အခန်း ၉
Vol. 1 Ch. 9
အပိုင်း (၉) ယင်နှင့်ယန် ကမ္ဘာနှစ်ခု
ကျန့်ယွမ်ဟူသည် စစ်သည် ခြောက်ဦးကို ခေါ်ဆောင်လျက် လီတာရှန်း၏ အိမ်ဆီသို့ တိတ်တဆိတ် ချဉ်းကပ်လာခဲ့ကြသည်။
ကျန့်ယွမ်ဟူက အမိန့်ပေးလိုက်၏။ “မင်းတို့ နှစ်ယောက်က အနောက်ဘက်ခြံထဲမှာ သွားပိတ်ထားကြ။ အထဲကလူ အနောက်ဘက်ကနေ ထွက်မပြေးနိုင်အောင် တားဆီးရမယ်။ ကျန်တဲ့လူတွေကတော့ ကျုပ်နဲ့အတူ အထဲကလူကို သွားတွေ့ကြတာပေါ့။”
စစ်သည်များက ညီညာစွာ ပြန်ပြောလိုက်ကြသည်။ “အမိန့်အတိုင်းပါ။”
ဓားလွယ်ထားသော စစ်သည် ခြောက်ဦးတို့သည် အုပ်စု နှစ်စု ခွဲလိုက်ကြ၏။ ရွာအတွင်းရှိ မြေမျက်နှာပြင်မှာ ညီညာမှု မရှိသောကြောင့် ရွာသားများ၏ အိမ်များသည် စနစ်တကျ တည်ရှိမနေချေ။
လီတာရှန်း၏ အိမ်မှာမူ ကုန်းစောင်းအနည်းငယ် ရှိသော နေရာတွင် ဆောက်လုပ်ထားခြင်း ဖြစ်ပြီး ရိုးရှင်းသော ခြံစည်းရိုးငယ်တစ်ခု ရှိနေ၏။
အနီးသို့ ချဉ်းကပ်သွားသည့် အချိန်မှာတော့ ပြတင်းပေါက် စက္ကူအလွှာကို ဖြတ်၍ အိမ်ထဲတွင် လှုပ်ရှားမှု မရှိဘဲ ထိုင်နေသည့် လူတစ်ယောက်၏ မည်းမှောင်နေသော အရိပ်ကို မြင်တွေ့လိုက်ရ၏။ ထိုအရိပ်မှာ အိမ်တွင်းရှိ မီးရောင်ကြောင့် ပြတင်းပေါက် စက္ကူပေါ်တွင် ထင်ဟပ်နေခြင်း ဖြစ်သည်။
ကျန့်ယွမ်ဟူသည် လူတစ်ရပ်စာမျှသာ မြင့်သော ခြံစည်းရိုး အပြင်ဘက်တွင် မတ်မတ်ရပ်ကာ အော်၍ မေးမြန်းလိုက်၏။ “နှောက်ယှက်မိပါပြီ။ ကျုပ်တို့က ညနက်ပိုင်း လမ်းလျှောက်လာတဲ့ ခရီးသည်တွေ ဖြစ်ပြီးတော့ ဒီနေရာမှာ တစ်ညလောက် တည်းခိုချင်လို့ပါ။ ရွာသား... တစ်ညလောက် ပေးတည်းလို့ ရမလား။”
သို့ပေမည့်လည်း ပြတင်းပေါက် စက္ကူပေါ်ရှိ လူရိပ်မှာတော့ လုံးဝ လှုပ်ရှားခြင်း မရှိဘဲ ထိုင်မြဲတိုင်း ထိုင်နေခဲ့ကာ မည်သို့မှ ပြန်လည် ထူးခြင်း မရှိချေ။
အိမ်၏ အနောက်ဘက်ခြံတွင်လည်း အလွန် တိတ်ဆိတ်လျက် ရှိနေ၏။ အထဲမှလူ ပြတင်းပေါက်ကို ကျော်ဖြတ်၍ ထွက်ပြေးခြင်းမျိုး သို့မဟုတ် အနောက်ဘက်ခြံတွင် စောင့်ကြပ်နေသည့် စစ်သည် နှစ်ဦးနှင့် တိုက်ခိုက်ခြင်းမျိုး လုံးဝ ဖြစ်ပွားခြင်း မရှိချေ။ ရှေ့မှောက်ရှိ အခြေအနေ အားလုံးသည် အလွန် တိတ်ဆိတ် ငြိမ်သက်လွန်းလှသည်။
စစ်သည်တစ်ဦးက တိုးညှင်းသော လေသံဖြင့် ခန့်မှန်းပြောဆိုလိုက်၏။ “အရာရှိကျန့်... တစ်ဖက်လူက ထိုင်လျက်သား အိပ်ပျော်သွားတာများလား။ ဒါကြောင့် အရာရှိကျန့်ရဲ့ အသံကို မကြားရတာ ဖြစ်နိုင်ပါတယ်။”
ကျန့်ယွမ်ဟူသည် ထိုစစ်သည်၏ စကားကို ပြန်လည် မဖြေကြားချေ။ သူ၏ အကြည့်များက အေးစက်သွားခဲ့ပြီး လက်ကို မြှောက်၍ ခြံဝင်းတံခါးကို အသာအယာ တွန်းလိုက်ရာ ချက်ချင်း ပွင့်သွားခဲ့၏။ ခြံဝင်းတံခါးမှာ အတွင်းမှ မင်းတုံးထိုးထားခြင်း မရှိချေ။
ဤအရာကို မြင်ချိန်၌ ကျန့်ယွမ်ဟူ၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့ပြီး ရှေ့ဆုံးမှနေ၍ ခြံဝင်းထဲသို့ လှောက်လှမ်း ဝင်ရောက်သွားခဲ့၏။
ထူးဆန်းလှသည်မှာ ခြံဝင်းတံခါးကို တွန်းဖွင့်၍ လူငါးဦးလုံး အိမ်အနီးသို့ ချဉ်းကပ်သွားသည့်တိုင် အိမ်တွင်း၌့ အလွန်ပင် တိတ်ဆိတ် ငြိမ်သက်နေဆဲ ဖြစ်သည်။
ပြတင်းပေါက် စက္ကူပေါ်ရှိ လူရိပ်သည်လည်း မူလထိုင်လျက်အတိုင်း ရှိနေခဲ့ပြီး လုံးဝ လှုပ်ရှားခြင်း မရှိချေ။ လက်ရှိ အခြေအနေမှာ ထူးဆန်းလှရုံသာမက ဖိအားများဖြင့် ပြည့်နှက်နေခဲ့ပြီး နှလုံးသားပေါ်တွင် ကျောက်တုံးကြီး တစ်တုံး ဖိထားသကဲ့သို့ပင်။
အိမ်တံခါးမှာ သော့ခတ်ထားခြင်း မရှိသည့်အပြင် ဖယောင်းတိုင်မီးထွန်းထားသောကြောင့် အိမ်တွင်းတစ်ခုလုံး လင်းထိန်နေခဲ့၏။
စစ်သည်တစ်ဦးက နှာခေါင်းရှုံ့ကာ အံ့အားသင့်စွာ ပြောလိုက်သည်။ “အရမ်း ညှော်တာပဲ။”
အခြားစစ်သည်တစ်ဦးကလည်း မျက်နှာပျက်ကာ ပြောလိုက်၏။ “မဟုတ်ဘူး။ ဒါက လူသေပြီးနောက် ပုပ်ပွနေတဲ့ အလောင်းနံ့ပဲ။”
လူအုပ်စု၏ မျက်နှာ အမူအရာများ အားလုံး ပျက်ယွင်းသွားခဲ့ကြသည်။
ကျန့်ယွမ်ဟူသည် အိမ်ထဲသို့ တစ်လှမ်းချင်း လှမ်းဝင်လိုက်ရာ အိမ်တွင်းရှိ အသုံးအဆောင်များမှာ အလွန်ပင် ရိုးရှင်းလှကြောင်း တွေ့လိုက်ရ၏။
လီတာရှန်းမှာ လောင်းကစားသမား တစ်ဦး ဖြစ်သောကြောင့် အိမ်ရှိ တန်ဖိုးရှိသော ပစ္စည်းများ အားလုံးကို ရောင်းချထားခဲ့ပြီး ဖြစ်ရာ အိမ်တွင်း၌ ဘာတစ်ခုမှ မရှိဘဲ ဗလာကျင်းနေခဲ့ပြီ ဖြစ်၏။
သို့ပေမည့်လည်း အိမ်တွင်း၌ မည်သူမှ ရှိမနေချေ။ ဘာတစ်ခုမှ မရှိချေ။ ပျက်စီးယိုယွင်းနေသော စားပွဲတစ်လုံးနှင့် တန်းလျားကုလားထိုင် အနည်းငယ်သာ ရှိနေသည်။
ထိုအရာများ အပေါ်တွင် ဖုန်မှုန့်များ ပြည့်နှက်နေခဲ့သောကြောင့် လီတာရှန်း၏ အိမ်သို့ လူမလာခဲ့သည်မှာ ရက်အတော်ကြာပြီ ဖြစ်ကြောင်း သက်သေပြနေ၏။
သို့ပေမည့် စားပွဲပေါ်တွင်မူ ဖယောင်းတိုင်တစ်တိုင် ထွန်းညှိထားဆဲဖြစ်ပြီး ဖယောင်းတိုင် မီးရောင်မှာ ဝေ့ယမ်းလျက် ရှိနေခဲ့ရာ လူတိုင်း၏ မျက်နှာပေါ်တွင် အလင်းနှင့် အမှောင် အပြန်အလှန် ထင်ဟပ်လျက် ရှိနေခဲ့ပြီး သူတို့၏ အမူအရာများမှာလည်း မရေမရာ ဖြစ်နေခဲ့ကြသည်။
စစ်သည်တစ်ဦးက ဖုန်မှုန့်များ တင်နေသည့် ခြေလေးချောင်း စားပွဲကို စိုက်ကြည့်ကာ ဇဝေဇဝါဖြင့် ပြောလိုက်၏။ “ထူးဆန်းတယ်။ အစောက အိမ်အပြင်မှာတုန်းက ကျုပ်တို့ အားလုံး အိမ်ထဲမှာ လူတစ်ယောက် ထိုင်နေတာကို အထင်အရှား မြင်လိုက်ရတာ မဟုတ်ဘူးလား။”
အခြားစစ်သည်တစ်ဦးကလည်း စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ “ခင်ဗျားတို့ကော ခံစားမိလား။ ဒီအိမ်က လူကို ကြက်သီးထစေတဲ့ ခံစားချက်မျိုး ပေးနေတယ်။ တစ်ချိန်လုံး မျက်လုံးတစ်စုံက ကျုပ်တို့ကို စိုက်ကြည့်နေသလိုမျိုးပဲ။”
ကျန့်ယွမ်ဟူက တံခါးဝတွင် ရပ်နေသည့် စစ်သည်တစ်ဦးကို လှည့်၍ အမိန့်ပေးလိုက်၏။ “ဟေးဖီ... အပြင်ကို သွားကြည့်လိုက်ဦး။ အပြင်က ကျန်တဲ့ ညီအစ်ကို နှစ်ယောက်ဆီမှာ ထူးခြားမှု ရှိလားဆိုတာ သွားကြည့်။ ဟေးဖီ... ကျုပ် မင်းကို စကားပြောနေတာ ကြားလား။ ဘာလို့ ပြန်မပြောရတာလဲ။”
ကျန့်ယွမ်ဟူသည် တံခါးဝရှိ ဟေးဖီဟု ခေါ်သော စစ်သည်ကို လှမ်းအော်လိုက်သော်လည်း ထိုစစ်သည်မှာ နားမကြားသူကဲ့သို့ပင် လှုပ်ရှားခြင်း မရှိဘဲ မတ်မတ်ရပ်နေဆဲ ဖြစ်သည်။
“ဘုတ်..”
မကြာမီ အချိန်ပိုင်းကမှ အသက်ရှင်နေသေးသည့် ဟေးဖီမှာ ရုတ်တရက် မြေပေါ်သို့ လဲကျသွားခဲ့ပြီး လှုပ်ရှားခြင်း မရှိတော့ချေ။
စစ်သည်တစ်ဦးက အနားသို့ သွားရောက် စစ်ဆေးပြီးသည့်နောက် မျက်နှာတစ်ခုလုံး ထိတ်လန့် တုန်လှုပ်လျက် တုန်ယင်နေသော လေသံဖြင့် ခက်ခဲစွာ ပြောလိုက်၏။ “သေ ... သေ ... သေသွားပြီ။”
ထိုအချိန်မှာပင် လူတိုင်းသည် ဟေးဖီ၏ သေဆုံးနေသော အခြေအနေမှာ အလွန် ဆန်းကြယ်လှကြောင်း ထင်ထင်ရှားရှား မြင်တွေ့လိုက်ရသည်။
လူသည် သူတို့၏ မျက်စိရှေ့တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သော်လည်း ခန္ဓာကိုယ်ပေါ်တွင်မူ အမည်းစက်များနှင့် အကွက်များ ဖြစ်ပေါ်နေခဲ့ပြီဖြစ်ရာ သေဆုံးနေခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်သော အလောင်းတစ်ခုကဲ့သို့ပင်။
သူ၏ မျက်နှာ အမူအရာမှာ တွန့်လိမ်ဆိုးရွားလျက် ရှိနေပြီး လည်ပင်းကို အဝေးသို့ ဆန့်ထုတ်ထားကာ အကြောပြိုင်းပြိုင်းတို့မှာလည်း ဖောင်းကြွနေခဲ့၏။
လိပ်အိုကြီး လမင်းကို ငေးမောနေသကဲ့သို့ ရေမျက်နှာပြင်အထက်သို့ ခေါင်းပြူ၍ အသက်ရှူရန် အပြင်းအထန် ကြိုးစားခဲ့သည့် ပုံစံမျိုး ဖြစ်နေသည်။
သူ၏ ခြေထောက်အောက်တွင်မူ ရေကွက်ကြီးတစ်ခု ရှိနေခဲ့ပြီး မြစ်ထဲသို့ ကျဆင်းသွားရာမှ လတ်လတ်ဆတ်ဆတ် ဆယ်ယူလာခဲ့သည့်အလား ဖြစ်နေသော်လည်း ထူးဆန်းစွာပင် ဝတ်ဆင်ထားသော အဝတ်အစားများမှာ ခြောက်သွေ့နေဆဲ ဖြစ်၏။
ဤသေဆုံးမှု ပုံစံမှာ တစ်ပုံစံတည်း ဖြစ်လို့နေသည်။
“ရှူး....”
ရှိနေသည့် လူတိုင်းသည် အေးစက်လှသော လေများကို ပြိုင်တူ ရှူရှိုက်မိကြတော့၏။
ကျန့်ယွမ်ဟူပင်လျှင် စိတ်ထဲမှ ထိတ်လန့်သွားခဲ့ရပြီး အေးစက်လှသော အငွေ့အသက်များသည် ကျောရိုး တစ်ခုလုံးမှတစ်ဆင့် ဦးခေါင်းထိပ်ဆီသို့ တိုက်ရိုက် ရိုက်ခတ်သွားခဲ့သည်။
ဤသေဆုံးမှု ပုံစံမှာတော့ ထောင်ထဲတွင် ထူးဆန်းစွာ သေဆုံးသွားခဲ့သည့် လီတာရှန်း၏ ပုံစံနှင့် တသွေမတိမ်း တူညီလို့နေ၏။
ခွန်အားကြီးမားလှသော လူတစ်ယောက်သည် ဤကဲ့သို့ပင် မည်သည့် အသံမှ မထွက်ဘဲ လူတိုင်း၏ မျက်စိရှေ့မှောက်တွင် ဆန်းကြယ်စွာ သေဆုံးသွားခဲ့သည်။
“ဘုတ်...”
နောက်ခဏအကြာတွင် ကျန့်ယွမ်ဟူ၏ အနောက်ရှိ အခြားစစ်သည်တစ်ဦးသည်လည်း မြေပေါ်သို့ လဲကျ သွားခဲ့ပြီး မည်သည့် အသံမှ မထွက်ဘဲ မျက်စိရှေ့တွင်တင် သေဆုံးသွားခဲ့ရပြန်၏။
အားလုံးသည် သေဆုံးမှု ပုံစံတစ်ခုတည်း ဖြစ်နေ၏။ ရေနစ်သေဆုံးသကဲ့သို့ဖြစ်ပြီး ခန္ဓာကိုယ်ပေါ်တွင် အမည်းစက်များနှင့် အကွက်များ ဖြစ်ပေါ်နေခဲ့သည်။
အိမ်တွင်း၌ အပြင်လူ လုံးဝ ရှိမနေသော်လည်း မျက်စိတစ်မှိတ်အတွင်း မိမိတို့၏ ညီအစ်ကို နှစ်ဦးမှာ ထူးဆန်းစွာ သေဆုံးသွားခဲ့ရပြီ ဖြစ်၏။
အစောပိုင်းက လီတာရှန်း၏ အိမ်ထဲသို့ ဝင်ရောက်လာခဲ့သော လူငါးဦးထဲတွင် ယခုအခါ၌ ကျန့်ယွမ်ဟူနှင့် အခြားစစ်သည် နှစ်ဦးသာ ကျန်ရှိတော့သည်။
အသက် လေးဆယ်ခန့်ရှိပြီး တည်ငြိမ်သော စိတ်နေသဘောထား ရှိသည့် စစ်သည်တစ်ဦးက တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် နဖူးမှ ချွေးများကို သုတ်ရင်း ကျန့်ယွမ်ဟူအား တိုးညှင်းသော လေသံဖြင့် ပြောလိုက်၏။ “အရာရှိကျန့်... ဒီအိမ်ထဲမှာ ကျုပ်တို့ မျက်စိနဲ့ မမြင်ရတဲ့ မကောင်းတာတွေ ရှိနေတာ ဖြစ်နိုင်မလား။
ကျုပ် အသက်ကြီးတဲ့သူတွေ ပြောတာ ကြားဖူးတယ်။ ဒီလောကမှာ သာမန်လူတွေ မျက်စိနဲ့ မမြင်ရတဲ့ ဝိညာဉ်တွေ၊ မကောင်းဆိုးဝါးတွေ ရှိတတ်တယ်တဲ့။ အဲဒီလို အရာမျိုးတွေကို သိုင်းကျင့်ကြံသူတွေ၊ ဘုန်းကြီးတွေ၊ နတ်ဆရာတွေပဲ မြင်နိုင်တာလေ။
ကျုပ်... ကျုပ်တို့ အခု ကြုံတွေ့နေရတာက ထောင်ထဲမှာ လီတာရှန်းကို သတ်ခဲ့တဲ့ အဲဒီ မကောင်းဆိုးဝါးပဲ ဖြစ်ရမယ်။ ဒီလို မကောင်းဆိုးဝါးမျိုးနဲ့ ကြုံရရင်တော့ သိုင်းကျင့်ကြံသူတွေ၊ ဘုန်းကြီးတွေကိုပဲ ရှာရမှာပါ။
ကျုပ်တို့ အမြန် ဆုတ်ခွာကြရအောင် အရာရှိကျန့်။ နောက်ကျရင်တော့ ညီအစ်ကိုတွေ အားလုံး ဒီနေရာမှာတင် သေဆုံးကုန်လိမ့်မယ်။ ကျုပ်တို့ ချန်ခရိုင်ကို အရင် ပြန်ပြီးတော့ မကောင်းဆိုးဝါး နှင်ထုတ်ပေးဖို့ ဘုန်းကြီးတွေကို သွားပင့်ကြတာပေါ့။”
ကျန့်ယွမ်ဟူက အမိန့်ပေးလိုက်၏။ “ဆုတ်ခွာမယ်။”
“ဘုတ်... ဘုတ်...”
ကျန့်ယွမ်ဟူသည် ပြတ်သားစွာဖြင့် လူများကို ခေါ်ဆောင်၍ ဆုတ်ခွာရန် ပြင်ဆင်လိုက်သော်လည်း အိမ်တံခါးဝသို့ ရောက်ခါနီး အချိန်မှာပဲ ကျန်ရှိနေသည့် စစ်သည် နှစ်ဦးလုံးသည် မည်သည့် အသံမှ မထွက်ဘဲ သေဆုံးသွားခဲ့ကြသည်။
သူတို့သည်လည်း ရေနစ်သေဆုံးသည့် ထူးဆန်းသော သေဆုံးမှု ပုံစံအတိုင်းပင် ဖြစ်နေ၏။
ကျန့်ယွမ်ဟူသည် နှောင့်နှေးခြင်း မရှိတော့ဘဲ ပြတ်သားစွာဖြင့် အိမ်အပြင်ဘက်သို့ အလျင်အမြန် ပြေးထွက်လိုက်သည်။
သူသည် အပြင်သို့ ပြေးထွက်ရင်း ဒေါသတကြီးဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ကျုပ်က ချန်ခရိုင်ရဲ့ အရာရှိကြီး ကျန့်ယွမ်ဟူပဲ။ ဘယ်က မကောင်းတဲ့ ဂိုဏ်းကလူက ဒီနေရာမှာ ခေါင်းမြီးခြုံပြီး သရဲလုပ်နေတာလဲ။ ခင်ဗျားအနေနဲ့ တော်ဝင်အစိုးရက စစ်တပ်လွှတ်ပြီး ခင်ဗျားတို့ရဲ့ဂိုဏ်းကို ဖျက်ဆီးပစ်မှာကို မကြောက်ဘူးလား။ ခင်ဗျားတို့ရဲ့ ဘိုးဘေး ကိုးဆက်လုံးရဲ့ အရိုးတွေကို မြေလှန်ပြီး ပြာချပစ်မှာကိုကော မကြောက်ဘူးလား။”
ကျန့်ယွမ်ဟူသည် ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများကို အပြည့်အဝ လှည့်ပတ်လိုက်သောကြောင့် သူ၏ အသံမှာ မိုးခြိမ်းသံကဲ့သို့ပင် အိမ်တွင်း၌ ပေါက်ကွဲသွားခဲ့ကာ သူ၏ ခန္ဓာကိုယ်ကလည်း အိမ်ပြင်သို့ ပိုမို လျင်မြန်စွာ ပြေးထွက်သွားခဲ့သည်။
ကျန့်ယွမ်ဟူသည် အိမ်ပြင်သို့ ရောက်ရှိရန် နောက်တစ်လှမ်းမျှသာ လိုတော့သည့် အချိန်တွင်မူ ရုတ်တရက် ခြေလေးချောင်း ပျက်စီးနေသော စားပွဲပေါ်ရှိ ဖယောင်းတိုင် မီးရောင်သည် ဖတ်ခနဲ ငြိမ်းသွားခဲ့၏။
မျက်စိတစ်မှိတ်အတွင်းမှပဲ ကိုယ့်လက်ကိုယ် မမြင်ရလောက်အောင် မှောင်မိုက်သွားခဲ့ပြီး အိမ်တွင်းရှိ အပူချိန်သည်လည်း အလွန်အမင်း ကျဆင်းသွားခဲ့သည်။
ထို့နောက် မှောင်မိုက်နေသော အိမ်တွင်းမှ ကျန့်ယွမ်ဟူ၏ ထိတ်လန့်တကြား အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့၏။
ထွားကျိုင်းလှသော သူ၏ ခန္ဓာကိုယ်ကြီးသည် တစ်စုံတစ်ခု၏ အပြင်းအထန် ဖမ်းဆီးဆွဲခေါ်ခြင်းကို ခံလိုက်ရပြီး အိမ်ပြင်သို့ ထွက်ခွာရန် နောက်ဆုံးတစ်လှမ်းမျှသာ လိုတော့သည့် သူ၏ ခန္ဓာကိုယ်မှာ ဝုန်းခနဲ အနောက်ဘက်ရှိ မှောင်မိုက်နေသော အိမ်တွင်းဆီသို့ ပြန်လည် ဆွဲခေါ်ခြင်း ခံလိုက်ရကာ မည်သည့် လှိုင်းတံပိုးမှ ထပ်မံ ထွက်ပေါ်လာခြင်း မရှိတော့ချေ။
မှောင်မိုက်သော ညဉ့်ဦးယံသည် တည်ငြိမ်လျက် ရှိနေ၏။
တစ်ရွာလုံးရှိ ရှန်ဖန်းရွာသားများမှာမူ ဆန်းကြယ်လှသော တိတ်ဆိတ်မှုထဲတွင် နစ်မြုပ်နေခဲ့ကြပြီး ၎င်းတို့သည် ငြိမ်သက်လျက် ရှိနေကြသည်။
ကျန့်ယွမ်ဟူ ထုတ်ဖော်ခဲ့သည့် ကြီးမားလှသော အော်ဟစ်သံကြီးကိုပင် ရှန်ဖန်းရွာသား တစ်ဦးမျှ ကြားသိခြင်း မရှိကြဘဲ လူတိုင်းသည် အိပ်မောကျနေခဲ့ကြ၏။
လီတာရှန်း၏ အိမ်အနီးတွင် ရှိနေသော ရွာလူကြီးနှင့် အနောက်ဘက်ခြံတွင် စောင့်ကြပ်နေသည့် စစ်သည် နှစ်ဦးပင်လျှင် ပုံမှန်မဟုတ်အောင် တိတ်ဆိတ် ငြိမ်သက်နေခဲ့ကြပြီး မည်သူမှ အခြေအနေကို လာရောက် ကြည့်ရှုခြင်း မရှိကြချေ။
အိမ်တွင်းနှင့် အိမ်အပြင်သည် ယင်နှင့်ယန် ကမ္ဘာနှစ်ခုကဲ့သို့ပင် အလုံးစုံ ခြားနားသွားခဲ့ပြီ ဖြစ်၏။ ယင်ကမ္ဘာသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်ရာ ယခုအချိန်မှစ၍ ယန်ကမ္ဘာနှင့် အလုံးစုံ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။
အချိန် တစ်နာရီ ကုန်လွန်သွားခဲ့၏။
အချိန် နှစ်နာရီ ကုန်လွန်သွားခဲ့သည်။
အချိန် သုံးနာရီ ကုန်လွန်သွားခဲ့ပြီဖြစ်၏။
ညသည် မှောင်မိုက်လျက် ရှိနေပြီး အေးစက်လှသော ရေပြင်ကဲ့သို့ပင် ပူဆွေးစရာ ကောင်းလှသည်။
အချိန်များသည် တရွေ့ရွေ့ ကုန်လွန်သွားခဲ့ပြီးနောက် ရုတ်တရက် ဖယောင်းတိုင်မီး ငြိမ်းသတ်သွားခဲ့ပြီး ကိုယ့်လက်ကိုယ် မမြင်ရသော မှောင်မိုက်နေသည့် အိမ်တွင်း၌ ဖယောင်းတိုင်မီးရောင်သည် တစ်ချက်မျှ လင်းလာခဲ့၏။
ထို့နောက် မှောင်မိုက်၍ အေးစက်နေသော အိမ်တွင်း၌ တောက်ပသော အလင်းတန်းများ ပြန်လည် လင်းလက်လာခဲ့ပြီး ယန်ကမ္ဘာ၏ အပူချိန်ကို ပြန်လည် ရရှိလာခဲ့ပြီဖြစ်သည်။
ပြတင်းပေါက် စက္ကူအလွှာကို ဖြတ်၍ အိမ်ထဲတွင် လူတစ်ယောက်၏ အရိပ် ထိုင်နေသည်ကို မြင်တွေ့ လိုက်ရပြန်၏။
၎င်းလူရိပ်မှာ လှုပ်ရှားခြင်းမရှိဘဲ ထိုင်မြဲတိုင်း ထိုင်နေခဲ့၏။ ယခင်က ကျန့်ယွမ်ဟူတို့ အုပ်စု အပြင်ဘက်မှ မြင်တွေ့ခဲ့ရသည့် လူရိပ်နှင့် တသွေမတိမ်း တူညီလွန်းလှသည်။
သို့ပေမည့်လည်း ယခုတစ်ခေါက်မှာတော့ လူရိပ်သည် ရုတ်တရက် လှုပ်ရှားလာခဲ့၏။ လူရိပ်သည် ထိုင်နေရာမှ ထရပ်လိုက်သည်။ ထို့နောက်တွင် ခြေသံများ ထွက်ပေါ်လာခဲ့၏။
လူရိပ်သည် တံခါးဝဆီသို့ လျှောက်လှမ်းလာခဲ့ပြီး မြင့်မားထွားကျိုင်းလှသော ခန္ဓာကိုယ်ကြီးတစ်ခုသည် အိမ်ပြင်သို့ လျှောက်ထွက်လာခဲ့သည်။
ထိုသူမှာ အိမ်တွင်းသို့ ဆွဲခေါ်ခြင်း ခံခဲ့ရသည့် ကျန့်ယွမ်ဟူပင် ဖြစ်၏။ သို့ပေမည့်လည်း ယခုအခါတွင်မူ သူသည် မည်သည့်ဒဏ်ရာမှ မရှိဘဲ ဘေးကင်းစွာဖြင့် လျှောက်ထွက်လာခဲ့ခြင်း ဖြစ်ပြီး မျက်နှာပေါ်တွင်မူ မည်သည့် ခံစားချက်မျှ မရှိဘဲ တည်ငြိမ်လျက် ရှိနေတော့၏။
..............