အခန်း ၁၈
Vol. 2 Ch. 18
အပိုင်း (၁၈) အစပျိုးခြင်း
ကျင်းအန်းက မေးလိုက်သည်။ “သခင်မလေးလင်ယွင်... ကျုပ်ရဲ့ သူငယ်ချင်းတစ်ယောက်က မေးချင်လို့ပါ သိုင်းပညာမှာ အသိအမြင် ပေါ်ပေါက်ဖို့ဆိုတာ လွယ်ကူရဲ့လား။”
ကျန်းလင်ယွင်၏ လှပသော မျက်နှာလေးမှာ တည်တံ့သွားခဲ့ပြီး ပြောလိုက်၏။ “ကောင်းကင်ဘုံကို တက်ရတာထက် ခက်ခဲတယ်။ ကံကြမ္မာရှိမှသာ ဆုံတွေ့နိုင်တဲ့ အရာမျိုးပါ။ သိုင်းပညာရဲ့ လမ်းစဉ်က တဖြည်းဖြည်းချင်းပဲ သွားရတာပါ။ ခြေလှမ်း အသေးစားလေးတွေ မရှိရင် မိုင်ပေါင်း ထောင်ချီ မရောက်နိုင်သလို စမ်းချောင်းငယ်လေးတွေ မရှိရင်လည်း ပင်လယ်ကြီး ဖြစ်မလာနိုင်ပါဘူး။
သခင်လေးကျင်းအန်း အနေနဲ့ မဖြစ်နိုင်တာကို မမျှော်လင့်သင့်သလို အလျင်စလိုလည်း မလုပ်သင့်ပါဘူး။ မဟုတ်ရင် စိတ်ဖောက်ပြန်သွားတတ်ပြီး အပေါ့စားအနေနဲ့ အပြင်းအထန် ဒဏ်ရာရကာ မသန်မစွမ်း ဖြစ်သွားတတ်သလို အဆိုးရွားဆုံး အနေနဲ့ နှလုံးသွေးကြော ပြတ်တောက်ပြီး အသက်ပျောက်သွားတတ်ပါတယ်။”
ကျင်းအန်း ပြောလိုက်သည်။ “သခင်မလေး လင်ယွင်... နားလည်မှု လွဲသွားခဲ့ပါပြီ ကျုပ်က သူငယ်ချင်းအတွက် မေးပေးတာပါ။”
ကျန်းလင်ယွင်သည် ဖြူစင်လှပသော မျက်နှာလေးဖြင့် ကျင်းအန်းအား တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့၏။
ကျင်းအန်းသည် စိတ်ထဲမှ မလုံသောကြောင့့်် စကားလမ်းကြောင်း လွှဲလိုက်သည်။ “သခင်မလေး လင်ယွင်... သခင်မလေးက ဉာဏ်ပညာ ထက်မြက်လှပြီး ငယ်ငယ်လေးတည်းက တောင်ပေါ်မှာ သိုင်းသင်ခဲ့တာဆိုတော့ ဒီနှစ်ပေါင်း တစ်ဆယ်ကျော်အတွင်းမှာ သေချာပေါက် အသိအမြင် ပေါ်ပေါက်ဖူးမှာပေါ့။”
ကျန်းလင်ယွင်က ဘာမှ ပြန်မပြောချေ။
ကျင်းအန်းက ဇဝေဇဝါ ဖြစ်သွားခဲ့၏။
ကျန်းလင်ယွင်က ဆက်လက် တိတ်ဆိတ်နေဆဲ ဖြစ်သည်။
ကျင်းအန်းက ပိုမို၍ပင် ဇဝေဇဝါ ဖြစ်သွားခဲ့ရပြန်၏။
ကျန်းလင်ယွင်က နှာခေါင်းရှုံ့လိုက်သည်။
ကျင်းအန်းက မေးလိုက်မိ၏။ “သခင်မလေး လင်ယွင်... ဘာကြောင့် ဒေါသထွက်ပြီး လှည့်ထွက်သွားရတာလဲ သခင်မလေး လင်ယွင်... သခင်မလေး လင်ယွင်..”
ကျင်းအန်းသည် သွေးဓားကျမ်းကို စတင် လေ့ကျင့်သည့် ပထမဆုံးနေ့က သိုင်းပညာရပ်ဆိုင်ရာ မေးခွန်းများကို သွားရောက် မေးမြန်းခဲ့စဉ်က မြင်ကွင်းကို ယခုတိုင် အထင်အရှား မှတ်မိနေဆဲ ဖြစ်သည်။
ရလဒ်အနေနှင့် သူသည် ကျန်းလင်ယွင်အား ဒေါသထွက်အောင် ပြုလုပ်၍ မောင်းထုတ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့၏။
ထိုနေ့က အသိအမြင် ပေါ်ပေါက်မှုမှာ ကျင်းအန်း အနေနှင့် တစ်ညတည်းတွင် သုံးကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ခြင်း ဖြစ်၏။ ယနေ့သည် ထိုညမှစ၍ ရေတွက်လျှင် ခုနစ်ရက်တိုင်တိုင် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
ဤခုနစ်ရက်အတွင်း ကျင်းအန်းသည် အနှစ်တစ်ရာ သက်တမ်းရှိ ဆေးရည်၏ အကျိုးအာနိသင်ကြောင့် သွေးဓားကျမ်း စွမ်းရည်မှာ အလွန် လျင်မြန်စွာ တိုးတက်လာခဲ့၏။
သေချာပေါက် သိုင်းသင်ယူသူတိုင်းသည် အနှစ်တစ်ရာ သက်တမ်းရှိ ဆေးဝါးကြီးများ၏ ကူညီမှုကို ရရှိနိုင်ကြသည် မဟုတ်ပေ။
သင်သည် နယ်မြေတစ်ခု၏ သူဌေးကြီး ဖြစ်ပါလျက်နှင့် စည်းစိမ်များကို အားလုံး ပုံအောလိုက်ပါစေဦးတော့ အနှစ်တစ်ရာ သက်တမ်းရှိ ဂျင်ဆင်း၊ အနှစ်တစ်ရာ သက်တမ်းရှိ တန်ကွေ့ ကဲ့သို့သော ငွေပေးလျှင်တောင် ဝယ်ယူမရနိုင်သည့် တန်ဖိုးကြီး ဆေးဝါးများကို ရရှိနိုင်ရန် ခက်ခဲပေလိမ့်မည်။
အနှစ်တစ်ရာ သက်တမ်းရှိ ဆေးဝါးကြီးများမှာ သိုင်းလောကအတွက်တော့ ကံကြမ္မာရှိမှသာ ဆုံတွေ့နိုင်သည့် အရာမျိုး ဖြစ်ချေသည်။ ငွေပုံကြီး ပေးလျှင်တောင် ဝယ်ယူလို့ မရနိုင်ချေ။
ထို့အပြင် ဤကဲ့သို့ အချိန်တိုင်းတွင် အနှစ်တစ်ရာ သက်တမ်းရှိ ဆေးဝါးကြီးများ၏ အာဟာရ ဖြည့်တင်းမှုကို ခံရသောကြောင့် ကျင်းအန်း၏ နေ့စဉ် ကျင့်ကြံခြင်း အရှိန်မှာ သေချာပေါက် မျက်စိတစ်မှိတ်အတွင်း တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
သွေးနီရောင်စွမ်းအားသည် လူ၏ သွေးစွမ်းအင်များကို အလွန်အမင်း ကုန်ဆုံးစေတတ်သည်။ များပြားလှသော သွေးစွမ်းအင်များကို ကုန်ဆုံးစေခြင်းဖြင့် သွေးနီရောင်စွမ်းအား၏ ပူပြင်းလှသော အာနိသင်နှင့် တိုက်ခိုက်မှု စွမ်းအားကို မြှင့်တင်ပေးခြင်း ဖြစ်၏။
ထို့ကြောင့် သွေးစွမ်းအင်များ ဆုံးရှုံးသွားခြင်းမှာအလွန် လျင်မြန်လှပြီး ထို့ကြောင့်ပင် ခန္ဓာကိုယ် မသန်မစွမ်း ဖြစ်ပေါ်တတ်သည့် နောက်ဆက်တွဲ ဆိုးကျိုးများ ရှိလာတတ်သည်။
သို့မဟုတ် ခန္ဓာကိုယ် အလွန် အားနည်းလာကာ သွေးစွမ်းအင် မလုံလောက်ဘဲ သွေးနီရောင်စွမ်းအား၏ ပြန်လည် တိုက်ခိုက်မှုကို ခံရသောကြောင့့်် ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောများ ပေါက်ကွဲကာ အသက်ပျောက်သွား ရတတ်၏။
သာမန်လူများသည် သွေးဓားကျမ်းကို လေ့ကျင့်ရာ၌ မိမိတို့၏ သွေးစွမ်းအင်များ ကြီးမားစွာ ဆုံးရှုံးသွားမှာကို အလွန် ကြောက်ရွံ့ကြပြီး ကုသ၍ မရနိုင်သော ရောဂါဆိုးများ ကျန်ရစ်မှာကို စိုးရိမ်ကြသည်။
သို့ပေမည့် ကျင်းအန်းတွင်မူ အနှစ်တစ်ရာ သက်တမ်းရှိ ဂျင်ဆင်းနှင့် တန်ကွေ့ သွေးအားတိုး ဆေးရည် ရှိနေသောကြောင့့်် သူသည် ဤကဲ့သို့သော သောကများ လုံးဝ မရှိတော့ချေ။
သူသည် ဆေးရည်ကို ကြိုတင် သောက်သုံးရန်သာ လိုအပ်၏။ ထိုဆေးရည်အတွင်းရှိ ကြီးမားလှသော သွေးစွမ်းအား ဆေးအာနိသင်များကို မှီခိုလျက် သွေးဓားကျမ်းကို လေ့ကျင့်ရင်း တစ်ဖက်မှလည်း ဆေးအာနိသင် များကို စုပ်ယူကာ ပြောင်းလဲလိုက်ရုံမျှသာ ဖြစ်သည်။
ဆေးဆိုင်မှ ကလေးငယ်သည် သူ့အား ဆေးဝါး ခုနစ်ရက်စာကို အတင်းအကြပ် ရောင်းချခဲ့ခြင်း ဖြစ်၏။
ကျင်းအန်းသည် မနေ့ညက ဆေးများ အားလုံးကို သောက်သုံးပြီးသွားခဲ့ပြီ ဖြစ်ရာ သွေးနီရောင်စွမ်းအားကို တတိယအဆင့်အထိ တိုက်ရိုက် လေ့ကျင့်နိုင်ခဲ့ပြီး သူသည် ယခုအခါတွင် ခန္ဓာကိုယ်တစ်ခုလုံး၌ သွေးစွမ်းအင်များ ပြည့်ဝလျက် ရှိနေခဲ့ပြီ ဖြစ်သည်။
စွမ်းအားပြည့်ဝပြီး သွေးများ သန်မာလာပါက အရိုးနှင့် ကြွက်သားများ သန်မာလာတတ်၏။
ကျင်းအန်းသည် ညဉ့်နက်ပိုင်းတွင် တည်းခိုခန်း၏ မီးဖိုချောင်သို့ တိတ်တဆိတ် သွားရောက် စမ်းသပ်ကြည့်ခဲ့ရာ မီးဖိုချောင်ရှိ ပိဿာ တစ်ရာကျော် လေးလံလှသော ကျောက်ကြိတ်ဆုံကြီးကို သူသည် လက်နှစ်ဖက်လုံးဖြင့် ပွေ့ပိုက်ကာ မနိုင်ခဲ့သည်။
နေ့စဉ် သိုင်းပညာရပ်ကို ကြိုးစား လေ့ကျင့်ခြင်းကြောင့် ကျင်းအန်း၏ အကြည့်များသည်လည်း ယခင်ကကဲ့သို့ အသက်ကင်းမဲ့ မနေတော့ဘဲ စွမ်းအင်များမှာ ကြိုးတစ်ချောင်းကဲ့သို့ စုစည်းနေကာ နေ့တိုင်း စိတ်ဓာတ် တက်ကြွလန်းဆန်းနေလျက် မျက်လုံးအစုံတွင်လည်း ကုန်ဆုံး၍ မရနိုင်လောက်သော စွမ်းအင် အလင်းတန်းများ ခိုအောင်းနေသည့်အလား ဖြစ်နေ၏။
လူသားတို့၏ အားနည်းလှသော ခန္ဓာကိုယ်၏ ပျော့ညံ့သည့် အားအင်များမှာတော့ သူ၏ ခန္ဓာကိုယ်ပေါ်မှ အလုံးစုံ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ရာ သူသည် ယခုအခါတွင် ကြွက်သားများ ညီညာလျက် အရှိန်အဝါများမှာလည်း ပြင်းထန်လာသည်။
တဖြည်းဖြည်းနှင့် ဓားကို ကိုင်ဆောင်ကာ ရန်သူကို ရင်ဆိုင်နိုင်မည့် ဓားချက် အရှိန်အဝါများ ရှိလာခဲ့၏။
ထို့အပြင် ဤအချိန်ကာလအတွင်း ကျင်းအန်းသည် သွေးဓားကျမ်းကို ကြိုးစား လေ့ကျင့်ရုံသာမက ဆန်ပြုတ်အိုးများ တည်လျက် ခရိုင်အတွင်းရှိ သူတောင်းစားများနှင့် ဆင်းရဲသားများကို အခမဲ့ ကူညီရန် အခွင့်အရေးကို အသုံးချ စမ်းသပ်ခဲ့သေးသည်။
ရှေးခေတ်တွင် ကုသိုလ်ရှင်များက ဆန်ပြုတ်အိုး တည်ဆောက်လျက် ဆင်းရဲသားများကို လှူဒါန်းခဲ့ကြဖူးသည်။ သူသည်လည်း ထိုအတိုင်း လိုက်နာချင်ခဲ့ခြင်းဖြစ်ပြီး ကောင်းကင်ဘုံထံမှ ကုသိုလ်စွမ်းအားများကို အကန့် အသတ်မဲ့ ရရှိနိုင်ရန် ဖြစ်၏။
ကောင်းကင်ဘုံထံမှ ကုသိုလ်စွမ်းအားများ ရရှိနိုင်မည်ကို တွေးမိသည်နှင့် ကျင်းအန်းသည် စိတ်ထဲမှ အလွန် စိတ်လှုပ်ရှားမိ၏။ သို့ပေမည့်လည်း လက်တွေ့မှာတော့ မျက်နှာ အပြင်အထန် အရိုက်ခံလိုက်ရသကဲ့သို့ပင် ဆိုးရွားလှသည်။
ကျင်းအန်းသည် ရည်ရွယ်ချက်ရှိရှိဖြင့် ကုသိုလ်စွမ်းအားများ စုဆောင်းရန် ကြိုးစားခဲ့သော်လည်း ကုသိုလ် စွမ်းအား၏ အရိပ်အယောင်ကိုမှ ရှာဖွေမတွေ့ရှိခဲ့ချေ။ ကောင်းကင်ဘုံထံမှ ကုသိုလ်စွမ်းအားများ ရယူရန် ဆိုသည်မှာ သေချာပေါက် အလွန် ခက်ခဲ၏။
ယခုတစ်ခေါက် ရှုံးနိမ့်မှုကြောင့် ကျင်းအန်းသည် အတိတ်ဘဝက နေထိုင်ခဲ့သော မြို့ကြီးကို တွေးမိသွားခဲ့၏။ ထိုနေရာရှိ အဘိုးအို၊ အဘွားအိုများ သို့မဟုတ် သူဌေးကြီး၊ ကုန်သည်များသည် ငါးများ၊ လိပ်များ၊ မြွေများနှင့် ထူးဆန်းသော သက်ရှိငယ်များကို ဝယ်ယူလျက် မြစ်ထဲသို့ အားလုံး လွှတ်ပေးလေ့ ရှိကြသည်ကို အမြဲ မြင်တွေ့ရ တတ်သည်။
မိမိကိုယ်ကိုယ် လည်လှသည်ဟု ထင်မှတ်ကာ ကုသိုလ်စွမ်းအားများ စုဆောင်းနေခြင်း ဖြစ်ပြီး မိမိတို့၏ မကောင်းမှုကို ဖုံးကွယ်ရန် ဖြစ်၏။
သို့ပေမည့် လက်တွေ့တွင်မူ မည်သို့ ရှိသနည်း။ မျက်စိတစ်မှိတ်အတွင်း ဤမျှများပြားလှသော ငါးများနှင့် ပုစွန်များကို လွှတ်ပေးခြင်း၊ သို့မဟုတ် ပြင်ပမှ ရောက်ရှိလာသော အခြားငါးဆိုးများနှင့် လိပ်ဆိုးများကို လွှတ်ပေးခြင်းမှာ မိမိနှင့် သားသမီး မြေးမြစ်များအတွက် ကုသိုလ်စွမ်းအား စုဆောင်းခြင်း မဟုတ်ဘဲ ထိုနေရာ၏ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးပစ်ခြင်းသာ ဖြစ်ပြီး မြစ်ထဲရှိ ငါးပုစွန်များကို သေဆုံးသွားစေတတ်သည်။
နောက်ဆုံးတွင် ကုသိုလ်စွမ်းအား မရရှိရုံသာမက မိမိ၏ ကုသိုလ်စွမ်းအားများကိုပါ ပိုမို၍ ဆုံးရှုံးသွားစေတတ်၏။
ကျင်းအန်းသည် မိမိ အနေနှင့် ကုသိုလ်စွမ်းအား မရရှိခြင်းမှာ အထက်ပါ ဥပမာကဲ့သို့ပင် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်းကြောင့် ကောင်းကင်ဘုံက သဘောမကျခြင်း ဖြစ်ရမည်ဟု ထင်လိုက်သည်။
ထို့ကြောင့် နောက်ပိုင်းတွင် ကျင်းအန်းသည် မရေမရာ ဖြစ်လှသော ကုသိုလ်စွမ်းအားကို ရည်ရွယ်ချက်ရှိရှိဖြင့် လိုက်လံ ရှာဖွေခြင်း မလုပ်တော့ချေ။
ရံဖန်ရံခါ သွေးဓားကျမ်းကို လေ့ကျင့်၍ ပင်ပန်းလာချိန်၌ သူတောင်းစားများနှင့် ဆင်းရဲသားများကို ဆန်ပြုတ် လှူဒါန်းလေ့ရှိ၏။ သို့မဟုတ် လမ်းဘေးရှိ သက်ရှိငယ်လေးများကို ကယ်တင်ကာ ဆေးခန်းသို့ ပို့ဆောင်ပေးတတ်သည်။
.................
ရွှီမိသားစု လက်ဖက်ရည်ဆိုင်....
ရက်အတော်ကြာ ရွှီမိသားစု လက်ဖက်ရည်ဆိုင်သို့ မလာခဲ့သော ကျင်းအန်းသည် ထိုလက်ဖက်ရည်ဆိုင်သို့ နောက်ထပ်တစ်ကြိမ် ရောက်ရှိလာခဲ့၏။
အဓိကအနေနှင့် ကျင်းအန်းသည် ပုံပြောဆရာ၏ စကားကို နားထောင်ရင်း မကြာသေးမီက ချန်ခရိုင်အတွင်း ဖြစ်ပွားခဲ့သော ထူးဆန်းသည့် အမှုများကို ကြားသိချင်သောကြောင့် ဖြစ်၏။ လူ ဖြစ်နေသောကြောင့် သတင်းအချက်အလက် နည်းပါးနေ၍ မဖြစ်နိုင်ပေ။
တိုက်တိုက်ဆိုင်ဆိုင် ယခုတစ်ခေါက် ဂျင်ဆင်းနှင့် တန်ကွေ့ သွေးအားတိုး ဆေးရည် ကုန်ဆုံးသွားခဲ့သောကြောင့့်် ဆေးဆိုင်သို့ သွားရောက်ကာ ဆေးဝါးများ ထပ်မံ ဝယ်ယူမည့် လမ်းတွင် လက်ဖက်ရည်ဆိုင်သို့ သွားရောက်၍ သတင်းသစ်များကို စုံစမ်းခြင်း ဖြစ်သည်။
ကျင်းအန်းသည် မူလ နေရာဟောင်းတွင်ပင် ထိုင်နေခဲ့သည်။ ရက်အနည်းငယ်ကြာ သူ့ကို မမြင်ရဘဲ သူ လက်ဖက်ရည်ဆိုင်အတွင်း၌ ပြန်လည် ပေါ်ပေါက်လာသည့် အချိန်မှာတော့ ဆိုင်တွင်းရှိ လူအများကြား ဆူညံသံများ ထွက်ပေါ်လာခဲ့၏။
အိမ်ကြီးအိမ်ကောင်းမှ သမီးပျိုလေး အများအပြားမှာ မျက်နှာလေးများ နီမြန်းလျက် မျက်လုံးအစုံတွင်လည်း နွေးထွေးလှသော အကြည့်များဖြင့် လူငယ်တစ်ဦး ဖြစ်ပြီး စွမ်းရည်ရှိလှသော ကျင်းအန်းအား တိတ်တဆိတ် စောင်းငဲ့ကြည့်ရှုနေခဲ့ကြသည်။
ကျင်းအန်းသည် ယခုအခါတွင် နာမည်မရှိသော သခင်လေးတစ်ဦး မဟုတ်တော့ဘဲ လူတိုင်း သိရှိနေသည့် အခြေအနေသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ချန်ခရိုင်အတွင်းရှိ ပြည်သူ အများစုမှာ သူ၏ အမည်ကို ကြားဖူးကြ၏။
ပုံပြောဆရာသည် အစောပိုင်းကတင် သူ ဖော်ထုတ်ခဲ့သော မတရားမှုကို ဖြေရှင်းပေးသည့် ရေနစ်သေဆုံးမှု အမှုကို ပြောပြီးသွားခဲ့ခြင်း ဖြစ်သည်။
ဆိုင်မှ အလုပ်သမားလေးသည် ကျင်းအန်း လက်ဖက်ရည်ဆိုင်ထဲသို့ လှမ်းဝင်လာသည်ကို မြင်သည်နှင့် အလျင်အမြန်ဖြင့် ဖော်ရွေစွာ ဆီးကြိုလျက် နေရာဟောင်းသို့ ခေါ်ဆောင်သွားပြီး မေးမြန်းလိုက်၏။ “သခင်လေးကျင်းအန်း... သခင်လေး လက်ဖက်ရည်ဆိုင်ကို မလာတာ ကြာပြီနော်။ ယခုတစ်ခေါက်ကော ဖန်ခါးပင်အသီး လက်ဖက်ရည်ပဲလား။”
ကျင်းအန်းက ပြောလိုက်သည်။ “ယခုတစ်ခေါက်တော့ မဟုတ်တော့ဘူး သာမန် လက်ဖက်ရည်ပဲ ပေးပါ။”
ဖန်ခါးပင်အသီး လက်ဖက်ရည်ကို အလွန်အမင်း သောက်သုံးပါက ခန္ဓာကိုယ်တွင်းရှိ ကျောက်ကပ်နှင့် အစာအိမ်ကို ထိခိုက်စေနိုင်သောကြောင့့်် ရံဖန်ရံခါ အရသာ ပြောင်းလဲရန် လိုအပ်၏။
ဆိုင်မှ အလုပ်သမားလေးသည် စားပွဲကို အဝတ်စဖြင့် သန့်ရှင်းရေး ပြုလုပ်လိုက်ပြီးနောက် အဝတ်စကို ပုခုံးပေါ်သို့ တင်ကာ ပြောလိုက်သည်။ “ကောင်းပါပြီ သခင်လေးကျင်းအန်း... ခဏ စောင့်ဆိုင်းပေးပါ။ အခုပဲ လက်ဖက်ရည် သွားယူပေးပါ့မယ်။”
ပုံပြောဆရာသည် ရေနစ်သေဆုံးမှု အမှုကို ပြောကြားပြီးနောက် ရေနွေးတစ်ချက် သောက်ကာ လည်ပင်းကို ရှင်းလင်းလိုက်ပြီး အခြားသော ဇာတ်လမ်းတစ်ခုကို ဆက်လက် ပြောဆိုလိုက်၏။
“တောက်..”
ပုံပြောဆရာက ပြောလိုက်သည်။ “သခင်လေးကျင်းအန်းက မိုးကြိုးပစ်ခံရတဲ့ အမှုလိုမျိုး ရှုပ်ထွေးလှတဲ့ အမှုတွေကို ဖော်ထုတ်ပြီးတဲ့နောက်မှာပဲ ချန်ခရိုင် အကျဉ်းထောင်ထဲမှာ ထူးဆန်းတဲ့ကိစ္စတစ်ခု ဖြစ်လာပြန်တယ်။
ရှန်ဖန်းရွာက လီတာရှန်းဆိုတဲ့လူက သူ့ဆွေမျိုးကို သတ်ပြီး တရားမဝင် ယမ်းမှုန့်တွေ စုဆောင်းထားလို့ ဖမ်းဆီးခံခဲ့ရတာပါ။ သူဖမ်းခံရပြီး သုံးရက်မြောက်နေ့မှာပဲ ထောင်ထဲမှာ ထူးဆန်းစွာနဲ့ပဲ သေဆုံးသွားခဲ့တယ်။ ဒါကြောင့်လည်း ဒီကိစ္စကို အသံတိတ်သွားစေချင်တဲ့ နောက်ကွယ်က အပေါင်းအဖော်တွေ အများကြီး ရှိနေသေးတယ်ဆိုတာ ပေါ်လာခဲ့တာပေါ့။
ဒီနေ့ ပြောပြမယ့် ဇာတ်လမ်းကတော့ ချန်ခရိုင်ရဲ့ အရာရှိကြီး သုံးဦးထဲက တစ်ဦးဖြစ်တဲ့ အရာရှိကြီးကျန့် အကြောင်းပါ။ သူက ရှန်ဖန်းရွာက အမှုကို ဖော်ထုတ်ရင်းနဲ့ လူဦးခေါင်း ခြောက်ခုကို ဖြတ်တောက်ပြီး လီတာရှန်းရဲ့ အပေါင်းအဖော်တွေကို အကုန်လုံး ချေမှုန်းပစ်လိုက်တဲ့အတွက် ဒီတစ်ခေါက် တရားမဝင် ယမ်းမှုန့် သိမ်းဆည်းတဲ့အမှုကို အဆုံးသတ်သွားစေခဲ့တာပါ။
မူလကတော့ လီတာရှန်းတို့အုပ်စုက ဂိုဏ်းနှစ်ဂိုဏ်း နယ်မြေလုပြီး တိုက်ခိုက်ဖို့အတွက် ယမ်းမှုန့်တွေကို စုဆောင်းထားတာဖြစ်တယ်။ အသေးစိတ်ကို သိချင်သေးတယ်ဆိုရင်တော့ ကျုပ် ဆက်ပြောပြတာကို နားထောင် ပေးကြပါအုံး...”
“ဟမ်...”
လက်ဖက်ရည်ကို စောင့်ဆိုင်းနေသည့် ကျင်းအန်းသည် အံ့အားသင့်ကာ ဆွံ့အသွားခဲ့ရသည်။ သူသည် ချက်ချင်းပဲ အာရုံစိုက်လျက် အသေးစိတ် အချက်အလက်များကို နားထောင်လိုက်တော့၏။
သို့ပေမည့်လည်း ပုံပြောဆရာ၏ စကားသံ ပြီးဆုံးသွားသည်နှင့် တပြိုင်နက် လမ်းပေါ်တွင် ရုတ်တရက် ဆူညံသံများ ထွက်ပေါ်လာခဲ့ပြီး လူအများအပြားသည် မြို့ပြင်သို့ အလျင်အမြန် ပြေးထွက်နေကြသောကြောင့့်် တစ်စုံတစ်ခု စည်ကားနေသည်ကို သွားရောက် ကြည့်ရှုကြသည့်အလားပင်။
လက်ဖက်ရည်ဆိုင်အတွင်းရှိ ဧည့်သည်တစ်ဦးသည် လမ်းသွားလမ်းလာတစ်ဦးကို လှမ်းဆွဲ၍ မေးလိုက်သည်။ “ဘာဖြစ်တာလဲ။”
လမ်းသွားလမ်းလာမှာလည်း မြို့ပြင်သို့ သွားရောက် ကြည့်ရှုရန် စိတ်စောနေသောကြောင့့်် အလျင်အမြန် ပြန်ဖြေကြားလိုက်၏။ “ချန်ခရိုင်မြောက်ဘက် ကုန်းစောင်းမှာ တခြားသူရဲ့ ဂူဗိမာန်ကို အတင်းသိမ်းပိုက်ထားတဲ့ အဖြူရောင်ခေါင်းတလားတစ်ခုကို တူးဖော်တွေ့ရှိထားတယ်။ အခုတော့ လောကီပညာရှင်တစ်ဦးက သိုင်းပညာရပ်ကို သုံးပြီး အဲဒီခေါင်းတလားကို မတင်ဖို့ ပြင်ဆင်နေကြပြီ။”
...............