← Chapters

အခန်း ၂၇၂

Vol. 28 Ch. 272

အခန်း ၂၇၂

Vol. 28 Ch. 272

အခန်း (၂၇၂) - ပြဿနာရှာသူများ (၁)

ထန်ဝေ့နှင့် အခြားသူများက ယနေ့လှုပ်ရှားမှုရလဒ်များကို ဆွေးနွေးရန် အစည်းအဝေးခန်းမသို့ သွားလိုက်ချိန်တွင် ကင်းသမားများနှင့် စစ်သားများသည် ကျီယန် လျှောက်လာသည်ကို မြင်လိုက်ရသဖြင့် အားလုံး သက်ပြင်းချလိုက်နိုင်ကြသည်။

ကျီယန်သည် သူတို့၏ သက်သာရာရသွားသော မျက်နှာထားများကို မြင်လိုက်ရသဖြင့် မေးလိုက်သည်။

"ဒီမှာ ဘာတွေဖြစ်နေတာလဲ..."

"အစ်ကိုကျီ... မနက်က အစ်ကိုတို့ စခန်းကနေ ထွက်သွားပြီးနောက်ပိုင်း ဒီလူတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြတာပဲ...”

“စစ်ကားတွေ ဝင်ဖို့အတွက် ကျွန်တော်တို့ ခြံစည်းရိုးတံခါး ဖွင့်ပေးတာကို သူတို့ မြင်သွားတော့ တချို့က ဆန္ဒပြပြီး ဇုန် (၅) ထဲကို ခွင့်ပြုချက်မပါဘဲ အတင်းဝင်ချင်နေကြတာ..."

ကင်းသမားခေါင်းဆောင်က ဇုန် (၅) အပြင်ဘက်တွင် စစ်သားများက တားဆီးထားရသော လူများကို ကြည့်ကာ ပြောလိုက်သည်။

ထိုလူများကို ကျီယန် ကြည့်လိုက်ရာ သူတို့သည် ပြဿနာရှာရန် သက်သက် ရောက်လာပုံရကြောင်း တွေ့လိုက်ရ၏။ သူက ခေတ္တမျှ စဉ်းစားလိုက်ပြီး မေးလိုက်သည်။

"ငါတို့စခန်းထဲကို ဝင်ချင်ရင် စည်းကမ်းတွေကို လိုက်နာရမယ်ဆိုတာကို သူတို့ကို ဘာလို့ မပြောပြတာလဲ..."

ကင်းသမားခေါင်းဆောင်က သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

"ကျွန်တော်တို့က လုပ်ထုံးလုပ်နည်းတွေအတိုင်း လိုက်နာဖို့ ပြောပြပြီးပါပြီ... ဒါပေမဲ့ သူတို့က အတင်းဝင်ချင်နေပြီး ကျွန်တော်တို့စည်းကမ်းတွေကို လိုက်နာဖို့ ငြင်းဆန်နေကြတယ်..."

သူ၏အဖြေကို ကြားပြီးနောက် ကျီယန်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ပြောလိုက်၏။

"ငါ နားလည်ပြီ... အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားဖို့ တခြားသူတွေကို သွားအကြောင်းကြားလိုက်ပါ..."

ကင်းသမားခေါင်းဆောင်က ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ အစ်ကိုကျီ... ကျွန်တော် အခုပဲ သွားလိုက်ပါ့မယ်..."

ဇုန် (၅) ဝင်ပေါက်အနီးရှိ လုံခြုံရေးအဆောက်အအုံဆီသို့ သူ လျှောက်သွားသည်ကို မြင်ပြီးနောက် ကျီယန်သည် ဂိတ်တံခါးဆီသို့ လျှောက်သွားလိုက်သည်။ သူက ခြံစည်းရိုးအနောက်တွင် ရပ်လိုက်ပြီး အခြေအနေကို သေချာစွာ စောင့်ကြည့်နေလေသည်။

တစ်စုံတစ်ယောက်က သူတို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေမှန်း မသိဘဲ စစ်သားများနှင့် ထိပ်တိုက်ရင်ဆိုင်နေသော အမျိုးသားက စစ်သားတစ်ယောက်ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။

"မင်းကများ ငါ့လမ်းကို ပိတ်ရဲတယ်ပေါ့လေ... ဖယ်လိုက်စမ်း..."

ထိုအမျိုးသားက စစ်သား၏ နှာခေါင်းကို လက်ညှိုးထိုးလိုက်ချိန်တွင် စစ်သား၏ မျက်လုံးများ မှောင်မိုက်သွားပြီး ပြောလိုက်၏။

"ခင်ဗျား စကားပြောတာ ဆင်ခြင်ပါ... အရင်က ပြောခဲ့သလိုပဲ ကျွန်တော်တို့စခန်းကို ဝင်ချင်ရင် လုပ်ထုံးလုပ်နည်းတွေအတိုင်း လိုက်နာရပါမယ်...”

“တာဝန်ရှိသူတွေက ခင်ဗျားဆီမှာ ကပ်ဘေးဗိုင်းရပ်စ် မရှိဘူးလို့ သတ်မှတ်မှပဲ စခန်းထဲကို ဝင်လို့ရမှာပါ... အဲဒီနောက်တော့ ဧည့်သည်ကတ်ကို ယူပြီး စခန်းထဲ ဝင်လို့ရပါပြီ..."

"အဲဒီတာဝန်ရှိသူတွေက ငါတို့ကို တမင်သက်သက် ဒုက္ခပေးရင်ကော ဘယ်လိုလုပ်မလဲ... ငါတို့က သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူးလို့ ပြောလိုက်ရုံနဲ့တင် ငါတို့ စခန်းထဲဝင်လို့ မရတော့ဘူး မဟုတ်လား..."

အမျိုးသားက ဒေါသတကြီး မေးလိုက်သည်။

ထိုစကားကို သူ ပြောလိုက်သည်နှင့် အခြားသူများကလည်း သူပြောသည်မှာ မှန်ကန်ကြောင်း သဘောပေါက်သွားကြပြီး စစ်သားများကို တွန်းထုတ်ကာ အော်ဟစ်ရင်း အတားအဆီးကို ဖြတ်ကျော်ရန် ကြိုးစားလာကြတော့၏။

"သူပြောတာ မှန်တယ်... ခင်ဗျားတို့လူတွေက ကိုယ်ရေးကိုယ်တာ သဘောထားတွေကြောင့် ငါတို့ကို အထဲမဝင်ခိုင်းရင် ဘယ်လိုလုပ်မလဲ... ငါတို့က ဒီအပြင်ဘက်မှာ အကြောင်းမဲ့ သေချာပေါက် အေးခဲသေဆုံးသွားမှာ မဟုတ်ဘူးလား..."

လူလတ်ပိုင်းအမျိုးသားတစ်ဦးက ပြောလိုက်သည်။

သူ၏စကားအပြီးတွင် အားနည်းနေသော ကလေးငယ်တစ်ဦးကို ခေါ်ဆောင်လာသည့် လူလတ်ပိုင်းအမျိုးသမီးတစ်ဦးကလည်း ပြောလိုက်၏။

"ရှင်က စစ်သားတစ်ယောက်လေ... ကျွန်မတို့ကို ဘာမှမကူညီဘဲ ဒီအတိုင်း ငတ်ပြီးအေးခဲသေဖို့ ဘယ်လိုလုပ် ကြည့်ရက်နိုင်ရက်တာလဲ...”

“ရှင်တို့ အရမ်းရက်စက်လွန်းတယ်... ရှင်တို့ ပေးမဝင်လို့ ငါ့ကလေးသာ သေသွားရင် ရှင်တို့ကို လုံးဝ အလွတ်မပေးဘူးနော်..."

သူတို့သုံးဦးက မီးလောင်ရာလေပင့် လုပ်လိုက်သည်နှင့် အဝေးမှ စောင့်ကြည့်နေသော စွမ်းအင်ရှင်များပင် ဝင်ရောက်ပြောဆိုလာကြလေသည်။

"ဟုတ်တယ်လေ... ငါတို့က အထဲဝင်ပြီး ကိုယ်ကို နွေးအောင် လုပ်ချင်ရုံလေးပါပဲ... ရှင်တို့က ဘာလို့ ဒီလောက်တောင် ကပ်စေးနှဲနေရတာလဲ..."

လူငယ်အမျိုးသမီးတစ်ဦးက စစ်သားများကို အော်ဟစ်လိုက်သည်။

"ငါတို့ကို ပေးဝင်စမ်း... ငါတို့ကို ပေးဝင်..."

အခြားစွမ်းအင်ရှင်တစ်ယောက်က အတားအဆီးကို ဖြတ်ကျော်ရန် ကြိုးစားရင်း အော်ဟစ်လိုက်သည်။

လူအုပ်၏ အနောက်တွင် ရပ်နေသော စွမ်းအင်ရှင်အဖွဲ့၏ ဗိုလ်ကြီးတစ်ဦးက အခြားဗိုလ်ကြီးများကို ကြည့်ကာ ပြောလိုက်၏။

"လက်ရှိအခြေအနေအရဆိုရင်တော့ သူတို့ကို ငါတို့ခန္ဓာကိုယ်ကို စစ်ဆေးခွင့်မပြုဘဲ အထဲဝင်လို့ရမှာ မဟုတ်ဘူး..."

သူ၏စကားကို ကြားသောအခါ ပိုမိုငယ်ရွယ်သော ဗိုလ်ကြီးတစ်ဦးက ပြောလိုက်သည်။

"ခင်ဗျားပြောတာ မှန်တယ်... ဒါပေမဲ့ ဘီမြို့တော်နဲ့ အိတ်ခ်ျမြို့တော်ကနေ လာတဲ့လမ်းမှာ ငါတို့အများစုက ဒဏ်ရာရထားကြတော့ စစ်ဆေးမှုကို အောင်မြင်နိုင်မယ် မထင်ဘူး... ငါတို့ ဒဏ်ရာရထားရင် ဒီလူတွေက ငါတို့ကို ပေးဝင်မှာ မဟုတ်ဘူး..."

သူ၏ဘေးရှိ တစ်ဦးတည်းသော အမျိုးသမီးဗိုလ်ကြီးက ပြောလိုက်၏။

"ဒါဆို ငါတို့ ဘာလုပ်ကြမလဲ... အခုချိန်အထိ ငါတို့သွားခဲ့တဲ့ စခန်းအားလုံးက ငါတို့ဒဏ်ရာတွေကြောင့် ပေးမဝင်ဘူးဆိုတာကို ငါသိပါတယ်...”

“ဒါပေမဲ့ ဒီဝူလင်စခန်းက ငါတို့ကျန်နေသေးတဲ့ ရိက္ခာတွေနဲ့ ရောက်နိုင်တဲ့ နောက်ဆုံးစခန်းပဲ...”

“အပူချိန်က ပိုနွေးလာတယ်ဆိုပေမဲ့ ဆီးနှင်းတွေကြားထဲ လမ်းလျှောက်ရတာက စွမ်းအင်အများကြီး ကုန်ခမ်းစေတုန်းပဲ... လက်ရှိရာသီဥတုနဲ့ဆိုရင် ငါတို့ရိက္ခာတွေက နှစ်ရက်ပဲ ခံတော့မှာ..."

သူမ၏စကားကို ကြားပြီးနောက် လူငယ်ဗိုလ်ကြီးက အခြားသူများကို ကြည့်ကာ မေးလိုက်သည်။

"ငါတို့ ဒီလူတွေနဲ့ စကားပြောကြည့်ရင်ရော ဘယ်လိုလဲ... ဝူလင်စခန်းက လူတွေက သဘောကောင်းပြီး တခြားစခန်းက လူတွေလို ခွဲခြားဆက်ဆံတာမျိုး မရှိဘူးလို့ ငါ ကြားထားတယ်...”

“သူတို့ဆီ ခိုလှုံဖို့လာတဲ့ ဖုတ်ကောင်တွေကိုတောင် သူတို့က လက်ခံပေးကြတယ်ဆိုပဲ..."

လူလတ်ပိုင်းဗိုလ်ကြီးတစ်ဦးက နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်၏။

"သူတို့နဲ့ အဓိပ္ပာယ်မရှိတာတွေ ပြောပြီး အချိန်ဖြုန်းနေစရာ အကြောင်းရှိလို့လား...”

“လူအင်အားရော ခွန်အားမှာပါ ငါတို့က အသာစီးရနေတာပဲ... ငါတို့သာ ပူးပေါင်းလိုက်ရင် အဲဒီလူတွေက ငါတို့ကို စခန်းထဲ မဝင်အောင် တားရဲမယ် မထင်ဘူး..."

ပထမဆုံးဗိုလ်ကြီးက ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

"ကောင်းပြီလေ... ငါ မင်းတို့နဲ့ ပူးပေါင်းမယ်..."

ထို့နောက် သူက အခြားဗိုလ်ကြီးများကို ကြည့်ကာ မေးလိုက်၏။

"မင်းတို့အားလုံးကရော ဘယ်လိုလဲ... ငါတို့နှစ်ယောက်နဲ့ ပူးပေါင်းချင်ကြလား..."

တိတ်ဆိတ်သွားပြီးနောက် အမျိုးသမီးဗိုလ်ကြီးက ပြောလိုက်သည်။

"ဒီနေရာမှာ သေမယ့်အချိန်ကို စောင့်နေမယ့်အစား အသက်ရှင်ဖို့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ဖို့ ရွေးချယ်တယ်... ငါ့ကိုပါ ထည့်တွက်လိုက်..."

သူမ၏စကားကို ကြားပြီးနောက် အခြားဗိုလ်ကြီးများသည်လည်း ဆက်လက်၍ တုံ့ဆိုင်းမနေတော့ဘဲ ပိတ်ဆို့မှုကို ဖြတ်ကျော်ကာ ဝူလင်စခန်းအတွင်းသို့ အတင်းအကျပ် ဝင်ရောက်ရန် သဘောတူလိုက်ကြတော့၏။

အစီအစဉ်ဆွဲပြီးနောက် သူတို့သည် အဖွဲ့ဝင်များကို ဦးဆောင်ကာ ဇုန်(၅) ဝင်ပေါက်ဆီသို့ ခံ့ညားထည်ဝါစွာ လျှောက်သွားကြလေသည်။

ထိုစွမ်းအင်ရှင်များ ချဉ်းကပ်လာသည်ကို မြင်သောအခါ ကျီယန်သည် စစ်သားတစ်ဦးကို ခေါ်လိုက်ပြီး ပြောလိုက်သည်။

"တခြားသူတွေကို သွားစုလိုက်..."

"ဟုတ်ကဲ့ပါ အစ်ကိုကျီ..."

အမိန့်ရပြီးနောက် စစ်သားသည် ကင်းသမားများနှင့် အခြားစစ်သားများကို ခေါ်ရန် လုံခြုံရေးအဆောက်အအုံဆီသို့ အပြေးအလွှား သွားလိုက်သည်။

လူလတ်ပိုင်းဗိုလ်ကြီးသည် ဝင်ပေါက်ကို ပိတ်ဆို့ထားသော သာမန်လူများကို မြင်သောအခါ သူ၏စွမ်းအင်ကို အသက်သွင်းလိုက်ပြီး မြေကြီးကို ထိုးချလိုက်တော့၏။

ဘုန်း… ဝုန်း…

ပဉ္စမအဆင့် ခွန်အားစွမ်းအင်ကို ပိုင်ဆိုင်ထားသော စွမ်းအင်ရှင်တစ်ယောက်အနေဖြင့် လူလတ်ပိုင်းဗိုလ်ကြီး၏ ခွန်အားသည် သာမန်စွမ်းအင်ရှင်များထက် အဆပေါင်းများစွာ ပိုမိုအားကောင်းလှပေသည်။

သူ၏လက်သီးက မြေကြီးကို ထိမှန်သွားသောအခါ မြေပြင်က နိမ့်ဆင်းသွားပြီး ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ပြန့်နှံ့သွားကာ သာမန်လူများကို ထိတ်လန့်တကြား ထွက်ပြေးစေတော့သည်။

"အား..."

"သတိထား..."

"ပြေးကြ..."

သာမန်လူများက တိုက်ခိုက်ခံရခြင်းမှ ရှောင်ရှားရန် ထိုနေရာမှ ထွက်ပြေးသွားကြချိန်တွင် ကျီယန်သည် သူ့ကိုကြည့်ကာ မေးလိုက်သည်။

"မင်းကိုယ်မင်း ဘာတွေလုပ်နေတယ်လို့ ထင်နေတာလဲ..."

လူလတ်ပိုင်းဗိုလ်ကြီးက မတ်တတ်ရပ်လိုက်ပြီး ကျီယန်ကိုကြည့်ကာ လက်ဆစ်များကို ချိုးရင်း ပြောလိုက်၏။

"တံခါးကို ဖွင့်ပြီး ငါတို့ကို အထဲပေးဝင်စမ်း... အဲဒီလိုမှမဟုတ်ရင်တော့..."

သူက တစ်စက္ကန့်မျှ ရပ်တန့်သွားပြီး မြေကြီးပေါ်ရှိ နက်ရှိုင်းသော အက်ကွဲကြောင်းကို လက်ညှိုးထိုးကာ လှောင်ပြုံးပြုံးလျက် ပြောလိုက်သည်။

"နောက်ထပ် ပစ်မှတ်က မင်းရဲ့ခေါင်းပဲ..."

All Chapters