဟု ထင်ရသည့် ခန့်မှန်းချက်တစ်ခုသာ သူ၏စိတ်ထဲတွင် ရှိနေခဲ့သည်။ ကွမ်းထျန်ရှုံ သည် ယဲ့ချန်၏ သစ္စာရှိသော ခွေးတစ်ကောင် ဖြစ်နေသည့်အတွက်ကြောင့်လည်း ယဲ့ချန်အနေဖြင့် သူ၏ အသက်ရှင်သန်ခြင်း သေဆုံးခြင်းကို ဥပေက္ခာပြုထားမည် မဟုတ်သည်မှာ သဘာဝပင်။
လမ်းခုလတ်တွင် ကွမ်းထျန်ရှုံ က ရုတ်တရက် စိုးရိမ်တကြီးဖြင့် တိုးတိုးလေး မေးလိုက်သည်။
"သခင်လေးယဲ့... အကာအကွယ် လုပ်တာနဲ့ ပတ်သက်ပြီး သခင်လေးရဲ့ အမြင်က ဘယ်လိုမျိုးလဲ ခင်ဗျာ။"
ယဲ့ချန်သည် ကွမ်းထျန်ရှုံ က အဘယ်ကြောင့် ဤမျှ ရိုင်းစိုင်းသော မေးခွန်းမျိုးကို ရုတ်တရက် မေးမြန်းရသည်ကို နားမလည်နိုင် ဖြစ်သွားခဲ့သည်။ သို့သော်လည်း သူတို့နှစ်ဦးစလုံးမှာ ယောက်ျားသားများ ဖြစ်ကြသည့်အပြင် ယဲ့ချန်ဘက်ကလည်း မည်သည့်အရာကိုမျှ ဖုံးကွယ်ထားလိုခြင်း မရှိသဖြင့် အမှန်အတိုင်း ပြန်လည်ဖြေကြားလိုက်သည်။
"အင်း... ကာကွယ်မှုအကြောင်း ပြောရမယ်ဆိုရင်တော့ ငါ့ကို စွန်းဝူခုန်းရဲ့ ခေါင်းစည်းကွင်းကြီးကိုပဲ သွားသတိရစေတယ်။ ကိုယ်ပိုင်အမြင် ပြောရရင်တော့ မတတ်သာလို့ မဟုတ်ရင် ငါကတော့ အဲဒါကြီးကို မစွပ်ဘဲ နေတာက ပိုကောင်းတယ်လို့ ထင်တာပဲ။ အင်း... အဲဒီလောက်ပါပဲ။"
ဤစကားကို ကြားလိုက်ရသောအခါ ကွမ်းထျန်ရှုံ တစ်ယောက် တကယ်ကို စိတ်ဓာတ်တွေ အပိုင်းပိုင်းအစစ ပြိုလဲသွားခဲ့ရပြီ။
သွားပြီ သွားပြီ သခင်လေးယဲ့က အကာအကွယ်တောင် မသုံးဘူးတဲ့ ဘယ်လောက်တောင် သနားစရာကောင်းတဲ့ ဘဝလဲ။
အခန်းထဲသို့ ဝင်ရောက်ပြီးနောက်... တံခါးပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကွမ်းထျန်ရှုံ သည် ယဲ့ချန်၏ ရှေ့မှောက်၌ ဒူးထောက်၍ ဝပ်စင်းလိုက်ပြီး မျက်ရည်များ တဖြောက်ဖြောက် ကျဆင်းလာခဲ့သည်။
"သခင်လေးယဲ့... ကျေးဇူးပြုပြီး သနားညှာတာပေးပါ၊ သနားညှာတာပေးပါ..."
"အော် မင်းကိုယ်တိုင်လည်း သိနေတာပဲလား။"
ယဲ့ချန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
"မင်း မသိဘူးလို့ ငါ ထင်နေတာ။"
"သခင်လေးယဲ့ ကျွန်တော်လည်း ဒီနေ့မှ သိရတာပါဗျာ။"
ကွမ်းထျန်ရှုံ အော်ဟစ်ငိုယိုလိုက်တော့သည်။
"သခင်လေးယဲ့ ကျွန်တော့်မှာ လုပ်ကျွေးပြုစုရမယ့် အသက်ကြီးရင့်တဲ့ မိဘတွေနဲ့ လုပ်ကျွေးရမယ့် သားသမီးငယ်လေးတွေ ရှိနေတာကို ငဲ့ညှာတဲ့အနေနဲ့ ပြီးတော့ ကျွန်တော် အစ်ကို့အပေါ် သစ္စာရှိခဲ့တာကို ထောက်ထားတဲ့အနေနဲ့ ကျွန်တော့်ကို ချမ်းသာပေးပါဗျာ။"
"???"
ယဲ့ချန် ကြောင်အသွားသည်။
"သခင်လေးယဲ့ တကယ်လို့ အစ်ကိုက အဲဒါကို တကယ်အလိုရှိတယ်ဆိုရင် ကျွန်တော် သခင်လေးအတွက် နုပျိုချောမောတဲ့ လူငယ်လေးတွေကို ချက်ချင်း ဆက်သွယ်ပေးနိုင်ပါတယ် သူတို့တွေက မိန်းကလေးတွေထက်တောင် ပိုပြီး ချောမောလှပစေရမယ်လို့ ကျွန်တော် အာမခံပါတယ်။"
ကွမ်းထျန်ရှုံ က သနားစရာကောင်းသော မျက်နှာပေးဖြင့် ပြောလိုက်သည်။
"ကြီးကျယ်တဲ့ လူကောင်ကြီးတွေမှာ ထူးဆန်းတဲ့ ဝါသနာတွေ ရှိတတ်ကြတာကို ကျွန်တော် သိပါတယ်ဒါပေမဲ့ ကျွန်တော်... ကျွန်တော်... ကျွန်တော် ပြီးခဲ့တဲ့လကတင် လိပ်ခေါင်းခွဲစိတ်မှု လုပ်ထားရတာမို့လို့ပါ..."
"တောက်..."
ယဲ့ချန် နောက်ဆုံးတွင်တော့ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
"သောက်ကျိုးနည်း ကွမ်းထျန်ရှုံ မင်း ငါ့ကို တကယ် ရွံအောင် လုပ်လိုက်တာပဲ ဘာကောင်ရဲ့ လိပ်ခေါင်းခွဲစိတ်မှုလဲ ဘာကောင်ရဲ့ ထူးဆန်းတဲ့ ဝါသနာလဲ။"
ယဲ့ချန် ရင်ဘတ်ကို ဖိကာ အန်ချင်သလိုမျိုး အကြိမ်အနည်းငယ် လုပ်လိုက်ရသည်။ သူသည် တကယ်ကို အော့နှလုံးနာသွားခဲ့ရသည်။
"ထွက်သွားစမ်း ထွက်သွား မင်းက သေခါနီးလူတစ်ယောက် ဖြစ်နေတာကို မြင်လို့ ငါက မင်းရဲ့အသက်ကို ကယ်တင်ပေးမလို့ပါဆိုမှ... သွားစမ်း ထွက်သွား။"
ယယဲ့ချန်က ရွံရှာသော အမူအရာဖြင့် လက်ကို ယမ်းခါလိုက်၏။
"ဟင် သခင်လေးယဲ့ သခင်လေး ဆိုလိုတာက အဲဒီသဘော မဟုတ်ဘူးလား။"
ကွမ်းထျန်ရှုံ သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်မိသည်။
"အထင်လွဲတာ အထင်လွဲတာပါဗျာကျွန်တော် အထင်လွဲသွားတာပါ။ သခင်လေးယဲ့ရဲ့ ရည်းစားက နတ်သမီးလေးလို တကယ့်ကို ချောမောလှပတဲ့သူပဲဥစ္စာ သခင်လေးက ဘာဖြစ်လို့ ဒီလိုမျိုး အဆီအအိမ့်ကြီးတဲ့အရာတွေကို စိတ်ဝင်စားရမှာလဲ။"
ကွမ်းထျန်ရှုံ သည် ထရပ်လိုက်ပြီး မိမိကိုယ်မိမိ ပါးအကြိမ်ကြိမ် ပြန်ရိုက်လိုက်သည်။
ခဏမျှ ရပ်တန့်ပြီးနောက် ကွမ်းထျန်ရှုံ သည် တုန်လှုပ်ခြောက်ခြားသော မျက်နှာပေးဖြင့် တုန်ရင်နေသော လေသံဖြင့် မေးလိုက်သည်။
"သခင်လေးယဲ့ အစ်ကို ဆိုလိုတာက ဒီအခန်းကို ယူခိုင်းတာက ကျွန်တော့်အသက်ကို ကယ်ဖို့အတွက်လား ခင်ဗျာ။"
"မင်းကိုယ်တိုင်တော့ သိဦးမှာ မဟုတ်သေးဘူး မင်း အောက်လမ်းနည်းနဲ့ တိုက်ခိုက်ခံထားရပြီ။"
ယဲ့ချန်သည် အခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး စီကရက်တစ်လိပ်ကို မီးညှိလိုက်သည်။
"ငါက တရုတ်ရိုးရာ ဆေးပညာရပ်နဲ့ အမျိုးမျိုးသော ခက်ခဲနက်နဲတဲ့ ရောဂါဝေဒနာတွေကို ကျွမ်းကျင်တဲ့သူပဲ။ အခုလေးတင် ငါ မင်းကို စစ်ဆေးကြည့်လိုက်တာ။ မင်းရဲ့ ကံဇာတာနန်းဆောင်မှာ အနက်ရောင်လိုင်းတွေ ရစ်ပတ်နေပြီး မင်းရဲ့ နှလုံးသားဧရိယာမှာလည်း မကောင်းတဲ့ အငွေ့အသက်တွေ ဖုံးလွှမ်းနေတယ်။ အဲဒီ အငွေ့အသက်က မငြိမ်မသက် ဖြစ်နေတယ် သက်ရှိသတ္တဝါတစ်ကောင်လိုပဲ ပြီးတော့ အောင်းနေတဲ့ ပိုးကောင်တွေလိုမျိုးပဲ... ငါ့အထင် မမှားဘူးဆိုရင် မင်း ကူအဆိပ်ခတ်ခြင်းကို ခံထားရတာပဲ။ ပြီးတော့ ကူပိုးကို မင်းရဲ့ နှလုံးသားထဲမှာ တိုက်ရိုက် ထည့်သွင်းထားတာ။"
"ဘာ..."
ကွမ်းထျန်ရှုံ ကြောက်လန့်လွန်းသဖြင့် သေလုမတတ် ဖြစ်သွားခဲ့သည်။
"မ... မဖြစ်နိုင်တာ... ကူအဆိပ် လား။"
"ဒါပေါ့၊ ငါလည်း လုံးဝတော့ မသေချာသေးဘူး။ အဆုံးမှာတော့ ငါလည်း ကူအဆိပ်နဲ့ မကြုံဖူးသေးဘူးလေ။ ဒါပေမဲ့ မင်းရဲ့ ရောဂါလက္ခဏာတွေကတော့ တူညီနေတယ်။"
ယဲ့ချန် တည်ကြည်လေးနက်သော မျက်နှာပေးဖြင့် ကြည့်လိုက်သည်။
"ငါ့ရဲ့ ဆုံးဖြတ်ချက်က မှန်ကန်မှု ရှိ မရှိ စစ်ဆေးဖို့အတွက်ကတော့ အရမ်းကို ရိုးရှင်းပါတယ်။"
ပြောရင်းနှင့် ယဲ့ချန်သည် မီးခိုးငွေ့ဝိုင်းတစ်ခုကို မှုတ်ထုတ်လိုက်ပြီး ထရပ်ကာ ဖန်ခွက်တစ်ခုကို ရှာဖွေ၍ ရေရေတွန်းစက်ဆီသို့ လျှောက်လှမ်းသွားပြီး ဖန်ခွက်ထဲသို့ ရေဖြည့်လိုက်သည်။
"ရှေးဟောင်းကျမ်းစာတွေရဲ့ မှတ်တမ်းအရ... အကယ်၍ ဖန်ခွက်ထဲကို ရေဖြည့်ပြီး အဲဒီထဲကို တံတွေးထွေးချလိုက်တဲ့အခါ တံတွေးက ရေအောက်ခြေကို နစ်မြုပ်သွားခဲ့ရင် အဲဒါက ကူအဆိပ်ပဲ တကယ်လို့ ရေပေါ်မှာ ပေါ်နေမယ်ဆိုရင်တော့ မဟုတ်ဘူး။"
ယဲ့ချန်က ဖန်ခွက်ကို ကွမ်းထျန်ရှုံ ထံသို့ ကမ်းပေးလိုက်သည်။
"ထွေးချလိုက်။"
ကွမ်းထျန်ရှုံ သည် ထိတ်လန့်တုန်လှုပ်နေသော မျက်နှာဖြင့် ဖန်ခွက်ကို လှမ်းယူလိုက်သည်။ သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ရေမျက်နှာပြင်ပေါ်သို့ တံတွေး ထွေးချလိုက်တော့သည်။ ထို့နောက် သူသည် ရင်ထဲတွင် အလွန်တရာ တုန်လှုပ်ခြောက်ခြားပြီး စိုးရိမ်စိတ်များဖြင့် ဖန်ခွက်ကို စိုက်ကြည့်နေခဲ့သည်။
ရုတ်တရက် ထိုတံတွေးသည် ရေအောက်ခြေသို့ တိုက်ရိုက် နစ်မြုပ်သွားခဲ့သည်။ ဖန်ခွက်၏ အောက်ခြေအထိ လုံးဝ ရောက်ရှိသွားခြင်း ဖြစ်သည်။
"ဟင်း... ငါ မျှော်လင့်ထားတဲ့အတိုင်းပဲ။ နစ်မြုပ်သွားရင် ကူအဆိပ် ပေါ်နေရင် မဟုတ်ဘူး။"
ယဲ့ချန် ခေါင်းငြိမ့်လိုက်၏။
"မင်း ကူအဆိပ်ခတ်ခံထားရတာ သေချာသွားပြီ။"
ကွမ်းထျန်ရှုံ ၏ လက်များ ပျော့ခွေသွားခဲ့ပြီး ဖန်ခွက်သည် ကော်ဇောပေါ်သို့ တိုက်ရိုက် ကျရောက်ကာ ရေများ နေရာအနှံ့သို့ ဖိတ်စင်သွားခဲ့တော့သည်။
"သခင်လေးယဲ့ ကျွန်တော့်ကို ကယ်ပါဦးကယ်ပါဦးဗျာ။"
ကွမ်းထျန်ရှုံ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရင်နေရင်း အော်ဟစ်လိုက်သည်။
"မင်းရဲ့ အင်္ကျီကို ချွတ်လိုက်။ မင်းရဲ့ နှလုံးသားဧရိယာပေါ်မှာ အနီရောင်အစက်တစ်ခု ရှိနေရမယ်။"
ယဲ့ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
ကွမ်းထျန်ရှုံ သည် တုန်ရင်နေသော လက်များဖြင့် သူ၏ အင်္ကျီကို ချွတ်လိုက်သည်။
အမှန်ပင်... သူ၏ နှလုံးသားဧရိယာပေါ်တွင် ပဲစေ့ခန့် ပမာဏရှိသော အနီရောင်အစက်တစ်ခု ရှိနေခဲ့ပြီး ကြည့်ရသည်မှာ ထိတ်လန့်ဖွယ်ရာ ကောင်းလှသည်။
"ရှေးဟောင်းကျမ်းစာတွေရဲ့ မှတ်တမ်းအရ ဒီလိုကူအဆိပ်မျိုးကို နှလုံးစားကူလို့ ခေါ်တယ်။ အဲဒါက နှလုံးသားထဲမှာ ကပ်ပါးရပ်တည်နေတာ။ ကနဦးပိုင်းမှာတော့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဘာရောဂါလက္ခဏာမှ ပြသမှာ မဟုတ်ဘူး။ ခုနစ်ရက် ကြာပြီးတဲ့နောက်မှာတော့ ပြင်းထန်စွာ ရေဓာတ်ခမ်းခြောက်လာပြီး နေ့တိုင်း ရေအမြောက်အမြား သောက်သုံးရလိမ့်မယ် ဒါပေမဲ့ ချွေးထွက်ခြင်း သို့မဟုတ် ဆီးသွားခြင်း လုံးဝ ရှိမှာမဟုတ်ဘူး။ နောက်ထပ် ခုနစ်ရက် ကြာပြီးတဲ့နောက်မှာတော့ ရင့်မှည့်လာပြီး အိမ်ရှင်ရဲ့ နှလုံးသွေးကို စုပ်ယူတော့မှာဖြစ်ပြီးးပိုးကောင်ပေါင်းသောင်းချီပြီး နှလုံးသားကို ကိုက်ခဲစားသောက်နေသလိုမျိုး ဝေဒနာကို ခံစားရစေကာ... နောက်ဆုံးမှာတော့ နှလုံးသားဟာ ခြောက်သွေ့တဲ့ အခွံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး... လူကလည်း သဘာဝအတိုင်း သေဆုံးသွားလိမ့်မယ်။"
ကွမ်းထျန်ရှုံ ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွေးညင်းများ ထောင်ထလာခဲ့ပြီးမိုးဖွဲဖွဲလေးများ ကျဆင်းနေသည့် အအေးမိမိုးထဲတွင် မိမိကိုယ်မိမိ ပိတ်မိနေသကဲ့သို့ ခံစားလိုက်ရကာ ခန္ဓာကိုယ်တစ်ခုလုံး ထိန်းမနိုင်သိမ်းမရ တုန်ရင်နေခဲ့သည်။
"ဘာဖြစ်လို့... ဘာဖြစ်လို့လဲ... ဘယ်သူလဲဘယ်သူက ဒီလိုလုပ်တာလဲ။"
ယဲ့ချန်သည် သူ၏မျက်ဝန်းများကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။
"မန္တန်ပြားတွေကို အလောင်းတွေကို ထိန်းချုပ်ဖို့ သုံးသလိုမျိုး ကူပိုးတွေကိုလည်း လူတွေကို ထိန်းချုပ်ဖို့အတွက် သဘာဝအတိုင်း အသုံးပြုကြတာပဲ။ မင်းကို ကူအဆိပ်ခတ်တဲ့လူက မင်းကို ထိန်းချုပ်ချင်လို့ မင်းကို သူတို့ စေခိုင်းသမျှ လုပ်ရမယ့် ကျွန်တစ်ယောက် ဖြစ်စေချင်လို့ပဲ။"
ခဏမျှ ရပ်တန့်ပြီးနောက် ယဲ့ချန်က ထပ်လောင်းပြောကြားလိုက်သည်။
"မင်း မနေ့ကမှ အဆိပ်ခတ်ခံလိုက်ရတာ။ သေသေချာချာ ပြန်စဉ်းစားကြည့်ဦး။"
ကွမ်းထျန်ရှုံ ၏ နှလုံးသား လှုပ်ခတ်သွားခဲ့ပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"မနေ့ကလား ဒါ... ဒါ ပိုင်ရှောင်ရန် ပဲသေချာပေါက် သူပဲ ဖြစ်ရမယ် ဒီကောင်စုတ်က ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိနေတာ မနေ့ညက ကော့တေးပါတီက ထောင်ချောက်တစ်ခုပဲ ကျွန်တော် သိတယ် ဒါ သေချာပေါက် ပိုင်ရှောင်ရန် ပဲ ကျွန်တော် သူ့ကို သတ်မယ်။ သူ့ရဲ့ မိသားစုတစ်ခုလုံးကို သတ်ပစ်ချင်တယ်။"
"သခင်လေးယဲ့ ကျွန်တော် သေလို့မဖြစ်ဘူးကျွန်တော် သေလို့မဖြစ်သေးဘူးဗျာ... ကျွန်တော့်ရဲ့ သားလေးတောင် မမွေးသေးဘူးကျွန်တော် သေလို့မရဘူး။"
ငကွမ်းထျန်ရှုံ သည် နောက်တစ်ကြိမ် ထပ်မံ ဒူးထောက်လိုက်ပြီး ယဲ့ချန်၏ ခြေသလုံးကို ဖက်ကာ ငိုယိုအော်ဟစ်နေခဲ့သည်။ မျက်ရည်များ တဖြောက်ဖြောက် ကျဆင်းနေရင်း။
"ကျွန်တော် သခင်လေးယဲ့ကို ကယ်တင်ပေးဖို့ တောင်းပန်ပါတယ်... ကျွန်တော့်သားလေးက အဖေမရှိဘဲ မမွေးဖွားလာနိုင်ဘူးဗျာ။"
"မလောပါနဲ့ဦး။"
ယဲ့ချန် ခဏမျှ စဉ်းစားလိုက်သည်။
"မင်းက မနေ့ကမှ အဆိပ်ခတ်ခံရတာဆိုတော့ မင်းရဲ့ နှလုံးသားဧရိယာပေါ်မှာ အနီရောင်အစက်တစ်ခုပဲ ရှိသေးတာ။ တကယ်လို့သာ တစ်ပတ်လောက် ကြာသွားခဲ့ရင် အဲဒီအနီရောင်အစက်ရဲ့ ဘေးပတ်ပတ်လည်မှာ ပင့်ကူအိမ်လိုမျိုး ထူထပ်တဲ့ အာရုံခံမျှင်တွေ ထွက်ပေါ်လာလိမ့်မယ်။ အဲဒီမျှင်တွေက မင်းရဲ့ နှလုံးသားဧရိယာတစ်ခုလုံးကို လုံးဝရစ်ပတ်သွားခဲ့ပြီဆိုရင်တော့ ငါလည်း ဘာမှတတ်နိုင်မှာ မဟုတ်တော့ဘူး။"
မူလကတော့ ကွမ်းထျန်ရှုံ အဆိပ်ခတ်ခံရသည့် အချက်အလက်တစ်ခုတည်းအပေါ် အခြေခံပြီး ယဲ့ချန်အနေဖြင့် ၎င်းမှာ ပိုင်အုပ်စု၏ လက်ချက်ဖြစ်သည်ဟု ပြတ်ပြတ်သားသား ကောက်ချက်ချနိုင်မည် မဟုတ်ပေ။
သို့သော်လည်း ကွမ်တာလမ်းပေါ်ရှိ ဖုန်းရွှေတည်ဆောက်ပုံ ပျက်စီးသွားခြင်းနှင့်ယွီရှီး နေထိုင်သည့် ကျင်ဟော်ဝမ် လူနေအိမ်ရာဝင်းထဲတွင် တည်ဆောက်ထားသော သွေးမှန် မန္တန်အစီအရင်တို့နှင့် ပေါင်းစပ်လိုက်သည့်အခါ။
၉၉ ရာခိုင်နှုန်းကတော့ ပိုင်အုပ်စု ဖြစ်ဖို့ သေချာသလောက်ပဲ။
"ဒီပိုင်အုပ်စုကတော့ မငြိမ်မသက်ဖြစ်နေပြီး ယန်မြို့တော်ထဲမှာ ပြဿနာတွေ လာရှာချင်နေပုံရတယ်..."
ယဲ့ချန်သည် အခြားသူများကို ဥပေက္ခာပြုထားနိုင်သော်လည်း အကယ်၍ ပိုင်အုပ်စုက သူနှင့် ပတ်သက်ဆက်နွှယ်နေသော လူများကို နာကျင်အောင် လုပ်လာခဲ့လျှင်တော့ သူသည် ပိုင်အုပ်စုကို သေချာပေါက် ပြန်လည်တိုက်ခိုက်မည် ဖြစ်သည်။
"ကဲပါ... စိတ်မပူပါနဲ့ငါ ငါ့ရဲ့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်။"
ယဲ့ချန်သည် ရေတွန်းစက်ဆီသို့ ပြန်လည်လျှောက်လှမ်းသွားပြီး အငွေ့ပျံနေသော ရေနွေးပူပူတစ်ခွက်ကို ငှဲ့လိုက်သည်။
ထို့နောက် သူသည် အဆောင်အချို့ကို ထုတ်ယူလိုက်သည်။ ကုသခြင်းအဆောင်။ သွေးတိတ်အဆောင်။ နာကျင်မှုပျောက်ကင်းစေသောအဆောင် မကောင်းဆိုးဝါးနှိမ်နင်းရေးအဆောင်။ စုစုပေါင်း အဆောင်လေးမျိုး ရှိသည်။
"ငါ မင်း အဆိပ်ခတ်ခံထားရတာကို သိပေမယ့်လည်း အဲဒါကို ဖြေဖျောက်ဖို့ နည်းလမ်းကိုတော့ ငါမသိဘူး။ ဒါပေမဲ့ မင်း အဆိပ်ခတ်ခံရတဲ့ အချိန်ကမကြာသေးဘူး။ အဆောင်တွေကို ရေထဲမှာ စိမ်ပြီး အဆောင်လေးမျိုးစလုံးကို တစ်ပြိုင်နက်တည်း စိမ်ထားတဲ့ ရေကို မင်းကို တိုက်လိုက်ရင်ဖြေဖျောက်နိုင်ကောင်း ဖြေဖျောက်နိုင်လိမ့်မယ်။"
ယဲ့ချန်သည် အဆောင်လေးခုကို ရေနွေးပူပူထဲသို့ ပစ်ထည့်လိုက်ပြီး ဖန်ခွက်ကို ကိုင်ကာ ဝိုင်နီကို လှည့်သကဲ့သို့ ခွက်ကို လှည့်ပေးလိုက်သည်။ မကြာမီအချိန်၌ အဆောင်များသည် အရည်ပျော်သွားခဲ့ပြီး ရေထဲသို့ ပေါင်းစပ်ဝင်ရောက်သွားခဲ့တော့သည်။
ယဲ့ချန်သည် ရေခွက်ကို ကွမ်းထျန်ရှုံ ထံသို့ ကမ်းပေးလိုက်ပြီး သူ၏စိတ်ထဲတွင် လှုပ်ခတ်သွားခဲ့သည်။
တီ...တာဝန်တစ်ခု ထွက်ပေါ်လာပါပြီ။ တာဝန်အကြောင်းအရာ — အိမ်ရှင်အနေဖြင့် ကွမ်းထျန်ရှုံ အတွက် နှလုံးစားကူပိုးကို ဖြေဖျောက်ပေးရန်။ ဆုလာဘ် — စနစ်သည် တာဝန်၏ ခက်ခဲမှုကို ခွဲခြမ်းစိတ်ဖြာနေဆဲဖြစ်ပြီး ဆုလာဘ်များကို နောက်ပိုင်းတွင် ရှင်းလင်းပေးပါမည်။
ကွမ်းထျန်ရှုံ သည် ဖန်ခွက်ကို ဂရုတစိုက် လှမ်းယူလိုက်သည်။ အသက်ရှင်သန်ခွင့်ရရှိရေးမှာ အဓိကဖြစ်သည့်အတွက်ကြောင့် ဘာမှမပြောဘဲ ခေါင်းကို မော့ကာ ဖန်ခွက်ထဲရှိ ရေများကို တစ်စက်မျှ မကျန်တော့သည်အထိ သောက်ချလိုက်တော့သည်။
ကွမ်းထျန်ရှုံ လေတစ်ချက် တက်လိုက်သည်။
"သခင်လေးယဲ့ ဒီရေရဲ့ အရသာက ပန်းလန်ကန်း ဆေးရည်အရသာနဲ့ နည်းနည်းတူတယ်..."
သူ စကားပြောလို့ ပြီးရုံမျှရှိသေး
ရုတ်တရက်။
ကွမ်းထျန်ရှုံ ၏ နှလုံးသားဧရိယာပေါ်ရှိ အနီရောင်အစက်သည် ချက်ချင်းပင် ကြီးမားသော အနီရောင်အဖုကြီးတစ်ခုအဖြစ် ဖောင်းတက်လာခဲ့တော့သည်။
ထို့အပြင် ထိုကြီးမားသော အနီရောင်အဖုကြီးမှာ ပူဖောင်းတစ်လုံးကို လေမှုတ်သွင်းနေသကဲ့သို့ တဖြည်းဖြည်းနှင့် ပိုမိုကြီးမားလာခဲ့ပြီး...
"သခင်လေးယဲ့ အဲဒါ ပေါက်ထွက်တော့မယ်။"
ကွမ်းထျန်ရှုံ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။