နန်းတော်ကိုးခု၊ ကားချပ်ရှစ်ခု
Vol. 99 Ch. 1356
တိမ်တောင်သည် ချိပ်ပိတ်နယ်မြေအစီအရင်ကို ပြည့်ဖုံးကားထားသော မြူခြုံလွှာတစ်ခုနှင့် သဏ္ဌာန်တူနေသည်။ ၎င်းက ဝမ်လင်းထံ ဖိချလာ၏။ ဝမ်လင်း၏မျက်နှာမှာ ပိုဖြူရောလာ၏။ သို့သော် သူ့အမူအရာသည် ပြောင်းလဲမသွားပေ။ သူသည် အစီအရင်ပေါ်တွင် မေးတင်နေသောတိမ်တိုက်ကို စူးစိုက်ကြည့်နေ၏။
“ငါက နတ်ဘုရားပြစ်ဒဏ်ရဲ့ စွမ်းအားကို အကြိမ်တော်တော်များများ တွေ့မြင်ပြီးခဲ့သလို ရှင်သန်ဖြတ်ကျော်နိုင်ခဲ့တယ်။ ဒီနေ့ နတ်ဘုရားပြစ်ဒဏ်ဟာ ထူးဆန်းတယ်။ ဒါပေမဲ့ ငါ့ကို ခုထိ မဖျက်စီးပစ်နိုင်သေးဘူး။ ငါ့တာအိုနှလုံးသားဟာ ဖျက်စီးမခံရတဲ့အတွက် ငါ့စိတ်ဟာ မသေဆုံးဘူး။ ငါ့ခန္ဓာကိုယ်ဟာ ထိုက်ချီတောင်တန်းလို ခိုင်မာနေတုန်းပဲ။ ငါ့တာအိုပြီးပြည့်စုံစေဖို့ ကောင်းကင်နှင့်မြေကြီးကတောင် ငါ့ကို မတားနိုင်ဘူး…”
ဝမ်လင်း၏အသံသည် တည်ငြိမ်ကာ ဖြည်းနှေးသည်။
သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူ့အား လှည့်ပတ်နေသော သွေးဓားသည် တကျွီကျီအော်မြည်သံများ ထုတ်လွှတ်၏။ သွေးအလင်းသည် ဝမ်လင်းကို ထွေးခြုံထားသည်။ တိမ်တောင်က သူ့ကို ဖိချနေလျက် ဟိန်းမြည်သံများ ပေးစွမ်းနေသည်။ ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်းလိုက်၏။ သူ့ပတ်ပတ်လည်တွင် ရှေးဟောင်းနတ်ဘုရားအရိပ်တစ်ခု ပေါ်လာ၏။ တစ်ချိန်တည်းမှာ သူ့ညာလက်ဖြင့် လက်သီးစုပ်ဟန် ပြုကာ တောင်ထံသို့ ထိုးချလိုက်သည်။ သူ့ဘယ်လက်ကမူ ချိပ်ပိတ်နယ်မြေအစီအရင်ပေါ်သို့ ဖိချသည်။
ရှေးဟောင်းနတ်ဘုရားအရိပ်က သူနှင့်အတူ ရွှေ့လျား၏။ သူ့ညာလက်သီးချက်မှာ ဆင်းသက်ကျနေသော တိမ်တောင်ထံသို့ ဝင်ရောက်သွားလေပြီ။
တိမ်တောင်ထံမှ ဖိအားနှင့် ရှေးဟောင်းနတ်ဘုရားစွမ်းအား ထိပ်တိုက်တွေ့၏။ထိုအခါ အဖျက်အစီးအားတစ်ခုသည် ရှေးဟောင်းနတ်ဘုရားအရိပ်အတွင်း ပေါက်ကွဲလေသည်။ ထို့နောက် ၎င်းက ရှေးဟောင်းနတ်ဘုရား၏ ဘယ်လက်ကနေတစ်ဆင့် ချိပ်ပိတ်နယ်မြေအစီအရင်ပေါ်သို့ ကူးပြောင်းသွားသည်။
တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ချိပ်ပိတ်နယ်မြေအစီအရင်သည် ပြင်းထန်စွာ တလက်လက် တဖျပ်ဖျပ် ဖြစ်သည်။ တောက်ပသောခုနစ်ရောင်စုံအလင်း ထွန်းတောက်ကာ ချိပ်ပိတ်နယ်မြေအစီအရင်၊ဟင်းလင်းပြင်တစ်ခုလုံး လင်းထင်းသွားစေတော့သည်။
ခုနစ်ရောင်စုံအလင်း တောက်ပလာချိန်တွင် ဧရာမအစီအရင်သည် ရုတ်တရက် အသက်ဝင်လာပေပြီ။
၎င်း၏အသက်ဝင်မှုသည် အတွင်းဘက်နယ်မြေမှ အပြင်ဘက်နယ်မြေသို့ ခြေလှမ်းတစ်ဝက်ပင် မချနင်းနိုင်အောင် လူတိုင်းအား ဟန့်တားခြင်း မည်၏။ ခုနစ်ရောင်စုံအလင်းသည် တိမ်တောင်ကိုပါ ထွင်းဖောက်သွား၏။
ခုနစ်ရောင်စုံတောက်ပသွားသော အစီအရင်ထံမှ ရုတ်တရက် ပြင်းထန်သောဖိအားတစ်ခု ကျဆင်းလာ၏။ ဟင်းလင်းပြင်နေရာတွင် မိုးကြိုးတုန်ဟည်းသံတို့ ပဲ့တင်ထပ်ကုန်သည်။
အစီအရင်၏ တိုက်ခိုက်မှုက အစီအရင်စိတ်ဝိညာဉ်များကို ဆင့်ခေါ်ဖို့ရာ လိုအပ်သည့်အထိ ရောက်ရှိလာသည့်အတွက်ကြောင့် အစီအရင်ထံမှ အလင်းတန်းတစ်ခု သိပ်သည်းလာပေပြီ။
ထိုအလင်းသည် ငွေဖြူရောင်ရှိကာ ချက်ခြင်း လှံရှည်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုလှံမှာ အဆုံးမဲ့လျှပ်စီးတို့ဖြင့် ဖုံးလွှမ်းကာ တိမ်တောင်အစီအရင်ထံ တိုးဝင်သည်။
မိုးကြိုးသည် လှံကို ထွေးခြုံလျက် တစီစီအသံများ ပဲ့တင်ထပ်သည်။ လှံရှည်သည် တုန်လှုပ်ဖွယ်ရအား ပါဝင်ကာ တိမ်တောင်ကို ထွင်းဖောက်ပစ်မည့် လျှပ်စီးတန်းအလား။
တိမ်တောင်သည် တုန်ယင်ကာ ပြိုပျက်၏။ တိမ်များ နောက်ပြန်လွင့်စင်ကာ လည်ပတ်နေသော ဓားလေးလက်အသွင် ပြန်ဖြစ်တည်၏။ ဝမ်လင်းလည်း အလွန်မသက်မသာ ခံစားနေရသည်သာ။ နတ်ဘုရားပြစ်ဒဏ်၏ တိုက်ခိုက်မှုကို အစီအရင်ထံသို့ ကူးပြောင်းပေးလိုက်သည့်နောက် သူလည်း ဒဏ်ရာများ ရသွားခဲ့သည်။ သူ သွေးအန်ထုတ်လိုက်ရ၏။ သို့သော် သူ့မျက်ဝန်းတို့မှာ ခိုင်မာနေဆဲပင်။ သူက အစီအရင်နှင့် နတ်ဘုရားပြစ်ဒဏ်တို့ တစ်ခုနှင့်တစ်ခု တိုက်ခိုက်နေကြသည်ကို အေးစက်စက် စောင့်ကြည့်နေသည်။
ဝမ်လင်းအဖို့မူ ချိပ်ပိတ်နယ်မြေအစီအရင်ဖြစ်စေ၊ နတ်ဘုရားပြစ်ဒဏ်ဖြစ်စေ သူ့အတွက် ရန်သူတွေ မဟုတ်လား။ သူက ခုနစ်ရောင်စုံနယ်မြေအတွင်း၌ သူ တွေ့မြင်ခဲ့ရသည့်အရာကို အခုထိ အမှတ်ရနေဆဲပင်။ နှစ်များစွာ၊ခေတ်များစွာ ကုန်လွန်လာသည်နှင့်အမျှ ချိပ်ပိတ်နယ်မြေအစီအရင်သည် ချိပ်ပိတ်နယ်မြေမှ ကျင့်ကြံသူများ၏ သွေးတို့ ပိုပိုစွန်းထင်းနေခဲ့ပြီပင်။ ခုချိန်တွင် ဝမ်လင်းသည် လက်မခံနိုင်မှု၊ငြင်းဆန်မှုတို့ ပြည့်သော ဟိန်းအော်သံများကို ပြန်ကြားယောင်မိနေသည်။
“ငါ ဒါကို လက်မခံနိုင်ဘူး။ ငါ ငြင်းဆန်တယ်။ အနာဂတ်မျိုးဆက်ကျင့်ကြံသူတွေက ဒီအစီအရင်ကို ချိုးဖျက်နိုင်တဲ့ တနေ့ဟာ ရောက်လာဦးမှာ။ မင်းတို့ ပြင်ပကလူတွေကို မျိုးတုန်းစေမယ့်နေ့ ရောက်လာဦးမှာ။ မင်းတို့ရဲ့ ပြင်ပနယ်မြေကို သွေးတွေ မြစ်လိုစီးဆင်းစေဦးမယ့် နေ့ ရောက်လာဦးမှာပါ…”
ထိုစကားများကို ပထမဆုံးကြားလိုက်ရသည့်အခါကဆို ဝမ်လင်းသွေးများ ဆူပွက်ခဲ့ရ၏။ တကယ်တော့ သူသည် ချိပ်ပိတ်နယ်မြေတွင် မွေးဖွားခဲ့သူ၊ ချိပ်ပိတ်နယ်မြေမှာ သူ့အိမ် မဟုတ်ပါလား။
တိမ်တောင်သည် ပြိုပျက်ကာ ဓားလေးလက် လှည့်ပတ်မှုသည် အဖြူရောင်လှံကြောင့် ရပ်တန့်သွား၏။ တိမ်ထုမြောက်များစွာသည် အဝေးသို့ လွင့်စင်သွားခြင်းကြောင့် တခြားလောကထံ အဟကြားမှ ကျောက်စိမ်းဖြူအဆောက်အဦသည် ထိုးထွက်ပေါ်လာလေ၏။
ထိုအဆောက်အဦပေါ်ရှိ ရုပ်တု၏မျက်ခုံးနှစ်ခုကြားမှ နူးညံ့သောအလင်းတစ်ခု လင်းလက်လာပြီး ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးကို ထွေးခြုံသည်။ ၎င်း၏ခန္ဓာကိုယ်သည် အရည်ပျော်လာဟန် ရကာ ညာလက်သည် ရုတ်တရက် ကျောက်သားကနေ အသွေးအသားအဖြစ် ပြောင်းလဲသွားသည်။
ရုပ်တု၏ညာလက် ရွှေ့လျားလာသည်။
ရုပ်တုသည် ၎င်း၏ညာလက်ကို ပင့်မြှောက်ကာ ချိပ်ပိတ်နယ်မြေအစီအရင်ထံ ဦးတည်သည့် အက်ကြောင်းထံသို့ ညင်သာစွာ ဖိချလိုက်သည်။
“နန်းတော်ကိုးခု…အသင်္ချေ…” ခပ်ဝါးဝါးအသံတစ်ခု ပဲ့တင်ထပ်လာရင်း ရုပ်တု၏ညာလက်သည် အောက်ဘက်သို့ ဖိချလာ၏။ လေဟာနယ်နေရာအတွင်းရှိ ဓားလေးလက်သည် ပြိုပျက်သောတိမ်စိုင်များနှင့်အတူ ချက်ခြင်း နောက်သို့ ပျံသန်းလာ၏။
ထိုတိမ်များသည် ရုပ်တုကို ဝန်းရံကာ ဧရာမဝဲကတော့တစ်ခုအသွင် ဖြစ်တည်သည်။ ဓားလေးလက်မှာ ဝဲကအတော့အတွင်း၌ လှည့်ပတ်၍ ဝဲကတော့ကို ပိုပို ကြီးထွားလာစေသည်။
ခပ်ဝါးဝါးအသံ ပဲ့တင်ထပ်နေရင်း ကျောက်စိမ်းဖြူအဆောက်အဦအဟမှာ ရုတ်တရက် ပွင့်ထွက်၍ အတွင်း၍ လောက လှစ်ပေါ်လာ၏။
ထိုအဟအတွင်း၌ ပုံစံတူဂြိုဟ်ကိုးလုံး ရှိကာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ၏ခွန်အားကို ပေးစွမ်းလျက်ရှီသော အစီအရင်တစ်ခုအသွင် ဖြစ်တည်နေသည်။
“ကောင်းကင်ဘုံနန်းတော်၊ ရေနန်းတော်၊ တောင်နန်းတော်၊ မိုးကြိုးနန်းတော်၊ဗဟိုချက်နန်းတော်၊ မီးနန်းတော်၊ လေနန်းတော်၊ မြေနန်းတော်နှင့် စိမ့်ညွန်နန်းတော်…”
ထိုဂြိုဟ်တစ်ခုစီပေါ်တွင် မတူညီသောရွှေရောင်စာလုံးများ ပေါ်နေပြီး အံ့မခန်းအော်ရာကို ပေးစွမ်း၏။ ဂြိုဟ်ကိုးလုံး ပေါ်လာချိန်တွင် ယင်းတို့သည် တုန်ဟည်းကာ အဟကြားမှ ထိုးထွက်လာ၏။ ယင်းဂြိုဟ်များသည် ကြုံ့ကြုံလာကာ သေးသထက်သေးလာပြီး အဆုံးသပ်တွင် ချိပ်ပိတ်နယ်မြေအစီအရင်တည်ရှိရာ ဟင်းလင်းပြင်နေရာထဲ တိုးဝင်လာကြသည်။
ယင်းတို့သည် လှည့်ပတ်လျက် ဝမ်လင်းထံ သက်ဆင်းကျလာလေ၏။
ကောင်းကင်ဘုံချိပ်ပိတ်ခြင်းနန်းတော်ကိုးခု…။
တချိန်တည်းမှာ ဝမ်လင်း၏ခန္ဓာကိုယ်ပေါ်တွင် အဖြူစက်ကိုးစက် ပေါ်လာသည်။ ထိုအစက်ကိုးစက်သည် တစ်ခုနှင့်တစ်ခု ယှက်လိမ်စီးဆင်းနေသော သွေးများပင်။ ယင်းအစက်ကိုးစက် တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားချိန်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးပေါ်တွင် အချိတ်အဆက်မိသွားတော့၏။
နန်းတော်ကိုးခု ရောက်ရှိလာသည့်အခါ ထိုအစက်သုံးစက်ထံမှ သည်းမခံနိုင်သောနာကျင်မှုမျိုးကို ပေးစွမ်းတော့သည်။ ၎င်းက သူ့ခန္ဓာကိုယ်အတွင်း လက်သည်းကိုးခုဖြင့် ထိုးဖောက်ဝင်ကာ သူ့ကို ရူးသွပ်သွားအောင် ပြုလုပ်ဖို့ရာ လုံလောက်နေပေသည်။
ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ရီနေကာ သူသည် နန်းတော်ကိုးခုကို စူးစိုက်ကြည့်၍ မာန်သွင်းအော်ဟစ်လိုက်၏။ ထိုနာကျင်မှုသည် ပို၍ပင် ပြင်းထန်လာသည်။ သို့ရာတွင် နာကျင်မှုသည် သူ့အညံ့မခံသည့်စိတ်ဆန္ဒကို မီးစပျိုးလိုက်သည်သာ။ သူသည် သူ့တဘဝလုံးတွင် ကောင်းကင်ဘုံကိုဖိဆန်ခဲ့သော ကျင့်ကြံသူတစ်ယောက် မဟုတ်လား။ ကောင်းကင်ဘုံသည် သူ့ကို ဦးညွတ်အောင် မလုပ်နိုင်ပေ။ ကံကြမ္မာသည်ပင် သူ့ကို နာခံအောင် မလုပ်နိုင်ပေ။ သည်နတ်ဘုရားပြစ်ဒဏ်မှာလည်း ထိုနည်းတူသာ ဖြစ်၏။
သူသည် ကောင်းကင်ဘုံဖိဆန်မည့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာရန် ရွေးချယ်လိုက်ချိန်မှစ၍ သူသည် ကောင်းကင်ဘုံနှင့် တိုက်ခိုက်ရပေမည်သာ။ ကံကြမ္မာကို ရင်ဆိုင်ရုန်းကန်ရမည်သာ။ ဤအခိုက်အတန့်တွင် ဝမ်လင်း၏ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်လာသလို သူ့ခန္ဓာကိုယ်သည် ဖောင်းကြွလာ၏။
ချိပ်ပိတ်နယ်မြေအစီအရင်၏ အပြင်ဘက်တွင် ကြယ်ခြောက်လုံးရှေးဟောင်းနတ်ဘုရားတစ်ပါး ပေါ်လာခဲ့ပေပြီ။ သူ့ပေတစ်သောင်းနီးပါးခန္ဓာကိုယ်က ဝမ်လင်းကို ရှေးဟောင်းအချိန်များက ဧရာမလူသားတစ်ယောက်အသွင်နှင့် တူနေစေသည်။ သူသည် လီချန်မေကို ကွယ်ဝှက်ထားလိုက်ပြီး သူ့လက်သီးကို ဆုပ်၏။ နန်းတော်ကိုးခုထံသို့ ဦးတည် လျှောက်လှမ်းဝင်လိုက်သည်။
ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။
သူ တိုးဝင်လာသည့်အခါတွင် သူ့ကိုယ်ပေါ်ရှိ သွေးစက်များထဲမှ လေးခုသည် ပျက်စီးကာ သွေးများ ပန်းထွက်သည်။ အဖျက်အစီးအော်ရာတစ်ခု သူ့ခန္ဓာကိုယ်တွင် ပြည့်နှက်သည်။
သူ့သွေးလေးစက် ပျက်စီးသွားခိုက်တွင် နန်းတော်များထဲမှ လေးခုသည် အဖြူရောင်အလင်းအဖြစ်သို့ ပြောင်းလဲသွား၏။ ယင်းတို့သည် အံ့မခန်းအရှိန်နှုန်းဖြင့် ရွှေ့လျားကာ ဟင်းလင်းပြင်ကို ထွင်းဖောက်ပြီး ဝမ်လင်း၏ ပျက်စီးသွားသောသွေးစက်များပေါ်သို့ ကျရောက်သည်။
ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူ့ခန္ဓာကိုယ်အတွင်းမှ တုန်ဟည်းသံများ အရူးအမူး ပဲ့တင်ထပ်သည်။ ကျန်သည့်သွေးငါးစက်လည်း ပျက်စီးသွားပြန်သည်။
အလားတူစွာ ဂြိုဟ်ငါးလုံးမှာ တောက်ပသွား၏။ ယင်းတို့သည်လည်း ဝမ်လင်း၏ ပျက်စီးသွားသော သွေးစက်ငါးစက်ထံသို့ တိုးဝင်လာကြသည်။ နန်းတော်ကိုးခုသည် ဝမ်လင်း၏ခန္ဓာကိုယ်အတွင်း ရွှေ့လျားကာ အတောမသပ်ဖျက်စီးခြင်းကို ဖြစ်စေပြီး သူ့ရင်ဘက်ရှိ နောက်ဆုံးနန်းတော်ထံသို့ ဤအဖျက်အစီးအားသည် စုဝေးသည်။ သည်နန်းတော်များ သိပ်သည်းသွားသည်နှင့် နန်းတော်ကိုးခုချိပ်ပိတ်မှုသည် ပြီးပြည့်စုံသွားမည်ပင်။
နန်းတော်ကိုးခုကြောင့် ဖြစ်ပေါ်လာသော ဂြိုဟ်များသည် အစစ်အမှန်ဂြိုဟ်များ မဟုတ်ပေ။ ယင်းတို့ပေါ်တွင် နေထိုင်သော သက်ရှိများလည်း ရှိမနေပေ။ ယင်းတို့သည် မရေမတွက်နိုင်သော နှစ်များစွာကြာအောင် သန့်စင်မွန်းမံထားသော ဧရာမဥက္ကာခဲများသာ ဖြစ်သည်။ ၎င်းတို့သည် နတ်ဘုရားပြစ်ဒဏ်၏အစိတ်အပိုင်း ဖြစ်လာကြခြင်းပင်။
ဝမ်လင်း၏ခန္ဓာကိုယ်မှ ပြင်းထန်သောနာကျင်မှုသည် သူ့မူလစိတ်ဝိညာဉ်ကိုပါ ပျက်စီးလုနီး ဖြစ်စေသည်။ သူ့ဟိန်းသံများသည် ပိုပြင်းထန်လာသည်။ သူ့မျက်ခုံးနှစ်ခုကြားမှ ရှေးဟောင်းနတ်ဘုရားကြယ်များသည် မြန်ဆန်စွာ လှည့်ပတ်သည်။ သူ့အမူအရာသည် ပို၍ ကြမ်းကြုတ်လာ၏။
“ကျောက်တုံးကိုးခုက ကောင်းကင်ဘုံသားတစ်ယောက်ကို ချိပ်ပိတ်နိုင်တယ်။ ဒါပေမဲ့ ငါက ကောင်းကင်ဘုံသား မဟုတ်ဘူး။ ရှေးဟောင်းနတ်ဘုရားတစ်ပါးပဲ…”
တုန်ဟည်းသံများ ပဲ့ထင်ထပ်လျက် သူ့ခန္ဓာကိုယ်ပေါ်ရှီ သွေးစက်ကိုးခုသည် ရွှေ့လျားသည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ ဥက္ကာခဲများသည် မထင်မှတ်စွာဖြင့် တိုက်ခိုက်မှုကနေ ရပ်တန့်ကာ သူ့ရင်ဘက်ပေါ်ရှိ နောက်ဆုံးနန်းတော်ထံ မစုဝေးလာနိုင်ကြတော့ပေ။
သို့သော် နတ်ဘုရားပြစ်ဒဏ်မှာ မပြီးသေးပေ။ ခရမ်းရောင်လျှပ်စီး၊ ရောင်စုံဓားလေးလက်၊ ဒုက္ခငြိမ်းခြင်းဆင့်ခေါ်ချက်၊ တိမ်တောင် သည်အရာများအားလုံးသည် နတ်ဘုရားပြစ်ဒဏ်၏ အစပျိုးတိုက်ခိုက်မှုများသာ ရှိသေး၏။ အသင်္ချေနတ်ဘုရားပြစ်ဒဏ်ဟူသည် သင် သေသည့်အထိ ဆက်တိုက်ခိုက်သွားမည်သာ။
နန်းတော်ကိုးခု ထွက်ပေါ်လာပြီးနောက် ကားချပ်ရှစ်ခုလည်း ထွက်ပေါ်လာပြန်သည်။
“ကားချပ်ရှစ်ခု…အသင်္ချေ…” ကျောက်စိမ်းဖြူအဆောက်အဦအတွင်းရှိ လောကထဲ၌ ရုပ်တုသည် ညာလက်ကို ဝေ့ယမ်းလိုက်ရာ ဧရာမစာလုံးရှစ်လုံး ပေါ်လာ၏။
ထိုစာလုံးရှစ်လုံးသည် ကားချပ်ရှစ်ခုပေါ်တွင် ခပ်နှိပ်ထားသည်။
ကောင်းကင်ဘုံ၊ရေ၊တောင်၊မိုးကြိုး၊မီး၊လေ၊မြေ၊စိမ့်ညွန်…။ ကားချပ်ရှစ်ခုသည် လှည့်ပတ်လျက် ၎င်း၏ကိုယ်ပိုင်လောကကို ဖြစ်ပေါ်သည်။
ကားချပ်ရှစ်ခု ပေါ်လာသည်နှင့် ကောင်းကင်ဘုံ၊ရေ၊တောင်၊ မိုးကြိုး၊မီး၊လေ၊မြေ၊နှင့် စိမ့်ညွှန်တို့အားလုံး ပေါ်ထွက်လာကြသည်။ ၎င်းတို့က ဧရာမစက်ဝန်းအသွင် ဖြစ်တည်သည်။ ထိုစက်ဝန်းက လှည့်ပတ်လျက် အဟကြားကနေ ထိုးထွက်လာပြီး ဟင်းလင်းပြင်အက်ကြောင်းထံ တဟုန်ထိုး တိုးဝင်ကာ လေဟာနယ်နေရာထဲ ဝင်ရောက်လာပေပြီ။ ၎င်းက ပြင်းထန်သောဖိအားကို ဆောင်ယူကာ ဝမ်လင်းပေါ်သို့ သက်ဆင်းကျလာပြန်၏။
ဝမ်လင်း၏မျက်နှာသည် ဖြူရောနေပေပြီ။ သူ့မူလစွမ်းအင်များကိုလည်း လီချန်မေအပေါ်သို့ အချိန်စီးဆင်းခြင်းမန္တာန်ကို အဆတ်မပြတ် ထားရှိရန် သုံးစွဲထားရသေး၏။ သူ့ရှေးဟောင်းနတ်ဘုရားစွမ်းအားကလည်း နန်းတော်ကိုးခုကို သူ့ခန္ဓာကိုယ်တွင်းမှ အဆက်မပြတ် တွန်းထုတ်နေရပြန်သည်။
တချိန်တည်းမှာ သူသည် နန်းတော်ကိုးခုထက် များစွာ ပိုအစွမ်းထက်သော ကားချပ်ရှစ်ခုနှင့် ရင်ဆိုင်ရတော့မည့်အခါ သူ့မျက်လုံးသူငယ်အိမ်ပင် မကြုံ့မိဘဲ မနေနိုင် ဖြစ်ရ၏။
အထူးသဖြင့် ယင်းကားချပ်ရှစ်ခုကြောင့် ဖြစ်ပေါ်လာသော ဧရာမစက်ဝန်းက အံ့မခန်းမြန်လွန်းကာ ဝမ်လင်းထံ ချက်ခြင်းလိုလို ဖိချလာ၏။
အခုလို သေရေးရှင်ရေးအခိုက်မှာပင် ဝမ်လင်းက တည်ငြိမ်နေ၏။ သူက နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ ချိပ်ပိတ်နယ်မြေအစီအရင်နှင့် ထိကပ်လိုက်သည်။
“ချိပ်ပိတ်နယ်မြေအရှင်၊ ငါ သင့်ကို ချိပ်ပိတ်နယ်မြေအစီအရင်ဆီ ခေါ်လာပေးခဲ့ပြီးပြီး…။ သင် အခု ထွက်လာနိုင်ပါပြီ…”
***