← Chapters

အခန်း ၂၇၃

Vol. 28 Ch. 273

အခန်း ၂၇၃

Vol. 28 Ch. 273

အခန်း (၂၇၃) - ပြဿနာရှာသူများ (၂)

လအတော်ကြာ ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီးနောက်တွင် ကျီယန်သည် ယခင်ကကဲ့သို့ အားနည်းမနေတော့ပေ။ တိုက်ခိုက်ရေးစွမ်းရည်များ လိုအပ်လာသဖြင့် ကျူးလင်နှင့် ထူထူတို့ထံမှ အခြားသော ကျွမ်းကျင်မှုများကိုလည်း သူ သင်ယူခဲ့လေသည်။

ထိုကျွမ်းကျင်မှုများထဲမှ သူအသစ်ရရှိထားသော နတ်ဘုရားအာရုံကို အသုံးပြုကာ ရန်သူ၏စွမ်းအားကို ထောက်လှမ်းခြင်းပင် ဖြစ်သည်။

သက်လတ်ပိုင်းအရွယ် ဗိုလ်ကြီး၏ မောက်မာသော မျက်နှာထားကို မြင်သောအခါ ကျီယန်က နတ်ဘုရားအာရုံကို အသုံးပြု၍ ထိုသူ၏ ခန္ဓာကိုယ်အား စူးစမ်းထောက်လှမ်းလိုက်သည်။

စက္ကန့်အနည်းငယ်အကြာတွင် ကျီယန်သည် နတ်ဘုရားအာရုံကို ပြန်ရုပ်သိမ်းလိုက်ပြီး ပြောလိုက်သည်။

"အဆင့်ငါး စွမ်းအင်လေးနဲ့များ ဒီမှာလာပြီး ပြဿနာရှာရဲသေးတယ်ပေါ့... သေချင်နေတာပဲ..."

ကျီယန်၏စကားကိုကြားပြီး သူ၏အေးစက်သော မျက်လုံးများနှင့် ဆုံမိသွားသောအခါ သက်လတ်ပိုင်းအရွယ် ဗိုလ်ကြီး၏ နှလုံးသားမှာ ထိတ်လန့်သွားပြီး တွေးလိုက်မိသည်။

'ဒီလူငယ်က ဘယ်သူလဲ... သူ့ရဲ့ အငွေ့အသက်က ဘယ်လိုလုပ် ငါ့ထက် ပိုသန်မာနေရတာလဲ... သူက ဒီဝူလင်စခန်းရဲ့ နာမည်ကြီးခေါင်းဆောင် မျက်နှာသေမိစ္ဆာဘုရင်ဆိုတာများလား...'

ထိုသို့တွေးတောနေစဉ် အမျိုးသမီးဗိုလ်ကြီးက မေးလိုက်သည်။

"ကြောင်တောင်တောင်နဲ့ ဘာရပ်လုပ်နေတာလဲ..."

သူမ၏မေးခွန်းကို ကြားသောအခါ သက်လတ်ပိုင်းအရွယ် ဗိုလ်ကြီးသည် သတိပြန်ဝင်လာသည်။ သူက ခေါင်းယမ်းလိုက်ပြီး တွေးလိုက်ပြန်သည်။

'ဒီလိုကိစ္စသေးသေးလေးကို စခန်းပိုင်ရှင်က ကိုယ်တိုင်လာရှင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး... ဒီလူငယ်က ဝူလင်စခန်းပိုင်ရှင် မဟုတ်တာ သေချာတယ်...'

ထိုသို့တွေးရင်း သူသည် အမျိုးသမီးဗိုလ်ကြီးကို တစ်စက္ကန့်ခန့် ကြည့်လိုက်ပြီးနောက် ကျီယန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။

"မင်းက ဘယ်သူလဲ... ငါ့လမ်းကို ပိတ်ရပ်ရဲတယ်ပေါ့... ငါဘယ်သူလဲဆိုတာ မင်းမသိဘူးလား..."

သက်လတ်ပိုင်းအရွယ် ဗိုလ်ကြီးက ထိုသို့မေးလိုက်ချိန်တွင် ကျီယန်၏ ဗိုက်ထဲမှ အသံမြည်လာသည်။

တစ်နေကုန် ပင်ပန်းစွာ အလုပ်လုပ်ထားပြီး ညစာစားချိန်ကို ဤလူများက နှောင့်နှေးစေသည့်အတွက် သူသည် စိတ်အနှောင့်အယှက်ဖြစ်သွားကာ အေးစက်စွာ ပြောလိုက်သည်။

"ငါဘယ်သူလဲဆိုတာ အရေးမကြီးဘူး... အရေးကြီးတာက မင်းတို့သာ ပြဿနာရှာပြီး စည်းမျဉ်းတွေကို မလိုက်နာဘူးဆိုရင် မင်းတို့ကို ငါဘာလုပ်မလဲဆိုတာပဲ..."

ထိုသို့ပြောပြီးနောက် သူသည် ကင်းစောင့်ခေါင်းဆောင်အား အချက်ပြလိုက်ပြီး ပြောလိုက်သည်။

"ဝင်ချင်တဲ့သူတွေက လုပ်ထုံးလုပ်နည်းတွေကို လိုက်နာပြီး ခန္ဓာကိုယ်စစ်ဆေးမှုကို ခံယူရမယ်... ဒါမှမဟုတ်ရင် အခုကစပြီး စခန်းထဲဝင်ခွင့်ကို ပိတ်ပင်လိုက်... သူတို့ကို မောင်းထုတ်လိုက် ကြားလား..."

ကင်းစောင့်များနှင့် စစ်သားများသည် သူ့စကားကို ကြားသောအခါ ရုတ်တရက် တက်ကြွလာကြသည်။ ကင်းစောင့်ခေါင်းဆောင်၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။

"အစ်ကိုကျီ... စိတ်မပူပါနဲ့... အစ်ကိုက ကျွန်တော်တို့ကို အင်အားသုံးခွင့်ပေးသရွေ့ သူတို့ ပြဿနာမရှာရဲစေရဘူးလို့ အာမခံတယ်..."

ကျီယန်နှင့် ကင်းစောင့်ခေါင်းဆောင်တို့၏ စကားပြောဆိုမှုကို ကြားသောအခါ သက်လတ်ပိုင်းအရွယ် ဗိုလ်ကြီးက အံကြိတ်လိုက်ပြီး ပြောလိုက်သည်။

"မင်းက ငဲ့ညှာမှုမရှိမှတော့ ငါရက်စက်တယ်လို့ အပြစ်မတင်နဲ့..."

ထိုသို့ပြောပြီးနောက် သူသည် စွမ်းအင်ကို အသက်သွင်းကာ ရှေ့သို့ ပြေးထွက်သွားလေသည်။

ယင်းကို မြင်သောအခါ သူ၏အဖွဲ့ဝင်များကလည်း ထိုအတိုင်း လိုက်လုပ်ကြပြီး အတားအဆီးနောက်ကွယ်ရှိ စစ်သားများထံသို့ ပြေးဝင်လာကြသည်။ သူတို့ လာနေသည်ကို မြင်လိုက်ရသဖြင့် ယွီယိရှန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။

"အားလုံးပဲ... မျက်လုံးတွေကို ဖုံးကွယ်ထားကြ..."

သူမ၏စကား အဆုံးတွင် ကင်းစောင့်များနှင့် စစ်သားများသည် ချက်ချင်းပင် သူတို့၏ မျက်လုံးများကို ဖုံးကွယ်လိုက်ကြသည်။

နောက်တစ်စက္ကန့်တွင် ယွီယိရှန်က သူမ၏ အလင်းဓာတ်စွမ်းအင်ကို အသက်သွင်းလိုက်လေသည်။ သက်လတ်ပိုင်းအရွယ် ဗိုလ်ကြီးနှင့် သူ၏အဖွဲ့ဝင်များသည် အတားအဆီးနှင့် ငါးမီတာခန့်အကွာတွင် ရှိနေစဉ် သူမက ပြုံးလိုက်ပြီး သူတို့ဆီသို့ လက်နှစ်ဖက်ကို မြှောက်လိုက်သည်။

သက်လတ်ပိုင်းအရွယ် ဗိုလ်ကြီးသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိသွားပြီး အော်ဟစ်လိုက်သည်။

"ရန်သူ့တိုက်ခိုက်မှုကို သတိထားကြ..."

"ဟုတ်ကဲ့... ဗိုလ်ကြီး..."

အဖွဲ့ဝင်များသည် ယွီယိရှန်ထံသို့ ပြေးသွားရင်း တုံ့ပြန်လိုက်ကြသည်။

သူတို့သည် အတားအဆီးနှင့် သုံးမီတာမျှသာ ကွာဝေးတော့ချိန်တွင် ယွီယိရှန်၏ လက်ဖဝါးမှ လင်းလက်တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာသည်။

သူမ ထုတ်လွှတ်လိုက်သော အလင်းရောင်မှာ အလွန်စူးရှလွန်းလှသဖြင့် သက်လတ်ပိုင်းအရွယ် ဗိုလ်ကြီးနှင့် သူ၏အဖွဲ့ဝင်များမှာ ချက်ချင်းပင် မျက်စိကန်းသွားပြီး သူတို့၏မျက်လုံးများ ပျက်စီးသွားရရှာသည်။

ကြိုတင်ပြင်ဆင်ထားခြင်းမရှိသဖြင့် အလင်းရောင်က သူတို့ကို တိုက်ရိုက်ထိမှန်သွားလေသည်။

ချက်ချင်းဆိုသလိုပင် သူတို့၏မျက်လုံးထဲတွင် ပူလောင်သော ခံစားမှုတစ်ခု ဖြစ်ပေါ်လာသည်။ သက်လတ်ပိုင်းအရွယ် ဗိုလ်ကြီးသည် မြေပြင်ပေါ်သို့ လဲကျသွားချိန်တွင် သွေးထွက်နေသော သူ၏မျက်လုံးများကို အုပ်ကိုင်ကာ နာကျင်စွာ အော်ဟစ်လိုက်သည်။

"ငါ့မျက်လုံးတွေ... အား..."

သူ၏အနောက်ရှိ အဖွဲ့ဝင်များသည်လည်း သူနှင့် ထပ်တူ ကံကြမ္မာကို ခံစားလိုက်ရရှာသည်။

မျက်လုံးထဲမှ ပူလောင်နေသော နာကျင်မှုကြောင့် အချို့ဆိုလျှင် ကပ်ဘေးဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေကိုပင် ဂရုမစိုက်နိုင်တော့ဘဲ မျက်လုံးများကို ဖုံးအုပ်ရန် နှင်းများကိုပင် ကောက်ယူလိုက်ကြသည်။

သူတို့ တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားသည်ကို မြင်သောအခါ ယဲ့ယွီရှန်သည် သူမ၏လက်ကို အောက်သို့ ချလိုက်သည်။ သူမက ခပ်လှမ်းလှမ်းတွင် ရပ်နေကြသော စွမ်းအင်ရှင်များနှင့် သာမန်လူများကို ကြည့်ကာ မေးလိုက်သည်။

"ရှင်တို့တွေ ကျွန်မတို့စခန်းထဲကို အတင်းဝင်ချင်နေသေးလား..."

သူတို့မည်မျှ ရက်စက်နိုင်သည်ကို မြင်လိုက်ရသဖြင့် မည်သူမျှ ထပ်မံ မကြိုးစားရဲကြတော့ပေ။

ထိုလူများ အော်ဟစ်နေခြင်းနှင့် ပြဿနာရှာနေခြင်းကို အဆုံးသတ်သွားသည်ကို မြင်သောအခါ ယဲ့ယွီရှန်က ကင်းစောင့်ခေါင်းဆောင်နှင့် စစ်သားခေါင်းဆောင်တို့ကို ကြည့်ကာ ပြောလိုက်သည်။

"ဒီကိစ္စအတွက် ကျွန်မရှင်တို့ကို ဒီလောက်ပဲ ကူညီပေးနိုင်မယ်... ကျန်တာတော့ ရှင်တို့နှစ်ယောက်ဆီပဲ လွှဲပေးခဲ့မယ်..."

သူမ၏စကားကို ကြားသောအခါ ကင်းစောင့်ခေါင်းဆောင်နှင့် စစ်သားခေါင်းဆောင်တို့က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"ပြဿနာမရှိပါဘူး... ဒီကိစ္စကို ကျွန်တော်တို့ဆီသာ လွှဲထားလိုက်ပါ..."

ထိုသို့ပြောပြီးနောက် စစ်သားခေါင်းဆောင်သည် ဝူလင်စခန်းအတွင်းသို့ အတင်းဝင်ရောက်ရန် ကြိုးစားနေသူများကို ဖမ်းဆီးရန် စစ်သားများကို အမိန့်ပေးလိုက်ပြီး ကင်းစောင့်များကလည်း မည်သူမျှ ထပ်မံ ပြဿနာမရှာရဲစေရန် သေချာစွာ စောင့်ကြပ်နေကြလေသည်။

မည်သူမျှ ပြဿနာ ထပ်မရှာရဲကြတော့သည်ကို မြင်သောအခါ တွမ့်ရှင်းနီသည် လူအုပ်နောက်တွင် ပုန်းကွယ်နေရင်း ဒေါသတကြီး သူမ၏ လက်မလက်သည်းကို ကိုက်နေလေသည်။

သူမက ဝူလင်စခန်းမှ လူများကို မုန်းတီးစွာ စိုက်ကြည့်လိုက်ပြီး တိုးညင်းသောအသံဖြင့် ကျိန်ဆဲလိုက်သည်။

"ကျစ်... ဒီအရူးတွေက ဒီလောက် ရိုးရှင်းတဲ့ တာဝန်လေးကိုတောင် မလုပ်နိုင်ကြဘူး... အသုံးမကျတဲ့ ငတုံးတွေ..."

ဝူလင်စခန်းတွင် ပြဿနာရှာရန် သူမ ငှားရမ်းထားသော လူအများစု ကျရှုံးသွားသည်ကို မြင်သောအခါ သူမသည် ကျောပိုးအိတ်ထဲမှ ဆက်သွယ်ရေးစက်တစ်ခုကို ထုတ်ယူကာ ဖွင့်လိုက်သည်။ စက္ကန့်အနည်းငယ်ခန့် စောင့်ပြီးနောက် သူမက ပြောလိုက်သည်။

"ဥက္ကဋ္ဌလေ့... အဲဒီစွမ်းအင်ရှင်တွေ ဝူလင်စခန်းထဲကို ဝင်ဖို့ ကျရှုံးသွားကြပြီ..."

သူမ၏စကား အဆုံးတွင် တစ်ဖက်မှ တိတ်ဆိတ်သွားလေသည်။

အကြောင်းပြန်လာမည်ကို စောင့်ဆိုင်းနေစဉ် တွမ့်ရှင်းနီ၏ နှလုံးသားမှာ အကြောက်တရားကြောင့် ပို၍ပို၍ မြန်ဆန်စွာ ခုန်ပေါက်လာသည်။ မကြာမီတွင် ဆက်သွယ်ရေးစက်ထဲမှ သက်ကြီးရွယ်အို အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

"ဖြစ်စဉ်ကို ငါဂရုမစိုက်ဘူး... ရလဒ်ကိုပဲ ငါဂရုစိုက်တယ်... သတ်မှတ်ရက်ပြည့်ဖို့ သုံးရက် လိုသေးတယ်... မင်းရဲ့အချိန်တွေ ကုန်မသွားခင် ငါလိုချင်တာကို မင်းပေးနိုင်ရင် အကောင်းဆုံးပဲ..."

ထိုသို့ပြောပြီးနောက် တစ်ဖက်က ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။

တွမ့်ရှင်းနီသည် ညာဘက်နားမှ ဆက်သွယ်ရေးစက်ကို ချွတ်လိုက်ပြီး တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ သူမ၏ ဘယ်ဘက်လက်မလက်သည်းကို ကိုက်ရင်း စိုးရိမ်တကြီး ရေရွတ်လိုက်သည်။

"အခု ငါဘာလုပ်ရမလဲ... ဝူလင်စခန်းထဲကို ချက်ချင်းဝင်နိုင်မယ့် နည်းလမ်းတစ်ခုခု ငါရှာရမယ်..."

တွမ့်ရှင်းနီသည် ဖြေရှင်းနည်းကို စိုးရိမ်တကြီး ရှာဖွေနေစဉ် လေ့ထီလျန်က ရုံးခန်းစားပွဲပေါ်သို့ ဆက်သွယ်ရေးစက်ကို ပစ်ချလိုက်သည်။ သူသည် ရုံးခန်းကုလားထိုင်ပေါ်သို့ မှီချလိုက်ပြီး သူ၏နှာခေါင်းကို ညှစ်ကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

"အသုံးမကျတဲ့ အမှိုက်..."

All Chapters