← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

အပိုင်း (၅) ဆန်တစ်နပ်ပေးလျှင် ကျေးဇူးတင်၊ တစ်တင်းပေးလျှင် ရန်သူပင်

ကောင်းကင်ယံထက်မှ မိုးခြိမ်းသံကြီး တစ်ချက် ပေါက်ကွဲသွားခဲ့ပြီး လူတစ်ယောက် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားခဲ့ရသည်။

ထိုသူမှာ လီဆိုက်လျန် ဖြစ်ပြီး အိမ်အပြန်လမ်းတွင် မြစ်ကမ်းဘေးသို့ အရောက်၌ မိုးကြိုးထိမှန်ကာ သေဆုံးခဲ့ရခြင်း ဖြစ်၏။

ထိုအချိန်တွင် လယ်ယာလုပ်ငန်းများ သိမ်းဆည်း၍ အိမ်သို့ ပြန်လာကြသော ရွာသား အများအပြား ရှိနေခဲ့ကြသည်။

သူတို့ အားလုံးသည် လီဆိုက်လျန် မိုးကြိုးပစ်ခံရသည့် မြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ကြရ၏။

ကောင်းကင်မှ မိုးကြိုးသံကြီး ဂျိန်းခနဲ မြည်ဟည်းသွားကာ မြေကြီးနှင့် ကျောက်ခဲများ လွင့်စင်သွားခဲ့ပြီး မိုးမခပင်ကြီးပင် ကျိုးပြတ်သွားခဲ့ရသည်။

ထိုနေရာတွင် မည်းနက်နေသော ကျင်းကြီး တစ်ကျင်း ဖြစ်ပေါ်သွားခဲ့ပြီး မြစ်ကမ်းဘေးတွင် လျှောက်လှမ်း နေသော လီဆိုက်လျန်မှာ နှစ်လပိုင်း၏ အေးစက်လှသော မြစ်ရေထဲသို့ ကျဆင်းသွားခဲ့ကာ ရုပ်အလောင်းပင် ရှာမတွေ့တော့ချေ။

လီဆိုက်လျန်၏ ရုပ်အလောင်းကို မြစ်အောက်ပိုင်းမှ ငါးဖမ်းပိုက်ဖြင့် ဆယ်ယူရရှိခဲ့ပြီး နွားလှည်းဖြင့် ရှန်ဖန်းရွာရှိ လီကတော်၏ အိမ်ရှေ့သို့ သယ်ဆောင်လာခဲ့ချိန်တွင်မူ သူ၏ သေဆုံးနေသော ပုံပန်းသဏ္ဍာန်မှာ ကြည့်ရက်စရာ မရှိအောင်ပင် ဆိုးရွားလွန်းလှ၏။

လက်ခြေများပင် ပြတ်တောက်နေခဲ့ပြီ ဖြစ်သည်။ ပြတ်တောက်နေသော လက်ခြေများကို ရုပ်အလောင်း၏ ဘေးတွင်သာ နွားလှည်းပေါ်၌ ဖြစ်သလို ပစ်တင်ထားခဲ့ကြ၏။

ရုပ်အလောင်းအပေါ်တွင် ဖုံးအုပ်ရန် ဖျာတစ်ချပ်ပင် မရှိဘဲ လမ်းတစ်လျှောက်လုံး နေလှန်းလျက် ထိုအတိုင်း နွားလှည်းဖြင့် ရှန်ဖန်းရွာသို့ သယ်ဆောင်လာခဲ့ကြခြင်း ဖြစ်သည်။

လီကတော်မှာ မကြာမီအချိန်ကမှ အကောင်းပတိ အသက်ရှင်နေသေးပြီး နွားပြန်အပ်ပြီးလျှင် အိမ်ပြန်လာကာ ညစာစားမည်ဟု ကတိပေးခဲ့သော ခင်ပွန်းဖြစ်သူမှာ မျက်စိတစ်မှိတ်အတွင်း ရုပ်အလောင်းပင် မပြည့်မစုံ ဖြစ်သွားခဲ့ရသည်ကို မြင်လိုက်ရ၏။

လီကတော်သည် ရုတ်တရက် ဆိုးရွားလှသော သတင်းဆိုးကြောင့် ပူဆွေးသောကရောက်ကာ သည်းထန်စွာ ငိုကြွေးလေတော့၏။ ရင်ခွင်ထဲမှ သားငယ်သည်လည်း ထိတ်လန့်တကြားဖြင့် ဝါးခနဲ ငိုယိုကာ ဖခင်ဖြစ်သူကိုသာ အော်ဟစ် တမ်းတနေခဲ့သည်။

ထိုမြင်ကွင်းမှာ ကြားရသူတိုင်း မျက်ရည်ကျလောက်စရာပင် ဖြစ်နေခဲ့၏။

လီဆိုက်လျန်၏ ရုပ်အလောင်းပင် မအေးစက်သေးမီ ရွာထဲ၌ အတင်းအဖျင်း ကောလာဟလများ ပျံ့နှံ့နေခဲ့ပြီ ဖြစ်၏။ ရွာသားများက လီဆိုက်လျန်သည် လူမဆန်သော အကုသိုလ် အလုပ်တစ်ခုခုကို လုပ်ခဲ့မိ၍သာ ကံကြမ္မာအကျိုးပေးကြောင့် မိုးကြိုးနတ်မင်း၏ မိုးကြိုးပစ်ခတ်ခြင်းကို ခံရခြင်း ဖြစ်ရမည်ဟု ပြောဆိုနေကြသည်။

ထိုသို့ မဟုတ်လျှင် ကောင်းကင်ဘုံ၏ အပြစ်ပေးခြင်းကို ခံရမည် မဟုတ်ပေ။ မိုးကြိုးပစ်ခံရရုံသာမက ရုပ်အလောင်းပင် မပြည့်မစုံ သေဆုံးခဲ့ရသည် မဟုတ်ပါလား။

အားကိုးရာမဲ့ ငိုကြွေးနေသော လီကတော်သည် ပတ်ဝန်းကျင်မှ ရွာနီးချုပ်စပ်တို့၏ အတင်းအဖျင်း စကားများကို ကြားရချိန်မှာတော့ နှလုံးကွဲမတတ် ပိုမို ငိုကြွေးမိတော့၏။

သူမ၏ ခင်ပွန်း အဘိုးကြီးလီသည် တစ်သက်လုံး ရိုးရိုးသားသား နေထိုင်ခဲ့သူဖြစ်ပြီး အဘယ်ကြောင့် သေဆုံး ပြီးသည့်တိုင် နာမည်ကောင်း မကျန်ရစ်ဘဲ အများ၏ စွပ်စွဲ ကဲ့ရဲ့ခြင်းကို ခံရသနည်းဟု ငိုယိုကာ ပြောနေသည်။

သို့ပေမည့်လည်း လူအများ၏ စကားကို လွန်ဆန်ရန် ခက်ခဲလှသည်။ လီကတော် ကဲ့သို့သော မိန်းမသား တစ်ယောက်တည်းဖြင့် အဘယ်သို့ တားဆီးနိုင်မည်နည်း။

ရွာသားများသည် ဆူညံစွာဖြင့် ရှန်ဖန်းရွာတွင် အိမ်ခြေ အများအပြား ရှိပါလျက်နှင့် အဘယ်ကြောင့် အခြားသူများ မိုးကြိုးမပစ်ဘဲ လီဆိုက်လျန်ကိုမှ ကောင်းကင်ဘုံက ရွေးပြီး ပစ်ရသနည်းဟု ပြောဆိုကြ၏။

ရွာထဲမှ အဘိုးအို အဘွားအိုများက ဤအရာသည် ကောင်းကင်ဘုံတွင် မျက်စိရှိခြင်း ဖြစ်ပြီး ကောင်းကင်ဘုံသည် လူဆိုးများကိုသာ ရွေးချယ် အပြစ်ပေးတတ်ကာ လူကောင်းများကို မည်သည့်အခါမှ မတရား မလုပ်ဟု ပြောကြသည်။

ထိုသူတို့သည် လီကတော်အား ကောင်းကင်ဘုံကို မရိုသေဟု ဆဲရေးတိုင်းထွာကြပြီး ဤသို့ဆိုလျှင် ကောင်းကင်ဘုံ၏ အမျက်တော်ရှာခြင်းကို ခံရလိမ့်မည်ဟု ပြောကြ၏။

ထိုအဖြစ်ကြောင့် ယခုနှစ်တွင် ရှန်ဖန်းရွာသည်လည်း ကျိန်းသေပေါက် ထိခိုက်နစ်နာရမှာဖြစ်ပြီး လယ်ကွင်းများ ခြောက်သွေ့ကာ ကောက်ပဲသီးနှံများ ပျက်စီးပေလိမ့်မည်။

ထို့ကြောင့် ၎င်းတို့သည် ဆဲဆိုကာ မိခင်ဖြစ်သူ လီကတော်နှင့်သားကို ရွာထဲမှ မောင်းထုတ်ရန် ကြံစည်ကြ၏။ အကြောင်းမှာ လီဆိုက်လျန် လုပ်ခဲ့သော မကောင်းမှုများကြောင့် တစ်ရွာလုံးရှိ အပြစ်မဲ့သူများ မထိခိုက်စေရန် ဖြစ်သည်။

သနားစရာ ကောင်းလှသော လီဆိုက်လျန်မှာ ဤဘက်တွင် ရုပ်အလောင်းပင် မအေးသေးမီ ထိုဘက်တွင်မူ အားကိုးရာမဲ့ ကျန်ရစ်ခဲ့သော ဇနီးနှင့် သားငယ်ကို ပတ်ဝန်းကျင်မှ ရွာသားများက ဝိုင်းဝန်း နှိပ်စက်နေကြပြီဖြစ်၏။

လူတိုင်းက ဤကိစ္စသည် ဤမျှဖြင့်သာ အဆုံးသတ်သွားပြီဟု ထင်မှတ်နေကြ၏။ လီဆိုက်လျန်၏ သေဆုံးမှုမှာ မိုးကြိုးပစ်ခံရခြင်းကြောင့် ဖြစ်သည်ဟု ရွာလူကြီးနှင့် ရွာစောင့်တပ်ဖွဲ့ဝင်များပင် ကန့်ကွက်ရန် မရှိ ဖြစ်နေချိန်တွင်မူ လူအုပ်ထဲမှ သခင်လေး တစ်ယောက် ထွက်ပေါ်လာခဲ့သည်။

ထိုသခင်လေးမှာ အလွန်ပင် အံ့ဩစရာ ကောင်းလှသည်။ အရပ် ရှစ်ပေလောက်မြင့်ပြီး အနံလည်း ရှစ်ပေ ကျယ်ကာ အချိုးအစား ပြေပြစ်လှ၏။ အသားအရေမှာ နုဖတ်ဝင်းပနေပြီး ကတုံးကဲ့သို့သော ဆံပင်တိုလေးကို ညှပ်ထား၏။

သူ၏ အမည်မှာ ကျင်းအန်း ဖြစ်ကြောင်း မိတ်ဆက်လိုက်ပြီး သူ၏ ဘေးတွင် စာဆိုတော် တစ်ယောက်နှင့် ရထားလုံးမောင်းသမား တစ်ဦး အဖော်အဖြစ် ပါလာခဲ့သည်။ သူတို့သည် ယနေ့ညတွင် ရှန်ဖန်းရွာ၌ တည်းခိုရန် ရောက်ရှိလာကြသော အဝေးရွာမှ လူသုံးယောက် ဖြစ်ချေသည်။

မိမိကိုယ်ကိုယ် ကျင်းအန်းဟု အမည်ပေးထားသော ထိုသခင်လေးက မိုးကြိုးပစ်ခြင်းသည် ထိုနေရာတွင် မည်းနက်သော အမှတ်အသားသာ ကျန်ရစ်စေမည် ဖြစ်ပြီး လူများ မြင်တွေ့ခဲ့ရသကဲ့သို့ မြေကြီးနှင့် ကျောက်ခဲများ လွင့်စင်ခြင်း၊ မိုးမခပင် ကျိုးပြတ်ခြင်းနှင့် ကျင်းကြီး ဖြစ်ပေါ်ခြင်းမျိုး ဘယ်တော့မှ မဖြစ်နိုင်ကြောင်း ပြောဆိုလိုက်၏။

ဤအရာသည် တစ်စုံတစ်ဦးက မြစ်ကမ်းဘေးတွင် ပေါက်ကွဲစေသည့် ယမ်းမှုန့်များကို ကြိုတင် မြှုပ်နှံထားပြီး လီဆိုက်လျန်အား သတ်မှတ်ထားသော နေရာသို့ ရောက်အောင် ရည်ရွယ်ချက်ရှိရှိ ဆွဲဆောင်ကာ မိုးကြိုးပစ်ခံရသကဲ့သို့ ဟန်ဆောင် လုပ်ကြံထားခြင်း ဖြစ်ကြောင်း ထင်ရှားနေသည်။

ထို့အပြင် မြစ်ရေ၏ တိုက်စားမှုကို အသုံးချကာ မြစ်ကမ်းပါးကို ဆေးကြောစေပြီး လီဆိုက်လျန်၏ ရုပ်အလောင်းကို မျောပါစေခြင်းဖြင့် အထောက်အထား ဖျက်ဆီးရန်နှင့် ယမ်း၏ အကြွင်းအကျန် အမှုန်အမွှားများနှင့် အနံ့အသက်များကို ပျောက်စေရန် ကြံစည်ခဲ့ခြင်း ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ဤလောကတွင် ယမ်းမှုန့်သည်သာ ဤမျှ ပြင်းထန်ပြီး ကြောက်မက်ဖွယ် ကောင်းသော အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေနိုင်သောကြောင့်ပင်။

ရွာလူကြီး အနေဖြင့် ဤလူသတ်မှုကို ရုံးတော်သို့ တိုင်ကြားပြီး ရုံးတော်က မကြာသေးမီက မည်သူသည် ကန့်နှင့် ယမ်းစိမ်းများကို အမြောက်အမြား ဝယ်ယူခဲ့သည်ကို စုံစမ်းစစ်ဆေးရန်သာ လိုအပ်သည်။

လီဆိုက်လျန် ကိုယ်တိုင် မြစ်ကမ်းဘေးသို့ လျှောက်လှမ်းသွားခြင်းအပြင် မည်သူသည် လီဆိုက်လျန်အား မြစ်ကမ်းဘေးတွင် ချိန်းဆိုရန် အဖြစ်နိုင်ဆုံး ဖြစ်သနည်း သို့မဟုတ် ထိုအချိန်တွင် မည်သူက လီဆိုက်လျန်နှင့်အတူ လမ်းလျှောက်နေခဲ့သနည်း။

လီဆိုက်လျန် သေဆုံးခြင်းသည် မည်သူ့အတွက် အကျိုးအမြတ် အရှိဆုံး ဖြစ်သနည်း။ ထိုသို့ဆိုလျှင် ထိုသူသည် လီဆိုက်လျန်အား သတ်ပစ်ခဲ့သော တရားခံ ကျိန်းသေပေါက် ဖြစ်လိမ့်မည် ဟူ၍ ပြောလိုက်သည်။

ရွာသားများသည် ထိုစကားကို ကြားချိန်မှာတော့ အလွန် အံ့အားသင့်သွားကြ၏။ “ယမ်းမှုန့် ဟုတ်လား။”

ခန်းတင့်ပြည်နယ် တော်ဝင်အစိုးရသည် အရပ်သားများကြား ယမ်းမှုန့်ကိုင်ဆောင်မှုကို အလွန် တင်းကျပ်စွာ ထိန်းချုပ်ထား၏။ ယမ်းမှုန့်သည် စစ်လက်နက်ပစ္စည်းအောက်တွင် ရှိသောကြာင့် ခန်းတင့်ပြည်နယ်၌ အရပ်သားများ ယမ်းမှုန့်ပိုင်ဆိုင်ခွင့်ကို ပြင်းထန်စွာ ပိတ်ပင်ထားကာ ယမ်းမှုန့်ဖော်စပ်နည်းကိုပင် အရပ်သားများကြား ပျံ့နှံ့ခွင့် မပြုချေ။

ရွာသားများသည် လီဆိုက်လျန် ယမ်းမှုန့်ကြောင့် သေဆုံးရခြင်း ဖြစ်သည်ကို မယုံကြည်ကြချေ။ အဘယ်ကြောင့် ဆိုသော် အရပ်သားများထဲတွင် ယမ်းမှုန့်ကို ထိတွေ့နိုင်သူ လုံးဝ မရှိသောကြောင့် ဖြစ်သည်။

လူအများက ဒေါသတကြီးဖြင့် ဤအဝေးရွာမှ လူများသည် ကောင်းကင်ဘုံကို မရိုသေဟု ဆဲရေးတိုင်းထွာကြပြီး ဤလူများကို လီကတော် မိခင်နှင့်သားနှင့်အတူ ရှန်ဖန်းရွာထဲမှ မောင်းထုတ်ရန် အော်ဟစ်ကြတော့၏။

သို့ပေမည့်လည်း ကံကောင်းထောက်မစွာဖြင့် ရွာလူကြီးသည် စာသင်ကျောင်းတွင် စာအနည်းငယ် သင်ကြားဖူးသောကြောင့် သူ၏ အမြင်မှာ စာမတတ်ပေမတတ်သော ကျေးလက်တောရွာမှ လူပြိန်းများထက် ပိုမို ကျယ်ပြန့်သည်။

ရွာလူကြီးသည် ဤကိစ္စတွင် ယမ်းမှုန့်နှင့် ပတ်သက်လာလျှင် အလွန် ကြီးမားသော ကိစ္စဖြစ်ကြောင်း ကောင်းစွာ သိရှိသောကြောင့် သူကဲ့သို့သော ရွာလူကြီး တစ်ယောက်တည်းဖြင့် တာဝန်မယူနိုင်ချေ။

မယုံကြည်ခြင်းထက် ယုံကြည်ခြင်းက ပို၍ ကောင်းမွန်သောကြောင့် ဤကိစ္စကို ဖုံးကွယ်ထားခြင်း သို့မဟုတ် မဟုတ်မမှန် သတင်းပို့ခြင်း လုံးဝ မလုပ်ရဲပေ။

ရွာလူကြီးသည် ဆူညံနေသော ရွာသားများကို တားဆီးလိုက်ပြီးနောက် ခြေလှမ်း အမြန်ဆုံး ဖြစ်သော ရွာစောင့် တပ်ဖွဲ့ဝင် အချို့ကို ချက်ချင်း စေလွှတ်၍ ချန်ခရိုင် ရုံးတော်သို့ ညတွင်းချင်း သတင်းပို့ခိုင်းလိုက်သည်။

ချန်ခရိုင်အတွင်းရှိ ကျေးလက်တောရွာလေး တစ်ရွာတွင် ယမ်းမှုန့်နှင့် ပတ်သက်သော အမှု ဖြစ်ပွားသည်ဟု ကြားသိရချိန်မှာတော့ ချန်ခရိုင် တရားသူကြီးကျန်းသည် နှောင့်နှေးကြန့်ကြာခြင်း မရှိဝံ့ဘဲ ခရိုင်တစ်ခုလုံးရှိ အရာရှိ အားလုံးကို ညတွင်းချင်း ဆင့်ခေါ်လိုက်၏။

စစ်သည်များနှင့် မြင်းမြန်များကို ခေါ်ဆောင်၍ လမ်းကြောင်း အသီးသီးခွဲကာ သခင်လေး ကျင်းအန်း ပြောပြခဲ့သော သဲလွန်စများအတိုင်း ညတွင်းချင်း လိုက်လံ ရှာဖွေစစ်ဆေးခဲ့ရာ မျှော်လင့်ထားသည့်အတိုင်း တရားခံ အစစ်အမှန်ကို မကြာမီ ဖမ်းဆီးရမိခဲ့သည်။

ဤအရာသည် အရပ်ထဲမှ စကားပုံတစ်ခုကဲ့သို့ပင် ဖြစ်နေသည်။ သူတစ်ပါး မသိစေချင်လျှင် ကိုယ်တိုင် မလုပ်ခြင်းကသာ အကောင်းဆုံး ဖြစ်၏။ မကောင်းမှု မလုပ်ထားလျှင် ညသန်းခေါင် ရုံးတော်က တံခါးလာခေါက်ခြင်းကို ကြောက်စရာ မလိုပေ။

လီဆိုက်လျန်အား သတ်ခဲ့သော တရားခံမှာ လီဆိုက်လျန်၏ တစ်ရွာတည်းနေ ဆွေမျိုးတော်စပ်သူ လီတာရှန်း ဖြစ်သည်။ ထိုသူမှာ ဖဲကစားခြင်းကို စွဲလန်းနေသော အလွန်ဆိုးရွားသည့် လောင်းကစားသမား တစ်ဦး ဖြစ်ပြီး လွန်ခဲ့သော နှစ်အနည်းငယ်က လီဆိုက်လျန်တို့ လင်မယားထံမှ ငွေကြေး ချေးငှားကာ အခက်အခဲကို ကျော်ဖြတ်ခဲ့ဖူး၏။

နောင်တွင် မည်သည့်အခါမှ လောင်းကစား မလုပ်တော့ပါဟု ကျိန်ဆိုခဲ့သောကြောင့် လီဆိုက်လျန်တို့ လင်မယားသည် ထိုသူအား သနားပြီး သူ၏ စကားကို အလွယ်တကူ ယုံကြည်ကာ မိမိတို့၏ စုဆောင်းငွေများကို ထုတ်ပေး၍ အကူအညီပေးခဲ့ပြီး လောင်းကစားကြွေးမြီများကို ဆပ်ပေးခဲ့ကြသည်။

သို့ပေမည့်လည်း ထိုလူယုတ်မာသည် နောင်တရခြင်း မရှိသည့်အပြင် ဆွေမျိုးများက ကြွေးဆပ်ပေးပြီးသည့် နောက်တွင်လည်း လောင်းကစားကို အသက်နှင့်လဲ၍ ဆက်လက် ကစားနေခဲ့ကာ လီဆိုက်လျန် လင်မယား၏ ငွေကြေးများကို အမြဲတစေ ထိန်ချန်ထားပြီး ပြန်မဆပ်ခဲ့ချေ။

ထို့အပြင် တိတ်တဆိတ်ဖြင့် လီဆိုက်လျန်ထံသို့ အကြိမ်ကြိမ် ငွေလာချေးသေး၏။ သို့ပေမည့် လီဆိုက်လျန်သည် သူ၏ လောင်းကစားတတ်သော သဘာဝကို ပြုပြင်၍ မရနိုင်ကြောင်း ကောင်းစွာ သိရှိ၏။ လောင်းကစားသမားအား ငွေချေးခြင်းသည် ခြင်းတောင်းဖြင့် ရေခပ်သကဲ့သို့ အလဟဿ ဖြစ်မည်ကို သိသောကြောင့် ထပ်မံ၍ ငွေချေးရန် အမြဲ ငြင်းဆန်ခဲ့သည်။

ထိုလောင်းကစားသမား ဆွေမျိုးသည် လီဆိုက်လျန်၏ အိမ်တွင် စုဆောင်းငွေများ ရှိပါလျက်နှင့် မိမိအား ကူညီရန် အလိုမရှိခြင်းကို မြင်ချိန်မှာတော့ မိမိသည်လည်း တစ်သက်လုံး လောင်းကစားပြီး ကြွေးမြီ ပြန်ဆပ်နိုင်မည် မဟုတ်ကြောင်း တွေးလိုက်မိသည်။ ထို့ကြောင့် စိတ်ထဲတွင် မကောင်းသော အကြံ ဖြစ်ပေါ်လာကာ လီဆိုက်လျန်အား လုပ်ကြံသတ်ဖြတ်ရန် အကွက်ချခဲ့၏။

စိတ်သဘောထား နုညံ့သော လီကတော်နှင့် မိခင်သားအမိ နှစ်ယောက်သာ ကျန်ရှိတော့ပါက သူသည် ကြွေးမြီ ပြန်ဆပ်ရန် မလိုတော့ချေ။ ထို့အပြင် ယုတ်မာသော အကြံအစည်ကိုပါ ကြံစည်ထားသေး၏။

လီဆိုက်လျန် သေဆုံးပြီးနောက် အမှန်တရားကို မသိသော လူပြိန်း ရွာသားများကို ဆွပေးကာ လီကတော် မိခင်နှင့်သားကို မောင်းထုတ်ပြီး ထိုအခွင့်အရေးဖြင့် သူတို့၏ အိမ်နှင့် လယ်ယာမြေများကို သိမ်းပိုက်ရန် ဖြစ်သည်။

ဘေးဒုက္ခ ကြုံရသူကို ကူညီနိုင်သော်လည်း ပျင်းရိ၍ ဆင်းရဲသူကိုမူ မကူညီနိုင်ပေ။ ဆန်တစ်နပ်ပေးလျှင် ကျေးဇူးတင်တတ်သော်လည်း ဆန်တစ်တင်းပေးလျှင်မူ ရန်သူ ဖြစ်သွားတတ်၏ ဆိုသော စကားပုံအတိုင်းပင်။

လူတို့သည် သရဲတစ္ဆေကို ကြောက်မက်ဖွယ်ကောင်းသည်ဟု သိကြသော်လည်း သရဲတစ္ဆေများကမူ လူ့နှလုံးသားသည် သာ၍ အဆိပ်ပြင်းကြောင်း သိကြ၏။

မူလက မိုးကြိုးပစ်၍ ရုပ်အလောင်း မည်းနက်သွားသော အမှု ဖြစ်သင့်သော်လည်း နောက်ဆုံးတွင် မတရားမှုကို ဖြေရှင်းပေးသည့် အမှု ဖြစ်သွားခဲ့၏။ ထို့နောက်တွင်လည်း အရပ်သားများ တရားမဝင် ယမ်းမှုန့် သိမ်းဆည်းထားသည့် ထူးဆန်းသော အမှုကြီးနှင့် ဆက်စပ်သွားခဲ့ကာ အချိုးအကွေ့ များစွာဖြင့် ဆန်းကြယ်လွန်းလှချေသည်။

ထိုကျင်းအန်းဟု အမည်ရသော သခင်လေးသည် ယမ်းမှုန့်အမှုကို ဖော်ထုတ်နိုင်ခဲ့သော အကျိုးကျေးဇူးကြောင့် ရုံးတော်နှင့် တရားသူကြီး၏ ချီးကျူးမှုကို ခံခဲ့ရပြီး ချန်ခရိုင်သို့ ဖိတ်ကြားကာ တည်ခင်းဧည့်ခံခြင်း ခံခဲ့ရ၏။

တရားသူကြီးကျန်းသည် တရားမျှတပြီး အပြစ်နှင့် အကောင်းကို ခွဲခြားသိမြင်သူ ဖြစ်သောကြောင့် ပွဲတော်တွင် ခရိုင်အတွင်းရှိ ကုန်သည်များနှင့် သူဌေးကြီးများကို ငွေဒင်္ဂါး သုံးရာ ချက်ချင်း စုဆောင်းစေကာ သခင်လေး ကျင်းအန်း၏ လက်ထဲသို့ အရောက် အပ်နှံပေးခဲ့သည်။

သခင်လေး ကျင်းအန်းသည် ချန်ခရိုင်ကို ကယ်တင်ပေးခဲ့သဖြင့် ချန်ခရိုင်အတွင်းရှိ ပြည်သူများ ဘေးဒုက္ခမှ ကင်းဝေးခဲ့ရသောကြောင့် ကျေးဇူးတင်ခြင်း ဖြစ်၏။

ယခုအခါ ကုန်သည်များနှင့် သူဌေးကြီးများ၏ ငွေကြေးထည့်ဝင်မှု စာရင်းကို ဆိုင်းဘုတ် ပြုလုပ်၍ ချန်ခရိုင်၏ အဝင်မုခ်ဦးတွင် ချိတ်ဆွဲထားဆဲ ဖြစ်သည်။

………

All Chapters