← Chapters

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂

Vol. 1 Ch. 2

အပိုင်း (၂) မိုးရေထဲမှ သားအဖ နှစ်ဦး

သိန်းချီသော တောင်တန်းများထဲမှ အခြားသော တောနက်ကြီးတစ်ခုထဲတွင်….

“ဂျိန်း… ဒလိန်း.. ဒိန်း…”

မိုးကြိုးသံများသည် ပို၍နီးကပ်လာပြီး တောင်ပေါ်တွင် လေပြင်းများ တိုက်ခတ်လာ၏။ မှောင်မည်းနေသော တောအုပ်ကြီးသည် လေပြင်းဒဏ်ကြောင့် ပြင်းထန်စွာ ယိမ်းထိုးနေ၏။ မကြာမီ မိုးသက်မုန်တိုင်း ကျရောက် လာတော့မည်ဖြစ်ကြောင်း သိသာလှသည်။

“ဂျိန်း…”

ခေါင်းပေါ်ရှိ ကောင်းကင်ယံတွင် လျှပ်စီးတစ်ကြောင်းသည် မှောင်မည်းကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ကြီးကို ဆုတ်ဖြဲလိုက်ပြီး လောကကြီးတစ်ခုလုံး ဖြူရော်ရော်အရောင်အဖြစ် ချက်ချင်း ပြောင်းလဲသွားစေ၏။

လျှပ်စီးရောင်ကြောင့် တောင်ပေါ်တွင် မတ်မတ်ရပ်နေသော စွန့်ပစ်ခံထားရသည်မှာ ကြာပြီဖြစ်သည့် တောကျောင်းငယ်လေးတစ်ခုကိုပါ လင်းထိန်သွားစေသည်။

ကျောင်းဆောင်အပြင်ဘက်တွင် ချုံနွယ်ပိတ်ပေါင်းများ ထူထပ်စွာ ပေါက်ရောက်နေသည်။ ထိုသစ်ပင်များသည် တွန့်လိမ်ရုပ်ဆိုးနေပြီး သက်တမ်းရင့် သစ်ပင်အမြစ်များသည် မြေကြီးကို ဖောက်ထွက်ကာ ရေညှိများ ဖုံးလွှမ်းနေ၏။

ရှေးကျပြီး နက်နဲသော အငွေ့အသက်များကို ပေးစွမ်းနေ၏။ ဤနေရာသည် တောင်လေးလုံးကြားရှိ ချိုင့်ဝှမ်းမြေနိမ့်ပိုင်းတစ်ခု ဖြစ်သည်။

စုတ်ပျက်နေသော တောကျောင်းငယ်လေးသည် ထိုချိုင့်ဝှမ်း၏ အလယ်ဗဟိုတွင် တည်ရှိနေ၏။

တောကျောင်းငယ်လေးကို အနက်ရောင် ကျောက်တုံးများဖြင့် တည်ဆောက်ထားသော်လည်း ပြောပြ၍ မရနိုင်သော ထူးဆန်းမှုနှင့် အဆင်မပြေမှုတို့ ရှိနေသည်။

အဘယ်ကြောင့်ဆိုသော် ၎င်း၏ ခေါင်မိုးဒီဇိုင်းမှာ အလွန်ထူးဆန်းပြီး အလယ်တွင် နိမ့်ကာ ဘေးနှစ်ဖက်တွင် မြင့်တက်နေသောကြောင့်ပင်။

ထို့အပြင် တံခါးပေါက်သာရှိပြီး လေဝင်လေထွက်အတွက် ပြတင်းပေါက်များကို တည်ဆောက်ထားခြင်း မရှိချေ။

“ဂျိန်း… ဂျိန်း…”

မိုးကြိုးသံများ ပိုမိုကျယ်လောင်လာပြီး တောအုပ်ကြီးမှာ အလွန်မှောင်မည်းနေသောကြောင့် အရှေ့ဘက်နှင့် အနောက်ဘက်လမ်းများကိုပင် မမြင်ရသလောက် ဖြစ်နေသည်။ နေရာတိုင်းတွင် လက်ကိုရှစေနိုင်သော ချုံနွယ်များနှင့် ဆူးပင်များသာ ရှိနေ၏။

တစ်ကိုယ်လုံးတွင် ရွှံ့များပေကျံကာ စုတ်ပြတ်သတ်နေပြီး တောင်ပေါ်တွင် လမ်းပျောက်နေသည်မှာ တစ်ရက်တိုင်တိုင် ရှိနေပြီဖြစ်သော ကျင်းအန်းသည် ဤတောနက်ကြီးထဲမှ မည်သို့မှ ထွက်မရနိုင်တော့ချေ။

သို့ပေမည့် မိုးသက်မုန်တိုင်း မကျရောက်မီ မိုးခိုရန်နေရာတစ်ခု ရှာတွေ့ခဲ့သည့်အတွက် သူအလွန် ဝမ်းသာသွားမိသည်။

ကျင်းအန်းသည် ဤကမ္ဘာသို့ ကူးပြောင်းလာခဲ့ခြင်း ဖြစ်သည်။ သူ ဤကမ္ဘာသို့ ကူးပြောင်းလာသည်မှာ တစ်ရက်ရှိပြီ ဖြစ်၏။

သူသည် ရှစ်လပိုင်းကုန် ကိုးလပိုင်းအစတွင် နတ်ဘုရားများ၏ မွေးရပ်မြေဟု တင်စားခေါ်ဝေါ်ကြသော ခွန်လွန် တောင်တန်းသို့ ကားမောင်း၍ တစ်ကိုယ်တော် ခရီးထွက်ခဲ့ရာမှ ယခုကဲ့သို့ အေးစက်သော နွေဦးရာသီ၏ စိမ်းသက်လှသော တောတောင်ပတ်ဝန်းကျင်သို့ မထင်မှတ်ဘဲ ကူးပြောင်းရောက်ရှိ လာလိမ့်မည်ဟု မည်သူက တွေးထင်မိမည်နည်း။

“ဖြောက်… ဖြောက်…”

သစ်ရွက်များပေါ်သို့ မိုးပေါက်များ ကျဆင်းလာသည်။ နောက်ဆုံးတွင် မိုးရွာချလာပြီး မကြာမီပင် သဲကြီးမဲကြီး ရွာသွန်းလာတော့၏။

လူငယ်တစ်ယောက်က အော်ဟစ်လိုက်သည်။ “အဖေ ... အဖေ မြန်မြန်လာ။ ရှေ့မှာ မိုးခိုလို့ရမယ့် ကျောင်းဆောင်တစ်ခု ရှိတယ်။”

အဖေဖြစ်သူက ပြန်ပြောလိုက်၏။ “ရှောင်ပေါင် ... သိပ်မြန်မြန်မပြေးနဲ့။ တောင်ပေါ်မှာ မိုးရွာရင် လမ်းချော်ပြီး လဲကျတတ်တယ်။”

မိုးထဲရေထဲတွင် သားအဖနှစ်ဦးသည် ခေါင်းကိုအုပ်ကာ တောကျောင်းငယ်လေးထဲသို့ ပြေးဝင်လာကြသည်။

လူငယ်လေးက အော်ပြောလိုက်၏။ “အဖေ… ဒီမှာ လူတစ်ယောက် ရှိနေတယ်။”

ဆယ့်သုံး၊ ဆယ့်လေးနှစ်အရွယ် လူငယ်လေးသည် ကျောင်းဆောင်ထဲသို့ အရင်ပြေးဝင်လာပြီး ကျင်းအန်းကြောင့် လန့်ဖြန့်ကာ ခုန်ပေါက်သွား၏။ ဤတောနက်ထဲရှိ ကျောင်းဆောင်ငယ်လေးထဲတွင် အခြားလူတစ်ဦး ရှိနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

အဖေဖြစ်သူက ပြောလိုက်သည်။ “ရှောင်ပေါင်... လျှောက်မပြေးနဲ့။ အဖေ့အနားမှာ ရပ်နေ။ သခင်လေး... ခင်ဗျားလည်း ဒီမှာ မိုးလာခိုတာလား။”

ထိုဖခင်၏ ခန္ဓာကိုယ်မှာ မည်းနက်ကျစ်လျစ်နေပြီး ကြည့်လိုက်သည်နှင့် ရိုးသားအေးချမ်းသော တောင်ပေါ်သား တစ်ဦးမှန်း သိသာ၏။

ဒေသသုံးစကားသံဖြစ်သော်လည်း ကျင်းအန်းသည် ခန့်မှန်း၍ နားထောင်ရာ ခုနစ်ဆယ်၊ ရှစ်ဆယ်ရာခိုင်နှုန်းခန့် နားလည်သည်။ ကွေချွမ်းဒေသ၏ စကားသံနှင့် အနည်းငယ် ဆင်တူသော်လည်း အတိအကျတော့ မဟုတ်ပေ။

မိုးထဲရေထဲမှ ထိုသားအဖနှစ်ဦးသည် ထင်းခုတ်သမားများဖြစ်ပုံရပြီး ကျောတွင် စည်းနှောင်ထားသော ထင်းများကို လွယ်ထားကြသည်။

၎င်းတို့ဝတ်ဆင်ထားသော အဝတ်အစားများမှာ ရှေးဟောင်းတရုတ်ပုံစံဖြစ်ပြီး အတွင်းတွင် ကြမ်းတမ်းသော လျှော်တေအဝတ်ကို ဝတ်ဆင်ထားကာ အပြင်ဘက်တွင်မူ အအေးဒဏ်ကို ကာကွယ်ရန် တိရစ္ဆာန်သားရေကို ဝတ်ဆင်ထားကြ၏။

ဤမြင်ကွင်းသည် ရှေးဟောင်းရုပ်ရှင် ရိုက်ကူးရေးစင်မြင့်ပေါ်သို့ ရောက်ရှိသွားသကဲ့သို့ပင်။ ကျင်းအန်း အံ့အားသင့်ကာ ကြက်သေ သေသွားမိသည်။

ထိုအချိန်မှာပဲ ခေါင်းပေါ်မှ လျှပ်စီးတစ်ကြောင်း ထပ်မံလက်လာပြီး ကျောင်းဆောင်ငယ်ကို ဖြူရော်ရော် အရောင်ဖြင့် လင်းထိန်သွားစေ၏။

ထို့အတူ ကျောင်းဆောင်ထဲတွင် ပူဇော်ထားသော အမျိုးသမီးရွှံ့ရုပ်တုတစ်ခုကိုလည်း လင်းထိန်သွားစေ၏။ စွန့်ပစ်ထားသည်မှာ ကြာပြီဖြစ်သောကြောင့်လား မသိချေ၊ ရွှံ့ရုပ်တု၏ ဦးခေါင်းမှာ ပျောက်ဆုံးနေသည်။ ခေါင်းမရှိသော ဤတောကျောင်းငယ်လေးတွင် မည်သူ့ကို ပူဇော်ထားမှန်း မသိနိုင်ချေ။

ကျင်းအန်းထံမှ ပြန်လည်ဖြေကြားသံ မကြားရချိန်မှာတော့ ထိုသားအဖနှစ်ဦးသည် ကျင်းအန်းကို စကား မပြောတတ်သူဟုသာ ထင်မှတ်သွားကြပြီး သတိထားကာ ခပ်ဝေးဝေးတွင် နေ၍ သူတို့အလုပ်ကိုသာ ဆက်လုပ်နေကြ၏။

သူတို့သည် ကျောင်းဆောင်ထဲမှ ခြောက်သွေ့သော မြက်အချို့ကို ရှာဖွေကာ မီးမွှေးရန် ပြင်ဆင်ကြ၏။ ထို့နောက် မိုးမစိုသော ထင်းများကို ရွေးချယ်ပြီး ဖခင်ဖြစ်သူက ကျွမ်းကျင်စွာဖြင့် မီးခတ်ကျောက်ကိုထုတ်ကာ မီးမွှေးလိုက်သည်။

မကြာမီတွင် တောကျောင်းငယ်လေးထဲ၌ နွေးထွေးသော မီးပုံလေးတစ်ခု တောက်လောင်လာပြီးနောက် ၎င်းတို့နှင့်အတူ ပါလာသော ရိက္ခာခြောက်များကို ထုတ်ယူလိုက်ကြသည်။ ထိုအရာမှာ အေးခဲမာကျောနေသော ပေါင်မုန့်ပြားများ ဖြစ်၏။

သားအဖနှစ်ဦးသည် ပေါင်မုန့်ပြားများကို မီးပုံပေါ်တွင် ကင်၍ နွေးစေပြီးနောက် ဝါးကျည်တောက်ဖြင့် ခံထားသော မိုးရေနှင့် တွဲဖက်၍ စားသောက်ကြသည်။

“ဂွီ… ဂွီ…”

မုန်ညင်းခြောက်ပေါင်မုန့်ကင်၏ မွှေးပျံ့သောအနံ့ကို ရှူရှိုက်မိပြီးနောက် ပါးစပ်ထဲတွင် သွားရည်များ ယိုစိမ့်လာသည်။ ကျင်းအန်း၏ ဗိုက်ထဲမှလည်း ဆာလောင်မွတ်သိပ်စွာဖြင့် အသံများ ထွက်ပေါ်လာ၏။

ကျင်းအန်း မျက်နှာပူသွားမိ၏။ သူသည် တောင်ပေါ်တွင် လမ်းပျောက်နေသည်မှာ တစ်ရက်တိုင်တိုင် ရှိနေပြီဖြစ်ပြီး တစ်နေကုန် ထမင်းတစ်စေ့မှ မစားရသေးဘဲ အအေးဒဏ်နှင့် ဆာလောင်မှုကိုပါ ခံစားနေရခြင်း ဖြစ်သည်။

သက်လတ်ပိုင်းအရွယ် ဖခင်ဖြစ်သူသည် နေပူမိုးရွာဒဏ်ကို အမြဲခံရသောကြောင့် မျက်နှာအရေပြားမှာ မည်းနက်ကြမ်းတမ်းနေ၏။

သို့ပေမည့် သူသည် သူစိမ်းများကို ခွဲခြားဆက်ဆံခြင်း မရှိဘဲ ကျင်းအန်းအား ပေါင်မုန့်တစ်ဝက်ကို ကမ်းပေးရင်း ကြင်နာစွာ ပြောလိုက်သည်။ “ညီလေး… ဆာနေပြီမလား။ ဒီမှာ ပေါင်မုန့်တစ်ဝက် ကျန်သေးတယ်။ ညီလေး မရွံဘူးဆိုရင် ဒီပေါင်မုန့်တစ်ဝက်နဲ့ ဗိုက်ကို အရင်ဖြည့်ထားလိုက်။”

ကျင်းအန်းသည် တကယ်ကို ဆာလောင်နေပြီဖြစ်ရာ ကျေးဇူးတင်စကား ပြောကြားပြီးနောက် ထိုပေါင်မုန့် တစ်ဝက်ကို အလောတကြီး စားသောက်ပစ်လိုက်၏။

ဤကိစ္စပြီးနောက် သူတို့အကြား ဆက်ဆံရေးမှာ များစွာ ရင်းနှီးသွားခဲ့ပြီး ကျင်းအန်းသည်လည်း ဤသားအဖ နှစ်ဦး၏ အခြေခံအချက်အလက်များကို အကြမ်းဖျင်း သိရှိခွင့်ရလိုက်သည်။

ဖခင်ဖြစ်သူ၏ အမည်မှာ ဝမ်ထျဲကန်းဖြစ်ပြီး လူငယ်လေးမှာ ဝမ်ရှောင်ပေါင် ဖြစ်၏။ သူတို့ရှေ့ရှိ တောင်တန်းသည် ဒေသခံများအကြားတွင် အမည်နာမ မရှိဘဲ ဤကဲ့သို့သော သာမန်တောင်တန်းများစွာ ရှိ၏။

ဤသားအဖနှစ်ဦးမှာမူ အနီးအနားတွင် နေထိုင်ကြသော တောင်ပေါ်သားများဖြစ်ပြီး ပုံမှန်အားဖြင့် ထင်းခုတ်ခြင်း၊ အမဲလိုက်ခြင်းတို့ဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။

ယခင်ကဆိုလျှင် ဤသားအဖနှစ်ဦးသည် တောနက်ထဲသို့ ဤမျှအထိ လုံးဝမဝင်ရောက်ခဲ့ဖူးပေ။ ယနေ့ ထင်းခုတ်ရန် တောထဲဝင်လာစဉ် တောဝက်မိသားစုတစ်စု နေရာပြောင်းရွှေ့သည်နှင့် ရုတ်တရက် ဆုံတွေ့ခဲ့ရခြင်း ဖြစ်၏။

တောင်ပေါ်ရှိ မုဆိုးတိုင်းသည် နံပါတ်တစ်က တောဝက်၊ နံပါတ်နှစ်က ဝက်ဝံ၊ နံပါတ်သုံးက ကျား ဟူသော စကားကို သိကြသည်။ တောဝက်များသည် အလွန် ရက်စက်ကြမ်းကြုတ်ပြီး အရွယ်ရောက်ပြီးသော တောဝက်များကို ဝက်ဝံနှင့် ကျားများပင် သွားရောက်ရန်စရန် မဝံ့ရဲကြချေ။

သားအဖနှစ်ဦးသည် ကြောက်လန့်တကြားဖြင့် ထွက်ပြေးခဲ့ကြရာ အမှတ်မထင် တောနက်ထဲသို့ ရောက်ရှိသွားပြီး ယခုကဲ့သို့ အခြေအနေမျိုးနှင့် ကြုံတွေ့ရခြင်း ဖြစ်သည်။

စကားပြောဆိုနေရင်း ညအမှောင်ထု ကြီးစိုးလာပြီး အိပ်ချင်စိတ်များ ပြင်းထန်လာကာ သုံးဦးစလုံး နံရံထောင့်ကို မှီ၍ အသီးသီး အိပ်ပျော်သွားကြ၏။ ဤအိပ်စက်ခြင်းသည် မည်မျှကြာသွားမှန်း မသိနိုင်ချေ။

တရေးတမော အိပ်ပျော်နေစဉ် ကျင်းအန်းသည် အသံအချို့ကို ကြားလိုက်ရသည်။ သူသည် အိပ်ချင်မူးတူးဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်၏။

ဝမ်ရှောင်ပေါင်သည် မြက်ခြောက်ပုံပေါ်မှ ထလာသည်ကို မြင်လိုက်ရ၏။ လူငယ်လေးသည် မျက်လုံးများကို ပွတ်ကာ တောကျောင်းငယ်ပြင်ပသို့ ထွက်သွားရင်း ဘောင်းဘီခါးပတ်ကို ဖြေနေသည်။

ဝမ်ထျဲကန်းသည် လန့်နိုးလာပြီး အိပ်ချင်မူးတူးဖြင့် အော်မေးလိုက်၏။ “ရှောင်ပေါင်... မင်း ဘယ်သွားမလို့လဲ။”

ဝမ်ရှောင်ပေါင်က ပြန်ဖြေလိုက်သည်။ “အဖေ ... သား သေးသွားပေါက်မလို့။”

ဝမ်ကျဲကန်းက ပြောလိုက်၏။ “ဒါဆိုရင်လည်း တံခါးဝမှာပဲ ပေါက်လိုက်။ အဝေးကြီး မသွားနဲ့နော်။”

“ဟုတ်ကဲ့။”

ယနေ့ညတွင် သူ အဘယ်ကြောင့် ဤမျှလောက် အိပ်ချင်နေမှန်း ကျင်းအန်း မသိပေ။ မျက်ခွံများသည် ခဲများ ဖုံးလွှမ်းနေသကဲ့သို့ လေးလံနေပြီး မကြာမီ ပြန်လည်အိပ်ပျော်သွားတော့သည်။

တောင်ပေါ်တွင် အချိန်ကို မှန်းဆရန် အရာဝတ္ထု မရှိချေ။ ဤတစ်ကြိမ် ကျင်းအန်း မည်မျှကြာအောင် အိပ်ပျော်သွားမှန်း မသိလိုက်ပေ။ ဝမ်ထျဲကန်း၏ စိုးရိမ်တကြီး အော်ဟစ်သံကြောင့် သူ နိုးလာခဲ့၏။

ဝမ်ထျဲကန်းက စိုးရိမ်တကြီးဖြင့် အော်ခေါ်နေသည်။ “ရှောင်ပေါင်… ရှောင်ပေါင်…. ရှောင်ပေါင် မင်းဘယ်မှာလဲ။ အဖေ့ကို လာမခြောက်နဲ့နော်။”

ကျင်းအန်းသည် လန့်ဖြန့်ကာ ထထိုင်လိုက်ပြီး မေးလိုက်၏။ “ဦးလေးဝမ်... ဘာဖြစ်တာလဲ။ ဝမ်ရှောင်ပေါင် သေးသွားပေါက်တာ မဟုတ်ဘူးလား။ သူ ပြန်မလာသေးဘူးလား။”

ဝမ်ထျဲကန်းက ငိုယိုကာ ပြောလိုက်သည်။ “ဒါတွေအားလုံး ငါ့အမှားတွေပဲ။ ဘာလို့လဲမသိဘူး ဒီနေ့ငါ အိပ်ပျော်တာ တအားမြန်သွားတယ်။ ရှောင်ပေါင်ကို သေချာ မစောင့်ကြည့်နိုင်ခဲ့ဘူး။ စောစောက အိပ်မက်ထဲမှာ ရှောင်ပေါင် ငိုနေတာကို မြင်မက်တယ်။ နာတယ်လို့လည်း အော်နေတယ်။

ဒီကျောင်းဆောင်ထဲမှာ သရဲရှိတယ်၊ ရွှံ့ရုပ်တုက သူ့ကို စားနေတယ်၊ သူ အကုန်စားခံရတော့မယ်ဆိုပြီး ငိုယိုအော်ဟစ်ပြီး ငါ့ကို မြန်မြန်ထွက်ပြေးဖို့ ပြောနေတယ်။ ငါ နိုးလာတော့ တစ်ကျောင်းလုံး ပတ်ရှာပေမယ့် ရှောင်ပေါင်ကို ရှာမတွေ့တော့ဘူး။”

ကလေးပျောက်ဆုံးသွားမှုကြောင့် ဝမ်ထျဲကန်းသည် အလွန်အမင်း စိုးရိမ်ပူပန်နေ၏။

ကျင်းအန်းလည်း အံ့အားသင့်သွား၏။ သူ၏ မျက်လုံးများသည် ကျောင်းဆောင်ထဲရှိ ခေါင်းမရှိသော ရွှံ့ရုပ်တုဆီသို့ အလိုအလျောက် ရောက်ရှိသွားသည်။

ယခုတစ်ကြိမ် ခေါင်းမရှိသော ရွှံ့ရုပ်တုကို ကြည့်လိုက်ချိန်မှာတော့ မည်သို့ဖြစ်သည်မသိ၊ ရင်ထဲတွင် ထိတ်လန့်စရာကောင်းလှပြီး တစ်စုံတစ်ယောက်က သူ့ကို စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရ၏။

ကျင်းအန်း နေထိုင်ရာခေတ်တွင် တစ္ဆေသရဲနှင့် နတ်ဘုရားများကို မယုံကြည်ကြပေ။ သူသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သတ္တိမွေးကာ မြေပေါ်တွင် ချထားသော ဝမ်ထျဲကန်း၏ ထင်းခုတ်ဓားကို ယူလိုက်၏။ ထို့နောက် ခေါင်းမရှိသော ရွှံ့ရုပ်တုရှေ့သို့ အပြေးအလွှားသွား၍ အဆက်မပြတ် ခုတ်ပိုင်းချလိုက်တော့သည်။

“ဒုတ်… ဒုတ်…”

အဆုံးတွင်မူ ရွှံ့ရုပ်တုထဲမှ သွားဖြင့်ဝါးဖြတ်ခံထားရသော လူငယ်လေး၏ လက်တစ်ဖက်နှင့် သွေးသံရဲရဲ ဖြစ်နေသော ဝမ်ရှောင်ပေါင်၏ ဦးခေါင်းတစ်ခု ထွက်ကျလာခဲ့၏။

ဝမ်ထျဲကန်းသည် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး သားဖြစ်သူ၏ ဦးခေါင်းရှေ့သို့ ပြေးသွားကာ ခေါင်းကိုပိုက်၍ ငိုကြွေးတော့သည်။

သို့ပေမည့် ကျင်းအန်းမှာမူ ရွှံ့ရုပ်တုရှေ့တွင် ရပ်နေရင်း မလှုပ်ရှားရဲတော့ချေ။ မျက်နှာအမူအရာများလည်း တောင့်တင်းနေ၏။ အဘယ်ကြောင့်ဆိုသော် ရွှံ့ရုပ်တုထဲတွင် ဝမ်ရှောင်ပေါင်၏ အစိတ်အပိုင်းများအပြင် ဝမ်ထျဲကန်း၏ အလွန်အမင်း ပုပ်သိုးနေသော ခန္ဓာကိုယ်တစ်ပိုင်းကိုပါ တွေ့လိုက်ရသောကြောင့်ပင်။

ထိုပုပ်သိုးနေမှု အတိုင်းအတာအရဆိုလျှင် အနည်းဆုံး သေဆုံးသွားသည်မှာ ဆယ်ရက်ကျော် လဝက်ခန့် ရှိနေပြီဖြစ်သည်။ သို့ပေမည့် ယခု ဝမ်ထျဲကန်းသည် သူ၏ခြေရင်းတွင် သားဖြစ်သူ၏ ဦးခေါင်းကိုဖက်ကာ အသဲအသန် ငိုကြွေးနေချေ၏။

ကျင်းအန်းတစ်ယောက် ကြက်သီးမွေးညင်းများပင် ထသွားတော့သည်။

………………

All Chapters