← Chapters

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆

Vol. 1 Ch. 6

အပိုင်း (၆) ပွဲတော်ကြီး

“တောက်…”

ပုံပြောဆရာ၏ လက်ထဲမှ သစ်သားတုံးလေးသည် စားပွဲပေါ်သို့ ရိုက်ချလိုက်ကာ အဆုံးသတ်လိုက်၏။

ရွှီမိသားစု လက်ဖက်ရည်ဆိုင်အတွင်း၌ လူအများ၏ အော်ဟစ် အားပေးသံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။

ဤအမှုမှာ အလွန် ဆန်းကြယ်လွန်းလှသောကြောင့် နားထောင်သူများကို အလွန်ပင် စွဲလန်းစေခဲ့၏။

သို့ပေမည့်လည်း လက်ရန်းဘေးရှိ ထောင့်စွန်းဝိုင်းတစ်ခုတွင်မူ ဧည့်သည် တစ်ယောက်တည်း ထိုင်နေခဲ့ပြီး ပတ်ဝန်းကျင်မှ ဆူညံသံများနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ငြိမ်သက်နေခဲ့သည်။

ထိုသူသည် ဖြူစင်သော ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ခါးတွင်မူ အပြာရောင် ပိုးခါးပတ်ကို ပတ်ထား၏။ အသားအရေမှာ နုဖတ်ပြီး သွေးရောင်လွှမ်းနေသောကြောင့် သူဌေးသား သခင်လေး တစ်ဦးနှင့် တူလှသည်။ သို့ပေမည့်လည်း ထူးဆန်းစွာပင် ဆံပင်တိုလေးကို ညှပ်ထားသဖြင့် ဘုန်းကြီးတစ်ပါးနှင့်လည်း ဆင်တူနေ၏။

သူသည် ဘုန်းကြီးလည်း မဟုတ်၊ စာဆိုတော်လည်း မဟုတ်ဘဲ လက်ထဲမှ လက်ဖက်ရည်ကောင်းကို မြည်းစမ်းရင်း ပုံပြောဆရာ၏ ပြောစကားကို အာရုံစိုက် နားထောင်နေခဲ့သည်။

ဆိုင်မှ အလုပ်သမားလေးသည် ရေနွေးအိုးကို ကိုင်ဆောင်ကာ သခင်လေး၏ ဘေးသို့ လျှောက်လာပြီး အားကျသည့် လေသံဖြင့် ပြောလိုက်၏။ “သခင်လေးကျင်းအန်း ... ယနေ့ ပုံပြောဆရာ ပြောနေတဲ့ ဇာတ်ကောင်က သခင်လေး ဖြစ်နေတာပဲ။”

ကျင်းအန်းသည် မျက်နှာပျက်သွားပြီး ပြောလိုက်သည်။ “အရပ် ရှစ်ပေ မြင့်ပြီး အနံလည်း ရှစ်ပေ ကျယ်တယ်ဆိုတာ လောကအလယ်က လူမိုက်တွေ လက်ထဲမှာ သွေးတွေ စိုရွှဲနေပြီး လေးထောင့်ပုံသဏ္ဍာန် ကြေးတုံးကြီး ကိုင်ထားတဲ့ ပုံစံမျိုးလေ။ ကျုပ်က လူပါဗျာ။ လေးထောင့်တုံး မဟုတ်ဘူး။”

ကောင်းကင်ဘုံကပဲ သိပေလိမ့်မည်။ အရပ် ရှစ်ပေနှင့် အနံ ရှစ်ပေ ဆိုသည်မှာ မည်ကဲ့သို့သော အရာနည်း။ ကျင်းအန်းသည် အရပ်ထဲမှ ကောလာဟလများ ပိုမို လွန်ကဲလာသည်ကို ယခုမှပင် လေးနက်စွာ သိရှိသွားတော့၏။

အလုပ်သမားလေးက ဆက်လက်၍ ဖားယားကာ ပြောလိုက်သည်။ “ဒါတွေအားလုံးက သခင်လေးကျင်းအန်းရဲ့ စွမ်းရည်ကြောင့်ပါပဲ။ ဒါကြောင့် အရပ်ထဲမှာ သခင်လေးအကြောင်းကို ပိုပြီး ထူးဆန်းအောင် ပြောနေကြတာ ကလည်း သဘာဝကျပါတယ်။ သခင်လေးကတော့ ယခုတစ်ခေါက်မှာ ကျုပ်တို့ တစ်ခရိုင်လုံးမှာ နာမည်ကြီး သွားခဲ့ပါပြီ။

ကျုပ် ကြားတာကတော့ အခု သူဌေးသမီးတွေနဲ့ ရုံးတော်က အရာရှိကြီးတွေရဲ့ သမီးပျိုတွေက သခင်လေး ကျင်းအန်းကို သဘောကျနေကြပြီး အစေခံတွေကို လွှတ်လို့ သခင်လေးရဲ့ သတင်းကို လိုက်စုံစမ်းခိုင်းနေကြတယ်။ နောက်ပြီး တစ်လအကြာမှာ ကျရောက်မဲ့ ချင်မင်းနေ့မှာ ခရိုင်ရဲ့ အစည်ကားဆုံး ဖြစ်တဲ့ ချင်မင်းပွဲတော်ကြီးကို သခင်လေးနဲ့အတူ စပျစ်ဝိုင် သောက်ရင်း ဆင်နွှဲချင်နေကြတာပါ။”

ကျင်းအန်းသည် ထိုစကားကို ကြားချိန်မှာတော့ စိတ်ဝင်စားသွားခဲ့၏။ သူသည် အသားဖြူဝင်းပြီး လှပ ချောမောလှသော သူဌေးသမီးများနှင့် အရာရှိသမီးပျိုများကို စိတ်ဝင်စား၍ သူတို့၏ အလှအပကို မက်မောခြင်းကြောင့် မဟုတ်ပေ။

ခရိုင်အတွင်း တစ်နှစ်လျှင် တစ်ကြိမ်သာ ရှိသော အစည်ကားဆုံး ပွဲတော်ကြီးကိုသာ စိတ်ဝင်စားခြင်း ဖြစ်၏။

ဤအရာသည် သူ ဤလောကသို့ ရောက်ရှိလာပြီးနောက် ပထမဆုံးအကြိမ် ကြုံတွေ့ရသော ရှေးဟောင်း လူသားတို့၏ ပွဲတော်ကြီး ဖြစ်သည်။

ထိုအချိန်တွင် အလွန် စည်ကားပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ထိုစည်ကားလှသော မြင်ကွင်းကို သွားရောက် ကြည့်ရှုရပေမည်။

သူသည် ယခင်ကတည်းက ခရီးသွားခြင်း၊ ရှုခင်းများ ကြည့်ခြင်းနှင့် ရှေးဟောင်းနေရာများကို စိတ်ဝင်စားသူ ဖြစ်သည်။ ထိုသို့ မဟုတ်လျှင် တောင်ဘက်အရပ်မှနေ၍ ကူန်လွန်တောင်တန်းဆီသို့ တစ်ယောက်တည်း ရထားလုံးမောင်းကာ ခရီးထွက်ခဲ့မည် မဟုတ်ပေ။

ကျင်းအန်းက ဆိုင်မှ အလုပ်သမားလေးအား ဆက်လက် မေးမြန်းလိုက်သည်။ “ဒီပွဲတော်က ခရိုင်ထဲမှာ အရမ်း နာမည်ကြီးတာလား။”

အလုပ်သမားလေးသည် ချင်မင်းပွဲတော်အကြောင်း ပြောဆိုရာတွင် မျက်နှာတစ်ခုလုံး ဂုဏ်ယူဝင့်ကြွားလျက် မရပ်မနား ရှင်းပြနေခဲ့၏။ “ကျုပ်တို့ ခရိုင်အကြောင်း ပြောရရင်တော့ နှစ်ပေါင်း ထောင်ချီ သက်တမ်းရှိတဲ့ အပင်အိုကြီး တစ်ပင် ရှိပါတယ်။ အဲဒါကတော့ ချင်းချန်လျို (မိုးမခပင်) အပင်ကြီးပဲ။ ဒီအပင်ရဲ့ သက်တမ်း အစစ်အမှန်ကိုတော့ ဘယ်သူမှ မသိကြတော့ဘူး။ ကျုပ်ရဲ့ အဘိုးတွေထက်တောင် သက်တမ်း ပိုရင့်တယ်။

အပင်ရဲ့ ပင်စည်ဟာ ယောက်ျားကြီး ငါးယောက် ခြောက်ယောက် ဖက်ရလောက်အောင် တုတ်ခိုင်လှပြီး ခရိုင်မှတ်တမ်းအရဆိုရင် နှစ်ပေါင်း ထောင်ချီ ရှိနေပြီမို့ ခရိုင်ရဲ့ နတ်သစ်ပင်ကြီးလည်း ဖြစ်တယ်။ ဒီနှစ်ထောင်ချီ အပင်ကြီးဟာ သစ်ရွက်တွေ ဝေဆာနေပြီး အရိပ်ကောင်းလှတာမို့ ထီးကြီး တစ်လက်လိုပါပဲ။

အပင်က မြင့်မားမတ်မတ်နေပြီး သူရဲ့ အသီးတွေက လှပပြီး ပုံသဏ္ဍာန် ထူးဆန်းတယ်။ ကြေးဒင်္ဂါးပြားတွေ သီထားသလိုမျိုးမို့ ကြေးဒင်္ဂါးပင် သို့မဟုတ် ငွေကြေးပင်လို့လည်း ခေါ်ကြပြီး အလွန် နာမည်ကြီးတယ်။ ကြေးဒင်္ဂါး အသီးတွေဟာ ကိုးလပိုင်းကနေ နောက်နှစ် လေးလပိုင်း နွေရာသီမတိုင်ခင်အထိ အပင်ပေါ်မှာ တွဲလောင်းကျနေတတ်ပြီး လေထဲမှာ ဝေ့ယမ်းနေတာမို့ အရမ်းလှတဲ့ မြင်ကွင်းတစ်ခုလိုပါပဲ။

အဝေးကနေ ကြည့်ရင် ကောင်းကင်တစ်ခုလုံးမှာ ကြေးဒင်္ဂါးတွေ ပြည့်နှက်နေပြီး လင်းလက်နေသလိုမျိုးမို့ စာဆိုတော်တွေနဲ့ မိန်းမလှလေးတွေဟာ ပွဲတော်ကို ဆင်နွှဲဖို့ ခရိုင်ဆီကို တကူးတက လာကြတယ်။ ဘာလို့လဲဆိုတော့ ချင်မင်းပွဲတော်နေ့မှာသာ စာပေနှင့် သိုင်းပညာကျောင်းဆောင်ကို ပြည်သူတွေအတွက် ဖွင့်လှစ်ပေးပြီး နတ်သစ်ပင်ကြီးကို ကြည့်ရှုခွင့်ပေးလို့ပါ။ သာမန်အချိန်တွေမှာတော့ နတ်သစ်ပင်ကြီးကို ကာကွယ်ဖို့ အတွက် ပိတ်ထားတတ်ပါတယ်။”

အလုပ်သမားလေး၏ ရှင်းပြချက်ကို ကြားပြီးနောက် ကျင်းအန်းသည် စိတ်ဝင်စားမှု ပိုမို ပြင်းထန်လာခဲ့သည်။

ကျင်းအန်းက ပြောလိုက်၏။ “ကောင်းပြီ... ခင်ဗျားရဲ့ သတိပေးမှုကို ကျေးဇူးတင်ပါတယ်။ တစ်လအကြာက ချင်မင်းပွဲတော်မှာတော့ ကျုပ် ဒီလို ထူးဆန်းတဲ့ ငွေကြေးပင်ကြီးကို မဖြစ်မနေ သွားကြည့်ရမယ်။”

ကျင်းအန်းသည် ပြုံးလျက် အလုပ်သမားလေးအား ကြေးဒင်္ဂါး အနည်းငယ် ပေးလိုက်ရာ အလုပ်သမားလေးမှာ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားတော့သည်။

အလုပ်သမားလေးသည် ဆုကြေးငွေကို သိမ်းဆည်းလိုက်ပြီးနောက် ပိုမို၍ ဖော်ရွေစွာ ပြောလိုက်ပြန်၏။ “ဒီနှစ်ထောင်ချီ နတ်သစ်ပင်ကြီးအကြောင်း ပြောရရင်တော့ ဒဏ္ဍာရီ တစ်ခု ရှိပါသေးတယ်။ ကြားဖူးတာကတော့ နတ်သစ်ပင်ကြီးကို မြင်ဖူးတဲ့သူတွေထဲက တချို့ဟာ စည်းစိမ်နတ်မင်းကို အိမ်ထဲ ခေါ်ဆောင်နိုင်ပြီး စည်းစိမ်ဥစ္စာတွေ တိုးပွားလာတတ်တယ်လို့ ပြောကြတယ်။

ဒီကိစ္စက လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ ပိုပြီး ထူးဆန်းအောင် ပြောလာကြတာပါ။ နှစ်တိုင်းမှာ လူတွေ တစ်ညတည်းနဲ့ ချမ်းသာသွားတဲ့ သတင်းတွေ ထွက်ပေါ်လေ့ ရှိတယ်။ ကျုပ် အိမ်က လူကြီးတွေ ပြောတာကတော့ အရင်က ဒီနတ်သစ်ပင်ကြီးဟာ ဒီလောက်အထိ ထူးဆန်းမှု မရှိဘဲ သက်တမ်းရင့်တဲ့ အပင်အိုကြီး တစ်ပင်သာ ဖြစ်တယ်တဲ့။

လွန်ခဲ့တဲ့ ဆယ်နှစ်က ညတစ်ညမှာ အပင်ရဲ့ စိမ်းစိုနေတဲ့ ကြေးဒင်္ဂါး အသီးတွေဟာ တစ်ညတည်းနဲ့ ရှေးဟောင်း ကြေးဒင်္ဂါး အသီးတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီးနောက် နတ်သစ်ပင်ကြီးဟာ စည်းစိမ်နတ်မင်းကို ခေါ်ဆောင်နိုင်တယ် ဆိုတဲ့ စကားတွေဟာ ခရိုင်ထဲမှာ တဖြည်းဖြည်း ပျံ့နှံ့လာခဲ့တာပါ။

ဒါကြောင့် လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း ချင်မင်းပွဲတော်တိုင်းမှာ နှစ်စဉ် ဝေးလံတဲ့ နေရာက ခရီးသည်တွေ ပိုမို လာရောက်ကြပြီး အားလုံးဟာ ချမ်းသာချင်တဲ့ အိပ်မက်တွေနဲ့ လာကြတာပါ။ အထူးသဖြင့် ကုန်သည်တွေနဲ့ သူဌေးတွေ အများဆုံးပဲ။ ပွဲတော်က တစ်နှစ်မှ တစ်ကြိမ်ပဲ ရှိတာမို့ သခင်လေးကျင်းအန်း အနေနဲ့ အခွင့်အရေးကို လက်လွတ်မခံပါနဲ့။”

ကျင်းအန်းက မေးလိုက်သည်။ “ဒါဆို ခင်ဗျားကော ချမ်းသာသွားပြီလား။”

အလုပ်သမားလေးက ရှက်ကိုးရှက်ကန်း ပြုံးကာ ပြောလိုက်၏။ “ဒါကတော့ မဟုတ်ပါဘူး။”

ကျင်းအန်းက ပြုံးလိုက်ပြီး သူသည် သဘောပေါက်သွားခဲ့၏။ အရပ်ထဲမှ ကောလာဟလများမှာ စကားလုံး သုံးလုံးကို ကျော်လွန်နိုင်ခြင်း မရှိချေ။ ကြားဖူးတာကတော့ ... ပြောကြတာကတော့ ... ထင်ရတာကတော့ ... ဟူ၍ ဖြစ်သည်။

အလုပ်သမားလေး ရေနွေးအိုးကို ကိုင်ကာ လှည့်ထွက်သွားသည့် ကျောပြင်ကို ကြည့်ရင်း ကျင်းအန်း၏ မျက်လုံးများတွင် စိတ်ဝင်စားမှုများ ပိုမို ထင်ဟပ်လာခဲ့၏။

‘တစ်ညတည်းနဲ့ ထူးဆန်းသွားတာလား။ စိမ်းစိုနေတဲ့ အသီးတွေက တစ်ညတည်းနဲ့ ရှေးဟောင်း ကြေးဒင်္ဂါးတွေ အဖြစ် ပြောင်းလဲသွားတယ်ဆိုတာ ဒီနှစ်ထောင်ချီ သက်တမ်းရှိတဲ့ အပင်ကြီးဟာ သဘာဝပြောင်းလဲမှု ဖြစ်ပေါ်သွားတာကို ဆိုလိုတာလား။’

လူတို့သည် တိရစ္ဆာန်များ သဘာဝပြောင်းလဲမှု ဖြစ်ပေါ်တတ်ကြောင်းသာ သိကြပြီး အများအားဖြင့် အသားဖြူရောဂါ ဖြစ်ပွားသော မြေခွေးဖြူ၊ မျောက်ဖြူနှင့် နွားဖြူ စသည်ဖြင့် မြင်တွေ့ရတတ်သည်။

သို့ပေမည့်လည်း အပင်များတွင်လည်း သက်ရှိစွမ်းအား ရှိသည်။ အပင်များသည်လည်း လူသားများကဲ့သို့ပင် ကောင်းကင်နှင့် မြေကြီး၏ လေထုကို ရှူရှိုက်တတ်ကြပြီး ဝိညာဉ်စွမ်းအား ရှိကြ၏။ အပင်များသည်လည်း နာကျင်မှုကို ခံစားရတတ်၏။

‘သဘာဝပြောင်းလဲသွားတဲ့ နှစ်ထောင်ချီ အပင်အိုကြီးလား။ ရှေးဟောင်း ကြေးဒင်္ဂါးတွေ ပြည့်နှက်နေတာလား။’ ကျင်းအန်းသည် စိတ်ဝင်စားမှုများ ဖြစ်ပေါ်လာခဲ့သည်။

……

ယနေ့သည် ကျင်းအန်း ချန်ခရိုင်သို့ ရောက်ရှိလာခဲ့သည်မှာ နှစ်ရက်မြောက် ရှိခဲ့ပြီ ဖြစ်၏။

ထိုနေ့တွင် သူသည် ထင်းရှူးပင်အိုကြီးအောက်၌ တာအိုဆရာ အဘိုးအိုကို သင်္ဂြိုဟ်ပြီးနောက် တောင်အောက်သို့ ဆင်းလာခဲ့ရာ ထူးဆန်းစွာပင် လမ်းမကြီးပေါ်၌ ချန်ခရိုင်သို့ သွားမည့် စာဆိုတော်နှင့် မြင်းရထားမောင်းသည့် အဘိုးအိုတို့နှင့် ဆုံတွေ့ခဲ့ရသည်။

မိုးရွာပြီးနောက် လမ်းမများ ရွှံ့ဗွက်ထူသဖြင့် ရထားလုံး မောင်းနှင်ရန် ခက်ခဲသောကြောင့် အနီးနားရှိ ရွာတစ်ရွာတွင် တစ်ည တည်းခိုရန် ကြံစည်ခဲ့ကြသော်လည်း ထိုနေရာ၌ လူသတ်မှုတစ်ခုနှင့် တိုက်တိုက်ဆိုင်ဆိုင် ကြုံတွေ့ခဲ့ရခြင်း ဖြစ်၏။

သူသည် အမှုကို ဖော်ထုတ်ပြီးနောက် ချန်ခရိုင် တရားသူကြီး၏ သဘောကျခြင်းကို ခံခဲ့ရပြီး ပွဲတော်ဖြင့် တည်ခင်းဧည့်ခံခြင်း ခံခဲ့ရကာ ထိုပွဲတော်သို့ တက်ရောက်လာသော သူဌေးကြီးများထံမှ ငွေဒင်္ဂါး သုံးရာကို စုဆောင်း၍ ဆုလာဘ်အဖြစ် ပေးအပ်ခြင်း ခံခဲ့ရသည်။

ကျင်းအန်းသည် ထိုအချိန်၌ တရားသူကြီးကျန်းသည် ပြည်သူတို့၏ အသွေးအသားများကို မတရား မယူသော မိဘသဖွယ်ဖြစ်ပြီး ဖြောင့်မတ်မှန်ကန်ကာ လာဘ်ပေးလာဘ်ယူ မလုပ်သူ ဖြစ်ကြောင်း သိရှိခဲ့၏။

ဤလောကတွင် ကုန်ဈေးနှုန်းများမှာ သက်သာလှ၏။ အိမ်ရာအတွက် ကြီးမားသော သောက မရှိသကဲ့သို့ စစ်မက်ဖြစ်ပွား၍ ပြေးလွှားရသော ဒုက္ခသည်များလည်း မရှိချေ။ ပြည်သူများ၏ လက်ထဲတွင် ငွေကြေး သုံးစွဲနိုင်မှု ရှိသောကြောင့် ငွေကြေးတန်ဖိုး ကျဆင်းမှုမှာလည်း ပြင်းထန်ခြင်း မရှိပေ။

ငွေဒင်္ဂါး သုံးရာ ဆုကြေးငွေ ဆိုသည်မှာ ခေတ်သစ်ကာလ၏ ငွေကြေး နှစ်သိန်း သုံးသိန်းခန့် ဆုကြေးငွေနှင့် တူပေလိမ့်မည်။

ခေါင်းတလား ဘုရားကျောင်းနှင့် တာအိုဘုန်းကြီးအိုကြီး၏ နတ်မျက်စိ ပညာရပ်များကို ကြုံတွေ့ပြီးနောက် ကျင်းအန်းမှာ ဤလောကသည် သူ ထင်မှတ်ထားသော ရှေးဟောင်း လောကနှင့် မတူညီကြောင်း ကောင်းစွာ သိရှိသွားခဲ့၏။

ထို့ကြောင့် သူသည် ကောင်းမွန်သော အစားအသောက်၊ ကောင်းမွန်သော အဝတ်အထည်များနှင့် နေ့စဉ် မိန်းမလှလေးများ ဝန်းရံနေသည့် စည်းစိမ်ရှိလှသော ဘဝကို စွန့်လွှတ်ခဲ့သည်။

သူသည် ဤနှစ်ရက်အတွင်း ရွှီမိသားစု လက်ဖက်ရည်ဆိုင်တွင် အမြဲ လာထိုင်နေခဲ့၏။ ပုံပြောဆရာ၏ စကားကို နားထောင်ရင်း နေရာအသီးသီးမှ ထူးဆန်းသော ကိစ္စများကို ကြားသိရကာ ဤနေရာ၏ ဓလေ့ထုံးတမ်းများကို နားလည်စေရန် ဖြစ်၏။

ထို့အပြင် ဖြတ်သန်းသွားလာနေသော ကုန်သည်များမှတစ်ဆင့် ဤလောက၏ ပထဝီဝင် မြေပုံကိုလည်း နားလည်အောင် ကြိုးစားနေခဲ့သည်။

ထို့ကြောင့် ဖောက်သည်ဟောင်း ဖြစ်လာသော ကျင်းအန်းသည် ဤဆိုင်၏ ပိုင်ရှင်၊ အလုပ်သမားများနှင့် ရင်းနှီးကျွမ်းဝင်နေခဲ့ပြီ ဖြစ်၏။

ကျင်းအန်းသည် အစပိုင်းတွင် သူသည် ရှေးခေတ်ကာလသို့ ပြန်ရောက်သွားသည်ဟု ထင်မှတ်ခဲ့သော်လည်း ဤနှစ်ရက်အတွင်း သူ သတိပြုမိသည်မှာ ဤနေရာ၏ ဓလေ့ထုံးစံများနှင့် သမိုင်းကြောင်းများသည် သမိုင်းတွင် ရှိခဲ့ဖူးသော မည်သည့် မင်းဆက်နှင့်မှ ကိုက်ညီခြင်း မရှိချေ။

ခန်းတင့်ပြည်နယ် ဟူသော ရှေးဟောင်း မင်းဆက်ကို သူ တစ်ကြိမ်မှ မကြားဖူးခဲ့ပေ။

……

မိုးကောင်းကင်သည် တဖြည်းဖြည်း မှောင်မိုက်လာခဲ့ပြီး ညဉ့်မှောင်ရိပ် သန်းလာခဲ့ပြီ ဖြစ်၏။

မြို့တံခါးဝရှိ စစ်သည်များသည် မြို့တံခါးကို ပိတ်ရန် ပြင်ဆင်နေကြပြီး လူများကို မြို့ထဲသို့ ပေးမဝင်တော့ချေ။

ယနေ့ ညဝင်ချိန်တွင်မူ ချန်ခရိုင် ရုံးတော်သည် တည်ငြိမ်ခြင်း မရှိဘဲ ပိုမို၍ ဆူညံနေခဲ့သည်။

ချန်ခရိုင်အတွင်း၌ အရပ်သားများ တရားမဝင် ယမ်းမှုန့် သိမ်းဆည်းထားသည့် အမှုကြီး ဖြစ်ပွားခဲ့သောကြောင့် ဤအမှုသည် သာမန် ခရိုင်အဆင့်မျှဖြင့် စီရင်ပိုင်ခွင့် မရှိတော့ချေ။

ယနေ့သည် အထက်အရာရှိများက တရားခံကို လာရောက် ခေါ်ဆောင်ကာ ယမ်းမှုန့် သိမ်းဆည်းမှု၏ အသေးစိတ် အချက်အလက်များကို ကိုယ်တိုင် စစ်ဆေးမည့် အချိန် ဖြစ်သည်။

ချန်ခရိုင် တရားသူကြီးကျန်းသည် အရာရှိများ၊ စာရေးများနှင့် စစ်သည်များအားလုံးကို ခေါ်ဆောင်၍ ရုံးတော်အတွင်း စိုးရိမ်ပူပန်စွာဖြင့် စောင့်ဆိုင်းနေခဲ့၏။

ပြင်ဆင်ထားသော ပွဲတော် အစားအသောက်များကိုပင် အစေခံများအား နှစ်ကြိမ်တိုင်တိုင် ပြန်လည် နွေးခိုင်းခဲ့သော်လည်း လူ ရောက်မလာသေးပေ။

“ဒုန်း ဒုန်း ဒုန်း…”

ထိုအချိန်တွင် ပြာပြာသလဲ ပြေးလွှားလာသည့် ခြေသံများက ညဉ့်နက်ပိုင်းကို ဖြတ်သန်း၍ ထွက်ပေါ်လာခဲ့သည်။

စစ်သည်တစ်ဦးသည် ထောင်စောင့် နှစ်ဦးကို ခေါ်ဆောင်ကာ ရုံးတော်ထဲသို့ အလောတကြီး ဝင်ရောက်လာခဲ့သည်။ အထူးသဖြင့် ထိုထောင်စောင့် နှစ်ဦး၏ မျက်နှာမှာ တစ်စုံတစ်ခုကြောင့် ထိတ်လန့်တကြား ဖြစ်နေသကဲ့သို့ ဖြူလျော်နေခဲ့၏။

စစ်သည်က ပြောလိုက်သည်။ “တရားသူကြီးမင်း ... မကောင်းတော့ပါဘူး။ လူသေသွားပါပြီ။ လူသေသွားပါပြီ။ ယမ်းမှုန့် သိမ်းဆည်းထားတဲ့ လီတာရှန်း သေဆုံးသွားပါပြီ။ သူ... သူ သေဆုံးသွားတဲ့ ပုံစံက အရမ်း ထူးဆန်းပြီး ခြောက်လှန့်ခံလိုက်ရသလိုပါပဲ။ အမြန် ထောင်ထဲကို သွားကြည့်ပေးပါအုံး။ အခု ထောင်ထဲက အကျဉ်းသားတွေ အားလုံးက နေရာပြောင်းပေးဖို့ အော်ဟစ်နေကြပြီး ထောင်ထဲမှာ သရဲခြောက်နေပါပြီ။”

…………..

All Chapters