← Chapters

အခန်း ၇

Vol. 1 Ch. 7

အခန်း ၇

Vol. 1 Ch. 7

အပိုင်း (၇) အကျဉ်းထောင်

ချန်ခရိုင် အကျဉ်းထောင်…

လေထုထဲတွင် အလွန် ရှုပ်ထွေးလှသော အနံ့ဆိုးများ ရောနှောနေခဲ့၏။

ရေပုပ်နံ့၊ အညစ်အကြေးနံ့များနှင့် အစားအစာ သိုးနံ့များ အမျိုးမျိုးသော အနံ့အသက်များသည် အတူတကွ ရောနှောနေခဲ့ပြီး လေဝင်လေထွက် မကောင်းသော စိုစွတ်မှောင်မိုက်သည့် ထောင်အခန်းထဲတွင် ဖော်ပြရန် ခက်ခဲသော နှာခေါင်းရှုံ့စရာ အနံ့ဆိုးကြီးတစ်ခုအဖြစ် ပြောင်းလဲနေခဲ့သည်။

ထို့အပြင် အပုပ်နံ့များပင် ထွက်ပေါ်နေသေး၏။ သို့ပေမည့်လည်း ဤထောင်ထဲတွင် သေဆုံးနေသော ကြွက်သေများ ပုပ်ပွနေခြင်းကြောင့်လော မသိရချေ။

ဝတ်စုံထက်တွင် ငှက်ရုပ် ပန်းထိုးထားသော အရပ်ဘက် အရာရှိဝတ်စုံကို ဝတ်ဆင်ထားသည့် တရားသူကြီးကျန်းသည် ဒေါသထွက်လျက် စစ်သည်များနှင့် ထောင်စောင့်များ၏ ဦးဆောင်မှုအောက်တွင် ထောင်ထဲမှ အနံ့ဆိုးများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သေဒဏ်ကျ အကျဉ်းသားများကို ပိတ်လှောင်ထားသည့် ထောင်၏ အတွင်းပိုင်း နေရာဆီသို့ အလောတကြီး လျှောက်လှမ်းသွားခဲ့သည်။

ထောင်ထဲမှ အကျဉ်းသားများက အော်လိုက်ကြ၏။ “အရာရှိမင်း ... အရာရှိမင်း ... ကျုပ်တို့ကို ကယ်ပါအုံးဗျာ။ ကျုပ်တို့ကို ကယ်ပါအုံး။ ဒီထောင်ထဲမှာ သရဲခြောက်နေပါပြီ။”

“ထောင်ထဲမှာ မကောင်းဆိုးဝါး ရှိနေတယ်။ ကျုပ်ကို ကယ်ပါအုံး။”

“တရားသူကြီးမင်း... ကျုပ်ကို ထောင်ခန်း ပြောင်းပေးဖို့ တောင်းပန်ပါတယ်။ ကျုပ် ဝန်ခံပါ့မယ်။ ကျုပ် ဝန်ခံပါ့မယ်။ ကျုပ် အားလုံးကို ဝန်ခံပါ့မယ်။ ကျုပ်ကို ထောင်ခန်းပဲ ပြောင်းပေးပါ။ တရားသူကြီးမင်း... ကျုပ်ကို ထောင်ခန်း ပြောင်းပေးပါ။”

မီးတုတ်များ ထွန်းညှိထားသော လမ်းမ၏ ဘေးတစ်ဖက်တစ်ချက်ရှိ သစ်သားတံခါးများ အနောက်မှ လက်မောင်း အများအပြား ထွက်ပေါ်လာခဲ့ပြီး ဆံပင်ဖားလျားနှင့် ညစ်ပတ်ပေရေနေသော အကျဉ်းသားများသည် တရားသူကြီးကျန်းအား ငိုယိုကာ အော်ဟစ် တောင်းဆိုနေကြသည်။

ဤထောင်ထဲတွင် တစ်စုံတစ်ခု ရှိနေသကဲ့သို့ဖြစ်နေပြီး အကျဉ်းသားများ အားလုံးကို ထိတ်လန့် တုန်လှုပ်စေခဲ့၏။

တရားသူကြီးကျန်းက မေးလိုက်သည်။ “ဒီလူတွေ ဘာဖြစ်နေကြတာလဲ။”

ထောင်မှူးက ပျာပျာသလဲ ရှင်းပြလိုက်၏။ “အရာရှိမင်းကို တင်ပြရရင် လီ... လီတာရှန်း ထူးဆန်းစွာ သေဆုံးပြီးကတည်းက ထောင်ထဲက အကျဉ်းသားတွေ အားလုံးက ထောင်ခန်းပြောင်းပေးဖို့ ငိုယိုအော်ဟစ်နေကြတာပါ။”

ထောင်မှူးသည် မျက်နှာတစ်ခုလုံး ထိတ်လန့်တကြားဖြင့် ဖြူလျော်နေကာ နဖူးမှ ချွေးစေးများကို အပြင်းအထန် သုတ်ရင်း ရှင်းပြလိုက်သည်။

တရားသူကြီးကျန်းသည် ယခုအချိန်တွင် ထိုလူများနှင့် စကားများရန် အချိန်မရှိသောကြောင့် ထောင်မှူးအား ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး ထောင်၏ နက်ရှိုင်းရာသို့ ဆက်လက် လျှောက်လှမ်းသွားခဲ့၏။

နောက်ဆုံးတွင် ထောင်စောင့်၏ ဦးဆောင်မှုဖြင့် လူတစ်ဆယ်ကျော် အုပ်စုသည် လီတာရှန်းအား ပိတ်လှောင် ထားသည့် ထောင်ခန်းရှေ့သို့ ရောက်ရှိလာခဲ့သည်။

ထိုအချိန်တွင် ထောင်ခန်းတံခါးကို ထောင်စောင့်က ဖွင့်လှစ်ထားခဲ့ပြီး ဖြစ်သည်။ လီတာရှန်း၏ သေဆုံးနေသော ပုံစံမှာ အလွန် ဆန်းကြယ်လှ၏။

လူသေဆုံးသည်မှာ မကြာသေးသော်လည်း ခန္ဓာကိုယ်တစ်ခုလုံးတွင် အမည်းစက်များနှင့် အကွက်များ ဖြစ်ပေါ်နေခဲ့ပြီး သူ၏ ခန္ဓာကိုယ်အောက်တွင် ရေကွက်ကြီးတစ်ခု ရှိနေခဲ့သော်လည်း ထူးဆန်းစွာပင် ဝတ်ဆင်ထားသော အဝတ်အစားများမှာ ခြောက်သွေ့နေခဲ့သည်။

သူသည် ခန္ဓာကိုယ်ကို တွန့်လိမ်လျက် နာကျင်စွာဖြင့် ထောင်ခန်းတံခါးဝတွင် သေဆုံးနေခဲ့ခြင်း ဖြစ်၏။

လီတာရှန်းသည် သူ၏ ဦးခေါင်းကို အပေါ်သို့ မြင့်မားစွာ မော့ထားခဲ့ပြီး မိုးရွာသောနေ့တွင် ရေမျက်နှာပြင် အထက်သို့ ခေါင်းပြူ၍ အသက်ရှူနေသော လိပ်တစ်ကောင်ကဲ့သို့ပင် လည်ပင်းကို အဝေးသို့ ဆန့်ထုတ်ထားကာ အကြောအပြိုင်းပြိုင်းတို့မှာလည်း ဖောင်းကြွနေခဲ့သည်။

မျက်နှာရှိ အစိတ်အပိုင်းများမှာ တွန့်လိမ်ဆိုးရွားနေပြီး သေဆုံးခါနီးတွင် ကြီးမားသော နာကျင်မှုကို ခံစားခဲ့ရကာ အသက်လု၍ အကူအညီတောင်းခဲ့ပုံရသော်လည်း ထောင်စောင့်တစ်ဦးမှ ဤနေရာရှိ လှုပ်ရှားမှုကို မကြားခဲ့ကြချေ။

တရားသူကြီးကျန်း၊ လက်ထောက်အရာရှိနှင့် အရာရှိကြီးများမှာ လူတစ်ယောက် ဤမျှ ထူးဆန်းစွာ သေဆုံးသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သောကြောင့် အားလုံး ထိတ်လန့်သွားခဲ့ကြသည်။

လီတာရှန်း၏ ထူးဆန်းသော သေဆုံးမှုပုံစံကို ကြည့်ရသည်မှာ လိပ်အိုကြီး လမင်းကို ငေးမောနေသည့် ထူးဆန်းသော မြင်ကွင်းနှင့်ပင် ဆင်တူနေ၏။

အကျဉ်းထောင်၏ ထောင်မှူးအမည်မှာ ဆွန်ဖူ ဖြစ်ပြီး သူ၏ နှုတ်ခမ်းပေါ်တွင် ကြွက်နှုတ်ခမ်းမွှေးကဲ့သို့သော နှုတ်ခမ်းမွှေး ပါးပါး ရှိနေခဲ့သည်။

သူသည် ဤထောင်ထဲတွင် အတွေ့အကြုံရင့်သော လူဟောင်းတစ်ဦးဖြစ်ပြီး သာမန်အချိန်များတွင် အကျဉ်းသားများထံမှ ငွေကြေးများကို မတရား ရယူလေ့ ရှိသောကြောင့် ဤအလုပ်မှာ အလွန် အကျိုးအမြတ် များသော နေရာ ဖြစ်၏။

သာမန်အချိန်တွင် ဆွန်ဖူသည် ထောင်ထဲ၌ ဘုရင်တစ်ပါးကဲ့သို့ ပြုမူနေထိုင်လေ့ရှိပြီး မည်သူမှ သူ၏ စကားကို မလွန်ဆန်ရဲကြချေ။

သို့ပေမည့်လည်း ယခုအခါတွင်မူ သူသည် တရားသူကြီးကျန်း၏ ရှေ့တွင် မျက်နှာတစ်ခုလုံး ဖြူလျော်ကာ ကြောက်ရွံ့နေခဲ့ပြီး စကားတစ်ခွန်းပင် မဟရဲဘဲ အားလုံးကို ရင်ထဲ၌သာ မြိုသိပ်ထားခဲ့ရသည်။

ယခုအချိန်တွင် သူသည် ဤအကျိုးအမြတ်များသော ရာထူးနေရာကို ဆက်လက် ထိန်းသိမ်းနိုင်ပါဦးမလားဟု စိုးရိမ်နေခြင်း မဟုတ်ဘဲ လီတာရှန်း သေဆုံးမှု၏ တာဝန်အားလုံး သူ့ခေါင်းပေါ်သို့ ကျရောက်လာကာ အသက်ရှင်နိုင်ပါဦးမလားဟု စိုးရိမ်နေခြင်း ဖြစ်၏။

ထောင်မှူး ဆွန်ဖူသည် နဖူးမှ ချွေးများ စီးကျလျက် တရားသူကြီးကျန်း၏ မျက်နှာအမူအရာကို အကဲခတ် နေခဲ့သည်။

တရားသူကြီးကျန်းသည် လီတာရှန်း၏ ထူးဆန်းသော သေဆုံးမှုကို မြင်ပြီးနောက် မျက်နှာ ညိုမည်း သွားသည်။ ထိုအမူအရာကို မြင်ချိန်မှာတော့ ဆွန်ဖူသည် တရားသူကြီးကျန်း၏ ရှေ့တွင် ချက်ချင်းဆိုသလို အပြစ်မှ လွတ်မြောက်ရန် ကြိုးစားတော့၏။

နောင်တွင် ပွဲတော်ရက်များ၌ ဘိုးဘွားများ၏ ဂူဗိမာန်ကို သွားရောက် သန့်ရှင်းရေး လုပ်မည်ဖြစ်ပြီး မုဆိုးမအိမ်တွင် ညအိပ်ခြင်းမျိုး ဘယ်တော့မှ မလုပ်တော့ဘဲ ကုသိုလ်ကောင်းမှု ပြုလုပ်မည်ဟု စိတ်ထဲက ကျိန်ဆိုနေခဲ့သည်။

ထောင်မှူးသည် တရားသူကြီးကျန်း၏ ရှေ့တွင် သူ့အပြစ်မှ လွတ်မြောက်ရန် ဖြစ်စဉ်ကို ရှင်းပြလိုက်၏။ “တရားသူကြီးမင်း... ကျုပ်တို့ ညီအစ်ကိုတွေဟာ လီတာရှန်းက အရပ်ထဲမှာ ယမ်းမှုန့် သိမ်းဆည်းထားတဲ့ အမှုကြီးနဲ့ ဆက်စပ်နေလို့ အလွန် အရေးကြီးမှန်း သိပါတယ်။ ဒါကြောင့် ကျုပ်တို့ တစ်ချက်ကလေးမှ မပေါ့ဆရဲဘဲ ဘယ်သူ့ကိုမှ လီတာရှန်းဆီ လာတွေ့ခွင့် မပြုခဲ့ပါဘူး။

အဘိုးကြီးချန်နဲ့ အဘိုးကြီးရွှီတို့လည်း လီတာရှန်းကို နှိပ်စက်တာမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ကြပါဘူး။ ဒီကိစ္စရဲ့ အရေးကြီးပုံကို ကျုပ်တို့ အားလုံး နားလည်လို့ လီတာရှန်းကို သေချာ စောင့်ကြပ်ကြည့်ရှုခဲ့တာပါ။ နေ့ ... နေ့လယ်ပိုင်းတုန်းကတော့ လီတာရှန်းက ကောင်းကောင်းမွန်မွန် ရှိနေပါသေးတယ်။

ဒီနေ့ ညစာကို အဘိုးကြီးချန်က သွားပို့တာဖြစ်ပြီး အဲဒီအချိန်တုန်းက လီတာရှန်းက ပုံမှန်အတိုင်း စားနိုင် သောက်နိုင် အိပ်နိုင်ပါသေးတယ်။ ကျုပ် သက်သေခံရဲပါတယ်။ ပြီးတော့ ထောင်ထဲမှာ ပိတ်လှောင်ထားတဲ့ ဒီနှစ်ရက်အတွင်းမှာ ဘယ်သူ့ကိုမှ ပေးမဝင်ခဲ့ပါဘူး။ လီတာရှန်းက တစ်ယောက်တည်း ပိတ်လှောင် ခံထားရတာဖြစ်ပြီး ကျုပ်တို့ ထောင်စောင့်တွေကလွဲရင် အပြင်လူ တစ်ယောက်နဲ့မှ မတွေ့ခဲ့ပါဘူး။

ဒါ ... ဒါပေမဲ့ ကိစ္စက ဒီနေရာမှာတင် ထူးဆန်းသွားတာပါ။ ညနေ ငါးနာရီကနေ ခုနစ်နာရီအတွင်း ကျုပ်တို့ ညစာ သွားပို့ချိန်မှာ လူက ကောင်းနေတုန်းပါပဲ။ ဘာမှ မထူးဆန်းပါဘူး။ အဲဒီကြားထဲမှာ နာရီဝက်လောက်ပဲ ခြားပြီး ညခုနစ်နာရီကနေ ကိုးနာရီအတွင်းမှာ အဘိုးကြီးချန်က ထုံးစံအတိုင်း ထောင်ခန်းကို လိုက်စစ်ဆေးချိန်မှာ အဘိုးကြီးချန်ရဲ့ အော်သံကို ကြားလိုက်ရတာပါ။

ကျုပ်နဲ့ အဘိုးကြီးရွှီ ထောင်ခန်းရှေ့ကို ပြေးသွားကြည့်တော့ အဘိုးကြီးချန်က ကြောက်လန့်တကြား မြေပေါ်မှာ လဲကျနေပြီး လီတာရှန်းက ထောင်ခန်းထဲမှာ ထူးဆန်းစွာ သေဆုံးနေတာကို မြင်လိုက်ရတာပါ။

လီတာရှန်းကို ပိတ်ထားတဲ့ ထောင်ခန်းတံခါးကလည်း သေသေချာချာ သော့ခတ်ထားပြီး ထောင်ခန်းထဲမှာလည်း ပျက်စီးနေတဲ့ အမှတ်အသား မရှိပါဘူး။ ဘယ်သူမှ ဝင်လို့ မရနိုင်ပါဘူး။ ဒါပေမဲ့ ထူးဆန်းတာက လီတာရှန်းက ထောင်ထဲမှာတင် ဒီလိုမျိုး ထူးဆန်းစွာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။”

လက်ထောက်အရာရှိက မေးလိုက်သည်။ “တရားသူကြီးမင်း... အစားအစာထဲမှာ အဆိပ်ပါနေတာ ဖြစ်နိုင်မလား။ လီတာရှန်းရဲ့ အနောက်မှာ ကိစ္စတွေ အများကြီး ရှိနေတော့ အပြင်မှာ ကျန်နေသေးတဲ့ သူရဲ့ အပေါင်းအဖော်တွေက လီတာရှန်း ဖော်ကောင်လုပ်မှာ ကြောက်လို့ လာပြီး နှုတ်ပိတ်လိုက်တာများလား။”

ထောင်မှူးသည် ထိုစကားကို ကြားချိန်မှာတော့ ပျာပျာသလဲ ရှင်းပြလိုက်၏။ “အစားအစာထဲမှာ ကြိုတင် အဆိပ်ခတ်ထားဖို့ မဖြစ်နိုင်ပါဘူး။ ထောင်ထဲက အကျဉ်းသားတွေ အားလုံးက တစ်အိုးတည်း ချက်တဲ့ ထမင်းဟင်းကို စားကြတာပါ။

တကယ်လို့ တစ်ယောက်ယောက်က အဆိပ်ခတ်တာဆိုရင် လီတာရှန်း တစ်ယောက်တည်း သေစရာ အကြောင်း မရှိပါဘူး။ ထောင်ထဲက အကျဉ်းသားတွေ အားလုံး အတူတူ သေရမှာ ဖြစ်ပြီး အခုလိုမျိုး အခြားလူတွေ အသက်ရှင်နေစရာ အကြောင်း မရှိပါဘူး။ ပြီးတော့ ညစာတွေကိုလည်း ဖြစ်သလိုပဲ ပို့ပေးတာမို့ ဘယ်သူကမှ ဘယ်ပန်းကန်က လီတာရှန်းအတွက်လဲဆိုတာ ကြိုမသိနိုင်ပါဘူး။ ဒါကြောင့် အဆိပ်ခတ်ဖို့ မဖြစ်နိုင်ပါဘူး။”

ထောင်မှူး ဆွန်ဖူ၏ စကားကို ကြားရသရွေ့ ထောင်စောင့်များသည် တာဝန်ကျေပွန်ကြသည်မှာ အမှန်ပင် ဖြစ်သည်။

တရားသူကြီးကျန်းသည် မျက်နှာ အလွန်ပျက်ယွင်းနေပြီး သူ၏ ဘေးရှိ ဓားလွယ်ထားသော အရာရှိကြီး တစ်ဦးကို လှည့်ကြည့်လိုက်၏။

တရားသူကြီးကျန်းက မေးလိုက်သည်။ “အရာရှိဖုန်း ... ခင်ဗျား ဒီထောင်ထဲမှာ ဘာသဲလွန်စများ ရှာတွေ့သလဲ။”

အရာရှိဖုန်းက ပြောလိုက်၏။ “အရာရှိမင်းကို တင်ပြရရင် ကျုပ် ရုပ်အလောင်းစစ်ဆေးသူကို ခေါ်လာခဲ့ပါပြီ။ ဒီလူ ဘယ်လို သေဆုံးလဲဆိုတာ အစားအစာထဲ အဆိပ်မိတာ ဟုတ်၊ မဟုတ်ကို ရုပ်အလောင်း စစ်ဆေးပြီးရင် အားလုံး ပေါ်ပေါက်လာမှာပါ။ အရာရှိမင်း အနေနဲ့ စစ်ဆေးခွင့် ပြုဖို့ တောင်းဆိုပါတယ်။”

ထိုအချိန်တွင် လူတိုင်းသည် ထောင်ခန်း၏ အပြင်ဘက်၌ ရပ်နေကြ၏။ တရားသူကြီးကျန်း၏ ခွင့်ပြုချက် မရရှိဘဲ မည်သူမှ ထောင်ခန်းထဲသို့ တိတ်တဆိတ် မဝင်ရဲကြချေ။

တရားသူကြီးကျန်းက ပြောလိုက်၏။ “ဒါဆိုရင်လည်း စစ်ဆေးလိုက်ကြ။ ဘာပဲဖြစ်ဖြစ် အထက်အရာရှိတွေ လူလာမခေါ်ခင်မှာ ဒီကိစ္စကို အမှန်တရား ပေါ်ပေါက်အောင် စုံစမ်းရမယ်။ ဒါမှ ကျုပ်လည်း အထက်ကို သတင်းပို့လို့ရမှာပါ။”

တရားသူကြီးကျန်း၏ ခွင့်ပြုချက် ရရှိပြီးနောက် ထောင်ခန်းအပြင်ဘက်လမ်းတွင် ပြည့်နှက်နေသော လူအုပ်ထဲမှ ဆေးသေတ္တာကို ကျောပိုးထားသည့် ပိန်လှီသော အဘိုးအို တစ်ဦးသည် ထောင်ခန်းထဲသို့ ပထမဆုံး ဝင်ရောက်သွားခဲ့သည်။

ရှေးခေတ်လူများတွင် လက်အိတ် ဝတ်ဆင်ရမည်ဟူသော အသိစိတ် မရှိကြချေ။ ရုပ်အလောင်းများနှင့် အမြဲ ထိတွေ့နေရသောကြောင့် သူ၏ လက်နှစ်ဖက်လုံးတွင် အမာရွတ်များနှင့် အနာစိမ်းများစွာ ရှိနေ၏။

ဤအရာများသည် ပျောက်ကင်းလိုက် ပြန်ဖြစ်လိုက်ဖြင့် အကြိမ်ကြိမ် ဖြစ်ပွားခဲ့ရာ လက်နှစ်ဖက်လုံးတွင် ဒဏ်ရာများ ပြည့်နှက်နေခဲ့သည်။

ထောင်ထဲတွင် လေဝင်လေထွက် မကောင်းဘဲ အနံ့ဆိုးများ ရှိနေကာ လူအများအပြား ပြည့်နှက်နေသောကြောင့် လူတိုင်း အသက်ရှူရ ခက်ခဲနေခဲ့ကြ၏။

သို့ပေမည့်လည်း ယခုအချိန်တွင် မည်သူမှ စကားတစ်ခွန်းပင် မညည်းညူရဲကြချေ။ မတ်တတ်ရပ်ရသည်မှာ ကြာမြင့်သောကြောင့် ခြေထောက်များ ထုံကျင်နေလျှင်တောင်မှ ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှား၍သာ အံကြိတ်ကာ အောင့်ခံနေကြရသည်။

ဤကဲ့သို့ ခက်ခဲလှသော စောင့်ဆိုင်းမှုအပြီးတွင် ရုပ်အလောင်း စစ်ဆေးမှုမှာ နောက်ဆုံး၌ အဖြေထွက်ပေါ် လာခဲ့၏။

ရုပ်အလောင်းစစ်ဆေးသူက ပြောလိုက်သည်။ “တရားသူကြီးမင်းနဲ့ အရာရှိဖုန်းကို တင်ပြရရင် လီတာရှန်း သေဆုံးရတဲ့ အကြောင်းရင်းက အဆိပ်မိတာ မဟုတ်ဘဲ ရေနစ်သေဆုံးတာ ဖြစ်ပါတယ်။ ထူးဆန်းတာကတော့ အရေပြားပေါ်မှာ အကွက်တွေ ပေါ်နေပေမဲ့ အတွင်းကလီစာတွေရဲ့ အခြေအနေက သေဆုံးတာ တစ်နာရီတောင် မပြည့်သေးတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။”

လူတိုင်း အံ့အားသင့်ကာ ဆွံ့အသွားကြရ၏။ “ရေနစ်သေဆုံးတာ ဟုတ်လား။ မဖြစ်နိုင်တာ။”

…………….

All Chapters