← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

အပိုင်း (၄) ချန်ဟုခေါ်သော ခရိုင်မြို့တစ်ခု

တောင်ပေါ်တွင် လရောင်မှာ မှေးမှိန်အေးစက်နေ၏။

အလှမ်းကွာဝေးလှသော အဆုံးအစမရှိ အထီးကျန်ဆန်လှသော အရပ်လေးမျက်နှာကို ငေးကြည့်ရင်း ကျင်းအန်းသည် အထီးကျန်မှုနှင့် အိမ်လွမ်းစိတ်တို့ ရောယှက်ကာ ရင်ထဲမှ ဝမ်းနည်းမှုများ ပေါ်ပေါက်လာပြီး သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိသည်။

ထို့နောက် သူသည် တောင်အောက်ရှိ ချိုင့်ဝှမ်းမြေနိမ့်ပိုင်းရှိရာသို့ လှည့်ကာ ကိုယ်ကိုကိုင်း၍ လက်အုပ်ချီကာ အရိုအသေပေးလိုက်၏။

သူအရိုအသေပေးလိုက်သည်ကို မြင်လိုက်ရချိန်မှာတော့ တာအိုဘုန်းကြီးသည် မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည်။ “မင်း ဘာလို့ လူစားတဲ့ ကျောင်းဆောင်ကို အရိုအသေပေးနေရတာလဲ။”

ကျင်းအန်းက ပြန်ဖြေ၏။ “အသတ်ခံလိုက်ရတဲ့ သားအဖနှစ်ယောက်က အသက်ရှင်စဉ်က ရိုးသားတဲ့ လူကောင်းတွေပါ။ သေသွားပြီးတဲ့နောက်မှာတောင် ကျုပ်အသက်ကို ရန်ရှာဖို့ မစဉ်းစားခဲ့ဘူး။ ကျုပ်ကို အစားထိုးဖို့ မကြိုးစားခဲ့ဘူး။ အဲဒီအစား ကျုပ်ကို အိပ်မက်ထဲကနေ အကြိမ်ကြိမ် လာနှိုးတယ်။ ကျောင်းဆောင်ထဲမှာ သရဲရှိတယ်၊ မြန်မြန်ထွက်ပြေးဖို့ သတိပေးခဲ့တယ်။

ဒါကြောင့် ကျုပ် အရိုအသေပေးတာက ကျောင်းဆောင်ထဲမှာ ပူဇော်ထားတဲ့ နတ်ဘုရားတွေကို မဟုတ်ပါဘူး။ ဝမ်ထျဲကန်း သားအဖနှစ်ယောက်ကို အရိုအသေပေးတာပါ။ သူတို့ရဲ့ ကျေးဇူးကို ကျေးဇူးတင်တာပါ။ သူတို့ ကျုပ်ကို နှစ်ကြိမ်တောင် ကယ်တင်ခဲ့တယ်လို့ ပြောလို့ရတယ်။

အကယ်၍ အခွင့်အရေးရရင် နောင်တစ်ချိန်ကျရင် ဒီနေရာကို ပြန်လာပြီး သူတို့ရဲ့ အရိုးတွေကို ကောက်ယူပြီး ရွာကို ပြန်ပို့ပေးချင်တယ်။ သူတို့ မိသားစု ပြန်လည်ဆုံဆည်းနိုင်အောင်၊ အထီးကျန်တစ္ဆေတွေ မဖြစ်ရအောင်ပါ။ လူကောင်းတွေ ဒုက္ခမရောက်သင့်ဘူး။”

ကျင်းအန်း နောက်ဆုံးစကားကို ပြောလိုက်ချိန်တွင် သူ၏ လေသံမှာ အလွန်လေးနက်နေသည်။

မိုးရွာပြီးနောက် ကောင်းကင်ထက်ရှိ လမင်းသည် လက်တစ်ကမ်းအကွာတွင် ရှိနေသကဲ့သို့ နိမ့်ကျနေသည်။ ရှေးဟောင်းလမင်းကြီးသည် ကောင်းကင်ယံတွင် တွဲလွဲခိုနေ၏။

သက်တမ်းရင့် ထင်းရှူးပင်ကြီးအောက်တွင် အသက်ကြီးသူတစ်ဦးနှင့် လူငယ်တစ်ဦး၏ အရိပ်နှစ်ခု ရပ်နေကြသည်။

အသက်ကြီးသူမှာ အရောင်ငါးမျိုးပါသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ခြေထောက်တွင် အပြာနှင့်အဖြူ ရောယှက်နေသော ဖိနပ်ကို စီးထားသည်။ အသက်အရွယ်အားဖြင့် လေးဆယ်ကျော်ခန့် ရှိပေမည်။

အရောင်ငါးမျိုး တာအိုဝတ်ရုံသည် ဟောင်းနွမ်းနေပြီး ဖြူရော်နေသော်လည်း သန့်ရှင်းသပ်ရပ်ကာ တွန့်ကြေနေခြင်း မရှိချေ။ ၎င်း၏ ပိုင်ရှင်သည် ဤတာအိုဝတ်ရုံကို အလွန်မြတ်နိုးကြောင်း သိသာလှသည်။ အလွန်ဟောင်းနွမ်းနေသော်လည်း လွှင့်ပစ်ရန် မရက်စက်နိုင်ချေ။

ဤသူသည် မိမိကိုယ်ကို သန့်ရှင်းစင်ကြယ်စွာ နေထိုင်တတ်သော တာအိုဘုန်းကြီးတစ်ပါး ဖြစ်သည်။

အခြားတစ်ဦးမှာမူ ပို၍ထူးဆန်းသော လူငယ်တစ်ဦး ဖြစ်သည်။ အသားအရေ ဖြူဖွေးနုဖတ်နေပြီး သွားများလည်း ဖြူစင်ကာ အသက်နှစ်ဆယ်ကျော်ခန့်သာ ရှိသေးပြီး ဆံပင်တိုတို ညှပ်ထား၏။

ချမ်းသာသော ကုန်သည် သို့မဟုတ် အရာရှိမိသားစုမှ ဆင်းသက်လာသော ရုပ်ရည်သန့်ပြန့်သည့် စာပေပညာရှင် တစ်ဦးနှင့်လည်း တူသလို၊ လူ့ဘောင်သို့ ပြန်လည်ဝင်ရောက်လာခါစ ကိုရင်ငယ်တစ်ပါးနှင့်လည်း ဆင်တူနေသောကြောင့် အနည်းငယ် ရှုပ်ထွေးနေပုံရသည်။

တာအိုဘုန်းကြီးက ရုတ်တရက် အကြောင်းအရင်းမရှိ စကားတစ်ခွန်း ပြောပြီး တောင်ပေါ်၏ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။ “လူလာနေတယ်။”

ကျင်းအန်းသည် ဘေးပတ်ဝန်းကျင်ကို ဝေခွဲမရစွာ ကြည့်လိုက်သည်။ လောကကြီးတစ်ခုလုံးသည် မှုန်ဝါးဝါး ဖြစ်နေပြီး ညအမှောင်ထဲတွင် တောင်တန်းများ၏ မှုန်ဝါးဝါးပုံရိပ်များမှလွဲ၍ သူ မည်သည့်အရာကိုမှ မမြင်ရချေ။

တာအိုဘုန်းကြီးသည် လက်ကိုမြှောက်ကာ တောင်အောက်ရှိ ဦးတည်ရာတစ်ခုသို့ လက်ညှိုးထိုးပြလိုက်၏။ ထိုပုံစံမှာ လရောင်အောက်ရှိ လမ်းပြနေသော နတ်ဘုရားတစ်ပါးနှင့် အလွန်တူလှသည်။

တာအိုဘုန်းကြီးက ရှင်းပြလိုက်၏။ “ကွမ်ဖိန်ကျမ်းစာ (မြေပြင်စွမ်းအင် လေ့လာမှုကျမ်း) ထဲမှာ မျှော်ကြည့်ခြင်း အတတ်ပညာဆိုတာ ရှိတယ်။ စာပေပညာရှင်တွေရဲ့ ဝိညာဉ်က စာပေကြယ်တာရာ လူ့ပြည်ဆင်းလာတာလို့ ဆိုကြတယ်။

ပြီးတော့ စာပေပညာရှင်တွေ စာဖတ်တာက ဘိုးဘွားတွေကို ဂုဏ်ပြုဖို့ဖြစ်တဲ့အတွက် သူတို့ဖတ်ခဲ့တဲ့ စာတွေဟာ စာလုံးတိုင်းက တောက်ပနေပြီး စာပေပညာရှင်တွေရဲ့ အပေါက်တစ်ရာကနေ ရောင်ခြည်တစ်သောင်းလို၊ ကျယ်ပြောလှတဲ့ ရှုခင်းတွေလို ဖြာထွက်နေလိမ့်မယ်။

ဒါကြောင့် ရှေးလူကြီးတွေက ကဗျာဆိုတာ နတ်ဘုရားဖြစ်နိုင်တယ်။ စာပေဆိုတာ သူတော်စင်ဖြစ်နိုင်တယ်လို့ တင်စားလေ့ရှိကြတယ်။ ဥပမာအားဖြင့် ကဗျာနတ်ဘုရား၊ စာပေနတ်ဘုရားလိုမျိုး ပထမတန်းစား အရည်အချင်းရှိတဲ့ သူတွေဆိုရင် သူတို့ဆီက ထွက်လာတဲ့ အလင်းရောင်က ကောင်းကင်ယံအထိ ထိုးထွက်နိုင်ပြီး ကြယ်တာရာတွေနဲ့တောင် ယှဉ်ပြိုင်နိုင်တယ်။

သေးငယ်တဲ့ စာမေးပွဲအောင်တဲ့ သူတွေတောင်မှ သူတို့ဆီက ထွက်လာတဲ့ မှိန်ဖျော့တဲ့ အလင်းရောင်က ဆီမီးခွက်လေးတစ်ခုလို တံခါးနဲ့ ပြတင်းပေါက်တွေကို လင်းထိန်စေပြီး လူတွေကို ဉာဏ်ရည် ထက်မြက်စေတယ်။ တစ်လီအကွာ တောင်အောက်က ကားလမ်းမပေါ်မှာ လာနေတဲ့ လူဆီက အလင်းရောင်က တစ်ကျန်းလောက် မြင့်တယ်။

ဒါကြောင့် ငါက လူလာနေတယ်လို့ ပြောတာ။ လာတဲ့သူက အနည်းဆုံးတော့ စာမေးပွဲ အောင်ထားတဲ့ ကျင်ရှီ သို့မဟုတ် ထန်ဟွာ ပဲဖြစ်ရမယ်။”

ကျင်းအန်း အံ့အားသင့်သွား၏။ သူသည် မင်ရည်ကဲ့သို့ နက်မှောင်နေဆဲဖြစ်သော တောင်တန်းကြီးကို လှည့်ကြည့်လိုက်သည်။

ညအမှောင်ထုက သူ့အား အနက်ရောင်မျက်လုံးများကို ပေးစွမ်းထားသော်လည်း ဤညအမှောင်ထဲတွင် မည်သည့်အရာကိုမှ မမြင်ရချေ။

ဤကမ္ဘာတွင် ကြာကြာနေလေလေ သူပိုခံစားရလေလေ ဖြစ်သည်။ ရူပဗေဒဆရာ၏ ခေါင်းတလားအဖုံးကို ဖိထား၍ မရတော့သကဲ့သို့ပင်။ (မျက်လှည့်ဆန်ဆန်၊ သိပ္ပံနည်းကျ ရှင်းပြလို့မရအောင် ရူပဗေဒ သဘောတရားတွေကို ချိုးဖောက်ပြီး ထူးဆန်းအံ့ဩဖွယ် ဖြစ်ပျက်နေတဲ့ အခြေအနေမျိူး)

ကျင်းအန်း၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး မျက်လုံးများတွင် မျှော်လင့်ချက်များ အပြည့်ဖြင့် မေးလိုက်၏။ “တာအိုဆရာ… ကျုပ်ဆီက အလင်းကကော ဘယ်လောက် မြင့်လဲဆိုတာ ကြည့်ပေးပါလား။”

အသိပညာများ ပေါက်ကွဲနေသော အင်တာနက် သမုဒ္ဒရာထဲတွင် နေ့စဉ် ရေကူးနေရသူ တစ်ယောက်အနေဖြင့် ရွှေငါးကြေးခွံသည် ရေကန်ထဲမှ အရာဝတ္ထု မဟုတ်သကဲ့သို့ပင်။

သူဖတ်ဖူးသော စာအုပ်များမှာ ရှေးလူကြီးများ စားခဲ့သော ဆားထက်ပင် ပိုများနေပေလိမ့်မည်။ မည်သို့ပင်ဆိုစေ သူ၏ ခါးပတ်လည်တွင် ရွှေရောင်အလင်းတန်းများ ရစ်ပတ်နေမည် မဟုတ်ပါလား။

သို့ပေမည့် ကျင်းအန်းသည် ဘေးနားရှိ တာအိုဘုန်းကြီးရှိရာသို့ လှည့်ကြည့်လိုက်ချိန်မှာတော့ ထိုနေရာတွင် မည်သူမှ မရှိတော့မည်ကို မည်သူသိမည်နည်း။ ထိုနေရာတွင် လုံးဝ ဟာလာဟင်းလင်း ဖြစ်နေ၏။

နောက်ကျောရှိ သက်တမ်းရင့် ထင်းရှူးပင်ကြီးအောက်တွင် တောရိုင်းထဲ၌ စွန့်ပစ်ခံထားရသော သွေးသံရဲရဲ တာအိုဘုန်းကြီး၏ အလောင်းတစ်လောင်းသာ ရှိနေတော့သည်။

တာအိုဘုန်းကြီး၏ အလောင်းမှာ မပြည့်စုံတော့ချေ။ အောက်ပိုင်းမှာ ပျောက်ဆုံးနေပြီး သွေးများ ပေကျံနေသော အရောင်ငါးမျိုး တာအိုဝတ်ရုံ ဝတ်ဆင်ထားသည့် အပေါ်ပိုင်းသာ ကျန်ရှိတော့သည်။ အားအလွန်ကြီးသော ဘီလူးတစ်ကောင်က အရှင်လတ်လတ် နှစ်ပိုင်းဆွဲဖြဲလိုက်သကဲ့သို့ပင်။

တာအိုဘုန်းကြီးသည် သက်တမ်းရင့် ထင်းရှူးပင်ကြီးကို မှီကာ လက်နှစ်ဖက်ဖြင့် မုဒြာကို ပြုလုပ်ထားပြီး အလွန် အေးချမ်းစွာ သေဆုံးသွားပုံရသည်။ မျက်နှာပေါ်တွင် နာကျင်နေသည့် အမူအရာ မရှိပေ။ ထူးဆန်းသည်မှာ ဤမျှပြင်းထန်သော သွေးနံ့များက တောရိုင်းတိရစ္ဆာန်များကို မဆွဲဆောင်နိုင်ခြင်းပင် ဖြစ်သည်။

‘ဒါက လက်မုဒြာကြောင့်များလား။’

နှင်းကဲ့သို့ ဖြူရော်နေသော လရောင်သည် တောနက်ကြီးထဲမှ ကျင်းအန်း တစ်ယောက်တည်း၏ မျက်နှာပေါ်သို့ ကျရောက်နေပြီး အနည်းငယ် ဖြူရော်နေပုံရ၏။

လူသူကင်းမဲ့သော တောတောင်ထဲတွင်…

ကျားဟိန်းသံနှင့် မျောက်အော်သံများ ထွက်ပေါ်နေပြီး အထီးကျန် တစ္ဆေသရဲများသာ ကျက်စားရာ နေရာများ ဖြစ်လို့နေသည်။

“သောက်ကျိုးနည်း...”

ကျင်းအန်းတစ်ယောက် ထပ်မံ၍ ကြက်သီးထသွားပြန်၏။

………………..

နှစ်ရက်အကြာ ညနေဆည်းဆာအချိန်…

နွေဦးရာသီ၏ မိုးကြိုးပစ်ပြီးနောက် ချင်းမင်ပွဲတော် နီးကပ်လာသည်နှင့်အမျှ ရာသီဥတုမှာ တဖြည်းဖြည်း နွေးထွေးလာ၏။ ယနေ့သည် သာယာသော နေ့တစ်နေ့ ဖြစ်သည်။

ချန်ခရိုင်အတွင်းတွင် အလွန်စည်ကားနေပြီး လူသံများ ဆူညံနေသည်။ ကလေးငယ်များ ပြေးလွှား ဆော့ကစားနေသည့်အသံများ၊ အော်ဟစ်သံများ၊ ဈေးသည်များ၏ အော်ဟစ်ရောင်းချသံများဖြင့် ပြည့်နှက်နေ၏။

“ရင်ဘတ်ပေါ်မှာ ကျောက်တုံးခွဲမယ်…”

“အစ်မကို သင်္ဂြိုဟ်ဖို့ ကိုယ်ခန္ဓာကို ရောင်းမယ်...”

“သကြားလုံး ... ကြွပ်ကြွပ်လေးနဲ့ ချိုတယ်။ တုတ်ထိုးသကြားလုံး...”

“ဘိုးဘွားစဉ်ဆက် လက်မှုပညာ... ကြီးကြီးသေးသေး ရှည်ရှည်တိုတို သကြားရုပ်လေးတွေ နယ်ပေးမယ်...”

“အမေ... အမေ… သား ခွေးရုပ် လိုချင်တယ်။ ခွေးရုပ် လိုချင်တယ်။ မရဘူး အမေ... သား ခွေးရုပ်ပဲ လိုချင်တယ်။”

ကလေးငယ်အချို့သည် လမ်းဘေးရှိ သကြားရုပ်နယ်သည့် ဆိုင်ကို လက်ညှိုးထိုးကာ မြေပြင်ပေါ်တွင် လူးလှိမ့်ငိုယိုနေကြသည်။

လူအုပ်ကြီး ပြည့်နှက်နေသော လမ်းမပေါ်တွင် အဆင်တန်ဆာ မပါသော လျှော်တေအင်္ကျီ ဝတ်ဆင်ထားသည့် သာမန်ပြည်သူများ ရှိသကဲ့သို့၊ ခါးတွင် ကျောက်စိမ်းခါးပတ် စည်းထားပြီး ဖုန်တစ်စက်မှ မတင်သော သို့မဟုတ် ပန်းရောင် ဆီးနှင်းမြေခွေးသားရေအင်္ကျီကို ဝတ်ဆင်ထားသည့် ချမ်းသာသော မိသားစုမှ သခင်လေးများနှင့် သခင်မလေးများလည်း ရှိနေ၏။

သေချာပေါက် ဓားပြားပေါ်မှ သွေးလျက်ကာ အသက်ရှင်နေရသော ကျင့်ကြံခြင်းလောကမှ သိုင်းသမားများလည်း မပါမဖြစ်ပင်။ ထိုသိုင်းသမားများ၏ မျက်နှာများတွင် အသားမာများ ပြည့်နှက်နေပြီး သွေးကြောများ ဖောင်းကြွနေကာ ကြွက်သားများ အပြည့်အမောက် ရှိနေသည်။

နူးညံ့သိမ်မွေ့သော ချမ်းသာသည့် သခင်လေးများနှင့် သခင်မလေးများကို ကြည့်လိုက်တိုင်း သူတို့၏ အကြည့်များမှာ မလိုမုန်းတားမှုများ ပြည့်နှက်နေပြီး အသတ်ခံရတော့မည့် သိုးဆူကြီးများကို ရွေးချယ်နေ သကဲ့သို့ပင်။

ဤအချိန်တွင် ညအမှောင်ကျလာတော့မည်ဖြစ်ရာ လမ်းဘေးရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင် များတွင် လူအများအပြား ထိုင်နေကြပြီဖြစ်သည်။

၎င်းတို့အနက် ရွှီမိသားစု လက်ဖက်ရည်ဆိုင်ဟု ရေးသားထားသော ဝါးတိုင်စိုက်ထူထားသည့် ဆိုင်တစ်ဆိုင်၏ မြေညီထပ်တွင် လူများ ထက်ဝက်ကျော် ပြည့်နေပြီဖြစ်၏။

ထိုလူများထဲတွင် အင်္ကျီရှည်ဝတ်ဆင်ထားသော စာပေပညာရှင်များ၊ သူဌေးအဝတ်အစား ဝတ်ဆင်ထားသော သူဌေးများ၊ မိန်းမငယ်များကို ခေါ်ဆောင်လာသော ကုန်သည်များ ပါဝင်သည်။

လူများသည် ချင်းမင်ပွဲတော်မတိုင်မီက ခူးဆွတ်ထားသော အနုဆုံး လက်ဖက်ရည်သစ်ကို သောက်သုံးရင်း ပုံပြောဆရာ ပြောပြနေသော ချန်ခရိုင်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် သတင်းအသစ်များကို နားထောင်နေကြ၏။

ပြည်သူလူထုအကြားတွင် ချင်းမင်ပွဲတော်မတိုင်မီ လက်ဖက်ရည်သည် ရွှေကဲ့သို့ တန်ဖိုးကြီးသည် ဟူသော စကားပုံတစ်ခု ရှိသည်။

ထိုအရာမှာ ချင်းမင်ပွဲတော်မတိုင်မီ ခူးဆွတ်ထားသော လက်ဖက်ခြောက်ကို ရည်ညွှန်းခြင်းဖြစ်သည်။ အရွက်များမှာ နုနယ်ပြီး အရောင်မှာ စိမ်းလန်းကာ အနံ့မှာ မွှေးပျံ့လှ၏။ အရသာမှာလည်း ချိုမြိန်ပြီး ပုံပန်းသဏ္ဍာန်မှာ လှပသောကြောင့် လက်ဖက်ခြောက်များထဲတွင် အကောင်းဆုံး ဖြစ်သည်။

အချို့သော အကောင်းဆုံး လက်ဖက်ရွက်သစ်များဆိုလျှင် မူလအနံ့ကို ထိန်းသိမ်းထားနိုင်ရန် အရွယ်ရောက်ခါစ မိန်းမပျိုလေးများ၏ နှုတ်ခမ်းများဖြင့် ခူးဆွတ်ရန်ပင် လိုအပ်ပေရာ သာမန်လူများ သောက်သုံးနိုင်ရန် မလွယ်ကူလှချေ။

“တောက်...”

ပုံပြောဆရာ၏ လက်ထဲမှ သစ်သားတုံး ရိုက်သံထွက်ပေါ်လာပြီး ပုံပြင်ကို ဖြည်းညင်းစွာ စတင်ပြောပြလေသည်။

ပုံပြောဆရာက ပြောလိုက်၏။ “လွန်ခဲ့တဲ့ နှစ်ရက်က ကျုပ်တို့ ချန်ခရိုင်ထဲမှာ မိုးကြိုးနတ်မင်းက အလောင်းကို ပစ်ခတ်တဲ့ အမှုဆိုတဲ့ ထူးဆန်းတဲ့ အမှုတစ်ခု ဖြစ်ပွားခဲ့တယ်။ ဒီကိစ္စက အပြီးသတ် ဆုံးဖြတ်ချက်ကျသွားပြီလို့ ထင်ရပေမယ့် ရွာထဲကို ညတွင်းချင်း မြင်းလှည်းတစ်စီး ရောက်လာခဲ့တယ်။

မြင်းလှည်းပေါ်မှာ ညဘက် ခရီးသွားနေတဲ့ လူသုံးယောက် ပါလာတယ်။ ရထားထိန်းတစ်ယောက်၊ စာပေပညာရှင်တစ်ယောက်နဲ့ သခင်လေးတစ်ယောက်တို့ ဖြစ်ပြီး သူတို့က ရွာထဲမှာ တစ်ညတည်းခိုဖို့ တောင်းဆိုခဲ့ကြတယ်။

အဲဒီထဲက အရပ်ရှစ်ပေလောက်နဲ့ အနံ ရှစ်ပေ ကျယ်ပြီး ခန့်ညားထည်ဝါတဲ့ သခင်လေးတစ်ယောက်က ရွာထဲမှာ လူသေမှု ဖြစ်ပွားခဲ့တဲ့ အကြောင်းကို ကြားတော့ ရွာသားတွေက လူ့အသက်ကို မြက်ပင်လို သဘောထားပြီး အယူသီးလွန်းတယ်ဆိုပြီး ဆဲဆိုပါလေရော။

မိုးကြိုးနတ်မင်းက အလောင်းကို ပစ်ခတ်တဲ့ အမှုလို့ ထင်ရပေမယ့် တကယ်တော့ အဲဒီအမှုထဲမှာ နောက်ထပ် အမှုတစ်ခု ပုန်းကွယ်နေတာပဲ။ အဲဒီသခင်လေးက အမှုကို ဖော်ထုတ်ပြီးတဲ့နောက်မှာတော့ နန်းတော်ရဲ့ နိုင်ငံတော်ရေးရာနဲ့ သက်ဆိုင်တဲ့ တခြားအမှုကြီးတစ်ခုနဲ့တောင် မတော်တဆ ပတ်သက်သွားသေးတယ်။ အလောင်းတစ်လောင်းထဲမှာ အမှုတွေ တစ်ခုပြီးတစ်ခု ထပ်နေတာက လူတွေကို အံ့အားသင့်သွားစေတယ်။

ဒီအမှုရဲ့ အသေးစိတ်ကို သိချင်ရင် နောက်လာမယ့်အပိုင်းမှာ အဘိုးကြီး ကျုပ်က ပရိသတ်ကြီးကို ဖြည်းဖြည်းချင်း ပြောပြပေးပါ့မယ်။

ဒီလိုပါ... ချန်ခရိုင်ရဲ့ အနောက်တောင်ဘက် ဆယ်လီအကွာမှာ ရှန်ဖန်းဆိုတဲ့ တိတ်ဆိတ်တဲ့ ရွာလေးတစ်ရွာ ရှိတယ်။ ဒီနေ့ ပြောပြမယ့် အကြောင်းအရာကတော့ လွန်ခဲ့တဲ့ နှစ်ရက်က ရှန်ဖန်းရွာမှာ ဖြစ်ပွားခဲ့တဲ့ ထူးဆန်းတဲ့ အမှုတစ်ခုအကြောင်းပါပဲ။

ရှန်ဖန်းရွာမှာ လီမျိုးနွယ် အမျိုးသမီးတစ်ယောက် ရှိတယ်။ သူ့ခင်ပွန်းနာမည်က လီချိုက်လျန် တဲ့။ သူတို့ ဇနီးမောင်နှံက အရမ်းမချမ်းသာပေမယ့် စိတ်သဘောထားချင်း တိုက်ဆိုင်ပြီး ကြိုးကြိုးစားစား အလုပ် လုပ်ကြတော့ ပိုင်ဆိုင်မှု အနည်းအကျဉ်းရှိပြီး စားဝတ်နေရေး ပူပန်စရာမလိုဘူး။ ပြီးတော့ သားတစ်ယောက်လည်း ရှိတယ်။

အဲဒီနေ့ ညနေစောင်း အချိန်လောက်ပေါ့။ တစ်နေကုန် လယ်ထဲမှာ အလုပ်လုပ်ပြီးတဲ့နောက် လီချိုက်လျန်တို့ ဇနီးမောင်နှံ နှစ်ယောက်က ထုံးစံအတိုင်းပဲ။ ဇနီးဖြစ်သူက ညစာချက်ဖို့ အိမ်ကို အရင်ပြန်တယ်။ လီချိုက်လျန်ကတော့ အိမ်ကို ချက်ချင်းမပြန်သေးဘဲ လယ်ထဲက နွားကြီးကို ဆွဲပြီး မိုးမချုပ်ခင် ရွာထဲက နောက်မိသားစုဆီကို ပို့ပေးတယ်။ တခြားသူတွေ နွေဦးရာသီ လယ်ထွန်ချိန် နောက်ကျသွားမှာ စိုးလို့လေ။

ဒေသအသီးသီးက ရွာတွေမှာ ဒီလို မိသားစု အနည်းငယ် ဒါမှမဟုတ် တစ်ရွာလုံးက ထွန်ယက်ဖို့ နွားတစ်ကောင်တည်းကို စုပေါင်းမွေးမြူတာက သာမန်ပါပဲ။ ဒါပေမဲ့ လီချိုက်လျန်က ကျွဲကိုပြန်ပို့ပြီး အိမ်အပြန်လမ်းမှာ ထူးဆန်းတဲ့ကိစ္စ ဖြစ်ပွားခဲ့တယ်…”

………………

All Chapters