နှုတ်ဆက်ခဲ့ပါတယ် ငါ့သားလေး ဟိုအာ
Vol. 100 Ch. 1390
မန်ဟိုမှာ ရပ်ဖို့တောင် အနိုင်နိုင်ဖြစ်နေသည်။ အပြင်သူများက သူ့မိသားစု၊ သူ့မိတ်ဆွေများနှင့် တောင်ကောင်းကင်ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူအားလုံးကို သတ်ပေတော့မည်။ သူ ဂရုစိုက်သောလူများကို ကာကွယ်ပေးဖို့ သူသည် အံတင်းတင်းကြိတ်၍ သူ့ကိုယ်ထဲရှိ စွမ်းအားအလုံးစုံကို ဆင့်ခေါ်လျက် တိုက်ကွက်တစ်ကွက် ထုတ်လွှတ်လိုက်၏။
လူတိုင်း စိုးရိမ်တကြီး လှမ်းအော်ကြသည်။
“ဟိုအာ”
“မန်ဟို”
“အိမ်ရှေ့မင်းသား”
ရှုချင်သည် မျက်ရည်များစီးကျနေပြီး မန်ဟို့ကို တွဲပေးဖို့ ပြေးလာသည်။ သို့သော် မန်ဟိုက သူမကို တွန်း၍ အနောက်မှတိုက်ခိုက်ရန် ချောင်းနေသော အပြင်သူတစ်ယောက်ကို လှမ်းဆွဲလိုက်သည်။ ထို့နောက် သူ့လက်သည် အပြင်သူ၏လည်မျိုကို ဆုပ်ကိုင်၍ လိမ်ချိုးလိုက်၏။
“ငါ့အနောက်မှာပဲနေ” သူက မောဟိုက်ပင်ပန်းစွာ အသက်ရှူလျက် ပြောသည်။ ထို့နောက် မုဒြာလက်ကွက်နှစ်ကွက်ဖော်ကာ အပြင်သူစစ်တပ်အား ပျက်စီးစေပြန်သည်။
သို့ထိတိုင် အပြင်သူများမှာ အတော်မသပ်နိုင်သလို၊ မန်ဟိုမှာလည်း အားနည်းသထက် အားနည်းလာနေသည်။
အဝေးရှိ ပါရာဂွန်ရုပ်သေးရုပ်၏မျက်လုံးများ လင်းလက်သွားပြီး ၎င်းသည် မန်ဟို့ဆီ သွားဖို့ ကြိုးစားသော်လည်း အနှစ်သာရ ၈ ခု ပါရာဂွန်အမျိုးသား၏ တားခြင်းသာ ခံလိုက်ရ၏။ ပါရာဂွန်ပင်လယ်အိပ်မက်လည်း အချုပ်ခံထားရသဖြင့် တောင်ကောင်းကင်ဂြိုဟ်အနား မကပ်နိုင်ပေ။
ရွှေတုန်းလျှိုသည် သက်ပြင်းချနေပြီး သူ့မျက်နှာပေါ်တွင် ဆုံးဖြတ်ရခက်နေသောအမူအရာတစ်ခု ပေါ်လာ၏။
“အရာရာတိုင်းက တောင်ပင်လယ်လောကအတွက်ပါပဲ” သူက သူတစ်ယောက်တည်းသာ ကြားရသော အသံဖြင့် ခပ်တိုးတိုး ပြောသည်။ “တောင်ကောင်းကင်ဂြိုဟ်ပေါ်က စည်းကို တောင်ပင်လယ်ကျင့်ကြံသူတွေ ချိုးဖျက်လို့မရဘူး။ အပြင်သူတွေပဲ ချိုးဖျက်နိုင်တယ်။ ဒါ့အပြင် အားဖြည့်ပေးရမယ့် ဝိညာဉ်အရေအတွက်လည်း လိုသေးတယ်... အချိန်တော့ကျခါနီးပါပြီ။ အချိန်ကျတော့မှာပါ.... “ သူသည် တောက်ဖန်ထံ တိုက်ကွက်နောက်တစ်ကွက် ထုတ်လွှတ်လိုက်သည့်အချိန်မှာပင် အပေါ်ရှိ ကြယ်တာရာကောင်းကင်၏အဆုံးကို မော့ကြည့်လိုက်၏။
တောင်ကောင်းကင်ဂြိုဟ်ပေါ်မှ မချိတင်ကဲဟစ်အော်သံတစ်သံ ထွက်လာသည်။ မန်ဟိုမှာ တဆတ်ဆတ် တုန်နေပြီး သူ၏ကျင့်ကြံအဆင့်သည် လျင်မြန်စွာ ကျဆင်းနေ၏။ အနှစ်သာရ ၈ ခု ပါရာဂွန်အမျိုးသမီးမှာ သူ ပြန်မခုခံနိုင်သော နတ်ဘုရားစွမ်းရည်တစ်ခုကို ထုတ်လွှတ်ဖို့ မယုံကြည်နိုင်ဖွယ်အဖိုးအခကို ပေးဆပ်ခဲ့ရသည်မဟုတ်ပါလော။ ထိုနတ်ဘုရားစွမ်းရည်၏စွမ်းအားက သူ၏သွေးကို တိုက်စား၍ သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် ဖျက်စီးနေလေသည်။
အရာအားလုံး ဝေဝါးစပြုလာပြီး မရေမတွက်နိုင်သောအသံများက သူ၏နားထဲတွင် အော်နေသည်။
ဒေါသတကြီး ဟိန်းဟောက်သံများ၊ အားပေးနေသော ကြွေးကြော်သံများ၊ နာကျင်စွာ အော်နေသံများနှင့် ခါးသီးနေသော ငိုကြွေးသံများ .....
“သေကြစမ်း” သူ့အသံက အားနည်းစွာ ထွက်လာသည်။ သူသည် ပတ်ဝန်းကျင်ရှိ အပြင်သူများထံ ထပ်မံပြေးတက်သွားရင်း သွေးစီးကြောင်းကြီးနှင့် အလောင်းများကို ချန်ရစ်ခဲ့သည်။ အပြင်သူများ၏အလောင်းတို့ကား မည်သည့်နေရာကိုကြည့်ကြည့် တောင်လိုပုံနေတော့သည်။
သူ့ဘယ်လက်က ပြတ်သွားသော်လည်း ညာလက်ရှိသေးလေသည်။
ကျင့်ကြံခြင်းအခြေခံအဆင့် ဆက်တိုက်ကျဆင်းနေသဖြင့် သူက အံတင်းတင်းကြိတ်လျက် ညာလက်ကိုဝှေ့ယမ်းကာ မရေမတွက်နိုင်သောတောင်များကို ဆင့်ခေါ်လိုက်သည်။ သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း လေပြင်းမုန်တိုင်းများ တိုက်ခတ်ဖြာထွက်လာ၍ ချီတက်လာသောအပြင်သူများ ချေမှုန်းခံလိုက်ရ၏။
သူကား သူချစ်ရသော၊ သူဂရုစိုက်သောလူများကို ကာကွယ်ပေးနေသည်။ သူ့မိသားစုနှင့် သူ့မိတ်ဆွေများ နာကျင်ခံစားနေရသည်ကို သူ မမြင်ချင်။ သူ့စိတ်သည် ... သူတို့ကို ကာကွယ်ရမည်ဆိုသောစိတ်မှအပ .. ဗလာကျင်းနေ၏။
မရေမတွက်နိုင်သောအပြင်သူများက ညာသံပေးလျက် ချီတက်တိုက်ခိုက်နေကြပြီး မန်ဟိုမှာ သတိလစ်တစ်ချက်၊ မလစ်တစ်ချက်ဖြစ်နေသည့်တိုင် သူ၏သတ်ဖြတ်လိုစိတ်က နည်းနည်းမှလျော့ကျမသွားခဲ့ပေ။ သူ့ညာလက် ကြေမွသွားသည့်အခါ သူက အံတင်းတင်းသာ ကြိတ်လိုက်သည်။ ခြေထောင်နှစ်ချောင်းလည်း ကျိုးကြေနေသော်လည်း နာကျင်မှုကို သူ မမှု။ ခေါင်းမာမာဟိန်းဟောက်သံများသည် အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်လျက်။
ဖန်မျိုးနွယ်ကျင့်ကြံသူများ၊ ဖက်တီး၊ မန်ဟို့မိဘနှစ်ပါးနှင့် ကျန်တောင်ပင်လယ်ကျင့်ကြံဿူအားလုံး တိုက်ကွက်များအား အရပ်လေးမျက်နှာသို့ ပစ်လွှတ်နေကြသည်။ မန်ဟိုကာကွယ်ပေးထားသည့်အတွက် တချို့မှာ ဒဏ်ရာရကြသော်လည်း တစ်ယောက်မှ အသက်မဆုံးရှုံးကြပေ။
သို့သော် မန်ဟို ပေးဆပ်ရသည့် တန်ဖိုးမှာတော့ ... ကျင့်ကြံအဆင့် ကြောက်ခမန်းလိလိ ဆက်တိုက်ကျဆင်းနေမှုပင်။
ခေါင်းကြီးကြီးကျင့်ကြံသူသည် တိတ်ဆိတ်စွာ ပျံဝဲနေ၏။ သူ့ဘေးတွင် နတ်ဘုရားစွမ်းရည်ကို ခြယ်လှယ်ရာ၌ မျက်မှောင်ကြုတ်လျက် အာရုံစိုက်နေသော အမျိုးသမီးပါရာဂွန်ရှိသည်။ မန်ဟိုက သူ၏အသက်စွမ်းအားကို လောင်ကျွမ်းပစ်နေ၏။ ပင်ပန်းနွမ်းနယ်မှုက ရေလှိုင်းများလို သူ့ကို လွှမ်းခြုံနေသည်။ ယခုတွင် သူ့အမြင်အာရုံမှာ ဝေဝါးလာရုံသာမဟုတ်တော့။ မှောင်မိုက်စပြုနေလေပြီ။
အပြင်သူမည်မျှသတ်ခဲ့ပြီးမှန်း သူ မသိသော်လည်း မည်မျှသတ်သတ် ပိုပို၍များပြားလာနေသယောင်ပင်။ သူ့မှာ အားနည်းနေပြီဖြစ်သည်။ မောလည်း မောလှပြီ။ မွန်းကြပ်လွန်း၍ မေ့လဲပေတော့မည်။ သွေး၏တိုက်စားမှုကြောင့် ဝိညာဉ်မီးအိမ်များလည်း ညစ်ညမ်းကုန်သဖြင့် ဆင့်ခေါ်မရပေ။
လက်ရော၊ခြေပါ ကျိုးကြေပြတ်ထွက်သွားသည့်အခါ သူက အပြင်သူများကို ခေါင်းနှင့်တိုက်သည်။ တစ်ခါတိုက်တိုင်း အနက်ရောင်သွေးများက သူ့ပါးစပ်မှ ပန်းထွက်ချေ၏။ ကျင့်ကြံအဆင့်လည်း ဆက်တိုက်ကျဆင်းနေသည်။
သူ့အနောက်တွင် သူ ကာကွယ်ပေးနေသော လူများမှာ ဒဏ်ရာဒဏ်ချက်များဖြင့် ပူဆွေးနေကြသည်။ သူတို့အရှေ့၌ တောင်ကြီးတစ်လုံးလို မားမားမတ်မတ် ကာကွယ်ပေးနေသော မန်ဟို့ကို ကြည့်နေစဉ် မျက်ရည်များသည် သူတို့၏ပါးပြင်တစ်လျှောက် စီးကျလျက်ရှိ၏။
အပြင်သူအလောင်းများက သူ့အရှေ့တွင် ပုံနေသည်။ ထိုအလောင်းများ၏အလွန်တွင် အဆုံးမရှိပုံရသော စစ်တပ်ကြီးရှိနေသည်။ အပြင်သူများသည် မန်ဟို့ကို ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်နေကြ၏။ မန်ဟိုမှာ ပါရာဂွန်အဆင့်နှင့် မညီမျှတော့ပေ။ သူ၏ကျင့်ကြံအဆင့်က ကျဆင်းသွားခဲ့သလို၊ သူ့မှာ ပြိုလဲခါနီးနေပြီဖြစ်သည်။ သို့သော် သူ့ထံမှ ထုတ်လွှတ်နေသော အသတ်အဖြတ်အရှိန်အဝါက မိုးနှင့်မြေကို ကိုင်လှုပ်နိုင်၏။
သူ အလောင်းပုံများအလယ်တွင် စွမ်းအားတို့တဟုန်းဟုန်းတောက်လျက် ရပ်နေစဉ် အပြင်သူများမှာ ဆက်မတက်ရဲလောက်အောင် ကြောက်ဒူးတုန်ကုန်ကြ၏။ သူတို့က တွေဝေရှုပ်ထွေးနေသောအမူအရာများဖြင့် မန်ဟို့ကို ကြည့်နေကြသည်။ သူ့လိုကျင့်ကြံသူများသည် ကောင်းကင်ဘုံ ၃၃ ဘုံတွင် ရှားပါးသော်လည်း သူတို့ တောင်ပင်လယ်လောကကို ကျူးကျော်ခဲ့ပြီးနောက်ပိုင်း သူ့လိုတစ်ယောက်ပြီးတစ်ယောက် ကြုံတွေ့ခဲ့ရသည်။
ယခုတော့ မန်ဟို့ကို ရင်ဆိုင်နေရလေပြီ။
စစ်မြေပြင်သည် တဒင်္ဂ တိတ်ဆိတ်သွားပြီး မန်ဟို၏မျက်လုံးများက အတော်လေးဝေဝါးနေသော်လည်း သူ့အသံက တိုးညင်းစွာ ထွက်လာသေးသည်။ “ချင်းအာ၊ ကိုယ့်ဒဏ်ရာတွေကို ချည်ပေးပါဦးကွာ”
ရှုချင်က မျက်ရည်များစီးကျနေလျက် ချဉ်းကပ်လာသည်။ သူမသည် သူမ၏ဂါဝန်အနားကို ဖြဲ၍ အပြင်သူများနှင့်ဖန်မျိုးနွယ်ကျင့်ကြံသူများ ကြည့်နေစဉ် ထိုအဝတ်စဖြင့် သူ၏ပြတ်လုဆဲဆဲဖြစ်နေသော ညာလက်ကို တင်းတင်းကြပ်ကြပ်ချည်ပေးလိုက်သည်။
သူမမျက်ရည်များကို မြင်လျှင် မန်ဟိုက ပြောသည်။ “မငိုပါနဲ့။ ခပ်တင်းတင်းချည်နော် တော်ကြာ ပြေကျသွားဦးမယ်”
ရှုချင်သည် နှုတ်ခမ်းလေးကို ဖိကိုက်၍ ဘာမှမပြောဘဲ ကျန်လက်မောင်းကို တင်းနေအောင် ချည်ပေးလိုက်သည်။
အပြင်သူများ ဆက်သွားလိုစိတ်မရှိတော့ဘဲ ကြောက်လန့်နေကြသည့်အချိန်မှာပင် အမျိုးသမီးပါရာဂွန်၏မျက်လုံးများ ပွင့်လာပြီး သူမက အရူးမကြီးလို စူးစူးဝါးဝါး အော်သည်။ “အကုန်သတ်ပစ်ကြစမ်း”
သူမအသံနှင့် သူမ၏အဆင့်အတန်းက အပြင်သူများကို တခဏသာ တွန့်ဆုတ်စေလိုက်သည်။ ထို့နောက် စစ်တပ်ကြီးသည် ဟိန်းဟောက်ကြွေးကြော်လျက် ရေလှိုင်းများလို မန်ဟို့ထံ ချီတက်သွားကြတော့၏။
တောင်ကောင်းကင်ဂြိုဟ်မှာ တသိမ့်သိမ့်တုန်နေပြီး ၎င်း၏မျက်နှာပြင်တစ်လျှောက်လုံး အက်ကြောင်းများ ပွင့်ထွက်လာသည်။ ကြည့်ရသရွေ့ ၎င်းပြိုကွဲဖို့ တဲတဲကလေးသာ လိုတော့ပုံပင်။
မန်ဟို မျက်လုံးများကို မနည်းဖွင့်လျက် တိုက်ခိုက်နေစဉ် သွေးခွေးကြီးသည် သူ၏သိုလှောင်အိတ်ထဲမှ ပျံထွက်လာပြီး ဟိန်းဟောက်လျက် အပြင်သူများထံ ပြေးဝင်သွားသည်။
သွေးမိစ္ဆာကြီးက အာကာသကို ခွဲလျက် ထွက်လာပြီး မန်ဟို၏သွေးဝိညာဉ်လည်း ပေါ်လာသည်။ နှစ်ယောက်လုံးသည် အပြင်သူများကို ရက်ရက်စက်စက် တိုက်ခိုက်နေကြ၏။ ခြေထောက်နှစ်ချောင်းလုံး ရပ်မရအောင် ကျိုးကြေနေသည့်တိုင် မန်ဟို တောင်တစ်လုံးသဖွယ် မားမားမတ်မတ် ရပ်လျက် အပြင်သူများအား သူ့ထံ ပြေးဝင်လာစေသည်။ သူကား လဲကျမသွားပေ။
သူ၏ညာလက်က အပြင်သူတစ်ယောက်၏လည်ပင်းကို ဆုပ်ကိုင်၍ ဘယ်လယ်ကက နောက်တစ်ယောက်၏ ရင်ဘတ်ကို ထိုးခွင်းလိုက်သည်။ ဘက်ပေါင်းစုံမှ အပြင်သူများက နတ်ဘုရားစွမ်းရည်အမျိုးမျိုးကို သူ့ထံထုတ်လွှတ်နေသော်လည်း ၎င်းတို့ သူ့အား ထိမှန်သွားသည့်အချိန်မှာပင် သူက အပြင်သူနောက်တစ်ယောက်ကို ခေါင်းနှင့်တိုက်လိုက်သည်။
ဤမြင်ကွင်းက အပြင်သူများကို လုံးလုံးလျားလျား တုန်လှုပ်သွားစေသည်။ သွေးခွေးကြီးကလည်း ဒေါသတကြီးတိုက်ခိုက်နေရာ သွေးနီတန်းတစ်တန်းက ဟိုဟိုသည်သည် ပျံသန်းနေတော့၏။ မကြာမီ အပြင်သူများမှာ အင်မတန်များလွန်းသဖြင့် သွေးခွေးကြီးက မန်ဟို့ကို ကိုက်ချီလျက် ဖန်မျိုးနွယ်ကျင့်ကြံသူများထံ ပြန်ဆွဲခေါ်သွားသည်။
မန်ဟို့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေသည်။ သူ၏ကျင့်ကြံအဆင့်မှာ အင်မော်တယ်နယ်ပယ်အောက်သို့ ကျဆင်းသွားခဲ့လေပြီ။ မြင်နေရသော သူ၏ရုပ်ပျက်ဆင်းပျက်အခြေအနေကြောင့် ဖန်မျိုးနွယ်များ၊ သူ့မိသားစုနှင့် သူ့မိတ်ဆွေအားလုံး ဝမ်းနည်းပက်လက် ငိုကြွေးကြသည်။
“ငါ..” မန်ဟိုက ကုန်းရုန်းထသော်လည်း ရုတ်တရက် လက်တစ်ဖက်က သူ့ပခုံးကို အသာအယာဆုပ်ကိုင်လိုက်သည်။
လက်ပိုင်ရှင်က ဖန်ရှုံ့ဖုန်းပင်။ သူသည် ဒဏ်ရာအပြင်းအထန် ရထားသည့်တိုင် သူ့လက်က ပြင်းထန်သောဖိအားကို ထုတ်လွှတ်နေသေး၏။
“ဟိုအာ ၊ အဖေ့ကို ဝင်ပါခွင့်ပြုပေးပါ။ သား ဒီစစ်ကြီးမှာ အသက်ရှင်ကျန်ခဲ့ရင် ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မမေ့နဲ့နော်...”
ထို့နောက် ဖန်ရှုံးဖုန်းသည် အသက်ပြင်းပြင်းရှူ၍ မန်ဟို့ကို စကားတစ်ခွန်းမှပြောခွင့်မပြုဘဲ အပြင်သူများထံ တက်သွား၏။ သူက မန်ဟို့အဖေမဟုတ်ပါလော။ အဖေတစ်ယောက်က သူ့သား သူ့အတွက် တိုက်ခိုက်ပေးနေသည်ကို ထိုင်ကြည့်နေနိုင်မည်လော။
ဖန်ရှုံ့ဖုန်းသည် ဖန်မျိုးနွယ်စု၏ အထူးချွန်ဆုံးရွေးချယ်ခံလည်း ဖြစ်ခဲ့သည်။ လက်ရှိမျိုးနွယ်စု၏ခေါင်းဆောင်လည်း ဖြစ်သည်။ သို့သော် သူ ဂုဏ်အယူရဆုံးမှာတော့... မန်ဟို့အဖေ ဖြစ်ရသည်ကိုပင်။
“ဒီနေ့က တောင်ပင်လယ်လောက သေမယ့်နေ့၊ ဖန်မျိုးနွယ်စု သေမယ့်နေ့။ မင်းတို့က သွေးကြွေးကို ချေဖို့ ငါတို့ကို သုတ်သင်ချင်ကြတယ်။ ငါပြောမယ် ဖန်မျိုးနွယ်တစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့ရင်တောင်မှ နှစ်ပေါင်းဘယ်လောက်ကြာကြာ ငါတို့ ကလဲ့စားပြန်ချေပြမယ်” ဖန်ရှုံ့ဖုန်း ရှေ့တက်သွားသည်နှင့် ဖန်မျိုးနွယ်ကျင့်ကြံသူများလည်း အပြင်သူများကို တိုက်ခိုက်ဖို့ သူ့နောက်လိုက်လာသည်။
သတ်ပွဲကြီးစတင်သဖြင့် တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်လာသည်။ ဤအခိုက်အတန့်တွင် ဖန်မျိုးနွယ်ကျင့်ကြံသူများ၏ ရူးမိုက်မှုသည် မည်သည့်တောင်ပင်လယ်ကျင့်ကြံသူမဆိုထက် ကျော်လွန်သွားလေပြီ။ ခန္ဓာဖောက်ခွဲသံများ ဆက်တိုက်ဟိန်းထွက်လာသည်။
မန်ဟို့နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေပြီး သူ့အမြင်အာရုံမှာ ပို၍ပင်မှောင်မိုက်လာသည်။ မချိတင်ကဲအော်ဟစ်သံပေါင်းများစွာကို သူ့နားထဲတွင် ကြားနေရ၏။ အရာအားလုံး နှေးကွေးသွားသလိုပင်။ သူ၏မျိုးနွယ်တူမိတ်ဆွေများ ခန္ဓာဖောက်ခွဲနေသည်ကို သူ မြင်နေရသည်။ အပြင်သူစစ်တပ်ကြီး၏အလယ်တွင် ရပ်လျက် ရန်သူများကို သတ်ဖြတ်နေသော သူ့အဖေကိုလည်း မြင်လိုက်ရသည်။ သူ့အဖေမှာ ဒဏ်ရာရထားပြီးဖြစ်သည့်အပြင် ရုတ်တရက် အပြင်သူတစ်ယောက်က သူ့ရင်ဘတ်ကို ထိုးနှက်လိုက်၏။
သူ့အဖက နောက်ဆုတ်၍ အပြင်သူကို သတ်လိုက်သော်လည်း သူ့နှလုံးသားတည့်တည့်သို့ စိုက်ဝင်သွားခဲ့သော ဓားပျံတစ်လက်ကိုတော့ မတားနိုင်ခဲ့ပေ။
ဓားသည် သူ့ကို ထုတ်ချင်းဖောက်၍ သူ့ပါးစပ်မှ သွေးများအား ရေပန်းလို ပန်းထွက်သွားစေသည်...
မန်ဟိုမှာ တဆတ်ဆတ် တုန်နေပြီး မျက်လုံးများ ဝိုင်းစက်သွားသည်။ သူ့မှာ အရာအားလုံးကို ရပ်တန့်ချင်သော်လည်း မည်သည့်အရာကိုမှ မပြောင်းလဲနိုင်ပေ။
ဓား စိုက်ဝင်သွားသောအခါ ဖန်ရှုံ့ဖုန်းသည် ခံပြင်းပြင်းဟိန်းဟောက်ပြီးနောက်... သူ့ဇနီးကို လှည့်ကြည့်၏။
ထို့နောက် သူ့သမီးကို ကြည့်သည်။ သားကို ကြည့်သည်။ အတိတ်တုန်းက သူသည် သူ့သားကို တမင်တကာ လေးစားကြည်ညိုသော မျက်ဝန်းများဖြင့် ကြည့်ခဲ့၏။ သာမန်အဖေတစ်ယောက်အနေဖြင့် ထိုသို့လုပ်မည်မဟုတ်သော်လည်း သူကတော့ လိုလိုလားလား ထိုအတိုင်းလုပ်ခဲ့သည်။ သူသည် အခြားသူများအတွက် စံနမူနာဖြစ်ပြချင်ခဲ့၏။ မန်ဟိုက နှလုံးသားနူးညံ့သူဖြစ်၍ စစ်ပွဲ၏ခါးသီးမှုအကြောင်း သင်ယူဖို့ လိုကြောင်း သူ သိခဲ့သည်။ မန်ဟိုသည် အခါးသီးဆုံးစစ်ပွဲများအတွင်း၌ ဆင်နွှဲရင်း ရင့်ကျက်လာဖို့ လို၏။
မန်ဟို့ဘေးတွင် အမြဲတမ်း မနေပေးနိုင်သည်ကိုလည်း သူ သဘောပေါက်ခဲ့သည်မှာ ကြာခဲ့လေပြီ။ တစ်နေ့တွင် သူ မရှိတော့သောနေ့ ရောက်လာလိမ့်မည်။ ထိုနေ့ရောက်လျှင် ... သူ့သား စိတ်မာနိုင်မည်ဟု သူ မျှော်လင့်၏။
မန်ဟို့အတွက် သူ၏ချစ်ခြင်းမေတ္တာက ခဲကျုံစစ်အတွက် ခဲယွင်ဟိုင်၏ ချစ်ခြင်းမေတ္တာအတိုင်း နက်ရှိုင်း၏၊ မျှော်လင့်ချက်တို့ဖြင့် ပြည့်နေ၏။
ယနေ့ သူသည် သေမည်မှန်း သိသိကြီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မန်ဟို့ကျင့်ကြံအဆင့်အရ ... မန်ဟို့အတွက် လက်ရှိအချိန်တွင် အသက်အန္တရာယ်မရှိသင့်ကြောင်း သူ သိသည်။ မန်ဟို ယခုလိုထိခိုက်နေရသည့်အကြောင်းရင်းမှာ သူနှင့် မျိုးနွယ်စုကြောင့်သာ ဖြစ်ကြောင်း ဖန်ရှုံ့ဖုန်း သိလေသည်။ သူ့အနေဖြင့် မန်ဟို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်လိုပေ။ ထို့ကြောင့်... မန်ဟို ရင်ဆိုင်နေရသော အသက်အန္တရာယ်ကြောင့် ... ဖန်ရှုံ့ဖုန်းသည် ထိုဝန်ထုပ်ဝန်ပိုး၏တည်ရှိမှုကို ဖျက်စီးဖို့ ရွေးချယ်ခဲ့၏။
“သားရဲ့လမ်းက အဝေးကြီးကို သွားရဦးမှာ...”
သားအဖနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ မန်ဟို့နှလုံးသားတစ်ခုလုံး ကွဲကြေနေချေပြီ။ သူ့ကို ဝါးမြိုနေသော အကြောက်တရားကို သူ ခံစားလိုက်ရ၏။
“အဖေ ...” သူ့မှာ အသံမထွက်နိုင်ဘဲ နှုတ်ခမ်းလေးသာ လှုပ်လိုက်နိုင်သည်။
ဖန်ရှုံ့ဖုန်းက ပြုံးသည်။ ထို့နောက် မျက်လုံးများ ပိတ်လိုက်၏။
နှုတ်ဆက်ခဲ့ပါတယ် ငါ့သားလေး ဟိုအာ...
သူ့မျက်လုံးများ ပြန်ဖွင့်လာသောအခါ ..... သူက ခန္ဓာဖောက်ခွဲဖို့ ရွေးချယ်လိုက်သဖြင့် ၎င်းတို့သည် လင်းလက်တောက်ပနေ၏။
သူ့ဒဏ်ရာများမှာ ပြင်းထန်နေပြီးဖြစ်၍ ခန္ဓာမဖောက်ခွဲလျှင်တောင်မှ တိုက်ခိုက်ရင်း သေဆုံးရမည်ကို သူ သိသည်။ ထို့ကြောင့် ထိုသို့အသေခံမည့်အစား ဤသို့ကြွေးကြော်ရင်းသာ သေမည်။ “ငါက ဖန်ရှုံ့ဖုန်း၊ တောင်ပင်လယ်တွေအတွက် ရှင်မယ်၊ တောင်ပင်လယ်တွေအတွက် သေမယ်”
ပဲ့တင်ထပ်သွားသော ပေါက်ကွဲသံက စစ်မြေပြင်ထက်တွင် ထူးဆန်းသည့်အသံတစ်သံ မဟုတ်ပေ။ သို့သ်ော မန်ဟို့အတွက်တော့ တစ်လောကလုံး တုန်လှုပ်သွားသည့်အလားပင်။
၎င်းက မိုးနှင့်မြေကို ပျက်စီးဖြိုခွဲလိုက်သော အသံတစ်သံဖြစ်သည်။
မန်ဟို့တစ်ကမ္ဘာလုံး အစိတ်စိတ်အမွှာမွှာ ကြေမွသွားလေပြီ။