အခန်း ၈
Vol. 1 Ch. 8
အပိုင်း (၈) အပြောင်းအလဲ
ထောင်မှူး ဆွန်ဖူသည် မိမိကိုယ်ကိုယ် ကာကွယ်ရန် အော်ပြောလိုက်သည်။ “ဒီနေရာက ခြောက်သွေ့တဲ့ ထောင်ခန်းဖြစ်ပြီး ရေနဲ့ ထိတွေ့စရာ အကြောင်းတောင် မရှိတာကို လီတာရှန်းက ဘယ်လိုလုပ် ရေနစ်သေရမှာလဲ။ ဒါ ခင်ဗျားက ကျုပ်တို့ကို မတရား စွပ်စွဲတာပဲ။ စကားပြောရင် သက်သေရှိရမယ်။
အရာရှိမင်း... ကျုပ် ဆွန်ဖူကို ယုံကြည်ပေးပါ။ ကျုပ်တို့ ထောင်စောင့်တွေဟာ လီတာရှန်းကို နှိပ်စက်တာမျိုး၊ ရေနဲ့ နှိပ်စက်တာမျိုး လုံးဝ မလုပ်ခဲ့ပါဘူး။ လီတာရှန်းကို အပြင်ပေးထွက်တာလည်း မရှိပါဘူး။ ကျုပ်တို့ သာမန်အချိန်မှာ နည်းနည်း ဆိုးသွမ်းချင် ဆိုးသွမ်းမယ်။ ဒါပေမဲ့ ကျုပ် ပြောတဲ့စကားတွေက အမှန်တွေပါ။ ဒီလီတာရှန်းကို ကျုပ်တို့ တကယ်ကို ဂရုတစိုက် စောင့်ကြပ်ခဲ့တာပါ။”
ရုပ်အလောင်းစစ်ဆေးသူ အဘိုးအိုသည် ဒေါသထွက်ခြင်း မရှိချေ။ ထိုအဘိုးအိုသည် စိတ်တိုတတ်ပုံ မရဘဲ အေးအေးဆေးဆေးပင် ရှင်းပြလိုက်၏။ “လီတာရှန်းက တကယ်ပဲ ရေနစ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ဝမ်းဗိုက်က ဘောလုံးတစ်လုံးလို ဖောင်းပွနေပြီး မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်တွေကနေ ရေတွေ ထွက်နေပါတယ်။
ခန္ဓာကိုယ်ကလည်း အနည်းငယ် ဖောင်းနေပြီး ကျုပ်က လီတာရှန်းရဲ့ နှာခေါင်းထဲမှာ ရေမှော်ပင် အချို့ကိုပါ ရှာတွေ့ခဲ့ပါတယ်။ ပြီးတော့ လီတာရှန်း သေဆုံးပြီးနောက် ကြမ်းပြင်က ရေကွက်ကြီးနဲ့ လိပ်တစ်ကောင်လို ခေါင်းဆန့်ထုတ်ပြီး အသက်ရှူဖို့ ကြိုးစားခဲ့တဲ့ သေဆုံးမှု ပုံစံတွေကို ပေါင်းစပ်ကြည့်ရင် အထောက်အထား အားလုံးက လီတာရှန်း ရေနစ်သေဆုံးတာကို ပြသနေတာ ဖြစ်ပါတယ်။
ကျုပ်က အဘိုးကြီး တစ်ယောက်ပါ။ ထောင်မှူး ဆွန်နဲ့လည်း ဘာရန်ငြိုးမှ မရှိတာမို့ ဘာဖြစ်လို့ မတရား စွပ်စွဲပြီး ဒုက္ခပေးရမှာလဲ။ ရေနစ်သေတဲ့သူက ဘာဖြစ်လို့ အဝတ်အစားတွေ ခြောက်သွေ့နေရတာလဲ။ ပြီးတော့ ဘာဖြစ်လို့ တစ်ယောက်တည်း ပိတ်လှောင်ခံထားရပြီး ထောင်ထဲကနေ ဘယ်မှ မထွက်ခဲ့တဲ့ လီတာရှန်းက ရေနစ်သေတဲ့ အခြေအနေမျိုး ဖြစ်နေရတာလဲ။ ဒါတွေကတော့ အရာရှိကြီးတွေရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ကျုပ်လို အဘိုးကြီးကတော့ သေဆုံးသူရဲ့ အကြောင်းရင်းအစစ်အမှန်ကို ရှာဖွေဖို့ပဲ တာဝန်ရှိတာပါ။”
ထောင်မှူး ဆွန်ဖူသည် ကြောက်လန့်လွန်းသောကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေပြီး မိမိတို့တွင် အပြစ်မရှိကြောင်း၊ ထောင်စောင့်များသည် လီတာရှန်းအား မသတ်ခဲ့သကဲ့သို့ ထောင်ထဲမှ အပြင်သို့လည်း လုံးဝ မခေါ်သွားခဲ့ကြောင်း အော်ဟစ် ငြင်းဆန်နေခဲ့သည်။
ထောင်ထဲတွင် အမြဲ ပိတ်လှောင်ခံထားရသော လီတာရှန်းသည် အဘယ်ကြောင့် ရေနစ်သေဆုံးသည့် အခြေအနေမျိုး ဖြစ်ပွားရသနည်း ဆိုသည်ကိုမူ သူတို့ လုံးဝ မသိရှိကြချေ။
သို့ပေမည့်လည်း ယခုအချိန်တွင် ထိုထောင်စောင့်များအတွက် မည်သူမှ ရှေ့ထွက်၍ အသနားခံမပေးကြချေ။ အဘယ်ကြောင့်ဆိုသော် ရှေ့မှောက်ရှိ သဲလွန်စများ အားလုံးသည် ဆွန်ဖူတို့ အုပ်စုအတွက် မကောင်းသောကြောင့်ပင်။
ထို့နောက် ဆွန်ဖူနှင့် ထောင်စောင့်များကို ထောင်ထဲတွင် ပြန်လည် ပိတ်လှောင်လိုက်ပြီး ရုံးတော်မှ အရာရှိကြီးတစ်ဦးသည် စစ်သည်အချို့ကို ခေါ်ဆောင်ကာ လီတာရှန်း သေဆုံးမှုနှင့် ပတ်သက်သော သဲလွန်စများကို ရှာဖွေရန် ရှန်ဖန်းရွာသို့ မြင်းမြန်များဖြင့် အပြင်းနှင်၍ ထွက်ခွာသွားခဲ့ကြတော့သည်။
……
သို့ပေမည့် ရုံးတော်မှ လူများသည် ရှန်ဖန်းရွာသို့ ရောက်ရှိရုံသာ ရှိသေးပြီး စုံစမ်းစစ်ဆေးမှု မလုပ်ရသေးမီမှာပင် ရွာလူကြီးက ကိုယ်တိုင် လာရောက် ရှာဖွေခဲ့သည်။ ထူးဆန်းစွာပင် လီဆိုက်လျန်၏ ရုပ်အလောင်း ပျောက်ဆုံးသွားခြင်း ဖြစ်လို့နေ၏။
လီဆိုက်လျန် သေဆုံးသည်မှာ ခုနစ်ရက်ပင် မပြည့်သေးဘဲ အိမ်တွင်းရှိ အဖြူရောင် ပိတ်စများ၊ အဖြူရောင် မီးအိမ်များနှင့် နာရေး ဆိုင်းဘုတ်များကိုပင် မဖြုတ်ရသေးချေ။
ရုပ်အလောင်းကို ခေါင်းတလားထဲသို့ ထည့်သွင်း သင်္ဂြိုဟ်ခြင်း မပြုရသေးဘဲ အိမ်ရှေ့ခန်းမတွင် ထားရှိသော လီဆိုက်လျန်၏ ရုပ်အလောင်းမှာ မနေ့ကတည်းကပင် ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ရွာလူကြီးသည် ရွာစောင့်တပ်ဖွဲ့ဝင်များကို ခေါ်ဆောင်ကာ ရွာထဲနှင့် ရွာအနားတစ်ဝိုက်တွင် မြေကြီးကို သုံးတောင်ခန့် တူးဆွ၍ ရှာဖွေခဲ့သော်လည်း ပျောက်ဆုံးသွားသော လီဆိုက်လျန်၏ ရုပ်အလောင်းကို ရှာမတွေ့ခဲ့ကြချေ။
ကိစ္စရပ်များသည် ထိန်းချုပ်၍ မရနိုင်သော ထူးဆန်းသည့် လမ်းကြောင်းဆီသို့ ဦးတည်သွားခဲ့ပြီ ဖြစ်၏။
ယခုတစ်ခေါက် ရှန်ဖန်းရွာသို့ ဦးဆောင်လာသော အရာရှိကြီးမှာ ချန်ခရိုင်၏ အရာရှိကြီး သုံးဦးထဲမှ တစ်ဦး ဖြစ်သည့် ကျန့်ယွမ်ဟူ ဖြစ်သည်။
ထိုသူသည် ကျောကုန်းကျယ်ပြီး ခန္ဓာကိုယ် တုတ်ခိုင်ထွားကျိုင်းလှကာ လက်ချောင်းများ၏ အရိုးများမှာ သာမန်ထက် ပိုမို ကြီးမားသောကြောင့် ကြည့်လိုက်ရုံဖြင့် အပြင်ပန်းသိုင်းပညာရပ်ကို လေ့ကျင့်ထားသူ ဖြစ်ကြောင်း သိနိုင်၏။
အရာရှိကြီး သုံးဦးထဲမှ တစ်ဦး ဖြစ်သည့်အတွက် ကျန့်ယွမ်ဟူ၏ ဓားမှာလည်း သာမန် စစ်သည်များ ကိုင်ဆောင်သော ဓားများနှင့် မတူညီချေ။
ထိုဓားမှာ အလျား နှစ်ပေသုံးလက်မရှိပြီး ကျားခေါင်းပုံသဏ္ဍာန် ဓားမကြီး ဖြစ်ကာ သာမန် ဓားများထက် ပိုမို လေးလံလှသောကြောင့် သာမန်လူများ ဝေ့ယမ်းရန် နေနေသာသာ ယောက်ျားကြီးများပင် လက်ထဲ၌ နှစ်ချက်သုံးချက် ဝေ့ယမ်းရန် ခက်ခဲလှ၏။
ကျန့်ယွမ်ဟူသည် ခရိုင်အတွင်း၌ အလွန် နာမည်ကြီးသော သိုင်းပညာရှင် တစ်ဦးဖြစ်ပြီး ကျားခေါင်းဓားနှင့် ကျားနက်လက်သီး ပညာရပ်များဖြင့် ယခင်က တစ်ယောက်တည်း တောင်ကြိုတောင်ကြားရှိ ဓားပြစခန်းထဲသို့ ဝင်ရောက်ကာ ဓားပြ တစ်ဆယ့်ငါးဦးလုံးကို သတ်ဖြတ်ပြီး ဒဏ်ရာတစ်စုံတစ်ရာ မရရှိဘဲ ပြန်လာခဲ့ဖူး၏။ တစ်ပွဲတည်းဖြင့် နာမည်ကြီးသွားခဲ့ခြင်း ဖြစ်သည်။
ကျန့်ယွမ်ဟူသည် လီဆိုက်လျန်၏ ရုပ်အလောင်း ပျောက်ဆုံးသွားကြောင်း သိရချိန်မှာတော့ ချက်ချင်းဆိုသလို ရွာလူကြီးအား လမ်းပြခိုင်းပြီး လီဆိုက်လျန်၏ အိမ်နှင့် လီတာရှန်း၏ အိမ်သို့ သွားရောက် စုံစမ်းစစ်ဆေးခဲ့၏။
ကျန့်ယွမ်ဟူသည် ထက်မြက်သူဖြစ်ပြီး သာမန် လူမိုက်တစ်ဦး မဟုတ်ပေ။ ထိုသို့ မဟုတ်လျှင် အရာရှိကြီး ရာထူးနေရာသို့ ရောက်ရှိလာမည် မဟုတ်ပေ။
သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ရှိနေခဲ့ပြီ ဖြစ်၏။
‘လီတာရှန်း ထောင်ထဲမှာ ရေနစ်သေဆုံးတဲ့ အမှုနဲ့ လီဆိုက်လျန်ရဲ့ ရုပ်အလောင်း ပျောက်ဆုံးတဲ့ အမှုဟာ အချိန်ပိုင်းအရ အရမ်း တိုက်ဆိုင်လွန်းနေပါလား။’
ထူးဆန်းသော ကိစ္စရပ်များ၏ အနောက်တွင် မကောင်းဆိုးဝါး ရှိနေတတ်၏ ဟူသော စကားပုံအတိုင်းပင်။
ထို့ကြောင့် သူသည် ထိုလူနှစ်ဦး၏ အိမ်မှ စတင်ကာ စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။
လီဆိုက်လျန်၏ ရုပ်အလောင်း ပျောက်ဆုံးမှုမှာ အလွန် ထူးဆန်းလှပြီး အလောင်းစောင့်နေသော လီကတော်၏ မျက်စိရှေ့တွင်တင် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သောကြောင့် ရွာထဲ၌ ကောလာဟလများ ပျံ့နှံ့ကာ လူများ ထိတ်လန့်နေကြ၏။
ရွာလူကြီးသည် စိတ်ထဲတွင် ကြောက်ရွံ့နေသော်လည်း ရုံးတော်၏ အမိန့်ကို မလွန်ဆန်ရဲချေ။ မဟုတ်ပါက ခေါင်းဖြတ်ခံရခြင်း သို့မဟုတ် ထောင်ကျခြင်း ခံရမှာဖြစ်၏။ ထို့ကြောင့် ရွာလူကြီးသည် လက်ထဲတွင် မီးအိမ်ကို ကိုင်ဆောင်ကာ မှောင်မိုက်လှသော ညဉ့်ဦးယံတွင် ရှေ့မှနေ၍ လမ်းပြပေးခဲ့သည်။
ညရောက်ပြီးနောက် ရှန်ဖန်းရွာသည် အလွန်ပင် တိတ်ဆိတ် ငြိမ်သက်နေခဲ့၏။
အဝေးနှင့် အနီးမှ ထွက်ပေါ်လာသော ခွေးဟောင်သံ အချို့နှင့် ကြောင်အော်သံများက ဤအေးစက်လှသော ညဉ့်ဦးယံကို ပိုမို၍ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ဖြစ်ပေါ်စေ၏။ တစ်ရွာလုံးရှိ အိမ်များ၌ မီးများငြိမ်း၍ တံခါးနှင့် ပြတင်းပေါက်များကို ပိတ်ထားကြပြီး ရွာသားများ စောစီးစွာ အိပ်စက်နေကြပြီ ဖြစ်သည်။
လီဆိုက်လျန်၏ အိမ်ကို ရှာဖွေရန် မခက်ခဲချေ။ တစ်ရွာလုံးတွင် မီးလင်းနေသော အိမ်အနည်းငယ်ထဲ၌ တစ်အိမ်မှာ လီဆိုက်လျန်၏အိမ် ဖြစ်၏။
ခင်ပွန်းဖြစ်သူ၏ ရုပ်အလောင်း ပျောက်ဆုံးသွားသောကြောင့် လီကတော်သည် မျက်လုံးများ မို့အမ်းသည်အထိ ငိုကြွေးနေခဲ့ပြီး တစ်ညလုံး အိပ်မပျော်နိုင် ဖြစ်နေသည်။
လီဆိုက်လျန်၏ အိမ်တွင် အသုံးဝင်သော သဲလွန်စ မရှိဘဲ သူ၏ ရုပ်အလောင်းမှာ ရွာလူကြီး ပြောသကဲ့သို့ပင် ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပြီး မည်သည့် အမှတ်အသားမျှ ကျန်ရစ်ခြင်း မရှိချေ။
ဤမျှ ကြီးမားလှသော လူသေအလောင်းမှာ အလွန် လေးလံသောကြောင့် တစ်စုံတစ်ယောက်က လာခိုးယူခြင်း ဖြစ်ပါက တစ်ယောက်တည်းဖြင့် သယ်ဆောင်ရန် ခက်ခဲလှပြီး ယခုကဲ့သို့ သဲလွန်စမကျန် ပျောက်ကွယ်သွားရန် မဖြစ်နိုင်ပေ။
သို့ပေမည့်လည်း အရာအားလုံးက အလွန် ရှင်းလင်းနေခဲ့သည်။ ရှင်းလင်းလွန်းသောကြောင့် သေဆုံးသူက ကိုယ်တိုင် ထရပ်ပြီး လမ်းလျှောက်သွားသကဲ့သို့ပင် ဖြစ်နေတော့သည်။
ကျန့်ယွမ်ဟူသည် မျက်နှာ တည်လျက် သူ၏ လက်အောက်ခံ စစ်သည် ခြောက်ဦးနှင့် ရွာလူကြီးကို ခေါ်ဆောင်ကာ လီတာရှန်း၏ အိမ်ဆီသို့ ဆက်လက် ထွက်ခွာခဲ့ကြ၏။
လီဆိုက်လျန်၏ အိမ်မှ လီတာရှန်း၏ အိမ်သို့ သွားရာလမ်းမှာ အနည်းငယ် ကွာဝေးပြီး သူတို့ လီတာရှန်း၏ အိမ်သို့ မရောက်မီမှာပင် ရွာလူကြီးက ရုတ်တရက် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ကျန့်ယွမ်ဟူက သူ၏ လေးလံလှသော အသံဝါကြီးဖြင့် မေးလိုက်၏။ “ဘာဖြစ်တာလဲ။”
ရွာလူကြီးက အံ့အားသင့်စွာ ပြောလိုက်သည်။ “လီတာရှန်းရဲ့ အိမ်မှာ မီးလင်းနေပါလား။”
ကျန့်ယွမ်ဟူ၏ အသံမှာ လေးနက်လို့နေ၏။ “ညဘက်မှာ လူတွေ မမြင်ရတော့ ပြည်သူတွေရဲ့ အိမ်မှာ မီးလင်းနေတာက သာမန်ပဲ မဟုတ်ဘူးလား။”
သို့ပေမည့် ရွာလူကြီးက အလျင်အမြန် ခေါင်းခါကာ ပြောလိုက်သည်။ “လီတာရှန်းက လောင်းကစားသမား တစ်ဦး ဖြစ်ပြီး အိမ်က ပစ္စည်းတွေကို အကုန် ဖြုန်းပစ်လို့ အခုထိ မိန်းမတောင် မယူနိုင်သေးပါဘူး။ မိဘတွေလည်း သူကြောင့် စိတ်ဆိုးပြီး စောစောစီးစီး ဆုံးပါးသွားခဲ့ကြပါပြီ။ သူက အမြဲတမ်း တစ်ယောက်တည်း နေတာ ဖြစ်ပြီး ဆွေမျိုး သူငယ်ချင်းလည်း မရှိတာမို့ အိမ်ထဲမှာ လူရှိနေစရာ အကြောင်း မရှိပါဘူး။”
ကျန့်ယွမ်ဟူ၏ မျက်လုံးများတွင် တွေးတောဟန်များ ထင်ဟပ်လာခဲ့၏။ “ဟမ်...”
ကျန့်ယွမ်ဟူက ပြောဆိုလိုက်သည်။ “သွားမယ်... သွားကြည့်ကြတာပေါ့။ လီတာရှန်းမှာ အခြား အပေါင်းအဖော်တွေ ရှိနေနိုင်ပြီး အဲဒီ ကျန်နေတဲ့လူက အခု သူရဲ့ အိမ်ထဲမှာ ပုန်းနေတာ ဖြစ်နိုင်တယ်။ ရွာလူကြီး... ခင်ဗျား ခန္ဓာကိုယ်က အားနည်းတော့ ဒီမှာပဲ ရပ်နေပါ။ အကယ်၍ တရားခံကို ဖမ်းတဲ့အခါ အပြင်းအထန် တိုက်ခိုက်ရင် ခင်ဗျားကို ထိခိုက်လိမ့်မယ်။
အခြား ညီအစ်ကိုတွေ အားလုံး ကျုပ်နောက်က လိုက်ခဲ့ကြ။ ဒီရက်ပိုင်းအတွင်း ကိစ္စတွေ အများကြီး ဖြစ်နေတာ ဘယ်သူက လာပြီး သရဲလုပ်နေတာလဲဆိုတာ ကျုပ် ကြည့်ချင်သေးတယ်။”
“ဂျွတ်... ဂျွတ်... ဂျွတ်..”
ကျန့်ယွမ်ဟူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများမှ ပဲလှော်ဝါးသကဲ့သို့ အသံများ ထွက်ပေါ်လာခဲ့ပြီး သူသည် ခန္ဓာကိုယ်တွင်း စွမ်းအားများကို လှည့်ပတ်ကာ ကြွက်သားများကို ဖြေလျှော့လိုက်၏။
ခန္ဓာကိုယ် အထွားကျိုင်းဆုံး ဖြစ်သော သူသည် ကျားခေါင်းဓားမကြီးကို ကိုင်ဆောင်၍ ရှေ့ဆုံးမှနေ၍ ဦးဆောင် လျှောက်လှမ်းသွားခဲ့သည်။
လူအုပ်စုသည် ခြေလှမ်း ရာဂဏန်းခန့် အကွာတွင်ရှိသော မီးလင်းနေသည့် လီတာရှန်း၏ အိမ်ဆီသို့ လျှောက်လှမ်းသွားခဲ့ကြ၏။
............