← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

အပိုင်း (၁၄) ရန်ငြှိုးအငွေ့အသက်

ကျင်းအန်းသည် ဤသို့ ပြောပြီးချိန်မှာတော့ သနားကြင်နာသည့် အမူအရာများ ပေါ်လွင်နေခဲ့၏။

သူသည် ဝါးကုတင်ပေါ်ရှိ အမျိုးသမီး၏ အလောင်းဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ ထို့နောက် အမျိုးသမီး၏ သေဆုံးမှုနှင့် ပတ်သက်သော သံသယဖြစ်စရာ အချက်များကို တစ်ချက်ချင်း ရှင်းပြလိုက်၏။ ထို့အပြင် အမှု၏ သံသယဖြစ်ဖွယ် အချက်အလက်များကိုလည်း ဆက်လက်၍ ခွဲခြမ်းစိတ်ဖြာ ပြသလိုက်သည်။

ကျင်းအန်းက ပြောလိုက်၏။ “အလောင်းရဲ့ ပါးစပ်နဲ့ နှာခေါင်းတွေ သန့်ရှင်းနေပြီး ရွှံ့သဲတွေ မရှိတဲ့အပြင် သူမရဲ့ လက်ချောင်းဆယ်ချောင်းလုံးရဲ့ လက်သည်းတွေထဲမှာလည်း ရေထဲကို ချော်ကျသွားချိန်မှာ ထိတ်လန့်တကြား ရုန်းကန်ရလို့ ဆုပ်ကိုင်မိတဲ့ ရေမှော်ပင်တွေ၊ ရွှံ့တွေ လုံးဝ မရှိတာကို ကျုပ် သေချာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ပြီးတော့ သူမရဲ့ ကျောကုန်းကို ဆက်ကြည့်ကြပါ။”

ကျင်းအန်းသည် အမျိုးသမီး၏ အလောင်းကို လှန်လိုက်ပြီး အဝတ်အစား၏ အစွန်းတစ်ဖက်ကို မတင်လိုက်ရာ အမျိုးသမီး၏ ကျောကုန်းပေါ်တွင် နီဖျော့ဖျော့ အကွက်ကြီးတစ်ခု ရှိနေသည်ကို အထင်အရှား မြင်တွေ့လိုက်ရသည်။

ထိုအရာမှာ အေးစက်သော မြစ်ရေထဲတွင် ရေနစ်သေဆုံးသူများသာ ဖြစ်ပေါ်တတ်သည့် သီးသန့် အမည်းစက်များ ဖြစ်၏။

ရေနစ်သေဆုံးသူ အမျိုးသမီး၏ ခင်ပွန်းဖြစ်သူ မိသားစုဝင်များသည် ကျင်းအန်းက အမျိုးသမီး၏ အပေါ်ရုံ အဝတ်အစားကို ချွတ်ရန် ပြင်ဆင်နေသည်ကို မြင်ရချိန်မှာတော့ ရှေ့သို့ ပြေးထွက်ကာ တားဆီးရန် ကြိုးစားကြသည်။

သို့ပေမည့်လည်း ကျင်းအန်း၏ အမှုခွဲခြမ်းစိတ်ဖြာမှုကို ကြားရလေ အံ့အားသင့်လေ ဖြစ်နေသော စစ်သည် နှစ်ဦးက ဓားများကို ဆွဲထုတ်ကာ ထိုလူ သုံးဦး ပြဿနာရှာခြင်းကို တားဆီးလိုက်ကြသည်။ ကျင်းအန်း အမှုစစ်ဆေးခြင်းကို အနှောင့်အယှက် မပေးစေရန် ကာကွယ်လိုက်ခြင်း ဖြစ်၏။

ထိုလူ သုံးဦးသည် ပြေးဝင်၍ မရနိုင်သည်ကို မြင်ရချိန်မှာတော့ မြေပေါ်တွင် လဲလျောင်းကာ ငိုကြွေးအော်ဟစ်ပြီး လူးလှိမ့်နေကြကာ ကျင်းအန်းအား နာမည်ဖျက်ရန် အပြင်းအထန် ကြိုးစားလျက် ပတ်ဝန်းကျင်မှ ပြည်သူများ၏ စာနာမှုကို ရရှိရန် ကြိုးပမ်းနေတော့သည်။

“ဥပဒေဆိုတာ မရှိတော့ဘူးလား။ တရားမျှတမှုဆိုတာကော မရှိတော့ဘူးလား။”

“အားလုံးပဲ ကျုပ်တို့ဘက်ကနေ ကူညီပြီး စဉ်းစားပေးကြပါအုံး။ ကျုပ်ရဲ့ ဇနီးသည်က သေဆုံးသွားတာ မကြာသေးပါဘူး။ အလောင်းတောင် မအေးသေးပါဘူး။ အားလုံးရဲ့ မျက်စိရှေ့မှာတင် ဒီလူယုတ်မာရဲ့ စော်ကားမှုကို အကြိမ်ကြိမ် ခံနေရတာပါ။ ရှင်းအာ.. ငါ မင်းကို တောင်းပန်ပါတယ်။ အားလုံးက ငါ အသုံးမကျလို့ ဖြစ်ရတာပါ။”

သို့ပေမည့် ဤအချိန်တွင် အမျိုးသမီး၏ ခင်ပွန်းဖြစ်သူနှင့် ယောက္ခမများဘက်မှ ရပ်တည်၍ ပြောဆိုပေးမည့်သူ တစ်ဦးမှ မရှိတော့ချေ။

လူတိုင်းသည် အမှုကို ဖော်ထုတ်နေသော ကျင်းအန်းကိုသာ အာရုံစိုက် ကြည့်ရှုနေကြပြီး ကျင်းအန်း အနေဖြင့် ယန်ရှင်းအာ၏ အစစ်အမှန် သေဆုံးရသည့် အကြောင်းရင်းကို ဖော်ထုတ်ပေးနိုင်မည်လား ဆိုသည်ကို စောင့်မျှော်နေကြ၏။

အကြောင်းမှာ သေဆုံးသူ၏ မတရားခံရမှုကို ဆေးကြောပေးရန် ဖြစ်သည်။

အမျိုးသမီး၏ ခင်ပွန်းဖြစ်သူ မိသားစုဝင် သုံးဦးသည် ကြီးမားစွာ အော်ဟစ် ငိုကြွေးခြင်း၊ မြေပေါ်တွင် လူးလှိမ့်ခြင်းနှင့် ကျင်းအန်းအား နာမည်ဖျက်ခြင်းများမှာ အလုပ်မဖြစ်တော့သည်ကို မြင်ရချိန်မှာတော့ သုံးဦးသား တိတ်ဆိတ်စွာ အချင်းချင်း ကြည့်ရှုလိုက်ကြပြီး မျက်လုံးများထဲတွင် ဖုံးကွယ်၍ မရနိုင်သော ထိတ်လန့်မှုများ ပေါ်လာခဲ့တော့၏။

ကျင်းအန်းသည် ပြင်ပမှ အနှောင့်အယှက်များကို ဂရုစိုက်မနေခဲ့ချေ။ ဝါးကုတင်ပေါ်ရှိ အမျိုးသမီး၏ အလောင်းကို ကြည့်ရှုလိုက်ရာ သူမသည် အလွန် ငယ်ရွယ်လှသေးပြီး အသက် နှစ်ဆယ့်ငါးနှစ်ပင် မပြည့်သေးကြောင်း သိလိုက်ရသည်။

အကယ်၍ ခေတ်သစ်လောကတွင်သာ ဆိုလျှင် လူငယ်ဘဝ၏ အလှပဆုံး အချိန်ကာလဖြစ်ပြီး နေ့စဉ် သောကကင်းစွာဖြင့် ချစ်သူထားခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ အရသာရှိသော အစားအစာများ စားသောက်ခြင်းတို့ဖြင့် တက်ကြွလန်းဆန်းနေမည့် အချိန် ဖြစ်သည်။ ဘဝတွင် ဖြတ်သန်းရမည့် ခရီးစဉ်များနှင့် မြင်ကွင်းများစွာ ကျန်ရှိနေသေးသည် မဟုတ်ပါလား။

ကျင်းအန်းသည် သက်ပြင်းတစ်ချက် ချလိုက်၏။ ကျင်းအန်းက သေဆုံးသူကို ရိုသေသောစိတ်ဖြင့် ပြောဆိုလိုက်သည်။ “သေဆုံးသူရဲ့ မတရားမှုကို ဆေးကြောပေးဖို့နဲ့ သေဆုံးသွားတဲ့ ဝိညာဉ်အတွက် တရားမျှတမှု ရရှိဖို့အတွက် နောင်လုပ်ရပ်တွေမှာ စော်ကားမိတာ ရှိရင် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။”

ကျင်းအန်းသည် ရေစိုနေသောကြောင့့်် လေးလံနေသော အမျိုးသမီး၏ ဆောင်းတွင်း အပေါ်ရုံ အဝတ်အစားကို ချွတ်လိုက်ပြီးနောက် အမျိုးသမီး၏ အင်္ကျီလက်များနှင့် ဘောင်းဘီအောက်ခြေများကို ခေါက်တင်ကာ လက်ခြေ အဆစ်များကို အသေးစိတ် စစ်ဆေးလိုက်၏။

အမျိုးသမီး၏ ကျောကုန်းပေါ်ရှိ ထင်ရှားလှသော အမည်းစက်ကြီးအပြင် ချိုင်းအောက်နှင့် ပေါင်ခြံများတွင်လည်း နီဖျော့ဖျော့ အမည်းစက်များ စုပုံနေသည်ကို မြင်တွေ့လိုက်ရသည်။

ကျင်းအန်းက ရှင်းပြလိုက်၏။ “လူတစ်ယောက် သေဆုံးသွားပြီးနောက် အမည်းစက်တွေ ဖြစ်ပေါ်လာတတ်တယ် ဆိုတာ အားလုံး သိကြမှာပါ။ အမည်းစက်တွေ ဖြစ်ပေါ်လာရခြင်းရဲ့ အကြောင်းရင်းကတော့ လူသေဆုံးပြီးနောက် သွေးများ ခဲသွားကာ စုပုံလာခြင်းကြောင့် ဖြစ်ပါတယ်။ ရုပ်အလောင်း စစ်ဆေးသူတွေဟာ အမည်းစက်တွေရဲ့ ပုံသဏ္ဍာန်ကို ကြည့်ပြီးတော့ သေဆုံးသူရဲ့ သေဆုံးခါနီး အနေအထားကို ခန့်မှန်းနိုင်ကြပါတယ်။

အားလုံးပဲ သူမရဲ့ ကျောကုန်း၊ ချိုင်းအောက် နှစ်ဖက်နဲ့ ခြေထောက်တွေပေါ်ကို ကြည့်ကြပါ။ ပုံမှန် အမည်းစက်တွေနဲ့ မတူညီတဲ့ ကြီးမားတဲ့ အမည်းစက်တွေ စုပုံနေတာကို တွေ့ရပါလိမ့်မယ်။ ဒီအရာက သူမ သေဆုံးပြီးနောက် အလောင်းကို ရွှေ့ပြောင်းခံခဲ့ရတယ်ဆိုတာ သက်သေပြနေတာပါ။ အချိန်ကြာမြင့်စွာ ဖိနှိပ်ခံထားရမှုကြောင့် အမည်းစက်တွေဟာ ပုံမှန်မဟုတ်ဘဲ ကြီးမားစွာ စုပုံလာရခြင်း ဖြစ်ပါတယ်။”

ထိုအချိန်တွင် အမျိုးသမီး၏ ခင်ပွန်းဖြစ်သူက အော်ဟစ် ငြင်းဆန်လိုက်သည်။ “ကျုပ်ရဲ့ ဇနီးက ရေနစ် သေဆုံးသွားတာမို့ ရွာသားတွေက ရေထဲကနေ ဆယ်ယူပြီး ခရိုင်ထဲက ဆေးခန်းကို ကယ်တင်ဖို့ ပို့ဆောင်ပေးခဲ့ရတာလေ။ လမ်းခရီးမှာ အလောင်းကို သယ်ဆောင်ရတာ ပုံမှန်ပဲ မဟုတ်ဘူးလား။ ခင်ဗျားက ဘာအကြောင်းပြချက်နဲ့ ဒီအချက်လေး တစ်ချက်တည်းကို ကြည့်ပြီး ကျုပ်တို့က ရေတွင်းထဲ ပစ်ချသတ်ဖြတ်ပြီးမှ မြစ်ထဲကို လာပစ်တယ်လို့ မတရား စွပ်စွဲရတာလဲ။”

ကျင်းအန်းသည် တစ်ဖက်လူကို အေးစက်စွာ ကြည့်ရှုလိုက်ပြီး ပြောလိုက်၏။ “ဒီစကားက ခင်ဗျား ကိုယ်တိုင် ပြောတာနော်။ ခင်ဗျား ဒါမှမဟုတ် ခင်ဗျားတို့ မိသားစု ပေါင်းပြီး လူသတ်ခဲ့တယ်လို့ ကျုပ် တစ်ခွန်းမှ မပြောရသေးဘူး။”

ကျင်းအန်း၏ စကားကို ကြားရချိန်မှာတော့ အမျိုးသမီး၏ ခင်ပွန်းဖြစ်သူ မိသားစုဝင် သုံးဦးလုံး၏ မျက်နှာများ ပျက်ယွင်းသွားခဲ့ကြ၏။ သူတို့၏ မျက်နှာပေါ်တွင် ဖုံးကွယ်၍ မရနိုင်သော ထိတ်လန့်မှုများ ပေါ်လွင်နေခဲ့ပြီ ဖြစ်သည်။

ကျင်းအန်းသည် ထိုသံသယဖြစ်ဖွယ် အချက်ကို ဆက်လက်၍ ကိုင်စွဲမထားတော့ဘဲ ဆက်လက် ရှင်းပြလိုက်၏။ “ခင်ဗျားက ဒီအမည်းစက်တွေဟာ လူကို ကယ်ဆယ်တဲ့ အချိန်မှာ ဖြစ်ပေါ်လာတာလို့ အတင်းအကြပ် ပြောချင်ရင်လည်း လတ်တလော အနေနဲ့ ကယ်ဆယ်ချိန်မှာ ဖြစ်လာတယ်လို့ပဲ သတ်မှတ်ထားလိုက်ကြတာပေါ့။

အားလုံးပဲ သေဆုံးသူရဲ့ ဖိနပ်အောက်ခြေကို ဆက်ကြည့်ကြပါ။ ဖိနပ်အောက်ခြေကို မြစ်ကမ်းဘေးက ရွှံ့တွေနဲ့ တမင်တကာ သုတ်လိမ်းထားပြီး သေဆုံးသူက မြစ်ကမ်းဘေးမှာ အဝတ်လျှော်ရင်း ရေထဲကို ချော်ကျသွားသယောင် ဖန်တီးထားတာပါ။

ဒါပေမဲ့ ဖိနပ်ထိပ်က ရွှံ့တွေကို ဖယ်ရှားကြည့်လိုက်ရင်တော့ ဖိနပ်ထိပ်မှာ ပုံမှန်မဟုတ်တဲ့ ပြင်းထန်လှတဲ့ ပွန်းပဲ့မှုတွေကို တွေ့ရပါလိမ့်မယ်။ စဉ်းစားကြည့်ကြပါ။ အဘယ်လိုလူက ခြေဖျားထောက်ပြီး လမ်းလျှောက်တတ်လို့ ဖိနပ်ထိပ်က ဒီလောက်အထိ ပွန်းပဲ့နေရတာလဲ။

တကယ်လို့များ လူတစ်ယောက်က ရေတွင်းထဲကို ကျသွားခဲ့မယ် ဆိုပါစို့။ ရေတွင်းထဲမှာ နေရာ ကျဉ်းကျပ်လွန်းတဲ့အတွက် လူက အသက်လုဖို့ အပြင်းအထန် ရုန်းကန်ရပါလိမ့်မယ်။ ရေမျက်နှာပြင်ပေါ်ကို တက်လာနိုင်ဖို့အတွက် ခြေထောက်နှစ်ဖက်နဲ့ ရေတွင်းနံရံတွေကို အပြင်းအထန် ကန်ကျောက်ရပါလိမ့်မယ်။”

ကျင်းအန်းသည် သေဆုံးသူ၏ အဝတ်အစားများကို သေချာစွာ ပြန်လည် ဖုံးအုပ်ပေးလိုက်ပြီးနောက် အလောင်း၏ ခေါင်းရင်းသို့ လျှောက်သွားကာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ဆက်ပြောလိုက်သည်။ “အစောပိုင်းတုန်းက ဒီအလောင်းဟာ ရေနစ်သေဆုံးပြီးမှ ပထမဆုံး တွေ့ရှိခဲ့တာ ဟုတ်၊ မဟုတ်ကို ကျုပ် သေချာ မသိခဲ့ဘူး။ သေဆုံးသူရဲ့ ပါးစပ်နဲ့ နှာခေါင်းကို သေချာ စစ်ဆေးကြည့်ပြီးချိန်မှာတော့ ကျုပ် သေချာ အတည်ပြုနိုင်ခဲ့ပါပြီ။

လူတစ်ယောက်က ရေနစ်သေဆုံးသွားတယ်ဆိုရင် အသက်ရှူလမ်းကြောင်းနဲ့ အသက်ရှူပြွန်တွေဟာ ပြင်းထန်တဲ့ လှုံ့ဆော်မှုကို ခံရတဲ့အတွက် ပရိုတင်းဓာတ်ပါဝင်တဲ့ အရည်တွေ အများကြီး ထွက်လာတတ်ပါတယ်။ အဲအရည်တွေက ရေတွေနဲ့ ရောနှောသွားပြီး အသက်ရှူရမယ့် ပင်ကိုယ်ဗီဇအရ ပါးစပ်၊ နှာခေါင်းနဲ့ အသက်ရှူပြွန်တွေမှာ အဖြူရောင် ဒါမှမဟုတ် အနီရောင် အမြှုပ်တွေ အများကြီး ဖြစ်ပေါ်လာကာ အပြင်ကို လျှံကျလာတတ်ပါတယ်။

ဒီအရာဟာ သေဆုံးသူက အသက်ရှင်လျက် ရေနစ်သေဆုံးတာလား ဒါမှမဟုတ် သေဆုံးပြီးမှ မြစ်ထဲကို လာပစ်ထားတာလားဆိုတာကို ခွဲခြားသိနိုင်တဲ့ အရေးကြီးဆုံး သက်သေအထောက်အထားတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ သေဆုံးသူရဲ့ ပါးစပ်နဲ့ နှာခေါင်းတစ်ဝိုက်မှာ ဒီလို အမြှုပ်တွေကို လုံးဝ မတွေ့ရပါဘူး။

ဒီအချက်က သေဆုံးသူရဲ့ ခန္ဓာကိုယ်ပေါ်မှာ သက်သေအထောက်အထားတွေ မကျန်ရစ်စေချင်တဲ့အတွက် လူသတ်သမားက အလောင်းကို သေသေချာချာ ဆေးကြောသန့်စင်ထားတယ်ဆိုတာကို ပြသနေတာပါ။ လူသတ်သမားက ဤအချက်ကို မသိခဲ့တဲ့အတွက် အလောင်းကို သန့်စင်တဲ့အခါမှာ အရေးကြီးဆုံး သက်သေဖြစ်တဲ့ ပါးစပ်နဲ့ နှာခေါင်းက ထွက်နေတဲ့ အမြှုပ်တွေကိုပါ တစ်ပါတည်း ဆေးကြောပစ်ခဲ့ပါတယ်။

ဒါကြောင့် သေဆုံးသူရဲ့ အစစ်အမှန် သေဆုံးရတဲ့ အကြောင်းရင်းမှာ အကြီးမားဆုံးသော သံသယ ဖြစ်စရာ အချက်ကြီး ဖြစ်ပေါ်လာခဲ့တာပါ။ ပြီးတော့ ဒီကိစ္စဟာ အယူသည်းသူတွေ ပြောနေသလို ရေတစ္ဆေက အသက်လာနှုတ်တာမျိုး လုံးဝ မဟုတ်သလို ရေတစ္ဆေက အစားထိုးဖို့ လူလာဆွဲတာမျိုးလည်း မဟုတ်ပါဘူး။ ဒါဟာ လူသတ်မှုတစ်ခုပါ။

အရာရှိမင်းတို့ နှစ်ယောက် အနေနဲ့ သေဆုံးသူရဲ့ ခင်ပွန်းဖြစ်သူ မိသားစုပိုင်ဆိုင်တဲ့ ရေတွင်းကို သွားရောက် စစ်ဆေးကြည့်မယ်ဆိုရင် အလုံးစုံ မဖျက်ဆီးရသေးတဲ့ သက်သေအထောက်အထားတွေကို ရှာတွေ့နိုင်ကောင်း ရှာတွေ့နိုင်ပါလိမ့်မယ်။”

ကျင်းအန်း၏ စကားများ ဤနေရာတွင် ပြီးဆုံးသွားခဲ့သည်။ ချက်ချင်းပဲ တစ်ခန်းလုံး အံ့အားသင့်သွားခဲ့ကြ၏။

ဆေးခန်းအရှေ့တွင် ဝိုင်းအုံနေသော ပြည်သူများနှင့် ထိုစစ်သည် နှစ်ဦးသည် အလွန်အမင်း အံ့အားသင့်ကာ ဆွံ့အသွားခဲ့ကြပြီး အချိန်အတော်ကြာသည်အထိ သတိပြန်မဝင်နိုင်အောင် ဖြစ်သွားခဲ့ကြသည်။

သူတို့သည် အချွဲမြှေးများ၊ ပရိုတင်းဓာတ် ဆိုသည်များကို နားမလည်ကြသော်လည်း ထိုအရာက သူတို့အားလုံးကို ဒေါသတကြီးဖြင့် လူသတ်သမားအစစ် ဖြစ်သော ယန်ရှင်းအာ၏ ခင်ပွန်းဖြစ်သူနှင့် ယောက္ခမများ သုံးဦးကို လှည့်ကြည့်ရန် အဟန့်အတား မဖြစ်စေခဲ့ချေ။

လူအုပ်ထဲမှ ယန်ရှင်းအာ၏ အလောင်းကို မြစ်ထဲမှ ဆယ်ယူရာတွင် ပါဝင်ခဲ့ပြီး ယန်ရှင်းအာ၏ ခင်ပွန်းဖြစ်သူ မိသားစုဝင်များနှင့်အတူ ခရိုင်ထဲသို့ လိုက်ပါလာခဲ့သော အိမ်နီးချင်းတစ်ဦးက ဒေါသတကြီးဖြင့် ဆဲရေးတိုင်းထွာလိုက်၏။ “ချီးတဲ့မှ... ယန်ရှင်းအာရဲ့ သေဆုံးမှုက မြစ်ကမ်းဘေးမှာ အဝတ်လျှော်ရင်း ရေတစ္ဆေ အစားထိုးဖို့ ဆွဲချခံရတာလောက် ရိုးရှင်းမှာ မဟုတ်ဘူးဆိုတာ ကျုပ် သိနေခဲ့တယ်။”

ထိုအိမ်နီးချင်း ပြောပြချက်မှတစ်ဆင့် လူတိုင်းသည် ကိစ္စရပ်၏ အစအဆုံးကို နားလည်သွားခဲ့ကြသည်။

ယန်ရှင်းအာ၏ ခင်ပွန်းအမည်မှာ ကျောက်မုရုံ ဖြစ်သည်။ ယန်ရှင်းအာသည် ယခု ခင်ပွန်းဖြစ်သူ မိသားစုသို့ မရောက်ရှိမီက ရွာထဲတွင် အလှဆုံး မိန်းမပျိုလေးတစ်ဦးဖြစ်ပြီး ကျောက်မုရုံသည် တန်ဖိုးကြီးမားသော တင်တောင်းငွေများ ပေးအပ်ကာ ယန်ရှင်းအာ၏ မိဘများ သဘောတူခွင့်ပြုမှသာ ယန်ရှင်းအာကို ချွေးမအဖြစ် ရရှိခဲ့ခြင်း ဖြစ်၏။

သို့ပေမည့်လည်း ယန်ရှင်းအာနှင့် ကျောက်မုရုံတို့ လက်ထပ်ခဲ့သည်မှာ နှစ်အတော်ကြာပြီ ဖြစ်သော်လည်း သားသမီး တစ်ယောက်မှ မထွန်းကားခဲ့ချေ။ ယောကျ်ားဘက်က သားသမီး မရနိုင်တာလား သို့မဟုတ် မိန်းမဘက်က ကလေးမမွေးနိုင်တာလား ဆိုသည်ကိုတော့ မသိရပေ။

ကျောက်မုရုံသည်လည်း မျိုးဆက်တစ်ဆက်တည်းသာ ရှိသူဖြစ်၏။ ထို့ကြောင့့်် မျိုးဆက်ပြတ်သွားမည်ကို စိုးရိမ်သောကြောင့် ယောက္ခမများက ချွေးမအပေါ်တွင် မကျေမနပ် ဖြစ်လာကြကာ သာမန်အချိန်များတွင် ရိုက်နှက်ဆဲဆိုခြင်းများ ပြုလုပ်လေ့ရှိပြီး ထမင်းစားရုံသာ သိ၍ ဥမဥတတ်သော အသုံးမကျသည့် မိန်းမတစ်ဦး အဖြစ် သတ်မှတ်ထားခဲ့ကြ၏။

ယန်ရှင်းအာသည်လည်း ကံဆိုးလှသူ ဖြစ်သည်ဟု ဆိုရပေမည်။ သူမတွင် မောင်လေးတစ်ယောက် ရှိသေးပြီး ယန်ရှင်းအာ၏ မိဘများသည် ထိုတင်တောင်းငွေများဖြင့် သားဖြစ်သူအတွက် အိမ်သစ်ဆောက်ကာ မိန်းမရအောင် ကူညီပေးခဲ့ကြပြီ ဖြစ်သည်။

ကျောက်မုရုံ၏ မိသားစုဝင်များသည် အကြိမ်ကြိမ် သွားရောက် ပြဿနာရှာကာ ဥမဥတတ်သော အသုံးမကျသည့် မိန်းမတစ်ဦးကို ယူထားရသောကြောင့့်် တင်တောင်းငွေများ ပြန်ပေးရန်နှင့် ယန်ရှင်းအာကို ကွာရှင်းပစ်မည်ဟု တောင်းဆိုခဲ့ကြ၏။

သို့ပေမည့်လည်း ယန်ရှင်းအာ၏ မိဘများဘက်က တင်တောင်းငွေများကို ပြန်ပေးရန် ငြင်းဆန်ခဲ့သောကြောင့့်် မိသားစု နှစ်စုကြား ဆက်ဆံရေးမှာ ပိုမို ဆိုးရွားလာခဲ့ပြီး နောက်ပိုင်းတွင် လုံးဝ အဆက်အသွယ် ဖြတ်တောက်လိုက်ကြသည်။

ကျောက်မုရုံ၏ မိသားစုဝင်များသည်လည်း ထိုအကြောင်းကြောင့် ယန်ရှင်းအာအပေါ်တွင် ပိုမို၍ မကျေမနပ် ဖြစ်လာကြပြီး သာမန်အချိန်များတွင် ရိုက်နှက်ဆဲဆိုမှုများ ပိုမို ပြင်းထန်လာခဲ့၏။

ဤအရာကြောင့်ပင်လျှင် ခင်ပွန်းဖြစ်သူ မိသားစုဝင်များက ရန်ငြိုးဖွဲ့ကာ ယန်ရှင်းအာကို ရေတွင်းထဲ ပစ်ချသတ်ဖြတ်ခဲ့ပြီးနောက် မတော်တဆ ရေနစ်သေဆုံးသယောင် ဖန်တီးခဲ့ခြင်း ဖြစ်နိုင်သည်။

ကျင်းအန်းသည် ထိုစကားများကို သေချာစွာ မကြားခဲ့ချေ။ သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အမူအရာ ပေါ်နေခဲ့၏။

အကြောင်းမှာ ကျင်းအန်းသည် အလောင်းကို ရွှေ့ပြောင်းခြင်းကြောင့် အာရုံကြောများ တုံ့ပြန်မှု ဖြစ်ပေါ် သွားခြင်းလား မသိသော်လည်း ယန်ရှင်းအာ၏ တင်းကျပ်စွာ ပိတ်ထားသော ပါးစပ်သည် ရုတ်တရက် ပွင့်လာပြီး လည်ပင်းသည်လည်း ပျော့ခွေသွားကာ သေဆုံးခါနီးအချိန်တွင် လည်ပင်းထဲ၌ ခိုအောင်းနေသော နောက်ဆုံး ထွက်သက်ကို မှုတ်ထုတ်လိုက်သကဲ့သို့ ဖြစ်သွားသည်ကို မြင်တွေ့လိုက်ရသောကြောင့်ပင်။

............

All Chapters