← Chapters

အခန်း ၁၂

Vol. 2 Ch. 12

အခန်း ၁၂

Vol. 2 Ch. 12

အပိုင်း (၁၂) ရတနာသိုက်အိုး

‘ရတနာသိုက်အိုး ဟုတ်လား။ ဒီလောကမှာ တကယ်ပဲ ရတနာသိုက်အိုး ရှိနေတာလား။’ ကျင်းအန်း အံ့အားသင့်သွားသည်။

ရတနာသိုက်အိုးအကြောင်း ပြောရလျှင် ကျင်းအန်းသည် ပထမဆုံးအနေဖြင့် ဆန်ဝမ်ဆန်း၏ လက်ထဲရှိ ရတနာသိုက်အိုးကို တွေးမိသွားခဲ့၏။

ဆီမီးထွန်းညှိ ဆန်းကြယ်မှတ်တမ်းများ ဆိုသော ဝတ္ထုထဲတွင် ထိုအိုးထဲသို့ ငွေဆံထိုးတစ်ချောင်း ထည့်လိုက်ပါက ငွေဆံထိုးများ ပြည့်နှက်လာပြီး ရေတွက်၍ မရနိုင်လောက်အောင် ဖြစ်ပေါ်လာတတ်သည်ဟု ဆိုကြ၏။ ဤအရာသည် ငွေကြေးများကို မရပ်မနား ထုတ်လုပ်ပေးနိုင်သည့် အရာတစ်ခု မဟုတ်ပါလား။ အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။

ထိုအရာနှင့်အတူ ကျင်းအန်း၏ စိတ်ထဲရှိ ဇဝေဇဝါ ဖြစ်နေသော ကိစ္စရပ်များ အားလုံးသည်လည်း ရှင်းလင်းသွားခဲ့ပြီ ဖြစ်၏။

ခေါင်းတလား ဘုရားကျောင်း၏ အသက်ရှင်ရာ တံခါးမှာ ဖျက်ဆီးခြင်း ခံခဲ့ရသည်၊ အထဲရှိ လူစားသည့် ရွှံ့ရုပ်ကြီးမှာ ပျောက်ဆုံးသွားခဲ့သည့်အပြင် တာအိုဘုန်းကြီး ဝူကျန့်၏ ရုပ်အလောင်းမှာလည်း တောင်ထဲတွင် မပြည့်မစုံ သေဆုံးခဲ့ရသည် စသည့် ကိစ္စရပ်များ အားလုံးသည် စာထဲတွင် ဖော်ပြထားသည့် ရတနာသိုက်အိုးနှင့် ဆက်စပ်နေသည်မှာ သေချာသည်။

ဤအရာကို တွေးမိပြီးနောက် ကျင်းအန်း၏ အတွေးထဲတွင် အလင်းတစ်ခု ဖြတ်ပြေးသွားခဲ့၏။ အဘယ်ကြောင့် ဆိုသော် သူသည် လက်ဖက်ရည်ဆိုင်မှ အလုပ်သမားလေးထံမှ ကြားသိခဲ့ရသည့် စာပေနှင့် သိုင်းပညာ ကျောင်းဆောင်အတွင်းရှိ ကြေးဒင်္ဂါးအသီးများ ပြည့်နှက်နေသည့် ချင်းချန်လျို နတ်သစ်ပင်ကြီးကို တွေးမိသွားခြင်းကြောင့်ပင်။

သာမန်လူများ၏ အတွေးအတိုင်းဆိုလျှင် ဤအရာ နှစ်ခုကို ကျိန်းသေပေါက် ဆက်စပ်မိကြမှာ ဖြစ်ပြီး ချင်းချန်လျို နတ်သစ်ပင်ကြီးသည် ရတနာသိုက်အိုး ဖြစ်ရမည်ဟု ထင်မှတ်ကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤအရာ နှစ်ခု၏ နာမည်မှာ အလွန် ဆင်တူလွန်းသောကြောင့် ဖြစ်၏။

သို့ပေမည့်လည်း ခေတ္တမျှ စဉ်းစားပြီးသည့်နောက် ကျင်းအန်းသည် ခေါင်းခါလိုက်ပြီး စိတ်ထဲမှ ထိုခန့်မှန်းချက်ကို ငြင်းပယ်လိုက်သည်။

ချင်းချန်လျို နတ်သစ်ပင်ကြီး၏ သက်သေမှာ နှစ်ပေါင်း ထောင်ချီ ရှိနေပြီ ဖြစ်သည်။ အကယ်၍ ထိုအပင်သည် ရတနာသိုက်အိုး ဖြစ်ခဲ့မည်ဆိုပါက လွန်ခဲ့သော နှစ်ပေါင်းများစွာတည်းက လူများ ခိုးယူသွားကြပြီ ဖြစ်ရမည်။ အဘယ်ကြောင့် ယခုအချိန်အထိ ကျန်ရှိနေရသနည်း။

ကျင်းအန်း အနေဖြင့် ကိုးဆယ်ရာခိုင်နှုန်းခန့် သေချာသည်မှာ ဤချင်းချန်လျို နတ်သစ်ပင်ကြီးသည် ရတနာသိုက်အိုး မဟုတ်နိုင်ချေ။ တကယ့်တော့ ရတနာသိုက်အိုးနှင့် သစ်ပင်သည်လည်း ဘာတစ်ခုမှ ဆက်စပ်မှု မရှိပေ။

ကျင်းအန်းသည် စိတ်ထဲမှ အနည်းငယ် စပ်စုချင်စိတ် ဖြစ်ပေါ်လာခဲ့ရ၏။ ‘ဒဏ္ဍာရီထဲက ရတနာသိုက်အိုးက ဘယ်လို ပုံစံမျိုး ရှိနေမလဲ။ အိုးလား။ သစ်ပင်လား။ သို့မဟုတ် အိုးပုံစံအပင်လား။’

ဤလောကတွင် စွမ်းအားရှင်များစွာ ရှိလှပေသည်။ ဝိညာဉ်အင်္ဂါငါးပါး လျှို့ဝှက်ကျမ်း၏ အခက်ခဲဆုံး နေရာမှာတော့ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များကို ခံစားသိရှိနိုင်ရန်၊ ထိုစွမ်းအင်များကို စုပ်ယူရန်နှင့် အင်္ဂါငါးပါး၏ ကျောင်းဆောင်ကို တည်ဆောက်ရန် ဖြစ်သည်။

ကျင့်ကြံခြင်း အသက်ရှူနည်းပညာရပ်မှာ ကျင်းအန်းအတွက်တော့ နားလည်ရ မခက်ခဲလှချေ။ ဤအရာသည် လူ့ခန္ဓာကိုယ်ကို စွမ်းအင် ထိန်းချုပ်စက်တစ်ခုအဖြစ် သတ်မှတ်လိုက်ခြင်းနှင့် တူပြီး စွမ်းအင်လှိုင်းချင်း နီးကပ်လေလေ လူသည် အကျိုးကျေးဇူး ပိုမို ရရှိလေလေ ဖြစ်၏။

ကျင်းအန်းသည် ခြေထောက် နှစ်ဖက်လုံးကို စုလိုက်ပြီး ဘုန်းကြီးများကဲ့သို့ ထိုင်လျက် အသက်ရှူ လေ့ကျင့်ခြင်းကို စတင်လိုက်တော့သည်။

ထူးဆန်းသော အသက်ရှူကြိမ်နှုန်းတစ်ခုသည် ကျင်းအန်း၏ အသက်ရှူသံများနှင့်အတူ ကောင်းကင်နှင့် မြေကြီးကြားရှိ ဆန်းကြယ်လှသော စွမ်းအင်များနှင့် စတင်၍ ချိတ်ဆက်မိသွားခဲ့၏။

သူ၏ ပါးစပ်နှင့် နှာခေါင်းမှ ငါးရောင်ခြယ် တိမ်တိုက်များ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကို စုပ်ယူနေသကဲ့သို့ပင်။ ထို့နောက် စွမ်းအင်များသည် ဓာတ်ငါးပါးအဖြစ် ပြောင်းလဲကာ အင်္ဂါငါးပါး၏ ကျောင်းဆောင်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

အလွန်ပင် ဆန်းကြယ်လှသည်။ ဝါးခြမ်းပြား စာလိပ်ပေါ်ရှိ တာအိုဘုန်းကြီး ဝူကျန့်၏ မှတ်တမ်းအရ ဆိုလျှင် သူသည် အသက် ငါးနှစ်သား အရွယ်ကတည်းက ကလေးဘုန်းကြီး ဖြစ်ခဲ့ရသည်။ နှစ်နှစ်တိုင်တိုင် စိတ်နေသဘောထားကို လေ့ကျင့်ခဲ့ရပြီး နောက် နှစ်နှစ်မှာတော့ ကြွက်သားများကို လေ့ကျင့်ခဲ့ရ၏။

ငါးနှစ် ကြာမြင့်မှသာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များကို ခံစားသိရှိခဲ့ရပြီး အခြား ဆယ်နှစ် ကြာမြင့်မှသာ တံခါးဝသို့ ရောက်ရှိခဲ့ကာ အခြား နှစ်ပေါင်း သုံးဆယ် ကြာမြင့်မှသာ အောင်မြင်မှု အနည်းငယ် ရရှိခဲ့ခြင်း ဖြစ်သည်။

သူ၏ စွမ်းရည်မှာ ဂိုဏ်းအတွင်းရှိ တပည့်များထဲတွင် အဆင့်ငါးအတွင်း ပါဝင်သောကြောင့့်် နောက်ပိုင်းတွင် ဝိညာဉ်အင်္ဂါငါးပါး ကျောင်းဆောင်၏ ကျောင်းထိုင် ဖြစ်လာခဲ့ခြင်းပင်။

ကျင်းအန်းသည် အစပိုင်းတွင် ဆယ်နှစ်ခန့် ကြိုးစားရမည်၊ အနှစ် နှစ်ဆယ်ခန့် အချိန်ပေးရမည်ဟု စိတ်ပိုင်းဖြတ် ထားခဲ့သော်လည်း ဤအရာအားလုံးမှာတော့ အလွန် တိုက်ဆိုင်လွန်းလှ၏။

သူသည် မျက်စိတစ်မှိတ်အတွင်းမှာပဲ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များကို ခံစားသိရှိသွားခဲ့ရုံသာမက ထိုစွမ်းအင်များကို ဓာတ်ငါးပါးအဖြစ် အောင်မြင်စွာ ပြောင်းလဲလျက် အင်္ဂါငါးပါး၏ ကျောင်းဆောင်ထဲသို့ ထည့်သွင်းနိုင်ခဲ့သောကြောင့့်် ကျင်းအန်းကိုယ်တိုင်ပင် ဆွံ့အသွားခဲ့ရသည်။

နှလုံးသားသည် ဆေးဖိုကြီးဖြစ်ပြီး သွေးများကို လောင်ကျွမ်းစေသည်။ သရက်ရွက်နှင့် အစာအိမ်မှာ မြေဓာတ် ဖြစ်ပြီး ဆေးဖိုကြီး လောင်ကျွမ်းခြင်းကြောင့် သရက်ရွက်နှင့် အစာအိမ်၏ စွမ်းအားများကို တိုးပွားစေကာ အဆုတ်ကို ကူညီပေးသည်။ အဆုတ်သည် ရေလမ်းကြောင်းကို ထိန်းချုပ်လျက် ဆီးအိမ်သို့ ပို့ဆောင်ပေးကာ စွမ်းအင်များသည် ခန္ဓာကိုယ်တွင်း၌ လည်ပတ်လျက် ရှိနေပြီး နောက်ဆုံးတွင် စွမ်းအင်ပင်လယ်ထဲသို့ ဝင်ရောက်သွားခဲ့၏။

မိမိကိုယ်ကိုယ် ဤလောကသို့ ရောက်ရှိလာခြင်းပင် ဖြစ်ပွားခဲ့ပြီးဖြစ်ရာ ကျင်းအန်း၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့် ထူးဆန်းသော ကိစ္စရပ်များ ထပ်မံ ဖြစ်ပွားပါစေ သူသည် အလွန်အမင်း အံ့ဩတော့မည် မဟုတ်ချေ။

နောက်တစ်နေ့ နံနက်ခင်းတွင်မူ ကျင်းအန်းသည် ခန္ဓာကိုယ်တွင်းရှိ ညစ်ညမ်းသော လေများကို အပြင်သို့ မှုတ်ထုတ်လိုက်ပြီး ကျင့်ကြံခြင်းမှ နိုးထလာခဲ့၏။

သူသည် ကျင့်ကြံခြင်း အရှိန် မည်မျှအထိ နှေးကွေးလှသည်ကို လေးနက်စွာ ခံစားမိသွား၏။ တစ်ညလုံး မအိပ်မနေ ကျင့်ကြံခဲ့သော်လည်း သူ၏ စွမ်းအင်ပင်လယ်ထဲတွင်မူ စွမ်းအင် အနည်းငယ်မျှသာ ရှိနေသေးသည်။

တာအိုဘုန်းကြီး ဝူကျန့် ကဲ့သို့သော အဆင့်အတန်းသို့ ရောက်ရှိရန်အတွက် အချိန်မည်မျှ ပေးရမည်နည်း။ တကယ်လို့ နှစ်ပေါင်း သုံးလေးဆယ်ခန့် စောင့်ဆိုင်းရမည်ဆိုပါက သူသည် မြေကြီးဖြစ်သွားလောက်ပြီ ဖြစ်၏။

ထို့ကြောင့် လက်တွေ့ကျသော ပြဿနာတစ်ခုသည် သူ၏ မျက်စိရှေ့သို့ ရောက်ရှိလာခဲ့၏။ သူသည် ကျင့်ကြံခြင်း အရှိန်ကို မြှင့်တင်ချင်ပါက ဤခက်ခဲသော ပြဿနာကို ဖြေရှင်းရမည်။

နောက်ဆုံးတွင်တော့ သူ၏ ဝမ်းဗိုက်က ကျင်းအန်းအတွက် ရွေးချယ်မှု ပြုလုပ်ပေးလိုက်တော့၏။ တစ်ညလုံး ထိုင်နေခဲ့သောကြောင့့်် ယခုအခါတွင် အလွန် ဆာလောင်နေခဲ့ပြီဖြစ်ရာ သူသည် အစားအသောက်များကို စွန့်လွှတ်နိုင်သည့် အဆင့်သို့ မရောက်ရှိသေးပေ။

ကျင်းအန်း တံခါးကို တွန်းဖွင့်လိုက်သည့် အချိန်မှာတော့ အပြင်ဘက်တွင် မိုးလင်းနေခဲ့ပြီ ဖြစ်၏။

တံခါးပြင်ပတွင် ခြံဝင်းငယ်တစ်ခု ရှိနေသည်။ ခြံဝင်းမှာ မကြီးမားလှဘဲ နံရံထောင့်တွင် ဝါးပင်ငယ်အချို့ ရှိနေခဲ့၏။ ဆိတ်တစ်ကောင်မှာ ဝါးပင်ငယ်တစ်ခု၏ ဘေးတွင် ကြိုးဖြင့် ချည်နှောင်ခြင်း ခံထားရပြီး မုန်လာဥနီကို အရသာရှိစွာဖြင့် ဝါးစားနေခဲ့သည်။

ကျင်းအန်းက စိတ်ထဲမှ ရေရွတ်လိုက်၏။ ‘တိရစ္ဆာန် ဖြစ်ရတာပဲ သောကကင်းပြီး ကောင်းပါတယ်။’

ကျင်းအန်းသည် စိတ်ထဲမှ အားကျမိပြီးနောက် ခြံဝင်းအပြင်သို့ လှမ်းလျှောက်ကာ ဝမ်းဗိုက်ကို ဖြည့်တင်းရန် အတွက် အစားအသောက် သွားရောက် ရှာဖွေလိုက်တော့သည်။

ရလဒ်အနေဖြင့် ဆိုင်ခန်းမကြီးအတွင်းသို့ ရောက်ရှိသည့် အချိန်မှာတော့ ခန်းမကြီးအတွင်း ဆူညံနေသည်ကို တွေ့လိုက်ရသည်။ ပိုင်ရှင်အမျိုးသမီးကျန်းသည် သူမ၏ တူမငယ်လေးအား လိုက်လံ ရိုက်နှက်နေခဲ့သည်။ တူမငယ်လေးမှာ လက်နှစ်ဖက်လုံးကို အနောက်သို့ ပစ်လျက် အော်ဟစ်ကာ ရှေ့မှနေ၍ ပြေးလွှားနေခဲ့၏။

ပြည့်စုံလှသော ခန္ဓာကိုယ် ရှိသည့် ပိုင်ရှင်အမျိုးသမီးကျန်းမှာမူ ကြက်မွှေးတံကို ကိုင်ဆောင်ကာ အသက်ရှူသံများ မြန်ဆန်လျက် အနောက်မှနေ၍ လိုက်လံ ဖမ်းဆီးနေခဲ့သည်။

တူမငယ်လေးက အော်ပြောလိုက်၏။ “အဒေါ်လေး... သမီး နောက်တစ်ခါ မလုပ်တော့ပါဘူး။ သမီးကို မရိုက်ပါနဲ့အုံး။”

ပိုင်ရှင်အမျိုးသမီး ကျန်းက ဒေါသတကြီးဖြင့် အနောက်မှ ပြောလိုက်သည်။ “နင် တကယ် အပြစ်ကို ဝန်ခံတယ်ဆိုရင် ရပ်လိုက်စမ်း။”

တူမငယ်လေးက ပြန်ပြောလိုက်၏။ “မရပ်ပါဘူး။ အဒေါ်လေးက သမီးကို ရိုက်မှာ သေချာတာကို။”

ထိုသူ နှစ်ဦးသည် ခန်းမကြီးအတွင်းရှိ ဧည့်သည်များ၏ စားပွဲများကို ပတ်၍ မရပ်မနား ပြေးလွှားနေခဲ့ကြသည်။

ခန်းမကြီးအတွင်း ထိုင်နေကြသော ဧည့်သည် အနည်းငယ်တို့သည်လည်း ပိုင်ရှင်အမျိုးသမီးကျန်း၏ လှုပ်ရှား နေသော ရင်ဘတ်ကို စိုက်ကြည့်ကာ မျက်လုံးများပင် ပြူးနေခဲ့ကြသည်။

တည်းခိုခန်းအတွင်း နံနက်စောစောစီးစီး ဤမျှအထိ စည်ကားနေသည်ကို မြင်ရသောကြောင့့်် ကျင်းအန်းသည် သူ၏ ဘေးမှ ဖြတ်သန်းသွားသော ဆိုင်မှ အလုပ်သမားလေးအား လှမ်းဆွဲကာ မေးလိုက်၏။ “ဘာတွေ ဖြစ်နေတာလဲ။”

ထိုအလုပ်သမားလေးမှာမူ မနေ့ညက အလုပ်သမားလေး မဟုတ်ချေ။ ထိုအလုပ်သမားလေးသည် ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသောကြောင့့်် ပုခုံးများ တုန်ယင်လျက် ကျင်းအန်း၏ ဇဝေဇဝါ ဖြစ်မှုကို ပြန်ဖြေလိုက်သည်။ “တကယ်တော့ မနေ့ညက ပိုင်ရှင်အမျိုးသမီးရဲ့ တူမလေးက အိပ်ရာထဲ သေးပေါက်လိုက်တာ။ သူက ပိုင်ရှင်အမျိုးသမီးနဲ့ အတူတူအိပ်တာဆိုတော့ အဆူခံရမှာ ကြောက်ပြီး သေးစိုနေတဲ့ သူ့စောင်ကို ပိုင်ရှင် အမျိုးသမီးရဲ့ စောင်နဲ့ ခိုးပြီး လဲထားလိုက်တယ်။

ပိုင်ရှင်အမျိုးသမီးရဲ့ တူမလေးက အသက် ၅ နှစ်၊ ၆ နှစ်အရွယ်ပဲ ရှိသေးပေမဲ့ အရမ်းကို လည်တယ်။ ခါးလောက်ပဲ ရှိတာကို သူမက အကြောင်းမရှိ အကြောင်းရှာပြီး ပြန်တောင် စလိုက်သေးတယ်။ မနက်စောစောစီးစီး ထပြီးတော့ ပိုင်ရှင်အမျိုးသမီး အိပ်ရာထဲ သေးပေါက်တယ်ဆိုပြီး အော်ဟစ်လိုက်တာ၊ အခုတော့ လူတိုင်းက ပိုင်ရှင်အမျိုးသမီး မနေ့ညက အိပ်ရာထဲ သေးပေါက်တယ်လို့ ထင်ကုန်ကြပြီပေါ့။

အဲ့ဒီတော့ ပိုင်ရှင်အမျိုးသမီး ဒေါသထွက်တာလည်း မဆန်းပါဘူး။ အခုလည်း အဲ့ဒီကလေးမလေးကို လိုက်ရိုက်ဖို့ ကြိုးစားနေတာ၊ ကလေးက အရမ်းမြန်တော့ ပိုင်ရှင်အမျိုးသမီးတောင် လိုက်မမှီနိုင်ဖြစ်နေတာပဲ။”

ကျင်းအန်းသည် ထိုစကားကို ကြားပြီးနောက် ထိုသူဌေးသမီးလေး၏ ဆိုးသွမ်းလှသော ပြုမူပုံကြောင့် ဆွံ့အသွားခဲ့ရ၏။ “ဟမ် ... ဒါဆို ပိုင်ရှင်အမျိုးသမီးရဲ့ တူမကြီးကော... မနေ့ညက သမီးကြီးတစ်ယောက် ရှိနေသေးတယ် မဟုတ်ဘူးလား။ ဘာလို့ သူမကို မတွေ့ရတာလဲ။”

အလုပ်သမားလေးက ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “ကျုပ်လည်း မသိပါဘူး။”

ဆိတ်ကလီစာ ခေါက်ဆွဲတစ်ပွဲမှာ ကျင်းအန်း၏ ယနေ့ နံနက်ခင်း အစားအစာ ဖြစ်သည်။ အစားအစာ စားသောက်ပြီးသည့်နောက် ထုံးစံအတိုင်းဆိုလျှင် ကျင်းအန်းသည် ဤအချိန်တွင် လက်ဖက်ရည်ဆိုင်သို့ သွားရောက်ကာ ပုံပြင်နားထောင်ရမည် ဖြစ်သော်လည်း ယနေ့တွင်မူ သူသည် လက်ဖက်ရည်ဆိုင်သို့ မသွားခဲ့ဘဲ ဆေးခန်း မည်သည့်နေရာတွင် ရှိသနည်းဟု လိုက်လံ ရှာဖွေခဲ့၏။

ကျင်းအန်းသည် ဖြစ်နိုင်ခြေ နည်းပါးလှသည် ဆိုသော်လည်း ဆေးခန်းများသို့ သွားရောက်ကာ သူ၏ ကျင့်ကြံခြင်း အရှိန်ကို မြှင့်တင်ပေးနိုင်မည့် ဆေးနည်း သို့မဟုတ် ဆေးဝါးများ ရှိ၊ မရှိ သွားရောက် ရှာဖွေကြည့်ချင်ခြင်း ဖြစ်သည်။

သို့ပေမည့်လည်း ကျင်းအန်းသည် ဆေးခန်းနှင့် ဆေးဆိုင် အနည်းငယ်သို့ သွားရောက် ရှာဖွေခဲ့သော်လည်း သူ အလိုရှိသည့် ကျင့်ကြံခြင်း ဆေးနည်းများကို ရှာမတွေ့ခဲ့ဘဲ ဆေးဆိုင်မှ ကလေးငယ်များ၏ အတင်းအကြပ် ရောင်းချခြင်းကြောင့် သာမန်လူများအတွက် အာဟာရ ဖြစ်စေမည့် ဆေးဝါးအချို့ကိုသာ ဝယ်ယူခဲ့ရ၏။

သူသည် လမ်းလျှောက်လျက် ဆေးခန်းနှင့် ဆေးဆိုင်များ မည်သည့်နေရာတွင် ရှိသေးလဲဆိုတာကို ရှာဖွေရင်း တစ်ဖက်တွင်လည်း မည်သည့်အိမ်၏ အိမ်ခေါင်မိုးအောက်တွင် ကြေးခေါင်းလောင်း ချိတ်ဆွဲထားသနည်း ဆိုသည်ကို သတိပြုကြည့်ရှုခဲ့သည်။

တာအိုဘုန်းကြီး ဝူကျန့်သည် ချန်ခရိုင်သို့ ရောက်ရှိလာပြီးနောက် မည်သူနှင့် ချိန်းဆိုခဲ့သနည်း ဆိုသည်ကို တိတ်တဆိတ် စုံစမ်းချင်ခြင်းဖြစ်ပြီး ထိုသူသည် တာအိုဘုန်းကြီး ဝူကျန့်၏ သေဆုံးမှုနှင့် ဆက်စပ်နေမလား ဆိုသည်ကို သိရှိရန် ဖြစ်၏။

ကျင်းအန်းသည် အခြား ဆေးခန်းတစ်ခု၏ တည်နေရာကို စုံစမ်းသိရှိရသောကြောင့့်် ထိုဆေးခန်းသို့ လျှောက်လှမ်း သွားခဲ့သည့် အချိန်၌ ဆေးခန်းရှေ့တွင် လူအများအပြား စုဝေးနေကြသည်ကို မြင်တွေ့လိုက်ရ၏။ ထို့အပြင် ငိုကြွေးသံများကိုလည်း ကြားနေရသည်။

လူတို့သည် လူအုပ်စု ရှိရာ နေရာသို့ သွားရောက်တတ်သည့် သဘာဝ ရှိသောကြောင့့်် ကျင်းအန်းသည်လည်း စပ်စုချင်စိတ်ဖြင့် အနားသို့ တိုးကပ်သွားခဲ့၏။

ဆေးခန်းအနားသို့ ချဉ်းကပ်သွားသည့် အချိန်မှာတော့ ဆေးခန်းအတွင်းရှိ ဝါးကုတင်တစ်ခုပေါ်တွင် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်း ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။

ထိုအမျိုးသမီး၏ ရုပ်အလောင်းမှာ ခန္ဓာကိုယ်တစ်ခုလုံး ရေစိုနေခဲ့ပြီး နက်မှောင်သော ဆံပင်ရှည်များမှာလည်း ရှုပ်ထွေးလျက် ရှိနေကာ ကြမ်းပြင်ပေါ်သို့ ရေစက်များ တတောက်တောက် ကျဆင်းနေခဲ့သောကြောင့့်် ကြည့်ရသည်မှာ ရေနစ်သေဆုံးသည့် အမှုတစ်ခုကဲ့သို့ပင်။

ကျင်းအန်းသည် လူအုပ်ထဲတွင် ခေတ္တ ရပ်ကာ နားထောင်ပြီးသည့်နောက် သူ၏ ခန့်မှန်းချက်မှာ မှန်ကန်ကြောင်း သိလိုက်ရ၏။

ဝါးကုတင်ပေါ်ရှိ အမျိုးသမီးမှာ တကယ်ပဲ ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်၏။ ယနေ့ နံနက် စောစောစီးစီးတွင် သူမသည် မြစ်ကမ်းဘေးသို့ သွားရောက်ကာ အဝတ်လျှော်ခဲ့စဉ် မတော်တဆ လျှောကျလျက် ရေထဲသို့ ကျဆင်းသွားခဲ့ခြင်း ဖြစ်ပြီး စိတ်ကောင်းရှိသော ရွာသားများက ဆယ်ယူကာ ဆေးခန်းသို့ ပို့ဆောင် ပေးခဲ့ကြသော်လည်း အသက်မပါလာတော့ပေ။

ငိုကြွေးနေကြသော သူများမှာမူ ထိုအမျိုးသမီး၏ ခင်ပွန်းဖြစ်သူ မိသားစုဝင်များ ဖြစ်ကြသည်။

ထိုအချိန်မှာပင် ရုံးတော်မှ စစ်သည်ငယ် နှစ်ဦးသည် ဆေးခန်းအတွင်း၌ ရပ်တန့်လျက် ရှိနေပြီး ထိုမိသားစုဝင် များအား ဝမ်းနည်းပူဆွေးမနေရန်နှင့် လူသေသည် ပြန်လည် ရှင်သန်မလာနိုင်တော့သောကြောင့့်် ရေနစ် သေဆုံးခြင်း ဖြစ်သောကြောင့် သေဆုံးသူ အေးချမ်းစွာ အနားယူနိုင်ရန် စောစောစီးစီး သင်္ဂြိုဟ်ပေးလိုက်ကြရန် ဖျောင်းဖျနေခဲ့ကြ၏။

ကျင်းအန်းသည် စိတ်ထဲမှ သနားစရာ ကောင်းလှသည်ဟု ညည်းတွားမိတော့သည်။ ‘ဒီလောကမှာ ပျက်စီးသွားရသည့် မိသားစုတွေ ပိုမို များပြားလာပါလား... ဟမ်။ ဒီအမျိုးသမီးက...’

...................

All Chapters