အခန်း ၂၇၆
Vol. 28 Ch. 276
အခန်း (၂၇၆) - ငကြောက်
ခေတ္တမျှ တုန်လှုပ်သွားပြီးနောက် မိစ္ဆာအရှင်သခင်တစ်ပါးက ပြောလိုက်လေသည်။
"စစ်မှန်တဲ့နတ်ဘုရားမ ကျူးလင် အန္တရာယ်ကြုံတွေ့နေရတုန်းကတောင် သူက ပေါ်မလာခဲ့ဘူး... သူ သေဆုံးသွားတာ သေချာသလောက်ပဲ... "
“မဟုတ်ရင် မိစ္ဆာနတ်ဘုရားက စစ်မှန်တဲ့နတ်ဘုရားမ ကျူးလင်ရဲ့ အသက်ဘေးကို ဒီအတိုင်း ပစ်ထားဖို့ မဖြစ်နိုင်ဘူး..."
ထျန်းကွမ်ရှန့်သည် သူတို့ကို မော့ကြည့်လိုက်ပြီးနောက် ပြောလိုက်လေသည်။
"မိစ္ဆာနတ်ဘုရား သေဆုံးသွားခဲ့ရင် ငါက ဒီရာဇပလ္လင်ပေါ်မှာ အဆင်ပြေပြေ ထိုင်နိုင်မှာပေါ့...”
“အခုတော့ ငါက ရာဇပလ္လင်ကိုတောင် မထိနိုင်ဘူးဆိုကတည်းက မိစ္ဆာဘုံရဲ့ အုပ်စိုးသူက သက်ရှိထင်ရှား ရှိနေသေးတယ်ဆိုတာ ပြနေတာပဲ... ဒါကြောင့် အုပ်စိုးသူအသစ်က ဒီပလ္လင်ပေါ်မှာ ထိုင်နိုင်မှာ မဟုတ်ဘူး..."
သူ့စကား ဆုံးသွားသည်နှင့် တစ်ကိုယ်လုံး တိတ်ဆိတ်သွားလေသည်။ မိစ္ဆာအရှင်သခင် ၃ ပါးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ဝိညာဉ်ဘုရင်က ပြောလိုက်သည်။
"မိစ္ဆာနတ်ဘုရားက သက်ရှိထင်ရှား ရှိနေသေးတာဆိုတော့ ငါတို့ ဒီစစ်ပွဲကို ဆက်တိုက်နေဖို့ အကြောင်းပြချက် မရှိတော့ဘူး...”
“ဒီအချိန်ကစပြီး ဝိညာဉ်ဘုံအနေနဲ့ နတ်ဘုံနဲ့ ဖြစ်ပွားတဲ့ စစ်ပွဲမှာ ပါဝင်မှာ မဟုတ်တော့ကြောင်း ငါ ကြေညာတယ်..."
အစွမ်းပျောက်ကွယ်မသွားမီ ဝိညာဉ်ဘုရင်သည် မိစ္ဆာအရှင်သခင် ၃ ပါးကို ကြည့်ကာ ပြောလိုက်သည်။
"မင်းတို့ ၃ ယောက်လည်း ဘယ်လိုရွေးချယ်ရမလဲဆိုတာ သိကြလိမ့်မယ်..."
ဝိညာဉ်ဘုရင်က တွန့်ဆုတ်ခြင်းမရှိဘဲ ထွက်ခွာသွားသည်ကို မြင်သောအခါ ထျန်းကွမ်ရှန့်သည် သွားကြိတ်လိုက်ပြီး တိုးညင်းစွာ ဆဲရေးလိုက်လေသည်။
"ငကြောက်..."
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် တယ်ရှန်းသည် ထျန်းကွမ်ရှန့်ကို ကြည့်ကာ ပြောလိုက်လေသည်။
"မိစ္ဆာဘုရင်... မင်း အပြင်းအထန် ဒဏ်ရာရထားတာဆိုတော့ ငါတို့ မင်းအနားယူတာကို မနှောင့်ယှက်တော့ဘူး... နောက်တစ်ခေါက်မှ ပြန်တွေ့ကြတာပေါ့..."
ထျန်းကွမ်ရှန့် တားဆီးရန် မပြင်နိုင်ခင်မှာပင် မိစ္ဆာအရှင်သခင် ၃ ပါးသည် နက်မှောင်သော မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး မိစ္ဆာနန်းတော်အပြင်ဘက်သို့ ပျံသန်းထွက်ခွာသွားကြတော့သည်။
ဗလာကျင်းပြီး ကျယ်ဝန်းလှသော ခန်းမမကြီးထဲတွင် ထျန်းကွမ်ရှန့်သည် လက်သီးကို တင်းတင်းဆုပ်ကာ အံကြိတ်လျက် ပြောလိုက်လေသည်။
"ငါ အဲဒီလူဆီကိုပဲ အကူအညီတောင်းဖို့ သွားရတော့မယ် ထင်တယ်..."
ကြမ်းပြင်ပေါ်မှ အားယူ၍ မတ်တတ်ရပ်လိုက်ပြီးနောက် ထျန်းကွမ်ရှန့်သည် နက်မှောင်သောအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ခန်းမမကြီးအပြင်ဘက်သို့ ပျံသန်းထွက်ခွာသွားလေသည်။
ထုပ်တန်းပေါ်တွင် ဝပ်နေသော ယွင်ရှန်သည် အချိန်အတော်ကြာ စောင့်ဆိုင်းပြီးမှ အောက်သို့ ခုန်ဆင်းလိုက်၏။ ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိသည်ကို မြင်သောအခါ သူသည် လူသားပုံစံသို့ လျင်မြန်စွာ ပြန်လည်ပြောင်းလဲလိုက်သည်။
ယွင်ရှန်သည် ရေမှန်ပြင်ကို ကြည့်ကာ ပြောလိုက်လေသည်။
"မိစ္ဆာနတ်ဘုရား... အစ်ကို... ကျုပ် မိစ္ဆာဘုရင် နောက်ကို လိုက်သွားလိုက်မယ်... သူ ဘယ်သူ့ကို တွေ့ချင်နေလဲဆိုတာ သိရတာနဲ့ ကျုပ် ပြန်ပြောပြမယ်..."
ယွင်ရှန်၏ စကားကို ကြားသောအခါ လီချိုးက ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
"ကောင်းပြီ... မင်း ဂရုစိုက်နော်..."
"အင်း... ကျုပ် သိပါတယ်..."
ထိုသို့ပြောပြီးနောက် ယွင်ရှန်သည် လက်ကို ဝှေ့ယမ်းလိုက်ရာ ရေမှန်ပြင်သည် ကွယ်ပျောက်သွားလေသည်။ ဗလာကျင်းနေသော မိစ္ဆာနန်းတော်ကြီးကို ကြည့်ရင်း သူသည် မိစ္ဆာအားလုံးအတွက် ဆုတောင်းပေးလိုက်မိတော့၏။
သူတို့၏ နတ်ဘုရား ပြန်လည်ရောက်ရှိလာချိန်တွင် မိစ္ဆာဘုံတစ်ခုလုံး ငရဲဘုံအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။ ထိုအကြောင်းကို တွေးမိရုံမျှဖြင့်ပင် သူ၏နကျောပြင်တစ်ခုလုံး စိမ့်တက်သွားရရှာသည်။
ယွင်ရှန်က ထျန်းကွမ်ရှန့်နောက်သို့ တိတ်တဆိတ် လိုက်သွားချိန်တွင် လီချိုးက ကျူးလင်ကို ကြည့်ကာ ပြောလိုက်သည်။
"တော်သေးတာပေါ့... အဲဒီကောင်လေး မင်းကို မမြင်သွားလို့... မဟုတ်ရင် သူ သေလုမတတ် ကြောက်လန့်သွားမှာ သေချာတယ်..."
သူ့စကားကို ကြားသောအခါ ကျူးလင်သည် ကန့်လန့်ဖြတ် ခေါင်းလေးစောင်းကာ ဝေခွဲမရဖြစ်လျက် မေးလိုက်လေသည်။
"ဘာလို့လဲ... ကျွန်မ ရှင့်ရဲ့ညီလေးနဲ့ တစ်ခါမှ မဆုံဖူးပါဘူး..."
လီချိုးသည် ရှို့ဝူကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"အရင်တုန်းက မိစ္ဆာနတ်ဘုရား သားရဲဘုံကို လာခဲ့စဉ်က ယွင်ရှန်အပေါ် အရမ်းကြီးမားတဲ့ စိတ်ဒဏ်ရာကို ချန်ထားခဲ့တာလေ...”
“မိစ္ဆာနတ်ဘုရားက ငါတို့ သားရဲဘုံရဲ့ ထက်ဝက်ကို ဖျက်ဆီးပစ်ခဲ့တဲ့ အကြောင်းရင်းက မင်းကြောင့်ဆိုတာ အဲဒီကောင်လေး သိသွားချိန်မှာတော့...”
“သူက အကြောက်ရွံ့ဆုံး ပုဂ္ဂိုလ်ဟာ မိစ္ဆာနတ်ဘုရား မဟုတ်ဘဲ မိစ္ဆာနတ်ဘုရားကို ထိန်းချုပ်နိုင်တဲ့ မင်းဖြစ်နေတယ်လို့ ထင်သွားတာပေါ့..."
သူ့စကားကို ကြားသောအခါ ရှို့ဝူသည် ပခုံးတွန့်ပြကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်း လင်အာ့ရဲ့ အစ်ကိုကြီး ကမ်းလှမ်းချက်ကို လက်ခံခဲ့မိတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်ရမှာပေါ့..."
လီချိုးက မျက်လုံးလေးကလစ်ကာ ပြောလိုက်လေသည်။
"ဒီအကြောင်းတွေကို ဆက်မပြောကြရအောင်... ကျုပ် မင်းတို့နှစ်ယောက်ကို ပြောစရာ ပိုအရေးကြီးတဲ့ ကိစ္စရှိတယ်..."
ရှို့ဝူက တည်ငြိမ်စွာ ပြောလိုက်သည်။
"ပြောလေ..."
လီချိုးသည် သူ၏ စိတ်ဝိညာဉ်နန်းဆောင်ထဲမှ ကျောက်ခဲလေးတစ်လုံးကို ထုတ်ယူကာ သူတို့ကြားရှိ စားပွဲပုလေးပေါ်သို့ တင်လိုက်ပြီး ပြောလိုက်လေသည်။
"ဒါ ဘာလဲဆိုတာ ခန့်မှန်းကြည့်စမ်း..."
ကျူးလင်နှင့် ရှို့ဝူတို့သည် ထိုကျောက်ခဲလေးကို ခေတ္တမျှ စိုက်ကြည့်လိုက်ကြပြီး တစ်ပြိုင်နက်တည်း မေးလိုက်ကြသည်။
"သံသရာကျောက်တုံးလား..."
ထိုသို့ မေးပြီးနောက် သူတို့သည် တစ်ဦးကိုတစ်ဦး ခေတ္တမျှ ကြည့်လိုက်ကြပြီးမှ လီချိုးဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ လီချိုးက ခေါင်းညိတ်ပြကာ ပြောလိုက်လေသည်။
"ကျုပ် ဒီသံသရာကျောက်တုံးကို ဒီလောကထဲမှာ ရှာတွေ့ခဲ့တာလို့ ပြောရင် မင်းတို့နှစ်ယောက် ယုံကြမလား..."
နတ်ဘုရားများက လိမ်ညာပြောဆိုခြင်း မရှိကြောင်းကိုလည်းကောင်း၊ လီချိုး၏ လက်ရှိအစွမ်းနှင့် အခြားသောဘုံများမှ ပစ္စည်းများကို ယူဆောင်လာရန် မဖြစ်နိုင်ကြောင်းကိုလည်းကောင်း သိထားသဖြင့် ရှို့ဝူက မေးလိုက်သည်။
"မင်း ဒီသံသရာကျောက်တုံးကို ဘယ်နေရာမှာ ရှာတွေ့ခဲ့တာလဲ..."
လီချိုးသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ပြောလိုက်လေသည်။
"ဒီနေရာနဲ့ သိပ်မဝေးဘူး... ဒါပေမဲ့ လူသားတွေ ခေါ်တဲ့အတိုင်း ပြောရရင်တော့ ကျုပ် ဒီသံသရာကျောက်တုံးကို အိတ်ခ်ျမြို့မှာ ရှာတွေ့ခဲ့တာ... ပိုပြီး တိတိကျကျ ပြောရရင်တော့ ကျုပ် ခိုးယူခဲ့တာပေါ့..."
လီချိုးက သံသရာကျောက်တုံးကို ခိုးယူခဲ့ခြင်းဖြစ်ကြောင်း ကြားသောအခါ ကျူးလင်က လီချိုးကို ကြည့်ကာ ပြောလိုက်သည်။
"အဆင့်မြင့်နတ်ဘုရား လီချိုး... သူတစ်ပါးရဲ့ ပစ္စည်းတွေကို ခိုးယူတာက မကောင်းတဲ့ လုပ်ရပ်ပဲလေ..."
လီချိုးက သူမကို ပြုံးလျက် ကြည့်ကာ ပြောလိုက်သည်။
"ကျုပ် ဘာကြောင့် ဒီသံသရာကျောက်တုံးကို ခိုးယူခဲ့ရလဲဆိုတာသိရင် မင်း ဒီလို ထင်တော့မှာ မဟုတ်ဘူး..."
လီချိုး၏ စကားကို ကြားသောအခါ ရှို့ဝူသည် သူ၏မေးစေ့ကို ပွတ်သပ်ရင်း ပြောလိုက်သည်။
"မင်း အဲဒီနေရာမှာ သံသရာကျောက်တုံးကို ရှာတွေ့ခဲ့တာက တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူး..."
လီချိုးက မျက်ခုံးကို အသာပင့်လိုက်ရင်း ပြောလိုက်သည်။
"မင်း ငါတို့မသိတဲ့ အရာတစ်ခုခုကို သိနေတာလား... ဒါပေမဲ့ မင်း ခန့်မှန်းတာ မှန်တယ်... ကျုပ် အဲဒီနေရာမှာ ရှင်သန်ခြင်းကျောက်တုံးကို ရှာတွေ့ခဲ့တာက တိုက်ဆိုင်မှု မဟုတ်ဘူး..."
ပြောပြီးနောက် လီချိုးသည် စားပွဲပုလေးပေါ်သို့ မှတ်တမ်းတင်ဓာတ်လုံးလေးတစ်လုံး တင်လိုက်လေသည်။ သူ၏ နတ်ဘုရားစွမ်းအင်ကို ထည့်သွင်းကာ မှတ်တမ်းတင်ဓာတ်လုံးကို ဖွင့်လှစ်ရင်း ပြောလိုက်သည်။
"မင်းတို့နှစ်ယောက် ဒီမှတ်တမ်းကို အရင် ကြည့်ကြည့်လိုက်ပါဦး..."
မှတ်တမ်းတင်ဓာတ်လုံးလေးသည် တောက်ပစွာ လင်းလက်သွားပြီးနောက် ၎င်း၏ အထက်တွင် အသက်ဝင်လှသော ပုံရိပ်များနှင့် အသံများ ထွက်ပေါ်လာလေသည်။ အဆောက်အအုံပုံရိပ်ကို မြင်လိုက်ရပြီးနောက် ရှို့ဝူသည် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"နောက်ထပ် လျှို့ဝှက်ဓာတ်ခွဲခန်းတစ်ခုလား..."
လီချိုးက ပခုံးတွန့်ပြရင်း ပြောလိုက်လေသည်။
"မင်းတို့ အဲဒီနေရာကို ဘယ်လိုခေါ်လဲတော့ ကျုပ်မသိဘူး... ဒါပေမဲ့ ကျုပ် ပြောနိုင်တာကတော့ အဲဒီနေရာမှာ အလုပ်လုပ်တဲ့သူတွေဟာ လူသားတွေ မဟုတ်ဘူး... သူတို့က မိစ္ဆာတွေထက်တောင် ပိုပြီး ဆိုးသွမ်းကြတယ်..."
လီချိုးက လျှို့ဝှက်အဖွဲ့အစည်းမှ လူများကို မိစ္ဆာများနှင့် နှိုင်းယှဉ်ပြသည်ကို နားထောင်ရင်း ရှို့ဝူသည် သူ့ကို ခေတ္တမျှ လှည့်ကြည့်လိုက်ပြီးနောက် မှတ်တမ်းကို ဆက်လက်ကြည့်ရှုနေလေသည်။ ၁၀ မိနစ်ကျော်ခန့် ကြည့်ရှုပြီးနောက် မှတ်တမ်းသည် ခေတ္တမျှ ရပ်တန့်သွား၏။
လီချိုးက တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
"ကျုပ် မှတ်တမ်းကို ရပ်လိုက်တာက... တစ်ယောက်ယောက်က ကျုပ်ရဲ့ မိစ္ဆာစွမ်းအင်ကို ရိပ်မိသွားပြီး ကျုပ်ကို ရှာတွေ့လုနီးပါး ဖြစ်သွားလို့ပဲ... ဒါကြောင့် ကျုပ်လည်း ခေတ္တခဏ ပုန်းကွယ်နေခဲ့ရတယ်..."