← Chapters

အခန်း ၂၈၀

Vol. 28 Ch. 280

အခန်း ၂၈၀

Vol. 28 Ch. 280

အခန်း (၂၈၀) - ချုပ်တည်းခြင်း လက်ပတ်

ထန်ပိုင်၏ အမိန့်ကို ကြားပြီးနောက် စစ်သားသည် ထိုလူ့အနားသို့ လျှောက်သွားကာ သူ၏ ကုသရေးစွမ်းရည်ကို အသုံးပြု၍ ထိုလူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာအားလုံးကို ကုသပေးလိုက်၏။ ၂ မိနစ်ခန့် ကြာပြီးနောက် သူသည် တံခါးပေါက်ရှိရာဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။

"သူ အဆင်ပြေသွားပြီ... လာပြီး သူ့ကို ဇုန် ၁ ကို ခေါ်သွားလိုက်တော့..."

တံခါးအပြင်ဘက်တွင် ရပ်နေသော စစ်သားနှစ်ဦးသည် စစ်သား၏ စကားကို ကြားသောအခါ အတွင်းသို့ ဝင်လာကြ၏။

ထို့နောက် ထိုလူအား ချည်နှောင်ထားသည်များကို ဖြည်ပေးပြီးနောက် အပြင်သို့ ဆွဲထုတ်သွားကြတော့သည်။ ထန်ပိုင်သည် အသက်လတ်ပိုင်းအရွယ် ခေါင်းဆောင်အား အတွင်းသို့ ဆွဲသွင်းရန် အမိန့်မပေးသည်ကို မြင်သောအခါ ထန်ဝေ့က မေးလိုက်သည်။

"ဗိုလ်ကြီးထန်... အသက်လတ်ပိုင်းခေါင်းဆောင်ကို စစ်ဆေးမေးမြန်းဖို့ စစ်သားတွေကို ဘာလို့ မခေါ်ခိုင်းလိုက်တာလဲ..."

ထန်ပိုင်သည် ကျီယန်၏ ရှေ့ရှိ ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်ပြီး ရေတစ်ဖန်ခွက် ငှဲ့ကာ ပြောလိုက်သည်။

"ကျုပ် ခဏလောက် နားဖို့ လိုတယ်... တစ်နေကုန် လူဆိုးအဖြစ် သရုပ်ဆောင်ရတာကလည်း အရမ်းပင်ပန်းဖို့ကောင်းတာပဲ..."

ထိုသို့ ပြောပြီးနောက် သူသည် ရေကို တစ်ကျိုက်တည်း သောက်ချလိုက်၏။ ထန်ဝေ့သည် သူ၏ တည်ငြိမ်သော အမူအရာကို ကြည့်ကာ ပါးကို ကုတ်ရင်း မေးလိုက်သည်။

"ဗိုလ်ကြီး နားနေတုန်း ကျုပ်ကို စစ်မေးခိုင်းချင်လား..."

ထန်ပိုင်က သူ၏ အကြံပြုချက်ကို သဘောမတူမီမှာပင် ကျီယန်က ဦးအောင် ပြောလိုက်သည်။

"မင်းက အကျဉ်းသားတွေကို စစ်ဆေးမေးမြန်းတတ်လို့လား..."

ထန်ဝေ့သည် ကျီယန်ကို ကြည့်ကာ ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။

"အင်း... ဒါပေါ့..."

ထန်ဝေ့၏ ယုံကြည်မှုအပြည့်ရှိသော အမူအရာကို ကြည့်ပြီး ကျီယန်သည် စက္ကန့်အနည်းငယ်ခန့် တွေးတောလိုက်ပြီးနောက် ခေါင်းခါယမ်းကာ ပြောလိုက်သည်။

"မင်း မေ့လိုက်တာကပဲ ပိုကောင်းလိမ့်မယ်... မင်းရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ဆိုရင် စစ်ဆေးမေးမြန်းမှု စတာနဲ့ မူးလဲမှာက အကျဉ်းသား မဟုတ်ဘဲ မင်း ဖြစ်နေလိမ့်မယ်..."

သူ၏ စကားကို ကြားသောအခါ ထန်ဝေ့သည် ကျီယန်ကို ဒေါသတကြီး ကြည့်ကာ ပြောလိုက်သည်။

"ငါ့ကို လျှော့မတွက်နဲ့... အရင်တုန်းက ငါ ဖုတ်ကောင်တွေကို ဘယ်လိုရှင်းပစ်ခဲ့လဲဆိုတာ မင်း မှတ်မိသေးလား... ငါ ကြောက်ပြီး မူးလဲသွားတာကို မင်း ဘယ်တုန်းက မြင်ဖူးလို့လဲ..."

ကျီယန်သည် ထန်ဝေ့ကို မျက်စောင်းထိုးလိုက်ပြီး ပြောလိုက်သည်။

"ငါတို့ ဇီဝဗေဒသင်တန်းတုန်းက ဖားဗိုက်ကို ငါ ခွဲပြတုန်းက မင်း မူးလဲသွားတာကို ငါ အခုထိ မှတ်မိနေသေးတယ်..."

ထန်ဝေ့သည် သူ၏ အရှက်ရစရာ သမိုင်းဆိုးကို သတိရသွားသောအခါ စိတ်မချမ်းမသာ ဖြစ်သွားပြီး ကျီယန်ကို ပြန်မပြောတော့ချေ။

ထန်ပိုင်သည် ရေသောက်ရင်း ၎င်းတို့နှစ်ဦး အပြန်အလှန် ရိသဲ့သဲ့ ပြောဆိုနေကြသည်ကို ကြည့်ကာ တစ်ယောက်၏ သမိုင်းဆိုးကို တစ်ယောက်က ထုတ်ဖော်နေကြသည်ကို စောင့်ကြည့်နေလေသည်။

မိနစ် ၂၀ ခန့် အနားယူပြီးနောက် ထန်ပိုင်သည် အခန်းအပြင်ဘက်ရှိ စစ်သားနှစ်ဦးကို ပြောလိုက်သည်။

"အသက်လတ်ပိုင်းခေါင်းဆောင်ကို ခေါ်ခဲ့လိုက်တော့..."

စစ်သားများက ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။

"ဟုတ်ကဲ့ ဗိုလ်ကြီး..."

သူ စတင်တော့မည်ကို မြင်သောအခါ ကျီယန်က ပြောလိုက်သည်။

"ဒီအသက်လတ်ပိုင်းခေါင်းဆောင်မှာ ခွန်အားဓာတ်စွမ်းရည် ရှိတယ်လို့ ကျုပ် ကြားထားတယ်... ဗိုလ်ကြီးထန် သူ့ကို ကိုင်တွယ်တဲ့အခါ သတိထားသင့်တယ်..."

ထန်ပိုင်သည် ခေါင်းညိတ်ပြလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကျီ... မင်း စိုးရိမ်စရာ မလိုပါဘူး... ပါမောက္ခကုန်းက ဒီမနက်တင် အသစ်ထုတ်လုပ်ထားတဲ့ ချုပ်တည်းခြင်း လက်ပတ်ကို ပို့ပေးထားလို့ပဲ... "

“ကျုပ် နောက်ကျရင် ပါမောက္ခကုန်းဆီ ဒီစက်အသစ်အကြောင်း အစီရင်ခံစာ ရေးရဦးမှာဆိုတော့ ဒီအသက်လတ်ပိုင်းခေါင်းဆောင်ကိုပဲ ဒီလက်ပတ်ရဲ့ စမ်းသပ်ကွက်အဖြစ် အသုံးပြုကြတာပေါ့..."

စကားဆုံးသည်နှင့် တံခါးပွင့်သွားပြီး စစ်သားနှစ်ဦးသည် အသက်လတ်ပိုင်းခေါင်းဆောင်ကို ဆွဲသွင်းလာကြ၏။

ထိုနေရာတွင် လူအနည်းငယ်သာ ရှိသည်ကို မြင်သောအခါ အသက်လတ်ပိုင်းခေါင်းဆောင်သည် နှာခေါင်းရှုံ့လိုက်ပြီး ၎င်းတို့ကို မထောက်မညှာ ကြည့်လိုက်လေသည်။

စစ်သားများက သူ့ကို သံခြေချင်း လက်ဝါးကပ်တိုင်တွင် ချည်နှောင်နေစဉ် ထန်ပိုင်သည် ညှဉ်းပန်းနှိပ်စက်ခန်း၏ ထောင့်ရှိ အနက်ရောင် ဗီရိုကြီးဆီသို့ လျှောက်သွားလိုက်၏။ သူသည် ဗီရိုကို ဖွင့်ကာ အံဆွဲထဲမှ လက်ပတ်တစ်စုံကို ထုတ်ယူလိုက်သည်။

စစ်သားများက သူ့ကို သံကြိုးများဖြင့်သာ ချည်နှောင်ထားသည်ကို မြင်သောအခါ အသက်လတ်ပိုင်းခေါင်းဆောင်သည် နှာခေါင်းရှုံ့လိုက်ပြီး တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။ သူသည် ထန်ပိုင်နှင့် အခြားသူများကို ရန်စသော အပြုံးဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ငါ မတိုင်ခင်က လူတွေကို မင်းတို့ ဘာလုပ်လိုက်လို့ သတ်မယ့် ဝက်တွေလို အော်ဟစ်နေကြတာလဲဆိုတာ သိချင်လှချည်ရဲ့..."

ထန်ပိုင်သည် သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် လက်ပတ်ကို သူ၏ လက်ကောက်ဝတ်တွင် ပတ်ပေးလိုက်၏။

ထို့နောက် သူ၏ အိတ်ကပ်ထဲမှ အဝေးထိန်းခလုတ်အသေးလေးကို ထုတ်ကာ ခလုတ်အချို့ကို နှိပ်လိုက်သည်။

နောက်တစ်စက္ကန့်တွင် လက်ပတ်သည် စတင်အလုပ်လုပ်ပြီး လက်ပတ်တစ်ခုစီမှ အပ်အသေးလေးတစ်ချောင်း ထွက်လာကာ အသက်လတ်ပိုင်းခေါင်းဆောင်၏ လက်ကောက်ဝတ်ကို ထိုးဖောက်သွားတော့သည်။

လက်ကောက်ဝတ်အတွင်းဘက်မှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသဖြင့် အသက်လတ်ပိုင်းခေါင်းဆောင်သည် နှာခေါင်းရှုံ့ကာ မေးလိုက်သည်။

"မင်းတို့ လုပ်နိုင်တာ ဒါအကုန်ပဲလား..."

သူ၏ ရိသဲ့သဲ့ စကားများကို ကြားသောအခါ ထန်ပိုင်သည် အဝေးထိန်းခလုတ်မှ မျက်လုံးများကို ပင့်ကြည့်လိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။

"ခဏနေရင် မင်း ဒီလို စကားမျိုး ဆက်ပြောနိုင်ဦးမလားဆိုတာ ငါ သိချင်သေးတယ်..."

အသက်လတ်ပိုင်းခေါင်းဆောင် နောက်ထပ် စကားတစ်လုံးမျှ မပြောနိုင်မီမှာပင် ထန်ပိုင်သည် ခလုတ်အချို့ကို ထပ်မံနှိပ်လိုက်၏။

နောက်တစ်စက္ကန့်တွင် အသက်လတ်ပိုင်းခေါင်းဆောင်သည် မိမိ၏ စွမ်းအင်များကို လက်ပတ်က စုပ်ယူသွားသလို ခံစားလိုက်ရတော့သည်။

သူသည် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ကာ ထန်ပိုင်ကို ကြည့်ပြီး ထိတ်လန့်တကြား မေးလိုက်သည်။

"မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ..."

ထန်ဝေ့သည် သူ၏ ပြင်းထန်သော တုံ့ပြန်မှုကို မြင်သောအခါ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ဗိုလ်ကြီးထန်... သူ့ကို အခုလေးတင် ဘာလုပ်လိုက်တာလဲ..."

ထန်ပိုင်သည် အဝေးထိန်းခလုတ်ကို စာပွဲပေါ်တင်လိုက်ပြီး ပြောလိုက်သည်။

"ကျုပ် သူ့ရဲ့ စွမ်းရည်ကို ပိတ်လိုက်တာ... ဒီစက်က စွမ်းအားရှင်တွေအပေါ် တကယ်ပဲ သက်ရောက်မှုရှိပုံရတယ်..."

ထန်ပိုင်၏ စကားကို ကြားပြီးနောက် အသက်လတ်ပိုင်းခေါင်းဆောင်သည် ကျောရိုးထဲအထိ စိမ့်တက်သွားသလို ခံစားလိုက်ရ၏။

သူ့တွင် စွမ်းရည်ရှိပါက ထန်ပိုင်နှင့် အခြားသူများ သူ့ကို ဘာမှမလုပ်နိုင်ဟု သူ ယုံကြည်ထားသော်လည်း သူ၏ စွမ်းရည်ကို ဆုံးရှုံးလိုက်ရလျှင်မူ ကိစ္စက တစ်မျိုးပြောင်းသွားပေလိမ့်မည်။

သူသည် စွမ်းရည်မရှိဘဲနှင့် ၎င်းတို့၏ စောင့်ကြည့်မှုအောက်တွင် ထွက်ပြေးရန်မှာ မပြောနှင့်၊ ဤသံကြိုးများကိုပင် ချိုးဖျက်ရန် မဖြစ်နိုင်ပေ။

စွမ်းအားရှင်အဖွဲ့တစ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်သူတစ်ယောက်အနေဖြင့် ဤအသက်လတ်ပိုင်းခေါင်းဆောင်သည် အခြေအနေအရ ရှေ့တိုးနောက်ဆုတ် လုပ်တတ်သူတစ်ဦး ဖြစ်ပေသည်။

သူသည် လွတ်မြောက်ရန် လမ်းမရှိတော့သည်ကို မြင်သောအခါ အသနားခံရန် ဆုံးဖြတ်လိုက်တော့သည်။

ထန်ပိုင် မပြောမီမှာပင် သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အလျင်အမြန်ပင် အသနားခံသော လေသံဖြင့် ပြောလိုက်သည်။

"အစ်ကိုကြီး... အစ်ကိုကြီး... စိတ်မလောပါနဲ့... ကျုပ် စကားကို အရင် နားထောင်ပေးပါဦး..."

သူက ထန်ပိုင်ကို အစ်ကိုကြီးဟု ခေါ်လိုက်သည်ကို ကြားသောအခါ ဘေးမှ စစ်သားများ အပါဝင် သူတို့ သုံးဦးလုံး ဆွံ့အသွားကြတော့သည်။

"..."

ထန်ပိုင်နှင့် အခြားသူများက သူ့ကို မျက်မှောင်ကြုတ်၍ ကြည့်နေသည်ကို မြင်သောအခါ အသက်လတ်ပိုင်းခေါင်းဆောင်သည် အကြောင်းပြချက်မရှိဘဲ တုန်လှုပ်သွားမိ၏။

သို့သော် သူ မည်မျှပင် ကြောက်ရွံ့နေပါစေ၊ သူ၏ ရှင်သန်ခွင့် အခွင့်အရေးအတွက်မူ တိုက်ပွဲဝင်ရပေဦးမည်။

အသက်လတ်ပိုင်းခေါင်းဆောင်သည် သူ၏ မာနနှင့် အတ္တများကို မြိုသိပ်လိုက်ပြီးနောက် အံကြိတ်ကာ ဟန်‌ဆောင်အပြုံးဖြင့် ပြောလိုက်သည်။

"အစ်ကိုကြီး... အစ်ကိုကြီး သိချင်တာမှန်သမျှ ကျုပ် အကုန်ပြောပါ့မယ်... ဒါပေမဲ့ ကျုပ်ကို ညှဉ်းပန်းနှိပ်စက်တာမျိုး မလုပ်ဘူးလို့ ကတိပေးပါ..."

All Chapters