အခန်း ၂၇၅
Vol. 28 Ch. 275
အခန်း (၂၇၅) - မိစ္ဆာနတ်ဘုရားက အသက်ရှင်နေဆဲပဲ
လီချိုးက ရှို့ဝူ၏ မျက်နှာအမူအရာကို မြင်ပြီးနောက် ပြောလိုက်သည်။
"စိတ်ရှည်ရှည်ထားပါ..."
စက္ကန့်အနည်းငယ် ကြာပြီးနောက် ရေမှန်ပြင်ထဲတွင် ယွင်ရှန် ပေါ်လာလေသည်။ သူက အမောတကောဖြင့် ပတ်ဝန်းကျင်ကို သတိထားကာ အကဲခတ်နေသည်ကို မြင်သောအခါ လီချိုးက မေးလိုက်သည်။
"ယွင်ရှန် မင်း ဘယ်ရောက်နေတာလဲ..."
ယွင်ရှန်သည် နှုတ်ခမ်းပေါ်သို့ လက်ညှိုးတင်လိုက်ပြီး ပြောလိုက်သည်။
"အစ်ကို အသံအရမ်းမကျယ်နဲ့... အစ်ကိုဆက်သွယ်လာတဲ့ အချိန်က မကောင်းဘူး... ဘာလို့ အခုမှ ဆက်သွယ်လာရတာလဲ..."
ရေမှန်ပြင်ထဲရှိ နောက်ခံမြင်ကွင်းကို ကြည့်ကာ ရှို့ဝူက ပြောလိုက်သည်။
"သူက မိစ္ဆာဘုံမှာ ရောက်နေတာပဲ... ပိုပြီး တိတိကျကျ ပြောရရင် ငါ့နန်းတော်ရဲ့ ပင်မခန်းမဆောင်ထဲမှာ ရောက်နေတာ..."
စကားဆုံးသည်နှင့် ယွင်ရှန်သည် လှည့်ကြည့်လာလေသည်။ ရှို့ဝူကို မြင်လိုက်ရသောအခါ ယွင်ရှန်မှာ ခြေထောက်များ ခွေယိုင်သွားပြီး မြေပြင်ပေါ်သို့ အားပျော့စွာ လဲကျသွားတော့၏။
သူသည် ရှို့ဝူကို လက်ညှိုးထိုးကာ သူ၏ ဝမ်းကွဲအစ်ကိုဖြစ်သူကို ကြည့်ပြီးနောက် ထိတ်လန့်တကြား မေးလိုက်သည်။
"မိ... မိစ္ဆာနတ်ဘုရား... သူက အသက်ရှင်နေသေးတာလား..."
လီချိုးသည် ခေါင်းညိတ်ပြလိုက်ပြီးနောက် လက်ယမ်းကာ ပြောလိုက်သည်။
"ဒါက အရေးမကြီးပါဘူး... မင်း အဲဒီမှာ ဘာလုပ်နေတာလဲဆိုတာကိုသာ ငါ့ကို ပြောစမ်းပါ..."
လီချိုး၏ တည်ငြိမ်နေသော မျက်နှာအမူအရာကို ကြည့်ပြီးနောက် ယွင်ရှန်သည် တိတ်ဆိတ်သွားကာ တွေးလိုက်သည်။
“မိစ္ဆာနတ်ဘုရား အသက်ရှင်နေသေးတာက အရေးမကြီးဘူး ဟုတ်လား... ဒီသတင်းသာ လောကဘုံခြောက်ပါးဆီ ပြန့်သွားရင် ဘာဖြစ်လာမလဲဆိုတာကို အစ်ကို သိရဲ့လား...”
“ဒီအကြောင်းကိုသာ သိသွားကြရင် လောကဘုံခြောက်ပါးလုံး ကမောက်ကမတွေ ဖြစ်ကုန်တော့မှာ... မိစ္ဆာတွေနဲ့ နတ်ဘုရားတွေရဲ့ အာဏာလွန်ဆွဲမှုကလည်း အကြီးအကျယ် အပြောင်းအလဲဖြစ်သွားလိမ့်မယ်...'
သူသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး စိတ်ကို တည်ငြိမ်အောင်ထားကာ တိုးညှင်းစွာ ပြောလိုက်သည်။
"ဒီနေ့ မိစ္ဆာဘုရင်က ဝိညာဉ်ဧကရာဇ်နဲ့ နတ်ဆိုးသခင်သုံးပါးကို မိစ္ဆာနန်းတော်ဆီ ဖိတ်ခေါ်ထားတယ်...”
“ပြီးခဲ့တဲ့ တိုက်ပွဲမှာ သူတို့က စစ်နတ်ဘုရားကို အပြတ်အသတ် ရှုံးနိမ့်သွားခဲ့တာ...”
“အဲဒါကြောင့် မိစ္ဆာဘုရင်က ဝိညာဉ်မျိုးနွယ်တွေနဲ့ နတ်ဆိုးသခင်သုံးပါးကို ဖြေရှင်းချက်တောင်းဖို့ ဖိတ်ခေါ်ခဲ့တာ... ဒါပေမဲ့ ဒီကိစ္စက အဲဒီလောက် မရိုးရှင်းဘူးဆိုတာကို ကျွန်တော် သိတယ်..."
ယွင်ရှန်၏ စကားများကို ကြားပြီးနောက် ရှို့ဝူက မေးလိုက်သည်။
"မိစ္ဆာဘုရင်ရဲ့ နာမည်က ဘယ်သူလဲ..."
ကြောက်ရွံ့ခြင်းနှင့် ရိုသေလေးစားမှုတို့ကြောင့် ရှို့ဝူနှင့် စကားပြောသည့်အခါ ယွင်ရှန်၏ အသံမှာ သဘာဝအလျောက် အလွန်ယဉ်ကျေးသွားလေသည်။ ယွင်ရှန်သည် မျက်လွှာချလိုက်ပြီး ပြန်ဖြေလိုက်သည်။
"ထျန်းကွမ်ရှန်ပါ..."
ဤအဖြေကို ကြားသောအခါ ရှို့ဝူက လှောင်ပြုံးပြုံးလိုက်ပြီး ပြောလိုက်သည်။
"နောက်ပိုင်း လောကဘုံခြောက်ပါးဆီကို ငါ ပြန်ရောက်သွားတဲ့အခါ မိစ္ဆာဘုံထဲက အမှိုက်တွေကို ရှင်းလင်းပစ်ဖို့ လိုအပ်နေပုံရတယ်..."
သူ၏ အေးစက်နေသော မျက်လုံးများကို ကြည့်ကာ ယွင်ရှန်သည် တုန်ယင်သွားပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ဝိညာဉ်ဧကရာဇ်နဲ့ နတ်ဆိုးသခင်သုံးပါး ရောက်လာကြပြီ... ကျွန်တော် ခိုးဝင်သွားတဲ့အခါ အသံမထွက်ကြပါနဲ့..."
ထိုသို့ပြောပြီးနောက် ယွင်ရှန်သည် နဂါးငယ်လေးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ပင်မခန်းမဆောင်ဆီသို့ တိတ်တဆိတ် တွားသွားသွားလေသည်။
သေးငယ်သော ရေမှန်ပြင်ထဲမှတစ်ဆင့် ကြည့်ကာ ရှို့ဝူက မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ပြောလိုက်သည်။
"ရေမှန်ပြင်က အရမ်းသေးလွန်းနေတယ်..."
သူ၏စကားကို ကြားသောအခါ ယွင်ရှန်မှာ ကူကယ်ရာမဲ့သလို ခံစားလိုက်ရရှာသည်။ သူ၏ လက်ရှိ ခန္ဓာကိုယ် အရွယ်အစားဖြင့် သာမန်အရွယ်အစားရှိသော ရေမှန်ပြင်ကို အသုံးပြုရန်မှာ မဖြစ်နိုင်ပေ။
သူသည် ရေမှန်ပြင်မှတစ်ဆင့် လူသုံးယောက်ကို လှည့်ကြည့်လိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။
"ခဏလောက် စောင့်ပေးပါဦး... ပုန်းအောင်းဖို့ သင့်တော်တဲ့ နေရာတစ်ခု ရှာတွေ့တာနဲ့ ရေမှန်ပြင်ကို ကြီးအောင် လုပ်ပေးပါ့မယ်..."
ထိုသို့ပြောပြီးနောက် သူသည် ရှို့ဝူ ပြန်ဖြေသည်ကိုပင် မစောင့်တော့ဘဲ ပင်မခန်းမဆောင်ရှိ ထုပ်တန်းတစ်ခုပေါ်သို့ ကမန်းကတန်း တွယ်တက်သွားလေသည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် ယွင်ရှန်သည် ထုပ်တန်းပေါ်တွင် ဝပ်လျက် အပြင်ဘက်မှ လျှောက်လာသော လူများကို ငုံ့ကြည့်နေတော့၏။
သူသည် အလွန်မြင့်မားသော နေရာတွင် ရောက်နေပြီး အောက်ဘက်မှ လူများက သူ့ကို သိရှိရန်နှင့် မြင်တွေ့ရန် ခက်ခဲကြောင်း မြင်သောအခါ ယွင်ရှန်က ရေမှန်ပြင်ကို ချဲ့လိုက်ပြီးနောက် ပြောလိုက်သည်။
"မိစ္ဆာနတ်ဘုရား... အခုဆိုရင် အားလုံးကို မြင်ရလောက်ပြီ မဟုတ်လား..."
ရှို့ဝူ ပြန်ဖြေလိုက်ပြီးနောက် ရေမှန်ပြင်မှတစ်ဆင့် ခန်းမဆောင်ထဲရှိ အခြေအနေကို ကြည့်လိုက်သည်။ ထျန်းကွမ်ရှန်က ပလ္လင်ဆီသို့ လှေကားထစ်များအတိုင်း တက်သွားသောအခါ ရှို့ဝူက တခစ်ခစ် ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"ငါ့ရဲ့ ပလ္လင်ပေါ်မှာ ထိုင်လိုက်တဲ့အချိန် သူ အသက်ရှင်နိုင်မလားဆိုတာ သိချင်မိသား..."
သူ ထိုသို့ပြောလိုက်ပြီးနောက် ရေမှန်ပြင်၏ အခြားတစ်ဖက်တွင်မူ ထျန်းကွမ်ရှန်သည် ရာဇပလ္လင်ကို ကြည့်ကာ တုံ့ဆိုင်းနေလေသည်။ ရာဇပလ္လင်အောက်ရှိ ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်နေသော ဝိညာဉ်ဧကရာဇ်က သူ့ကို ကြည့်ကာ မေးလိုက်သည်။
"မိစ္ဆာဘုရင်... ဘာလို့ နေရာမှာ ဝင်မထိုင်တာလဲ..."
ထျန်းကွမ်ရှန် စကားမပြောနိုင်မီ နတ်ဆိုးသခင်များထဲမှ တစ်ပါးက ပြောလိုက်သည်။
"သူ ရာဇပလ္လင်ပေါ်မှာ မထိုင်ရဲဘူးလို့ ငါ ထင်တယ်..."
သူ၏ လှောင်ပြောင်သော စကားများကို ကြားသောအခါ ထျန်းကွမ်ရှန်သည် သူ့ကို ကြည့်ကာ ပြောလိုက်သည်။
"နတ်ဆိုးသခင် တယ်ရှန်း... ခင်ဗျားစကားက ဘာသဘောလဲ..."
တယ်ရှန်းက ရန်စလိုသော အပြုံးဖြင့် ပြောလိုက်သည်။
"ကြားတဲ့အတိုင်းပဲလေ..."
သူတို့နှစ်ဦး ထပ်မံ ရန်ဖြစ်တော့မည်ကို မြင်သောအခါ ဝိညာဉ်ဧကရာဇ်က ပြောလိုက်သည်။
"မင်းတို့နှစ်ယောက် ရန်ဖြစ်နေတာကို ထိုင်ကြည့်ဖို့ ငါ့မှာ အချိန်မရှိဘူး... ဘာမှအရေးတကြီး ဆွေးနွေးစရာမရှိရင် ငါ သွားတော့မယ်..."
သူတို့ကို တာဝန်ယူစေချင်သောကြောင့် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ရာ ထျန်းကွမ်ရှန်သည် ဒေါသတကြီးဖြင့် သူ၏ အင်္ကျီလက်ကို ခါယမ်းလိုက်ပြီး ရာဇပလ္လင်ဆီသို့ လျှောက်သွားလေသည်။
သူသည် ရာဇပလ္လင်ရှေ့တွင် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် လှည့်ကာ ထိုင်ချလိုက်သည်။ နောက်တစ်စက္ကန့်တွင် သူ၏ တင်ပါးက ရာဇပလ္လင်နှင့် မထိရသေးမီမှာပင် ရုတ်တရက် မြေပြင်ပေါ်သို့ လဲကျသွားပြီး နာကျင်စွာ ညည်းတွားလိုက်တော့၏။
"အား..."
သူ၏ ဒူးများ ကြမ်းပြင်ပေါ်သို့ ကျရောက်သွားသည့်အချိန်မှာပင် ဒွါရခုနစ်ပေါက်မှ သွေးများ ယိုစီးကျလာလေသည်။
သူ့တစ်ကိုယ်လုံး အမည်းရောင် သွေးများဖြင့် ဖုံးလွှမ်းသွားသည်ကို မြင်သောအခါ ဝိညာဉ်ဧကရာဇ်နှင့် နတ်ဆိုးသခင်သုံးပါးတို့မှာ ထိတ်လန့်သွားကြတော့သည်။
မိစ္ဆာဘုရင်ကဲ့သို့ စွမ်းအားကြီးမားသောသူကို ဒဏ်ရာရစေနိုင်သူမှာ တစ်ယောက်တည်းသာ ရှိပေသည်။ သူတို့ သိထားသလောက်တော့ ထိုသူမှာ ပျောက်ဆုံးနေခဲ့သည်မှာ နှစ်တစ်ထောင်ကျော် ကြာမြင့်နေပြီဖြစ်သည်။
ဝိညာဉ်ဧကရာဇ်သည် သူ၏ ကုလားထိုင်မှ ထကာ ထျန်းကွမ်ရှန်ဆီသို့ သွားလေသည်။ ထို့နောက် ဝိညာဉ်ဧကရာဇ်က လက်လှမ်းကာ သူ၏ နဖူးကို ကိုင်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အသံဖြင့် မေးလိုက်သည်။
"ခုနက မင်းကို ဘယ်သူ တိုက်ခိုက်လိုက်တာလဲ..."
ဝိညာဉ်ဧကရာဇ်၏ ယင်စွမ်းအင်များ သူ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသောအခါ ထျန်းကွမ်ရှန်သည် သွေးတစ်ပွက်ကို အကြမ်းပတမ်း အန်ချလိုက်တော့၏။
ဝိညာဉ်ဧကရာဇ်သည် ထျန်းကွမ်ရှန်၏ မိစ္ဆာစွမ်းအင်က သူ၏ ယင်စွမ်းအင်ကို အပြင်းအထန် ခုခံလိုက်ခြင်းကြောင့် လန့်ဖြန့်သွားကာ သူ၏လက်ကို အမြန် ပြန်ရုတ်လိုက်လေသည်။
ဝိညာဉ်ဧကရာဇ်သည် အမည်းရောင်သွေးများ ဖုံးလွှမ်းနေသော ထျန်းကွမ်ရှန်၏ ခန္ဓာကိုယ်ကိုကြည့်ကာ တွေးလိုက်သည်။
'ဒါက ထူးဆန်းတယ်... သူ့ကို ကုသပေးမယ့်အစား ငါ့ရဲ့ ယင်စွမ်းအင်က သူ့ခန္ဓာကိုယ်ကို ပိုပြီး ထိခိုက်သွားစေတာပဲ...'
အတန်ကြာပြီးနောက် ထျန်းကွမ်ရှန်သည် နောက်ဆုံးတွင် သွေးအန်ခြင်းမှ ရပ်တန့်သွားလေသည်။ သူသည် နှုတ်ခမ်းမှ သွေးများကို သုတ်လိုက်ပြီး အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။
"မိစ္ဆာနတ်ဘုရား အသက်ရှင်နေသေးတယ်..."
သူ စကားပြောဆိုပြီးသည်နှင့် နတ်ဆိုးသခင် သုံးပါးလုံးမှာ သူတို့၏ ကုလားထိုင်များမှ ထရပ်လိုက်ကြပြီး တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
"မဖြစ်နိုင်တာ... မိစ္ဆာနတ်ဘုရား သေသွားပြီဆိုတာကို အားလုံး သိကြတာပဲ..."