← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

အပိုင်း (၁၇) ဓားလာချေပြီ

ဆိတ်သည် ဆေးရည်များကို လျက်ပြီးသည့်နောက် နှစ်နာရီ၏ လေးပုံတစ်ပုံခန့် စောင့်ဆိုင်းပြီးသည့် ချိန်မှာတော့ ထိုကောင်သည် ဝံပုလွေဆိတ်အဖြစ် တိုက်ရိုက် ပြောင်းလဲသွားခဲ့ပြီး လည်ပင်းကို မော့ကာ ကောင်းကင်ယံသို့ အပြင်းအထန် အော်မြည်လိုက်၏။

ထို့နောက် ဆိတ်မိုက်သည် ဆိတ်ခွာများဖြင့် မြေကြီးကို အပြင်းအထန် တူးဆွတော့၏။ အချိန်တိုအတွင်းမှာပင် ဝါးတောငယ်ဘေး၌ ဆိတ်ခွာများကြောင့် ကျင်းကြီး တစ်ကျင်း ဖြစ်သွားခဲ့သည်။

“ပဲ... ပဲ... ပဲ... ပဲ...”

ဆိတ်သည် ရူးသွပ်သွားခဲ့ပြီး အပြင်းအထန် လျှောက်ပြေးနေခဲ့သည်။ ဝုန်းခနဲ အသံနှင့်အတူ သူ့အား ချည်နှောင်ထားသည့် ကြိုးသည်ပင်လျှင် ပြတ်တောက်သွားခဲ့ရပြီး ထို့နောက် ခြံဝင်းအတွင်း၌ လျှာကို ထုတ်လျက် ရူးသွပ်စွာဖြင့် ဝိုင်းပတ်ပြေးလွှားနေတော့၏။

သူသည် ဝိုင်းပတ်ပြေးလွှားရင်း တစ်ဖက်မှလည်း ပဲ… ပဲ ဟု အော်မြည်နေခဲ့ကာ နှစ်လပိုင်း၏ အေးစက်လှသော နွေဦးရာသီတွင် ပြေးလွှားလွန်းသောကြောင့့်် ခန္ဓာကိုယ်တစ်ခုလုံးမှ အဖြူရောင် အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။

ထိုပုံစံမှာ ပူလွန်းလှသည်၊ ပူလွန်းလှသည်၊ ပူလွန်းလှသည် ဟု အော်ဟစ်နေသည့်အလားပင် ဖြစ်၏။

ရှေ့မှောက်ရှိ ဤမြင်ကွင်းကြောင့် ကျင်းအန်းသည် အံ့အားသင့်မှင်သက်သွားခဲ့ရ၏။ သူသည် မြေပေါ်ရှိ ဆိတ်လျှာဖြင့် ပြောင်စင်အောင် ရက်စားထားသောကြောင့့်် ဗလာကျင်းနေသော ကြွေပန်းကန်လုံးကို ငုံ့ကြည့်လိုက်မိသည်။

‘ဆေးအာနိသင်က ဒီလောက်အထိ ပြင်းထန်တာလား။’

ကျင်းအန်းသည် ညာလက်ဖြင့် ဘယ်လက်ဝါးကို ရိုက်လိုက်သည့် အမူအရာကို ပြုလုပ်လိုက်ပြီး ရုတ်တရက် ထူးဆန်းသော အတွေးတစ်ခု ဖြစ်ပေါ်လာခဲ့၏။ ‘တကယ်လို့ ဒီဆေးကို အသက်လတ်ပိုင်းအရွယ်မှာ ဆံပင်ကျွတ်လို့ စိုးရိမ်နေရတဲ့ အထူးလိုအပ်ချက်ရှိတဲ့ ယောက်ျားတွေဆီ ရောင်းချမယ်ဆိုရင်တော့ သေချာပေါက် ရောင်းမလောက် ဖြစ်လိမ့်မယ်။’

ကျင်းအန်းသည် ခြံဝင်းထဲက ဆိတ်သည် အချိန်အတော်ကြာသည်အထိ ပြင်းထန်လှသော စွမ်းအင်များကို ကုန်ဆုံးစေနိုင်မည် မဟုတ်ကြောင်း မြင်သောကြောင့် မြေပေါ်က ဆေးပန်းကန်ကို ကောက်ယူကာ အခန်းတွင်းသို့ အရင်ဆုံး ပြန်ဝင်ခဲ့သည်။

‘အင်း... အဆိပ်မရှိရင် အဆင်ပြေတယ်။’

အခန်းတွင်းသို့ ပြန်ရောက်သည့် ကျင်းအန်းသည် ဆေးအိုးထဲမှ ဆေးရည် ငါးပုံတစ်ပုံခန့် ငှဲ့လိုက်၏။

ကျင်းအန်းသည် ဤဆေးအာနိသင် မည်မျှအထိ မြင့်မားသွားသနည်း ဆိုသည်ကို စပ်စုချင်သောကြောင့့်် နောင်တွင် အတွေ့အကြုံအဖြစ် အသုံးပြုနိုင်ရန်အလို့ငှာ လျှာဖျားဖြင့် ဆေးရည် အနည်းငယ်ကို တို့ရုံမျှ တို့ကြည့်လိုက်ချေသည်။

ထို့နောက် သူသည် ငြိမ်သက်စွာ ထိုင်ကာ ဆေးအာနိသင် ထွက်ပေါ်လာမည်ကို စောင့်ဆိုင်းနေခဲ့သည်။ ခဏမျှ စောင့်ဆိုင်းပြီးသည့် ချိန်မှာတော့ ကျောပြင်ရှိ အဝတ်အစားများမှာ ချွေးပူများဖြင့် ချက်ချင်း စိုရွှဲသွားခဲ့ရသည်။ ဤဆေးအာနိသင်မှာ အာဟာရ လွန်ကဲသွားခဲ့ပြီ ဖြစ်၏။

ကျင်းအန်းသည် သူ၏ နှာခေါင်းမှ နှာခေါင်းသွေးများ ယိုစီးလာသည်ကို မြင်တွေ့လိုက်ရသောကြောင့် ဝိညာဉ်အင်္ဂါငါးပါး လျှို့ဝှက်ကျမ်းကို အလျင်အမြန် ကျင့်ကြံလိုက်ပြီး အင်္ဂါငါးပါး ကျောင်းဆောင်မှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံး၏ စွမ်းဆောင်ရည်ကို ပြန်လည် ထိန်းချုပ်လိုက်ရသည်။

ထို့နောက်မှသာ လွန်ကဲနေသော ဆေးအဆိပ်များကို ဖယ်ရှားနိုင်ခဲ့သော်လည်း နှမြောစရာကောင်းသည်မှာ ဆေးအာနိသင်များ အလဟဿ ဖြစ်သွားခဲ့ရခြင်းပင်။ ဆေးဝါးများ အာဟာရ လွန်ကဲသွားပါက အူမကြီးကို ပျက်စီးစေတတ်သော အဆိပ်အတောက်အဖြစ် ပြောင်းလဲသွားတတ်၏။

ယခုတစ်ခေါက် ဆေးအာနိသင် စမ်းသပ်မှုတွင် အဆင်မပြေမှု အနည်းငယ် ဖြစ်ပွားခဲ့သည် ဆိုသော်လည်း အလုံးစုံသော ရလဒ်မှာတော့ ကျင်းအန်းအား အလွန် သဘောကျစေခဲ့ပြီး ဝမ်းသာပီတိ ဖြစ်ခဲ့ရသည်။

ခြံပြင်၌ ခွာများကို မြှောက်လျက် ရူးသွပ်စွာ ပြေးလွှားနေသော အစားမက်သည့် ဆိတ်မိုက်ကို ကြည့်ရှု ပြီးသည့်နောက် ကျင်းအန်းသည် ကျန်ရှိနေသေးသော ကုသိုလ်စွမ်းအား တစ်ရာ့ငါးဆယ့်ရှစ်ကို မည်သို့ အသုံးပြုရမည်နည်း၊ မည်သို့ ပြုလုပ်မှသာ အကျိုးအမြတ် အများဆုံး ရရှိနိုင်မည်နည်း ဆိုသည်ကို အလွန်အမင်း ဂရုစိုက်ရန် ဆုံးဖြတ်လိုက်သည်။ အလဟဿ ဖြစ်လို့ မရချေ။

သို့ပေမည့်လည်း ဤ အနှစ်တစ်ရာ သက်တမ်းရှိ ဂျင်ဆင်းနှင့် တန်ကွေ့ သွေးအားတိုး ဆေးရည်အတွက်တော့ နှမြောစရာ ကောင်းလှသည်။ ကျင်းအန်းသည် ဤအရာက သူ အပြင်ထွက်ရာတွင် ငွေစတစ်ပြား ပျောက်ဆုံးသွားခြင်းထက်ပင် ပိုမို၍ နှလုံးနာရသည်ဟု ခံစားမိ၏။

ထို့နောက် ကျင်းအန်းသည် စားပွဲပေါ်ရှိ ကြိုးဖြင့် ချုပ်ထားသော သိုင်းပညာ လျှို့ဝှက်ကျမ်းတစ်အုပ်ဆီသို့ အကြည့်ကို လွှဲပြောင်းလိုက်၏။ ထိုစာအုပ် မျက်နှာဖုံးပေါ်တွင်မူ သွေးဓားကျမ်းဟု ရေးသားထားသည်။

သွေးဓားကျမ်းမှာ အလွန် မြင့်မားလှသော ဓားပညာရပ် မဟုတ်ဘဲ အဆင့်နိမ့် ဓားပညာရပ် ဟုသာ သတ်မှတ်နိုင်သည်။ သို့ပေမည့် အဆင့်နိမ့် သိုင်းပညာရပ်ကို အထင်မသေးသင့်ပေ။

သိုင်းလောကတွင် အဆင့်နိမ့် သိုင်းပညာရပ် ဖြစ်စေကာမူ ထင်ရှားသော ဂိုဏ်းကြီးများ၏ ကျမ်းစာဆောင်များ ထဲ၌သာ သိမ်းဆည်းထားတတ်ကြ၏။ သာမန်လူများ အနေနှင့် ကံကြမ္မာမရှိပါက တစ်သက်လုံး ထိတွေ့ခွင့် ရရှိကြမည် မဟုတ်ချေ။

တကယ်လို့ ထိုပညာရပ်ကို အောင်မြင်အောင် လေ့ကျင့်နိုင်ခဲ့မည် ဆိုပါက ချန်ခရိုင်အတွင်း၌ အရာရှိတစ်ဦး ဖြစ်လာနိုင်ရန် လုံလောက်သည်။ ချန်ခရိုင်၏ အရာရှိကြီး သုံးဦးပင်လျှင် အဆင့်နိမ့် သိုင်းပညာရပ်များကိုသာ လေ့လာခဲ့ကြရခြင်း ဖြစ်၏။

သွေးဓားကျမ်းမှာ လျင်မြန်လှသော တိုက်ခိုက်မှုစွမ်းအားကို အလေးထားပြီး အချိန်ကြာမြင့်စွာ တိုက်ခိုက်ရန် အတွက်မူ မသင့်တော်လှချေ။ ထို့အပြင် ကိုယ်ပိုင် ကျင့်စဉ် ပညာရပ် ပါဝင်ပြီး ခန္ဓာကိုယ်တွင်း၌ သွေးနီရောင် စွမ်းအား တစ်ခုကို လေ့ကျင့်ပေးနိုင်ကာ အဆင့် ခြောက်ဆင့် ရှိသည်။

အခြားသူများနှင့် တိုက်ခိုက်သည့် အချိန်၌ သွေးနီရောင်စွမ်းအားကို ဓားကွက်များတွင် ထည့်သွင်းလိုက်ပါက ရန်သူအား မမျှော်လင့်ဘဲ တိုက်ခိုက်နိုင်မှာဖြစ်၏။

ထိုစွမ်းအားက ရန်သူ၏ သွေးများကို ဆူပွက်စေကာ လက်နက်များကို ကိုင်ဆောင်နိုင်ခြင်း မရှိတော့ဘဲ ခုခံမှု ပျက်ပြားလျက် ဓားအောက်၌ အသက်ပျောက်သွားရတတ်သည်။

စွမ်းအား နက်ရှိုင်းလေလေ ခန္ဓာကိုယ်တွင်း၌ သွေးနီရောင်စွမ်းအား ပိုမို များပြားလေလေ ဖြစ်သည်။ သေချာပေါက် သွေးနီရောင်စွမ်းအားမှာ ပိုမို၍ ပူပြင်းလာကာ ထက်မြက်လာပေလိမ့်မည်။

ဤသွေးဓားကျမ်းမှာတော့ ကျန်းလင်ယွင် ပြောဆိုခဲ့သည့် မိန်းမခိုး ဓားပြကို သတ်ဖြတ်ပြီးနောက် ရရှိလာခဲ့သော ပညာရပ် ဖြစ်ချေသည်။

လူနှစ်ဦး အတူတကွ တည်းခိုခန်းသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီးနောက် ကျန်းလင်ယွင်သည် ဤသိုင်းပညာ လျှို့ဝှက်ကျမ်းကို ထုတ်ယူလျက် ကျင်းအန်း၏ လက်ထဲသို့ ပေးခဲ့ခြင်းဖြစ်၏။

.............

All Chapters