အခန်း ၁၀
Vol. 1 Ch. 10
အပိုင်း (၁၀) ရေစက်ဟူသည် ဆန်းကြယ်လှပေစွ
“တောက်... တောက်..”
ညကိုးနာရီ ပထမဆုံးအကြိမ် ကင်းလှည့်ချိန် ဖြစ်သည်။
“ရာသီဥတု ခြောက်သွေ့သဖြင့် မီးဘေးဂရုစိုက်ကြပါ...”
“ဒေါင်..”
ချန်ခရိုင်အတွင်း၌ ကင်းစောင့်သမား နှစ်ဦး ရှိနေခဲ့ပြီး တစ်ဦးက မီးအိမ်ကို ကိုင်ဆောင်ကာ ကုန်းဝါးတံကို ခေါက်လျက် ရှိနေပြီး အခြားတစ်ဦးကမူ ကြေးမောင်းကို တီးခတ်လျက် ရှိနေ၏။
သူတို့၏ ခေါင်းထက်တွင်မူ တိမ်ဖုံးနေသော လမင်းတစ်ဝက် ရှိနေခဲ့ပြီး မှောင်မိုက်သော ညဉ့်ရိပ်တွင် သူတို့၏ အသံများသည် တဖြည်းဖြည်းနှင့် ဝေးကွာသွားခဲ့သည်။
ကျင်းအန်းသည် ထိုကင်းစောင့်သမား နှစ်ဦးနှင့် လမ်းတွင် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့ရ၏။ သူသည် ညမထွက်ရ အမိန့် မစတင်မီ အချိန်ပိုင်းလေးတွင်တင် မိမိတည်းခိုရာ တည်းခိုခန်းသို့ ပြန်လည် ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
ရှေးခေတ်လူများသည် ညဘက်တွင် ဖျော်ဖြေမှု နည်းပါးသောကြောင့် ညကိုးနာရီ အချိန်မှစ၍ ညမထွက်ရ အမိန့်ကို စတင် ကျင့်သုံးလေ့ရှိပြီး နာရေးကိစ္စ၊ မီးဖွားခြင်းနှင့် ဖျားနာခြင်း စသည့် အရေးကြီး ကိစ္စရပ်များမှလွဲ၍ ပြည်သူများ လမ်းပေါ်တွင် သွားလာလှုပ်ရှားခြင်းကို ပိတ်ပင်ထားသည်။
အကယ်၍ ညဘက် ကင်းလှည့်နေသည့် ရွာစောင့်တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံရပါက အပေါ့စားအနေဖြင့် ကြိမ်ဒဏ် သုံးဆယ်မှ ငါးဆယ်အထိ အရိုက်ခံရမည်ဖြစ်ပြီး အဆိုးရွားဆုံး အနေဖြင့် ထိုနေရာတွင်တင် အသက်အန္တရာယ် ကြုံတွေ့ရနိုင်၏။
ပထမဆုံး ကင်းလှည့်ချိန်ကို အပိုင်းငါးပိုင်း ခွဲခြားထား၏။ တစ်ပိုင်းလျှင် မိနစ် နှစ်ဆယ်ကျော်ခန့် ကြာမြင့် တတ်သည်။ ပထမဆုံး ကင်းလှည့်ချိန်၏ ဒုတိယပိုင်းမှာ ညရှစ်နာရီ ဝန်းကျင်နှင့် ညီမျှသည်။
ရှေးခေတ် ဇာတ်လမ်းတွဲများထဲတွင် ပြသ သကဲ့သို့ ညနက်ပိုင်းတွင် လူများ ပျော်တော်ဆက်ရာ နေရာများဆီသို့ ပြေးလွှားနေကြခြင်းမှာ လက်တွေ့ မကျလှချေ။
ပျော်တော်ဆက်ရာ နေရာများသည်လည်း ညမထွက်ရအမိန့် အချိန်တွင် တံခါးပိတ်ရမည် ဖြစ်သောကြောင့် စာဆိုတော်များနှင့် မိန်းမလှလေးများသည် ကြိုတင်၍ ရောက်ရှိနေကြရပြီး တံခါးပိတ်ကာ တစ်ညလုံး ကဗျာစပ်ဆိုရင်း အရက်သောက်လျက် နံနက်လင်းသည်အထိ နေထိုင်ကြရခြင်း ဖြစ်သည်။
ကျင်းအန်း အနေဖြင့် ဤမျှအထိ အဘယ်ကြောင့် သေချာစွာ သိရှိနေရသနည်းဟု မမေးပါနှင့်။ သူသည်လည်း သူငယ်ချင်းများထံမှ ပြန်လည် ကြားသိခဲ့ရခြင်းသာ ဖြစ်၏။
ကျင်းအန်း တည်းခိုနေသည့် တည်းခိုခန်း၏ ပိုင်ရှင်အမျိုးသမီးမှာ အသက် သုံးဆယ်ခန့် ရှိပြီး ဆံပင်ကို ထုံးထားသည့် မိန်းမလှလေး တစ်ဦး ဖြစ်သည်။
လက်ဖက်ရည်ဆိုင်မှ အလုပ်သမားလေး ပြောပြချက်အရ ဆိုလျှင် ထိုပိုင်ရှင်အမျိုးသမီးမှာ မုဆိုးမတစ်ဦး ဖြစ်ပြီး ငယ်စဉ်တည်းက ကလေးချင်း စေ့စပ်ထားခဲ့သော်လည်း အိမ်ထောင်ပြုသည့် ပထမဆုံးနေ့တွင်တင် သတို့သမီး အခန်းထဲသို့ မဝင်ရသေးမီ သတို့သားဖြစ်သူမှာ လမ်းတွင် ဓားပြအုပ်စု၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး အသက်ပျောက်သွားခဲ့ရ၏။
ပိုင်ရှင်အမျိုးသမီးသည်လည်း ဖြူစင်သော မိန်းမသားတစ်ဦး ဖြစ်သောကြောင့် လင်မယားအမည်သာ ရှိခဲ့ပြီး လက်တွေ့တွင် လင်မယားအဖြစ် မနေခဲ့ရသော်လည်း အခြားသူအား ထပ်မံ အိမ်ထောင်မပြုခဲ့ဘဲ ကရုဏာသက်စရာ ကောင်းလောက်အောင် ဆံပင်ကို ထုံး၍ မုဆိုးမဘဝဖြင့်သာ နေထိုင်ခဲ့သည်။
ကျင်းအန်း တည်းခိုခန်းထဲသို့ လှမ်းဝင်လိုက်သည့် အချိန်မှာတော့ ထူးဆန်းစွာပင် အသက် တစ်ဆယ့် ခြောက်နှစ်ခန့် ရှိသည့် မိန်းမပျိုလေးတစ်ဦးနှင့် အသက် ခြောက်နှစ်၊ ခုနစ်နှစ်ခန့် ရှိသည့် သားအမိ ကဲ့သို့သော ညီအစ်မ နှစ်ဦးကို တွေ့လိုက်ရ၏။
သူတို့သည် ပိုင်ရှင်အမျိုးသမီးကျန်း နှင့်အတူ စာကလေးငယ်များ ကဲ့သို့ပင် တကျိကျိနှင့် မရပ်မနား စကားပြောနေ ခဲ့ကြသည်။
အသက်ကြီးသော အစ်မဖြစ်သူ၏ ကျောတွင် အထုပ်တစ်ထုပ်ကို ပိုးထားပြီး လက်ထဲတွင်မူ ထက်မြက်လှသော သံဓားတစ်လက် ရှိနေသောကြောင့် ကြည့်ရသည်မှာ ငယ်စဉ်ကတည်းက မြင်းစီးလျက် ဓားကို ကိုင်ဆောင်ကာ လောကအလယ်တွင် လှည့်ပတ်သွားလာနေသည့် သိုင်းလောကမှ မိန်းမသားတစ်ဦးနှင့်ပင် ဆင်တူလှ၏။
အစ်မဖြစ်သူမှာ အသက် တစ်ဆယ့်ခြောက်နှစ်အရွယ် မိန်းမပျိုလေး ဖြစ်ပြီး မျက်ခုံးနက်နက်နှင့် မျက်လုံးကြည်ကြည် ရှိကာ မျက်နှာလေးမှာ ဆီးနှင်းကဲ့သို့ ဖြူစင်လှပလှသည်။
ခြေထောက် နှစ်ဖက်လုံးမှာလည်း သန်မာထွားကျိုင်းနေခြင်းမှာ သိုင်းပညာ လေ့ကျင့်ထားခြင်းကြောင့် ဖြစ်ရမည်။ ခန္ဓာကိုယ် အချိုးအစားမှာလည်း ပြည့်စုံသည်။ ထို့အပြင် သူမသည် ရင်ဘတ်ကို အဝတ်စဖြင့် စည်းနှောင်ထားသည့် မိန်းမပျိုလေးတစ်ဦး ဖြစ်နေ၏။
သိုင်းလောကမှ မိန်းမသားများသည် ယောက်ျားများနှင့် မတူညီဘဲ ဓားပညာရပ်ကို လေ့ကျင့်ရာတွင် ခန္ဓာကိုယ် လှုပ်ရှားမှုကြောင့် ဓားကွက်များ မမှန်ကန်ဘဲ ရန်သူအား အခွင့်အရေး ပေးမိမှာ စိုးရိမ်ကြသည်။
ထို့ကြောင့် ငယ်စဉ်တည်းက ရင်ဘတ်ကို အဝတ်စဖြင့် စည်းနှောင်၍ သိုင်းပညာ လေ့ကျင့်သည့် ဓလေ့ ရှိကြ၏။
မိန်းမပျိုလေးမှာ အလွန် လှပသော်လည်း သူမ၏ အကြည့်များသည် အေးစက်လွန်း၏။ လက်ထဲမှ သံဓားကြီး ကြောင့်လည်း ခန္ဓာကိုယ်တစ်ခုလုံးတွင် သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြည့်နှက်နေခဲ့ပြီး အဝေးတစ်နေရာမှ လူများကို တွန်းထုတ်နေသကဲ့သို့ပင်။
အသက် ငါးနှစ်၊ ခြောက်နှစ်ခန့် ရှိသည့် ညီမငယ်လေးမှာမူ ဖြူစင်လှပလှသော အရုပ်မလေးတစ်ရုပ် ကဲ့သို့ပင် ဖြစ်ပြီး ကြီးမားလှသော မျက်လုံးအစုံမှာလည်း အလွန် ချစ်စရာ ကောင်းလှသည်။
ထိုအချိန်မှာပဲ ဆိုင်မှ အလုပ်သမားလေးတစ်ဦးသည် အဝတ်ထုပ်တစ်ခုကို ပွေ့ပိုက်လျက် သူ၏ ဘေးမှ ဖြတ်သန်းသွားရန် ပြင်ဆင်နေသောကြောင့် ကျင်းအန်းသည် ထိုအလုပ်သမားလေးအား လှမ်းဆွဲကာ စပ်စုလိုက်၏။ “ခင်ဗျားတို့ ပိုင်ရှင်အမျိုးသမီးဆီကို ဒီနေ့ ဆွေမျိုးတွေ လာလည်တာလား။”
ကျင်းအန်းသည် ယခုအခါတွင် ချန်ခရိုင်အတွင်း၌ နာမည်အနည်းငယ် ရှိနေသူ ဖြစ်သောကြောင့် အလုပ်သမားလေးသည် မပေါ့ဆရဲဘဲ ခြေလှမ်းများကို ရပ်တန့်ကာ ပြန်လည် ဖြေကြားလိုက်သည်။ “အဲဒီ သခင်မလေး နှစ်ယောက်က ပိုင်ရှင်အမျိုးသမီးကို အဒေါ်လေးလို့ ခေါ်တာ ကြားရတယ်။ ဒါကြောင့် ပိုင်ရှင်အမျိုးသမီးရဲ့ တူမတွေ ဖြစ်ရပါမယ်။”
ပြောပြီးသည့်နောက် အလုပ်သမားလေးသည် ကျင်းအန်းအား တိတ်တဆိတ်ဖြင့် ဘေးတစ်နေရာသို့ ဆွဲခေါ်သွားခဲ့ပြီး ပိုင်ရှင်အမျိုးသမီး၏ အကြည့်များကို ရှောင်ကွင်းလျက် တိုးညှင်းသော လေသံဖြင့် အတင်းအဖျင်း ပြောဆိုလိုက်၏။ “အဲဒီ သခင်မလေး နှစ်ယောက်က တရားသူကြီးကျန်းရဲ့ သမီးတွေတဲ့။ ကျုပ်လည်း ဒီနေ့မှ သိရတာ။ တရားသူကြီးကျန်းမှာ သမီး နှစ်ယောက် ရှိနေတာကိုး။
သမီးကြီးက ငယ်စဉ်တည်းက ခန္ဓာကိုယ် အားနည်းပြီး ဖျားနာတတ်တာမို့ တရားသူကြီးကျန်းက ငယ်ငယ်လေးတည်းက တောင်ပေါ်ကို လွှတ်ပြီး သိုင်းပညာ လေ့ကျင့်ခိုင်းထားတာလေ။ မကြာသေးခင်ကမှ ချန်ခရိုင်ကို ပြန်ရောက်လာတာဖြစ်ပြီး ပြန်ရောက်ရောက်ချင်းမှာပဲ မသိရတဲ့ အကြောင်းရင်းတစ်ခုကြောင့် တရားသူကြီးကျန်းနဲ့ စကားများဖြစ်ခဲ့ကြတယ်။ အဲဒါကြောင့် ဒေါသထွက်ပြီး ညီမလေးကို ခေါ်ကာ အိမ်ပေါ်ကနေ ဆင်းလာခဲ့ကြတာတဲ့။
ဒါပေမဲ့ ခရီးစရိတ် ယူလာဖို့ မေ့သွားခဲ့တာမို့ လမ်းလျှောက်ရင်း ကျုပ်တို့ ပိုင်ရှင်အမျိုးသမီးဆီကို ရောက်လာခဲ့ကြတာ။ ကျုပ်တို့ ပိုင်ရှင်အမျိုးသမီးက တရားသူကြီးကျန်းရဲ့ မွေးချင်းတော်စပ်တဲ့ ညီမအရင်း ဖြစ်နေလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြဘူး။ သာမန်အချိန်တွေမှာ ကြည့်ရတာ ဘယ်နေရာကမှ မတူညီသလိုပဲမို့ ဘယ်သူမှ ဒီကိစ္စကို မပြောဖူးကြဘူး။”
ကျင်းအန်းသည် ထိုစကားကို ကြားချိန်မှာတော့ အလွန်ပင် အံ့အားသင့်သွားခဲ့ရ၏။ ခန္ဓာကိုယ် တုတ်ခိုင်ပြီး အသားမည်းသော တရားသူကြီးကျန်းကို တွေးမိသွားသည်။ ထိုမောင်နှမ နှစ်ဦးသည် တကယ်ပဲ ဘာတစ်ခုမှ တူညီမှု မရှိလှချေ။
သို့ပေမည့် ကျင်းအန်းသည် အချက်အလက်တစ်ခုကို သတိပြုမိသွားခဲ့၏။ ထိုတရားသူကြီးကျန်းသည် အလွန် ဂရုစိုက်တတ်ပုံ ရသည်။
သူသည် ခရိုင်တစ်ခုလုံးတွင် အကြီးဆုံး အရာရှိ ဖြစ်ပါလျက်နှင့် အလွန်အမင်း ဂရုစိုက်ကာ မိမိ၏ သွေးသားရင်းခြာများကို အလွန် နက်ရှိုင်းစွာ ကာကွယ်ထားခဲ့သောကြောင့် အပြင်လူ တစ်ဦးမှ တရားသူကြီးကျန်းတွင် သမီးကြီးတစ်ယောက်နှင့် မုဆိုးမ ညီမတစ်ယောက် ရှိနေသည်ကို မသိရှိကြချေ။
ကျင်းအန်းသည် အခြားသူများ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို စပ်စုတတ်သူ မဟုတ်သောကြောင့် ဖြစ်သလို စကားပြောပြီးသည့်နောက် အလုပ်သမားလေး၏ လက်ထဲရှိ အဝတ်ထုပ်ကို သတိပြုမိသွား၏။
ထို့နောက် သူက မေးလိုက်သည်။ “ညနက်ကြီး အဝတ်ထုပ်ပိုက်ပြီး ဘာလုပ်မလို့လဲ။”
အလုပ်သမားလေးသည် ဖုံးကွယ်ထားခြင်း မရှိဘဲ အမှန်အတိုင်း ဖြေလိုက်၏။ “လွန်ခဲ့တဲ့ အချိန်ပိုင်းက ကျုပ်တို့ ဆိုင်မှာ ဘုန်းကြီးတစ်ပါး လာတည်းဖူးတယ်။ အဲဒီ ဘုန်းကြီးက ငါးရောင်ခြယ် ဝတ်စုံကို ဝတ်ဆင်ထားပြီး စိတ်နေသဘောထား ထူးဆန်းသလို စကား အရမ်း နည်းတယ်။ သာမန်အချိန်တွေမှာ သူ့ကို နှုတ်ဆက်ရင်တောင် ဘာမှ ပြန်မပြောဘဲ နေတတ်တယ်။
ဒါပေမဲ့ လွန်ခဲ့တဲ့ လဝက်လောက်က အဲဒီ ငါးရောင်ခြယ် ဝတ်စုံနဲ့ ဘုန်းကြီးက ကျုပ်တို့ကို အခန်းမအပ်ဘဲနဲ့ ရုတ်တရက် ထွက်ခွာသွားခဲ့တယ်။ ပိုင်ရှင်အမျိုးသမီးကတော့ ဘုန်းကြီး ပြန်လာအုံးမယ် ထင်လို့ အခန်းကို ဆက်ချန်ထားပေးခဲ့တယ်။
ဘယ်သူက ထင်မှာလဲ။ လဝက်လောက် စောင့်တာတောင် ဘာသတင်းမှ မရရှိတော့ဘဲ ဆိုင်မှာ ငွေကြေး အတော်လေး ဆုံးရှုံးခဲ့ရတယ်။ ဒါ့အပြင် အနောက်ဘက်ခြံထဲမှာလည်း ထိုဘုန်းကြီး ခေါ်လာခဲ့တဲ့ ဆိတ်တစ်ကောင်ကို နေ့တိုင်း ကျွေးမွေးနေရသေးတယ်။
အဲဒီ ဆိတ်က အစား အရမ်း ဂျီးများပြီးတော့ မြက်ပင်တွေနဲ့ ဟင်းရွက်ပုပ်တွေကို ကျွေးရင် လုံးဝ မစားဘူး။ မုန်လာဥနီနဲ့ မြေပဲကိုပဲ စားတာမို့ ပိုင်ရှင်အမျိုးသမီးမှာ မျက်နှာတစ်ခုလုံး ဖြူလျော်တဲ့အထိ ဒေါသထွက်နေရတယ်။ နေ့တိုင်း အံကြိတ်ပြီး ဆိတ်သား စားပစ်မယ်လို့ ကျိန်ဆဲနေခဲ့တာ။
ယခု လဝက် ကျော်သွားခဲ့ပြီ ဖြစ်လို့ ပိုင်ရှင်အမျိုးသမီးကလည်း ဘုန်းကြီး ပြန်မလာတော့ဘူးဆိုတာ သိသွားခဲ့ပြီ ဖြစ်ရမယ်။ ဘုန်းကြီးကလည်း လဝက်စာ တည်းခိုခ မပေးနိုင်လို့ ထွက်ပြေးသွားတာ ဖြစ်မယ်လို့ ခန့်မှန်းမိတာကြောင့် ပိုင်ရှင်အမျိုးသမီးက ဘုန်းကြီး ဘာတန်ဖိုးရှိတဲ့ ပစ္စည်းတွေ ချန်ထားခဲ့လဲဆိုတာ ကျုပ်ကို သွားကြည့်ခိုင်းလိုက်တာ။
ပြီးတော့ အနောက်ဘက်ခြံက ဝဖြိုးနေတဲ့ ဆိတ်ကြီးကိုလည်း သတ်ပြီး ဆိတ်သားဟင်း ချက်ရောင်းဖို့ ပြင်နေတာ။ အရင်းအနှီး အနည်းငယ် ပြန်ရအောင်ပေါ့။ အခုပဲ ရေနွေးအိုး တည်ပြီး ဆိတ်သတ်ဖို့ ပြင်ဆင်နေတုန်း တိုက်တိုက်ဆိုင်ဆိုင် တရားသူကြီးကျန်းရဲ့ သမီးကြီးက ညီမငယ်ကို ခေါ်ပြီး အိမ်ပေါ်က ဆင်းကာ ပိုင်ရှင်အမျိုးသမီးဆီကို လာတာနဲ့ ကြုံလိုက်ရတာပဲ။”
ကျင်းအန်းသည် အစောပိုင်းက ထိတ်လန့်သွားခဲ့ရပြီးနောက် အလျင်အမြန် မေးမြန်းလိုက်၏။ “အဲဒီ ငါးရောင်ခြယ် ဝတ်စုံနဲ့ ဘုန်းကြီးက အသက်လတ်ပိုင်း အရွယ် ဖြစ်ပြီးတော့ ခြေထောက်မှာ ဖိနပ်အပြာရောင် ဝတ်ဆင်ထားတာ ဟုတ်လား။”
ကျင်းအန်းသည် အသက်ရှူသံများ မြန်ဆန်လျက် ပျာပျာသလဲ မေးမြန်းလိုက်သည်။ “အဲဘုန်းကြီးက သက်လတ်ပိုင်းအရွယ်လူ မဟုတ်လား။”
အလုပ်သမားလေးသည် အံ့အားသင့်စွာဖြင့် ကျင်းအန်းအား ကြည့်ရှုကာ မေးလိုက်၏။ “သခင်လေး... သခင်လေးက ဘယ်လိုလုပ် သိရတာလဲ။ သခင်လေးက စိတ်ပုပ်တဲ့ ဘုန်းကြီးကို သိတာလား။”
ကျင်းအန်းသည် ပြန်လည် မဖြေကြားခဲ့ချေ။ ရေစက်ဟူသည် တကယ်ပင် ဆန်းကြယ်လှသည်။
သူသည် ငါးရောင်ခြယ် ဝတ်စုံနှင့် ဘုန်းကြီး၏ နတ်မျက်စိ ပညာရပ်ကို တွေးမိသွားခဲ့၏။ သူ၏ စွမ်းရည်များအရ ဆိုလျှင် ထိုသူသည် ကျိန်းသေပေါက် လောကအလယ်မှ လိမ်လည်လှည့်ဖြားနေသည့် ဆရာမျိုး မဟုတ်ဘဲ အစစ်အမှန် စွမ်းရည်မြင့်မားသူ ဖြစ်ပေလိမ့်မည်။
ကျင်းအန်းသည် စိတ်ထဲမှ အတွေးတစ်ခု ဖြစ်ပေါ်လာခဲ့၏။ တာအိုဘုန်းကြီး ချန်ထားခဲ့သော ပစ္စည်းများထဲတွင် တစ်ဖက်လူ ချန်ထားခဲ့သည့် သေတမ်းစာ သို့မဟုတ် စာတစ်စောင် ရှိနေနိုင်ပြီး သူ့တွင် မပြီးဆုံးသေးသည့် ဆန္ဒများ ရှိ၊ မရှိ ကြည့်ရှုနိုင်မှာဖြစ်သည်။
ထိုတာအိုဘုန်ကြီးသည် သေဆုံးပြီးသည့်တိုင် လူများကို ကယ်တင်ရန် မမေ့ခဲ့ချေ။ မိမိ အနေဖြင့် တစ်စုံတစ်ခု ကူညီနိုင်မလား ကြည့်ရှုရပေမည်။
ကျင်းအန်းက အလုပ်သမားလေးအား ပြောလိုက်၏။ “ဘုန်းကြီး ချန်ထားခဲ့တဲ့ ပစ္စည်းတွေနဲ့ အနောက်ဘက် ခြံက ဆိတ်ကိုပါ ကျုပ် အကုန် ဝယ်ယူလိုက်မယ်။ ပြီးတော့ ဘုန်းကြီး ကြွေးတင်နေတဲ့ ငွေကြေးတွေ အားလုံးကို ကျုပ် ပြန်ဆပ်ပေးမယ်။”
သူသည် ယခုအခါတွင် ငွေကြေး အနည်းငယ် ရှိနေသူ ဖြစ်သောကြောင့် ငွေမရှားပါချေ။
အလုပ်သမားလေးသည် ထိုစကားကို ကြားချိန်မှာတော့ ဝမ်းသာသွားခဲ့သော်လည်း ကိုယ်တိုင် ဆုံးဖြတ်ချက် မချရဲသောကြောင့် ခေတ္တမျှ စောင့်ဆိုင်းရန် ပြောပြီး ပိုင်ရှင်အမျိုးသမီးအား သွားပြောလိုက်၏။
မကြာမီ အချိန်အတွင်းမှာပင် အလုပ်သမားလေး ပြန်လည် ရောက်ရှိလာပြီး ပြောလိုက်သည်။ “ပိုင်ရှင် အမျိုးသမီးက သဘောတူတယ်။”
ကျင်းအန်းသည် အလုပ်သမားလေး၏ လက်ထဲမှ အဝတ်ထုပ်ကို လှမ်းယူလိုက်ပြီးနောက် အနောက်ဘက်ခြံသို့ သွားရောက်ကာ ဆိတ်ကို ယူဆောင်ရန် ပြောလိုက်သည်။ ထိုဆိတ်လေးကို ဆိတ်သား အိုးပူကြီးအဖြစ် ပြောင်းလဲမသွားစေရန်ပင်။
အလုပ်သမားလေးသည် ကျင်းအန်းအား ခေါ်ဆောင်၍ အနောက်ဘက်ခြံသို့ လျှောက်လှမ်းသွားသည့် အချိန် ဆိုင်ခန်းမကြီးအတွင်းရှိ တရားသူကြီးကျန်း၏ သမီး နှစ်ဦးတို့၏ ဘေးမှ ဖြတ်သန်းသွားစဉ်မှာပဲ အသက် ငါးနှစ် ခြောက်နှစ်ခန့် ရှိသည့် သူဌေးသမီးလေးသည် အစ်မဖြစ်သူ၏ အနောက်တွင် ပုန်းကွယ်လျက် မိမိတို့၏ ဘေးမှ ဖြတ်သန်းသွားသော ကျင်းအန်းအား တိတ်တဆိတ် ကြည့်ရှုနေခဲ့၏။
ကျင်းအန်းသည် အကြည့်တစ်စုံကို ခံစားမိသောကြောင့် ကြီးမားလှသော မျက်လုံးနှင့် သူဌေးသမီးလေးအား ကြည့်ကာ မျက်စိတစ်ချက် မှိတ်ပြလိုက်ပြီး နွေးထွေးစွာ ပြုံးပြလိုက်၏။ ထို့နောက်တွင် ဆက်လက်၍ အလုပ်သမားလေးနှင့်အတူ အနောက်ဘက်ခြံသို့ လျှောက်လှမ်းသွားခဲ့သည်။
“ခစ်.. ခစ်... ခစ်...”
သူဌေးသမီးလေးမှာ ကျင်းအန်း၏ ပြုမူပုံကြောင့် ရယ်မောသွားခဲ့ရပြီး သာယာလှသော ရယ်မောသံလေး ထွက်ပေါ်လာခဲ့၏။
အစ်မဖြစ်သူက မေးလိုက်သည်။ “ညီမလေး ... ဘာဖြစ်တာလဲ။”
သူဌေးသမီးလေးက ပြောလိုက်၏။ “အစ်မကြီး ... အစောက ဖြတ်သွားတဲ့ အစ်ကိုကြီးက အဒေါ်ဘေးက ကြွက်သားကြီးတွေနဲ့ ဦးဦးတွေထက် အများကြီး ပိုကြည့်ကောင်းတယ်နော်။”
အစ်မဖြစ်သူက ဆူပူလိုက်သည်။ “ညီမလေး ... လျှောက်မပြောနဲ့။ ဘာကြွက်သားကြီးတွေနဲ့ ဦးဦးလဲ။ အဲဒီလူတွေက အဒေါ်ကို ကာကွယ်ပေးတဲ့ ခြံစောင့်တွေလေ။”
.......................