အခန်း ၂၇၁
Vol. 28 Ch. 271
အခန်း (၂၇၁) - ဖောက်ခွဲပစ်လိုက်
အမိန့်ပေးပြီးနောက် ရှို့ဝူသည် ကျူးလင်ကို ကြည့်ကာ ပြောလိုက်သည်။
"လင်အာ... ကိုယ်နဲ့ လိုက်ခဲ့..."
ကျူးလင်သည် ခေါင်းညိတ်ပြလိုက်ပြီး လမင်းတစ်ထောင်ခြေလှမ်းကျင့်စဉ်ကို အသက်သွင်းလိုက်ချိန်တွင် ရှို့ဝူကလည်း သူ၏ခြေထောက်များထဲတွင် မိစ္ဆာစွမ်းအင်များကို လှည့်ပတ်စီးဆင်းစေလိုက်သည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် သူတို့နှစ်ဦး အဝေးသို့ ရောက်ရှိသွားသည်ကို မြင်သောအခါ ထန်ဝေ့၊ ကျီယန်နှင့် စစ်သားနှစ်ဦးတို့လည်း သူတို့နောက်သို့ အမြန်လိုက်သွားကြလေသည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် သူတို့သည် လေဆိပ် ပြေးလမ်းပေါ်သို့ ရောက်ရှိသွားကြသည်။ သူတို့ရှေ့တွင် စုရုံးနေသော ဖုတ်ကောင်များကို ကြည့်ကာ ရှို့ဝူက ပြောလိုက်သည်။
"လူခွဲပြီးသွားကြမယ်..."
စကားဆုံးသည်နှင့် သူတို့သည် နှစ်ယောက်တစ်ဖွဲ့စီ ခွဲလိုက်ကြပြီး ကိုယ်စီ နေရာများတွင် အသင့်ပြင်ထားလိုက်ကြသည်။ နောက်ထပ် ငါးမိနစ်ခန့် စောင့်ဆိုင်းပြီးနောက် ဆက်သွယ်ရေးစက်မှတစ်ဆင့် ဝမ်ရှန့်ယဲ့၏ အသံ ထွက်ပေါ်လာလေသည်။
"အယ်လ်ဖာအဖွဲ့ အသင့်ဖြစ်ပါပြီ..."
နှစ်စက္ကန့်ခန့် အကြာတွင် ဆက်သွယ်ရေးစက်မှတစ်ဆင့် ထန်ပိုင်၏ အသံ ထွက်ပေါ်လာပြန်သည်။
"ဘီတာအဖွဲ့ အသင့်ဖြစ်ပါပြီ..."
အခြားအဖွဲ့ငါးဖွဲ့က သူတို့၏ အခြေအနေများကို သတင်းပို့ပြီးနောက် ရှို့ဝူသည် ခလုတ်ကိုနှိပ်ကာ ဆက်သွယ်ရေးစက်မှတစ်ဆင့် ပြောလိုက်သည်။
"ကောင်းပြီ... ဖောက်ခွဲပစ်လိုက်ကြစို့..."
သူ အမိန့်ပေးပြီး စက္ကန့်အနည်းငယ်အကြာတွင် အဝေးမှ ပေါက်ကွဲသံအချို့ ထွက်ပေါ်လာတော့သည်။
ဘုန်း… ဘုန်း… ဘုန်း…
ရှို့ဝူသည် ကျူးလင်ကိုကြည့်ကာ ပြောလိုက်သည်။
"အကြားအာရုံကို ပိတ်ထားလိုက်..."
ကျူးလင်သည် ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ အကြားအာရုံကို ပိတ်ဆို့ရန် နတ်ဘုရားစွမ်းအင်များကို အသုံးပြုလိုက်သည်။
သူမ အသင့်ဖြစ်နေသည်ကို မြင်သောအခါ ရှို့ဝူသည် သိုလှောင်အိတ်ထဲမှ အနက်ရောင် ဗုံးငယ်အချို့ကို ထုတ်ယူလိုက်ပြီး ဆယ်မီတာအကွာသို့ နေရာရွှေ့ပြောင်းသွားလေသည်။
ဆယ်မီတာအကွာသို့ရောက်သောအခါ လေထဲတွင် ဗုံးများကို ပစ်ချလိုက်ပြီးနောက် အခြားနေရာတစ်ခုသို့ နေရာရွှေ့ပြောင်းကာ ဗုံးများ ထပ်မံပစ်ချလေသည်။
ဘုန်း… ဘုန်း… ဘုန်း…
ဗုံးများက အောက်ဘက်ရှိ ဖုတ်ကောင်များကို ဖောက်ခွဲလိုက်သောကြောင့် မြေကြီးမှာ တုန်ခါသွားလေသည်။
အဝေးတွင် ရပ်နေသော ကျူးလင်သည် လေထဲတွင် တစ်နေရာမှ တစ်နေရာသို့ နေရာရွှေ့ပြောင်းသွားပြီး ဖုတ်ကောင်များကို ပြာအဖြစ်သို့ ရောက်သည်အထိ ဖောက်ခွဲပစ်နေသော ရှို့ဝူအား တည်ငြိမ်စွာ စောင့်ကြည့်နေလေသည်။
နှစ်နာရီကျော်ကြာပြီးနောက် ရှို့ဝူနှင့် သူ၏အဖွဲ့ဝင်များသည် စစ်ကားများ ရပ်နားထားရာ နေရာသို့ ပြန်လည်ရောက်ရှိလာကြသည်။ အခြားသူများ ပြန်အလာကို စောင့်ဆိုင်းနေစဉ် ရှို့ဝူသည် လေ့ဟောက်ကျန့်ကို ကြည့်ကာ ပြောလိုက်သည်။
"သခင်လေးလေ့ ကျေးဇူးကြောင့် ကျုပ်တို့ ဒီတာဝန်ကို လွယ်လွယ်ကူကူ ပြီးမြောက်သွားတာပါ... ကူညီပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်..."
လေ့ဟောက်ကျန့်သည် သူ့အား ပြုံးပြကာ ပြောလိုက်သည်။
"ဗိုလ်ကြီးရှို့က ကျုပ်ကို ကျေးဇူးတင်ချင်တယ်ဆိုရင် ကျုပ်ကို အနက်ရောင် သစ်ကိုင်းတွေ ပိုပေးရင်ရော ဘယ်လိုလဲ..."
သူ့စကားကို ကြားပြီးနောက် ရှို့ဝူနှင့် ကျူးလင်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ လေ့ဟောက်ကျန့်၏ မျက်လုံးများထဲရှိ မျှော်လင့်ချက်များကို မြင်သောအခါ ရှို့ဝူသည် စိတ်ထဲမှ တွေးလိုက်သည်။
'သေချာတာပေါ့... ဖီးနစ်သစ်ပင်ရဲ့ သစ်ကိုင်းက ဖုတ်ကောင်တွေအတွက် တကယ်ကို အရေးပါနေတာပဲ... ဒီသစ်ကိုင်းတွေက သူတို့အတွက် ဘာများအသုံးဝင်နေလို့လဲ မသိဘူး...'
ရှို့ဝူက သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ လေ့ဟောက်ကျန့်သည် ပြုံးလိုက်ပြီး မေးလိုက်သည်။
"ဗိုလ်ကြီးရှို့... ကျုပ်ကို မေးစရာများ ရှိလို့လား..."
ရှို့ဝူက သူ့ကို ပြန်ဖြေရန် ပြင်လိုက်ချိန်တွင် အခြားသူများ လျှောက်လာကြသည်။ ရှို့ဝူနှင့် အခြားသူများ ပြန်ရောက်နေသည်ကို မြင်သောအခါ ထန်ပိုင်သည် လေ့ဟောက်ကျန့်ကိုကြည့်ကာ ပြောလိုက်သည်။
"သခင်လေးလေ့... လေဆိပ်ထဲက ဖုတ်ကောင်တွေ အားလုံးကို ရှင်းလင်းပြီးပါပြီ..."
သူ၏စကားကို ကြားသောအခါ လေ့ဟောက်ကျန့်သည် ခေါင်းညိတ်ပြလိုက်ပြီး သူ၏ စိတ်စွမ်းအင်များကို ရုပ်သိမ်းလိုက်ကာ ပြောလိုက်သည်။
"အက်စ်မြို့တော်နဲ့ အနီးတစ်ဝိုက်မှာ ကူးစက်ခံထားရတဲ့ ဖုတ်ကောင်တွေ မရှိတော့ဘူး... အနီးဆုံး ဖုတ်ကောင်တွေက ဘီမြို့တော်နဲ့ အိတ်ခ်ျမြို့တော်မှာပဲ ရှိတော့တယ်..."
သူ ထိုသို့ပြောလိုက်သည်နှင့် စစ်သားများနှင့် စွမ်းအင်ရှင်များသည် သူ့ကို ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။
လေ့ဟောက်ကျန့်သည် ဤမျှ ဝေးကွာသော နေရာမှနေ၍ မရေမတွက်နိုင်သော ဖုတ်ကောင်များကို ထိန်းချုပ်နိုင်စွမ်းရှိနေသောကြောင့် သူ မည်မျှပင် အစွမ်းထက်နေမည်နည်း။
စစ်သားများနှင့် စွမ်းအင်ရှင်များ မည်သို့တွေးနေကြသည်ကို မသိသော လေ့ဟောက်ကျန့်သည် ရှို့ဝူကို ကြည့်ကာ ပြောလိုက်သည်။
"ဗိုလ်ကြီးရှို့... နောင်ကျရင် ကျုပ်ရဲ့အကူအညီ လိုအပ်လာဦးမယ်ဆိုရင် အရှေ့ဘက်ဇုန်ကို လာပြီး ကျုပ်ကို တွေ့နိုင်ပါတယ်..."
ရှို့ဝူက ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
"ကောင်းပါပြီ..."
"ဒါဆိုရင် ကျုပ် အရင်သွားနှင့်တော့မယ်... နောက်မှ တွေ့ကြတာပေါ့..."
ထိုသို့ပြောပြီးနောက် လေ့ဟောက်ကျန့်သည် အေးအေးဆေးဆေးပင် လျှောက်သွားလေသည်။
ထန်ဝေ့သည် သူ၏ ကျောပြင်ကို ကြည့်ကာ ပြောလိုက်သည်။
"သူ့အသံက အရမ်းကောင်းမယ်လို့ ကျုပ် မထင်ထားဘူး... ကမ္ဘာပျက်ကပ်သာမဖြစ်ခဲ့ရင် သူ့အသံရယ်၊ ရုပ်ရည်ရယ်နဲ့ နာမည်ကြီး အဆိုတော်တစ်ယောက် ဖြစ်လာနိုင်တယ်...”
“သူကို အစကတည်းက ဖုတ်ကောင်မှန်းသာ ကျုပ် မသိခဲ့ဘူးဆိုရင် လူသားတစ်ယောက်လို့ပဲ ထင်မိမှာ အသေအချာပဲ..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် အခြားသူများသည် ဝူလင်စခန်းတွင် နေထိုင်ကြသော အဆင့်မြင့်ဖုတ်ကောင်များကို တွေးမိသွားကြသည်။
ထန်ဝေ့သာ စောစောက ထိုသို့ မပြောခဲ့လျှင် အရှေ့ဘက်ဇုန်တွင် နေထိုင်သူများသည် လူသားများမဟုတ်ဘဲ ဖုတ်ကောင်များဖြစ်ကြောင်းကို သူတို့ မေ့လျော့သွားကြမည် ဖြစ်ပေသည်။
ဝူလင်စခန်းအတွင်း နေထိုင်ကြသည့် အစွမ်းထက်သော အဆင့်မြင့် ဖုတ်ကောင်များအပေါ် သူတို့၏ သတိထားမှုများကို လျှော့ချပစ်လိုက်မိလျှင် ဆိုးရွားသော အမှားကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။
သူတို့သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရုံမျှဖြင့် အနာဂတ်တွင် ရန်သူများ ဖြစ်မလာနိုင်ဟု ဆိုလိုခြင်း မဟုတ်ပေ။
သူတို့၏ ပေါ့ဆမှုများကို နားလည်သဘောပေါက်သွားသောကြောင့် စစ်သားများနှင့် စွမ်းအင်ရှင်များ၏ မျက်နှာအမူအရာများမှာ မှုန်ကုပ်သွားကြလေသည်။
လေ့ဟောက်ကျန့် ထွက်သွားပြီးနောက် ရှို့ဝူနှင့် အခြားသူများသည် သူတို့၏ ပစ္စည်းများကို သိမ်းဆည်းကာ ဝူလင်စခန်းသို့ ပြန်လာခဲ့ကြသည်။ ဇုန် ၅ အဝင်ဝသို့ ရောက်သောအခါ ဇုန် ၅ အပြင်ဘက်တွင် လူအများအပြား စုရုံးနေကြသည်ကို တွေ့လိုက်ရသည်။
သူတို့၏ အဝတ်အစားများကို ကြည့်ခြင်းအားဖြင့် ကျူးလင်သည် အများစုမှာ စွမ်းအင်ရှင်များဖြစ်ကြောင်း သိလိုက်သည်။
အစောင့်များနှင့် စစ်သားများသည် သူတို့ ချဉ်းကပ်လာသည်ကို မြင်သောအခါ သူတို့၏ ယာဉ်တန်း ဖြတ်သန်းသွားနိုင်ရန် တံတိုင်းကို အလျင်စလို ဖွင့်ပေးလိုက်ကြသည်။
သူတို့၏ စစ်ကားများသည် ထိုလူများကို ဖြတ်မောင်းသွားချိန်တွင် အပြင်ဘက်မှ ဆူညံသံများကို ကျူးလင် ကြားလိုက်ရသည်။ သူမသည် ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်ရာ အချို့က အစောင့်များ၊ စစ်သားများနှင့် အငြင်းပွားနေကြသည်ကို တွေ့လိုက်ရသည်။
သူမသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ရှို့ဝူ၏ အင်္ကျီလက်ကို ဆွဲကာ မေးလိုက်သည်။
"အဲဒီမှာ ဘာတွေ ဖြစ်နေလဲဆိုတာ သွားကြည့်ချင်လား..."
ရှို့ဝူသည် သူမကို လှည့်ကြည့်လိုက်ပြီးနောက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ထိုလူများနှင့် အစောင့်များ အငြင်းပွားနေကြသည်ကို မြင်လိုက်ရသည်။ သူသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ထန်ဝေ့ဘေးတွင် ထိုင်နေသော ကျီယန်ကို ကြည့်ကာ ပြောလိုက်သည်။
"လောင်ယန်... အဲဒီဘက်က အခြေအနေကို သွားကြည့်ပေးလို့ ရမလား..."
ကျီယန်သည် အပြင်သို့ လှမ်းကြည့်ကာ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
"ဒီလို ပြဿနာရှာတတ်တဲ့လူတွေကို ငါ မကြိုက်ဘူး..."
ထန်ဝေ့သည် သူ၏ မျက်နှာပေါ်ရှိ စိတ်အနှောင့်အယှက်ဖြစ်နေသော အမူအရာကို မြင်လိုက်ရသဖြင့် ပြဿနာရှာနေသူများအတွက် ဖယောင်းတိုင်ထွန်းကာ ဆုတောင်းပေးလိုက်မိသည်။ ညည်းညူပြီးနောက် ကျီယန်သည် ထပ်မံ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
"ရှောင်ဝေ့... ကားရပ်လိုက်..."
ထိုသို့ပြောပြီးနောက် ထန်ဝေ့သည် စကားနားထောင်စွာဖြင့် ကားကို ရပ်လိုက်သည်။ ကျီယန်သည် ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်ပြီး ပြောလိုက်သည်။
"ညစာအတွက် ငါ့ကို စောင့်မနေကြနဲ့... ဒီပြဿနာရှာတဲ့သူတွေကို ဖြေရှင်းဖို့က အချိန်အများကြီး ယူရလိမ့်မယ်..."
ထိုစကားများကို ချန်ရစ်ခဲ့ပြီးနောက် ကျီယန်သည် ကားပေါ်မှ ဆင်းကာ ဇုန် ၅ အဝင်ဝဆီသို့ မှုန်ကုပ်နေသော မျက်နှာဖြင့် လျှောက်သွားလေသည်။ ထန်ဝေ့သည် နောက်ကြည့်မှန်မှတစ်ဆင့် သူ၏ မျက်နှာအမူအရာကို ကြည့်ကာ ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်။
"ဒီနေ့ ပြဿနာရှာတဲ့သူတွေတော့ ကံဆိုးတာပဲ..."