အခန်း ၂၇၈
Vol. 28 Ch. 278
အခန်း (၂၇၈) - ထိုစဉ်က ဘာဖြစ်ခဲ့သလဲ
ရှို့ဝူသည် သူမကို မည်သည့်အရာမျှ ဖုံးကွယ်ထားရန် ရည်ရွယ်ချက် မရှိပေ။ ထို့ကြောင့် သူက ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။
"အင်း... ကိုယ် မွေးဖွားလာတုန်းက ကိုယ်နဲ့ တစ်ချိန်တည်းမှာ နတ်ဘုရားမတစ်ပါးတည်းပဲ မွေးဖွားခဲ့တာ...”
“အဲဒီအချိန်တုန်းက ရှေးဟောင်းနတ်ဘုရား ၁၁ ပါးက မမွေးဖွားသေးဘူး... ဒါကြောင့် ကျုပ်နဲ့ သူမနောက်ပိုင်းမှာ မွေးဖွားလာတဲ့ နတ်ဘုရားနဲ့ နတ်ဘုရားမတိုင်းကို ကိုယ်၊ သိတယ်..."
ကျူးလင်သည် သူ၏စကားကို ကြားသောအခါ တွေးလိုက်မိသည်။
'သူ အခုလေးတင် ပြောလိုက်တာက ရှေးဟောင်းနတ်ဘုရား ၁၂ ပါး မဟုတ်ဘဲ ရှေးဟောင်းနတ်ဘုရား ၁၁ ပါးလား... ဒါဆို သူနဲ့ တစ်ချိန်တည်း မွေးဖွားခဲ့တဲ့ နတ်ဘုရားမက ရှေးဟောင်းနတ်ဘုရား ၁၂ ပါးထဲက တစ်ပါး ဖြစ်နေမလား...'
စက္ကန့်အနည်းငယ်မျှ ကြာပြီးနောက် သူမသည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိကာ ဆက်လက် တွေးတောနေမိသည်။
‘ရှေးဟောင်းနတ်ဘုရား ၁၂ ပါးထဲက တစ်ပါးက ရှို့ဝူနဲ့ တစ်ချိန်တည်း မွေးဖွားခဲ့တာဆိုရင် သူမက ဘာလို့ သူ့ကို သတ်ချင်ရတာလဲ...’
‘အဲဒီအချိန်တုန်းက ဘာတွေ ဖြစ်ပျက်ခဲ့လို့ ရှေးဟောင်းနတ်ဘုရား ၁၂ ပါးက သူတို့ရဲ့ မူလဝိညာဉ်တွေကို စတေးပြီးတော့တောင် မိစ္ဆာနတ်ဘုရားကို သတ်ဖို့ ဒီလောက်အထိ စိတ်ပိုင်းဖြတ်ခဲ့ကြတာလဲ...’
ကျူးလင် တစ်ချက် တွေးတောနေသည်ကို မြင်ပြီး ရှို့ဝူသည် သူမ၏လက်ကို လှမ်းကိုင်လိုက်ရာ လက်ကလေးများ အေးစက်နေသည်ကို အံ့ဩစွာ တွေ့ရှိလိုက်ရသည်။
သူသည် မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ အေးစက်နေသော လက်ကလေးများကို မိမိ၏ နွေးထွေးသော လက်များဖြင့် အုပ်မိုးဆုပ်ကိုင်လိုက်ကာ စိုးရိမ်တကြီး မေးလိုက်သည်။
"လင်အာ... မင်း ဘာဖြစ်လို့လဲ... တစ်နေရာရာက နေရခက်နေလို့လား... မင်းလက်တွေ ဘာလို့ ဒီလောက်တောင် အေးစက်နေရတာလဲ..."
သူ၏ စိုးရိမ်တကြီး မေးသံကြောင့် ကျူးလင်သည် အတွေးများထဲမှ နိုးထလာခဲ့သည်။ သူမသည် ခေါင်းယမ်းပြလိုက်ရင်း ပြောလိုက်သည်။
"ကျွန်မ ဘာမှမဖြစ်ပါဘူး... စိတ်ထဲမှာ တစ်ခုခု တွေးနေမိလို့ပါ..."
ရှို့ဝူက သူမ၏စကားကို မယုံကြည်ဟန် ရှိသည်ကို မြင်သောအခါ ကျူးလင်သည် သူ့ကို ပြုံးပြလိုက်ပြီး ပြောလိုက်သည်။
"ရှင်လည်း သိတာပဲ... ကျွန်မက လိမ်မပြောတတ်ပါဘူး..."
သူမ ထိုသို့ပြောပြီးနောက် ရှို့ဝူသည် သူမကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ သူ၏ စိုးရိမ်ပူပန်နေသော မျက်ဝန်းများကို ကြည့်ကာ သူမသည် လက်လှမ်းလိုက်ပြီး သူ၏ မျက်ခုံးနှစ်ခုကြားရှိ မျက်မှောင်ကြုတ်ထားမှုကို ဖွဖွလေး ပွတ်သပ်ဖြေလျှော့ပေးရင်း ပြောလိုက်သည်။
"တကယ်လို့ ရှင်က ကျွန်မအတွက် စိုးရိမ်နေတုန်းပဲဆိုရင် နောက်မှ ကိုယ်တိုင်ပဲ စစ်ဆေးကြည့်လိုက်လေ..."
ထိုနှစ်ယောက်၏ ရှေ့တွင် ထိုင်နေသော လီချိုးသည် ကျူးလင်၏ စကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ရုတ်တရက် တံတွေးသီးသွားလေသည်။
"အဟွတ်... အဟွတ်... အဟွတ်..."
သူ၏ ရုတ်တရက် ချောင်းဆိုးသံကြောင့် ကျူးလင်သည် လန့်သွားပြီး လီချိုးဘက်သို့ လှည့်ကြည့်လိုက်သည်။ ချောင်းဆိုးလွန်း၍ နီရဲနေသော သူ၏မျက်နှာကို ကြည့်ကာ သူမက မေးလိုက်သည်။
"အဆင့်မြင့်နတ်ဘုရား လီချိုး... အဆင်ပြေရဲ့လား..."
လီချိုးသည် သူ အဆင်ပြေကြောင်း ပြသရန် လက်ကာပြလိုက်သည်။ ခေတ္တမျှ ချောင်းဆိုးပြီးနောက် သူသည် အောင့်နေသော ရင်ဘတ်ကို ပုတ်လိုက်ကာ ကျူးလင်ကို ကြည့်ရင်း ပြောလိုက်သည်။
"စစ်မှန်တဲ့နတ်ဘုရားမ ကျူးလင်... မင်းမှာ ဒီလို ပွင့်လင်းလွတ်လပ်တဲ့ စရိုက်မျိုး ရှိလိမ့်မယ်လို့ ကျုပ် တစ်ခါမှ မထင်ထားခဲ့ဘူး..."
ကျူးလင်သည် သူပြောလိုသည့် အဓိပ္ပာယ်ကို နားမလည်သဖြင့် ဇဝေဇဝါ ဖြစ်လျက် ခေါင်းလေး စောင်းလိုက်မိသည်။
ရှို့ဝူကမူ လီချိုး၏စကားများနောက်ကွယ်မှ အဓိပ္ပာယ်ကို သိလိုက်ရသဖြင့် မျက်နှာ ပျက်သွားလေသည်။ ရှို့ဝူသည် လီချိုးကို အေးစက်စွာ စိုက်ကြည့်ကာ ပြောလိုက်သည်။
"စကားပြောတာ ဆင်ခြင်စမ်း... မဟုတ်ရင် မင်းရဲ့ အသုံးမကျတဲ့ လျှာကို ဖြတ်ပစ်မယ်..."
မိမိထံသို့ ဦးတည်လာသော အေးစက်စက် လူသတ်ငွေ့ကို ခံစားမိသော် လီချိုးသည် လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူသည် နတ်ဘုရားစွမ်းအင်ကို လှည့်ပတ်ကာ ထိုလူသတ်ငွေ့ကို စက္ကန့်ပိုင်းအတွင်း တားဆီးလိုက်၏။
ရှို့ဝူ၏ ဒေါသကို ခံစားမိသဖြင့် လီချိုးသည် ရှက်ကိုးရှက်ကန်းဖြင့် ချောင်းတစ်ချက် ဟန့်လိုက်ပြီး ကျူးလင်ကို ကြည့်ကာ ရိုးသားစွာ ပြောလိုက်သည်။
"စစ်မှန်တဲ့နတ်ဘုရားမ ကျူးလင်... ကျုပ်ရဲ့ နှုတ်ကျွံသွားမှုအတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ..."
လီချိုးက ဘာကြောင့် ရုတ်တရက် တောင်းပန်သည်ကို သူမ မသိသော်လည်း ကျူးလင်သည် ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး..."
ရှို့ဝူက လူသတ်ငွေ့များကို ရုပ်သိမ်းလိုက်သည်ကို မြင်မှ လီချိုးသည် စိတ်ထဲတွင် သက်ပြင်းချလိုက်နိုင်သည်။ ထို့နောက် သူသည် ရှို့ဝူကို ကြည့်ကာ မေးလိုက်သည်။
"မိစ္ဆာနတ်ဘုရား... အခု ဒီသတင်းအချက်အလက်တွေကို သိရပြီးပြီဆိုတော့ မင်းမှာ ဘာအစီအစဉ်ရှိလဲ..."
ရှို့ဝူသည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ပြောလိုက်သည်။
"မင်းပေးတဲ့ အချက်အလက်တွေက မသေချာသေးဘူး... ဒီလိုဝေဝါးတဲ့ အချက်အလက်တွေအပေါ်မှာ ငါ ဘာဆုံးဖြတ်ချက်မှ ချမှာမဟုတ်ဘူး..."
သူ၏ စကားကိုကြားသောအခါ လီချိုးသည် သက်ပြင်းသာ ချနိုင်တော့ပြီး မတတ်သာသလို ပြောလိုက်သည်။
"ဒါက ကျုပ်ရဲ့ လက်ရှိအခြေအနေအရ ပေးနိုင်တဲ့ အကောင်းဆုံး သတင်းအချက်အလက်ပဲ... တကယ်လို့ ပိုပြီး အသေးစိတ်ကျတဲ့ အချက်အလက်ကို လိုချင်ရင် ကျုပ်ကိုယ်တိုင် အားလုံးကို သွားစုံစမ်းရလိမ့်မယ်..."
ရှို့ဝူက တိတ်ဆိတ်နေသည်ကို မြင်သော် လီချိုးသည် ခေတ္တမျှ တွေးတောလိုက်ပြီး ပြောလိုက်သည်။
"ကျုပ်ရဲ့ ဝိညာဉ်ပေါ်က ချိပ်ပိတ်ထားတာကို ဖယ်ရှားပေးရင် ဘယ်လိုလဲ... ကျုပ် လောကဘုံခြောက်ပါးကို ပြန်ရောက်ရင် အားလုံးကို ကိုယ်တိုင် သွားစုံစမ်းပြီး မင်းအတွက် ပိုကောင်းတဲ့ စုံစမ်းမှုရလဒ်တွေ ယူလာပေးနိုင်တယ်..."
ရှို့ဝူသည် သူ့ကို တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီး မထင်မဲ့မြင်ဟန်ဖြင့် မေးလိုက်သည်။
"မင်းသာ လောကဘုံခြောက်ပါးကို ပြန်ရောက်သွားရင် ဒီကိစ္စကို စုံစမ်းဖို့ ကူညီပါဦးမလား... မင်းက ငါ့ကို ‘လူအ’များထင်နေတာလား..."
ချိပ်ပိတ်ထားမှုကို ဖျက်ပေးရန် ရှို့ဝူကို လှည့်စား၍ မရနိုင်မှန်း သိလိုက်သဖြင့် လီချိုးသည် မကျေမနပ်ဖြစ်ကာ နှုတ်ခမ်းကို သပ်လိုက်ပြီး ဆိုဖာပေါ်မှ ထရပ်လိုက်သည်။
သူသည် တံခါးဆီသို့ ဦးတည်လျှောက်လှမ်းသွားသည်ကို မြင်သောအခါ ကျူးလင်က မေးလိုက်သည်။
"အဆင့်မြင့်နတ်ဘုရား လီချိုး... ကျွန်မတို့နဲ့အတူ မနက်စာ မစားတော့ဘူးလား..."
"ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျုပ် မိစ္ဆာဘုံကို အမြန်ဆုံးပြန်နိုင်ဖို့ မင်းတို့ဆီကို ဝိညာဉ်သားရဲ ပို့ပေးလိုက်တဲ့သူကို အမြန် သွားရှာရမယ်..."
သူသည် ထိုသို့ပြောရင်း ဗီလာအပြင်သို့ ထွက်ခွာသွားလေသည်။
ပိတ်သွားသော တံခါးကို ကြည့်ကာ ကျူးလင်သည် ခေါင်းလေးကို အနည်းငယ် စောင်းလိုက်ပြီး ချီးကျူးဟန်ဖြင့် ပြောလိုက်သည်။
"တကယ့်ကို ကြိုးစားအားထုတ်တဲ့ နဂါးတစ်ကောင်ပဲ..."
သူမ၏ မှတ်ချက်ကို ကြားသော် ရှို့ဝူသည် ခပ်တိုးတိုး ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"ကိုယ် အခုပဲ မနက်စာ သွားပြင်လိုက်မယ်..."
ထိုသို့ပြောပြီးနောက် သူသည် မီးဖိုချောင်ထဲသို့ ဝင်သွားရာ ကျူးလင်သည်လည်း သူ၏နောက်သို့ လိုက်သွားရင်း ပြောလိုက်သည်။
"ကျွန်မ ကြက်ဥလိပ် လိုချင်တယ်..."
ထိုနှစ်ယောက်သည် အရသာရှိသော မနက်စာနှင့်အတူ သာယာလှပသော မနက်ခင်းကို ဖြတ်သန်းနေစဉ် ကျီယန်၊ ထန်ဝေ့နှင့် ထန်ပိုင်တို့သည် မနေ့က ဖမ်းဆီးရမိထားသော ပြဿနာရှာသူများကို စစ်ဆေးမေးမြန်းနေကြသည်။
သံလက်ဝါးကပ်တိုင်တွင် ချည်နှောင်ခံထားရပြီး သွေးအလိမ်းလိမ်းဖြင့် သတိလစ်နေသော အမျိုးသားကို ကြည့်ကာ ထန်ပိုင်သည် အေးစက်စွာ ပြောလိုက်သည်။
"နောက်တစ်ယောက်ကို ခေါ်ခဲ့..."
သူ၏ စကားဆုံးသည်နှင့် နှိပ်စက်ခန်းအပြင်ဘက်တွင် စောင့်နေသော စစ်သားနှစ်ဦး ဝင်လာသည်။
ထိုစစ်သားနှစ်ဦးသည် သတိလစ်နေသော အမျိုးသားကို ခံစားချက်ကင်းမဲ့သော မျက်နှာများဖြင့် အကျဉ်းခန်းဆီသို့ ဆွဲခေါ်သွားကြရာ လမ်းတစ်လျှောက်တွင် ရှည်လျားသော သွေးနီရောင် အစင်းကြောင်းနှစ်ခု ထင်ကျန်ရစ်ခဲ့လေသည်။
နှိပ်စက်ခန်းနှင့် မလှမ်းမကမ်းရှိ အကျဉ်းခန်းတစ်ခုအတွင်း၌ အကျဉ်းသားတစ်ဦးသည် တံခါးရှိ အပေါက်ငယ်လေးမှတစ်ဆင့် အပြင်သို့ လှမ်းကြည့်ကာ စိုးရိမ်တကြီး မေးလိုက်သည်။
"ဘာလို့ ရုတ်တရက် အသံတွေတိတ်သွားရတာလဲ... သူတို့ သူ့ကို သတ်လိုက်ကြပြီလား..."
သူ၏ မေးခွန်းကို ကြားသောအခါ သက်လတ်ပိုင်းအရွယ် ခေါင်းဆောင်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး ထိုသူကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"မင်း အဲဒီတံခါးနဲ့ အခုချက်ချင်း ဝေးဝေးနေတာ ပိုကောင်းလိမ့်မယ်..."
ထိုလူသည် သူ့ဘက်သို့ လှည့်ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဘာလို့လဲ..."
ဝုန်း...
သူ မေးလိုက်သည်နှင့်တစ်ပြိုင်နက် လေးလံသော သံတံခါးသည် ပွင့်ထွက်လာပြီး သူ၏ ဦးခေါင်းနောက်စေ့ကို တိုက်ရိုက် ရိုက်မိသွားတော့သည်။
ထိုလူသည်ထိုလူသည် ဦးခေါင်းနောက်စေ့ကို အုပ်ကိုင်လျက် ဒူးထောက်လဲကျသွားကာ နာကျင်စွာ အော်ဟစ်လိုက်တော့သည်။
"အား..."