← Chapters

အခန်း ၂၇၉

Vol. 28 Ch. 279

အခန်း ၂၇၉

Vol. 28 Ch. 279

အခန်း (၂၇၉) - စစ်ဆေးမေးမြန်းခြင်း

စစ်သားနှစ်ဦးသည် သတိလစ်ကာ သွေးအလိမ်းလိမ်း ဖြစ်နေသော လူကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ကြ၏။ ထို့နောက် ၎င်းတို့သည် အကျဉ်းခန်းအတွင်းသို့ ခေတ္တမျှ ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် တံခါးနောက်ကွယ်တွင် ဦးခေါင်းကို အုပ်လျက် နာကျင်စွာ ညည်းတွားနေသော လူကို လှည့်ကြည့်လိုက်ကြလေသည်။

ထိုစစ်သားနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ခေတ္တမျှ ကြည့်လိုက်ကြပြီးနောက် ထိုလူ၏ လက်နှစ်ဖက်ကို တစ်ပြိုင်နက်တည်း ဆွဲကိုင်လိုက်ကြတော့၏။

ထိုလူသည် ၎င်းတို့၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် ထိတ်လန့်သွားရှာ၏။ သူသည် အပြင်းအထန် ရုန်းကန်ရင်း ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်လေသည်။

"မင်းတို့ ငါ့ကို ဘာလုပ်မလို့လဲ... လွှတ်ပေးကြ... လွှတ်ပေးကြပါ..."

သူ့ကို အကျဉ်းခန်းအပြင်သို့ ဆွဲထုတ်သွားပြီးနောက် စစ်သားတစ်ဦးက လေးလံသော သံတံခါးကြီးကို ပိတ်ကာ သော့ခတ်လိုက်၏။

မိမိအလှည့်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရှိသွားသောအခါ ထိုလူသည် တစ်ကိုယ်လုံး တုန်ရီလာပြီး အသည်းအသန် ရုန်းကန်ကာ စစ်သည်များကို တောင်းပန်တိုးလျှိုးတော့သည်။

"ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ... ကျွန်တော် ဘာမှမသိဘူး... လွှတ်ပေးပါ..."

သူ၏ စူးစူးဝါးဝါး အော်ဟစ်သံများမှာ တဖြည်းဖြည်း ဝေးကွာသွားသည်နှင့်အမျှ ကျဉ်းမြောင်းလှသော အကျဉ်းခန်းအတွင်းရှိ လူများသည် ကြမ်းပြင်ပေါ်တွင် သွေးအလိမ်းလိမ်းဖြင့် သတိလစ်လဲလျောင်းနေသော အမျိုးသားနှင့် အမျိုးသမီးများကို ကြည့်လိုက်ကြလေသည်။

ခြောက်ခြားဖွယ်ရာ မွန်းကျပ်ဖွယ် ကောင်းလှသော တိတ်ဆိတ်မှု ခေတ္တမျှ ဖြတ်သန်းသွားပြီးနောက် ၎င်းတို့အနက်မှ တစ်ဦးက မျှော်လင့်ချက် ကင်းမဲ့နေသော လေသံဖြင့် ရုတ်တရက် ရေရွတ်လိုက်လေသည်။

"ဒီအလုပ်ကို ငါ လုံးဝ လက်မခံခဲ့သင့်ဘူး... ဝူလင်စခန်းက လူတွေအားလုံးဟာ ကြင်နာတတ်တဲ့လူတွေလို့ ဘယ်သူပြောခဲ့တာလဲ... ဒီလူတွေက လူမျက်နှာဖုံးစွပ်ထားတဲ့ မိစ္ဆာတွေပဲ..."

သူ၏စကားကို ကြားရသောအခါ အခြားလူများအားလုံးလည်း ထိုကဲ့သို့ပင် တွေးတောမိလိုက်ကြ၏။ မကြာမီအချိန်အတွင်းမှာပင် မလှမ်းမကမ်းရှိ နှိပ်စက်ခန်းဆီမှ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာရာ လူတိုင်း တိတ်ဆိတ်သွားကြလေသည်။

မျှော်လင့်ချက်မဲ့မှုနှင့် ကြောက်ရွံ့မှုတို့သည် ၎င်းတို့၏ နှလုံးသားများကို တဖြည်းဖြည်း ဝါးမြိုသွားပြီး စိတ်ဓာတ်များ ပြိုလဲပျက်စီးသွားစေတော့၏။

နှိပ်စက်ခန်းအတွင်း၌ ကျီယန်နှင့် ထန်ဝေ့တို့သည် ကုလားထိုင်များပေါ်တွင် ထိုင်လျက် ထန်ပိုင်က အကျဉ်းသားကို နှိပ်စက်နေသည်ကို ကြည့်နေကြ၏။

ထန်ပိုင်၏ လက်ထဲရှိ ပြင်းပြင်းထန်ထန် ပူပြင်းနေသော သံပူတံကို မြင်သောအခါ ထန်ဝေ့သည် လျှာသပ်လိုက်ပြီး ကျီယန်၏ အနားသို့ တိုးကပ်ကာ တိုးညင်းစွာ ပြောလိုက်လေသည်။

"စစ်တပ်ထဲမှာ လေ့ကျင့်ထားတဲ့ လူတွေက ငါတို့လို သာမန်အရပ်သားတွေနဲ့ တကယ်ကို ကွာခြားတာပဲ... သူတို့ရဲ့ စိတ်ဓာတ်က သာမန်လူတွေထက် အရမ်းကို ပိုပြီး မာကျောတယ်..."

ကျီယန်သည် သူ့ကို ခေတ္တမျှ ကြည့်လိုက်ပြီး မေးလိုက်၏။

"ဘာကိုဆိုလိုတာလဲ..."

ထန်ဝေ့သည် ထန်ပိုင်၏ လက်ထဲရှိ သံပူတံကို ညွှန်ပြကာ ပြောလိုက်လေသည်။

"ဗိုလ်ကြီးထန်ရဲ့ မျက်နှာအမူအရာကို ကြည့်ဦး... သူက မနေ့ညကတည်းက အကျဉ်းသားတွေကို နှိပ်စက်နေတာ... ဒါပေမဲ့ သံပူတံကို ကိုင်လိုက်ချိန်မှာလည်း ပြုံးနိုင်သေးတယ်... မင်းနဲ့ ငါသာဆိုရင် သူ့လို လုပ်နိုင်မှာ မဟုတ်ဘူး..."

ကျီယန်သည် ခေါင်းညိတ်ပြလိုက်ပြီး ထန်ပိုင်က သံကတ္တားတိုင်တွင် ချည်နှောင်ခံထားရသော အကျဉ်းသားထံသို့ ခြေလှမ်းအနည်းငယ် တိုးကပ်သွားသည်ကို စောင့်ကြည့်နေ၏။

ထန်ပိုင်သည် သံပူတံကို မြှောက်ကာ ရွှေဝါရောင်သန်းနေသည့်အထိ ပူပြင်းနေသော သံတံ၏ ထိပ်ဖျားကို ထိုလူအား ပြသလိုက်ပြီး ခပ်ပြုံးပြုံးဖြင့် မေးလိုက်လေသည်။

"ငါ မင်းကို နောက်တစ်ခါ ထပ်မေးမယ်... ငါတို့ စခန်းမှာ ပြဿနာရှာရတဲ့ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ..."

ထိုလူသည် ပူပြင်းလှသော သံပူတံကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လျက် ဦးခေါင်းကို အသည်းအသန် ခါယမ်းကာ ပြောလိုက်၏။

"ကျွန်တော် မသိဘူး... ကျွန်တော် တကယ်မသိဘူး..."

သူ၏ အဖြေကို ကြားသောအခါ ထန်ပိုင်သည် သက်ပြင်းချလိုက်ပြီး ပြောလိုက်လေသည်။

"မင်း နောက်ဆုံးအခွင့်အရေးကို လက်လွှတ်လိုက်ပြီပဲ..."

ထိုသို့ ပြောပြီးနောက် သူသည် ပူပြင်းနေသော သံပူတံ၏ ထိပ်ဖျားကို ထိုလူ၏ ပုခုံးပေါ်သို့ ဖြည်းညှင်းစွာ ဖိချလိုက်လေသည်။

ရှဲ...

"အား..."

ပူပြင်းလှသော သံပူတံကို ထိုလူ၏ ပုခုံးပေါ်သို့ ဖိကပ်လိုက်သောအခါ အရေပြားနှင့် အသားစများသည် ချက်ချင်းပင် ဖြူလျော်သွားပြီး အရည်ကြည်ဖုများ ထွက်ပေါ်လာ၏။

သံပူတံ ဖိထားသော နေရာမှ ထူထပ်သော မီးခိုးများ ထွက်ပေါ်လာပြီး မီးလောင်ကျွမ်းနေသော အသားနံ့များမှာ နှိပ်စက်ခန်းတစ်ခုလုံး ပျံ့နှံ့သွားလေတော့သည်။

ထိုလူသည် နာကျင်စွာဖြင့် စက္ကန့်အနည်းငယ်မျှ အော်ဟစ်လိုက်ပြီးနောက် မျက်စိရှေ့တွင် မှောင်မိုက်သွားပြီး သတိလစ်သွားရှာ၏။

နာကျင်မှုကြောင့် ထိုလူ သတိလစ်သွားသည်ကို မြင်သောအခါ ထန်ပိုင်သည် သူ၏ ပုခုံးပေါ်မှ သံတံကို ပြန်လည် ဖယ်ရှားလိုက်ပြီး သံကတ္တားတိုင်အနီးရှိ မီးသွေးမီးဖိုထဲသို့ ပစ်ထည့်လိုက်လေသည်။

သူသည် တံခါးဝတွင် မတ်တတ်ရပ်နေသော စစ်သည်တစ်ဦးကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။

"သူ့ကို နှိုးလိုက်..."

ထိုစစ်သည်သည် ခေါင်းညိတ်လိုက်ပြီး အခန်းထောင့်ရှိ ပုံးထဲမှ ဆားရည်တစ်ခွက်ကို ခပ်ယူလိုက်၏။

ထို့နောက် သူသည် သံကတ္တားတိုင်အနီးသို့ ချဉ်းကပ်သွားကာ ထိုလူ၏ ရှေ့တွင် ရပ်ပြီး ဖြူလျော်နေသော အသားစများပေါ်သို့ ဆားရည်များကို တစ်စက်မျှပင် မဖိတ်စင်စေရန် ဂရုတစိုက် လောင်းထည့်လိုက်လေသည်။

၂ စက္ကန့်ခန့်အကြာတွင် ထိုလူသည် မခံမရပ်နိုင်သော နာကျင်မှုကြောင့် ပြန်လည် နိုးလန့်လာပြီး ထပ်မံ အော်ဟစ်လိုက်ပြန်၏။

"အား..."

သူ နိုးလာသည်နှင့် စစ်သည်သည် ဆားရည်လောင်းခြင်းကို ရပ်တန့်လိုက်ပြီး ကျန်ရှိသော ဆားရည်များကို ပုံးထဲသို့ ပြန်လည် လောင်းထည့်လိုက်၏။ သူ၏ ဂရုတစိုက် လုပ်ဆောင်ပုံကို မြင်သောအခါ ထန်ဝေ့က မချိပြုံးပြုံးကာ ပြောလိုက်လေသည်။

"သူက အကျဉ်းသားတွေကို ဆက်ဆံတာထက် ဆားရည်ကို ပိုပြီး ညင်ညင်သာသာ ဆက်ဆံနေသလိုပဲ..."

သူ၏စကားကို ကြားသောအခါ ထိုစစ်သည်သည် ထန်ဝေ့ကို ကြည့်လိုက်ပြီး မည်သည့် ခံစားချက်မျှ မရှိသော မျက်နှာဖြင့် ပြောလိုက်၏။

"ဆားနဲ့ ရေက အရမ်း တန်ဖိုးရှိတယ်... ငါတို့ ဒါတွေကို အလဟဿ မဖြုန်းတီးသင့်ဘူး..."

ထန်ဝေ့သည် ထိုစစ်သား၏ စကားကို ကြားပြီးနောက် ဆွံ့အသွားလေတော့သည်။

"..."

စက္ကန့်အနည်းငယ်မျှ ကြာပြီးနောက် ထိုလူသည် မျက်လုံးများကို မော့ကြည့်ကာ ထန်ပိုင်ကို ကြည့်လိုက်၏။ သူသည် အသက်ကို ပြင်းပြင်းထန်ထန် ရှူသွင်းလိုက်ပြီးနောက် ဖြူလျော်နေသော နှုတ်ခမ်းများကို ဖွင့်ဟကာ အားအင်ချိနဲ့စွာဖြင့် ပြောလိုက်လေသည်။

"ကျွန်... ကျွန်တော်... တကယ် ဘာမှမသိဘူး... ကျွန်တော်... ထင်ခဲ့တာက... သူ့... ခိုင်းတဲ့အတိုင်း လုပ်ရင်... ရိက္ခာတချို့... ရလိမ့်မယ်လို့ပဲ..."

သူ၏စကားကို ကြားပြီးနောက် ထန်ပိုင်သည် သူ၏ ရှေ့သို့ လျှောက်လှမ်းသွားပြီး မေးလိုက်၏။

"သူ... သူက ဘယ်သူလဲ..."

ထိုလူသည် အသက်ရှင်သန်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေးမှာ အမှန်အတိုင်း ပြောရန်သာ ဖြစ်ကြောင်း သိရှိသဖြင့် ပြောလိုက်လေသည်။

"သူက... လူလတ်ပိုင်းအရွယ် ဗိုလ်ကြီးပဲ... သူ... သူက ကျွန်တော့်ကို ပြောတယ်...”

“သူ့စကားကို နားထောင်ပြီး သူခိုင်းတာ လုပ်ရင်... သူ... သူက ကျွန်တော့်ကို ၁ လစာ ရိက္ခာ ပေးမယ်တဲ့... ကျွန်တော်... သူ ကတိပေးထားတဲ့ ရိက္ခာကို တကယ်လိုအပ်နေလို့... ဒီလိုလုပ်ခဲ့ရတာပါ..."

ထိုသို့ ပြောပြီးနောက် ထိုလူသည် တစ်ကိုယ်လုံးမှ နာကျင်မှုကို အောင့်အည်းကာ အသက်ကို ပြင်းပြင်းထန်ထန် ရှူသွင်းလိုက်လေသည်။ သူ သိရှိထားသည်မှာ ဤမျှသာ ဖြစ်ကြောင်း တွေ့မြင်ရသောအခါ ထန်ပိုင်သည် စစ်သားကို ကြည့်ကာ ပြောလိုက်၏။

"သူ့ရဲ့ ဒဏ်ရာတွေကို ကုသပေးပြီး ဇုန်၁ကို ပို့လိုက်... ငါတို့ နောက်ကွယ်က ကြိုးကိုင်သူကို မတွေ့မချင်း သူ့ကို မြေအောက်အကျဉ်းထောင်ထဲမှာပဲ ဖမ်းဆီးထားလိုက်..."

မိမိအား အခြားသူများကဲ့သို့ အကျဉ်းခန်းထဲသို့ ပြန်မပို့ဘဲ ဇုန်၁ရှိ မြေအောက်အကျဉ်းထောင်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း ကြားရသောအခါ ထိုလူသည် မျက်လုံးများကို မှိတ်လိုက်ပြီး တုန်တုန်ရီရီဖြင့် သက်ပြင်းချကာ တွေးတောလိုက်လေသည်။

'ဒါက အရမ်းကောင်းတာပဲ... အနည်းဆုံးတော့ ငါ လောလောဆယ် အသက်ရှင်နိုင်ဦးမယ်... တော်သေးတာက ဒီလူတွေဟာ အကျိုးအကြောင်းမရှိတဲ့ လူတွေမဟုတ်ဘူး...’

‘သူတို့ ကြိုးကိုင်သူကို ရှာတွေ့ရင် ငါ အသက်ရှင်နိုင်ဦးမယ်... တကယ်လို့ သူတို့ ကြိုးကိုင်သူကို မရှာတွေ့ရင်တောင် ငါက အစားအသောက်နဲ့ ရေအတွက် ပူပန်စရာမလိုဘဲ အကျဉ်းထောင်ထဲမှာ ဆောင်းရာသီကို ဖြတ်သန်းနိုင်မှာပဲ...'

All Chapters