အခန်း ၁၉
Vol. 2 Ch. 19
အပိုင်း (၁၉) သူတစ်ပါးဂူကို သိမ်းပိုက်ခြင်း
လက်ဖက်ရည်ဆိုင်အတွင်းရှိ ဧည့်သည်များက ထိုလူကို ထပ်မံ မေးမြန်းလိုက်ကြသည်။။ “ဘာပြောလိုက်တယ်။ မြောက်ဘက်ကုန်းစောင်းမှာ အဖြူရောင် ခေါင်းတလားတစ်ခု ထွက်လာတယ် ဟုတ်လား။ ခေါင်းတလားကို မတင်ဖို့ ပြင်ဆင်နေကြတာလား။”
သူတို့သည် ကိစ္စရပ် မည်ကဲ့သို့ ဖြစ်ပွားခဲ့သနည်း ဆိုသည်ကို အမြန် ပြောပြရန် တောင်းဆိုလိုက်ကြ၏။
ထိုသူသည် သူဌေးကြီးတစ်ဦးက သူ၏ လက်ထဲသို့ ကြေးဒင်္ဂါး အနည်းငယ် ပစ်ပေးလိုက်မှသာ စိတ်ဝင်စားဖွယ် ကောင်းစွာဖြင့် အသေးစိတ် ရှင်းပြလိုက်သည်။
“မကြာသေးခင်က ချန်ခရိုင်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး မတော်တဆ ချော်လဲပြီး သေဆုံးသွားခဲ့တယ်။ သူမကို မြောက်ဘက်ကုန်းစောင်းက သုသာန်မှာ မြှုပ်နှံထားခဲ့ကြတယ်။ သူမရဲ့ ခင်ပွန်း လင်းလုကလည်း စိတ်ကောင်းရှိသူတစ်ယောက်ဖြစ်တာမို့ ဇနီးဖြစ်သူအတွက် ဂူဗိမာန်ကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ပေးခဲ့ပြီး ဘယ်အရာမှာမှ မပေါ့ဆခဲ့ဘူး။
ဒါပေမဲ့ မကြာသေးမီကစပြီး ညဘက်ရောက်တိုင်း လင်းလု အိပ်မရတော့ဘူး။ အိပ်ပျော်သွားတိုင်း ကုတင်ဘေးမှာ လူတစ်ယောက် ငိုနေတဲ့အသံကို အမြဲကြားနေရတယ်။ သူ ထိတ်လန့်ပြီး ဘယ်သူလဲဆိုတာ ကြည့်ဖို့ ပြင်လိုက်တိုင်းလည်း ခန္ဓာကိုယ်က လှုပ်လို့မရဘဲ ကျောက်တုံးကြီးတစ်ခု ဖိထားသလို ခံစားရတယ်။ လက်၊ ခြေထောက်နဲ့ ပါးစပ်တွေကလည်း သူ့အလိုအတိုင်း မရွေ့နိုင်တော့ဘူး။
ဒါနဲ့ပဲ ညတိုင်း မျက်လုံးကို အတင်းမှိတ်ပြီး ကုတင်ဘေးမှာ ငိုနေတဲ့ အမျိုးသမီးရဲ့အသံကိုပဲ ကြားယောင်ရင်း ဖြတ်သန်းနေရတယ်။ အဲဒီလို အကြိမ်ကြိမ် ဖြစ်လာတော့ လင်းလုရဲ့ မျက်နှာကလည်း ပိုပြီး ညိုမွဲလာပြီး စိတ်ဓာတ်တွေပါ ကျဆင်းလာခဲ့တယ်။
ထူးဆန်းတာက လင်းလုရဲ့ ခန္ဓာကိုယ် ပိုအားနည်းလေလေ၊ အဲဒီငိုသံကို ပိုပြီး ကြားရလေလေပါပဲ။ နောက်ဆုံး မှာတော့ အဲဒီငိုနေတဲ့အသံက သူ သင်္ဂြိုဟ်ခဲ့တာ ရက်အနည်းငယ်ပဲ ရှိသေးတဲ့ သူ့ဇနီးသည် ဖြစ်နေမှန်း သေချာသွားတဲ့ အခါမှာတော့ လင်းလု တုန်လှုပ်ချောက်ချားသွားခဲ့တယ်။
ဇနီးဖြစ်သူက သူမရဲ့ ဂူဗိမာန်ကို အခြားသူတစ်ယောက်က သိမ်းပိုက်ထားကြောင်း ငိုယိုပြောဆိုပြီး ခင်ပွန်းဖြစ်သူကို ဂူကိုသွားတူးဖို့ တောင်းဆိုနေတာပါ။
ဒီနေ့မနက်မှာ လင်းလု ပြင်းပြင်းထန်ထန် ဖျားနာလာခဲ့တယ်။ မနေ့ညက ဇနီးဖြစ်သူ ငိုယိုပြီး ပြောခဲ့တာကို ပြန်တွေးမိတော့ စိတ်မကောင်းလွန်းတာနဲ့ မိသားစုဝင်တွေကို အဝေးက လောကီပညာရှင်တစ်ယောက် ပင့်ခိုင်းလိုက်တယ်။
လဝက်လောက်အကြာမှာတော့ လှည့်လည်သွားလာနေတဲ့ တာအိုဆရာအိုကြီးတစ်ယောက် ရောက်လာပြီး လင်းလုကို ကြည့်လိုက်တာနဲ့ ဒီလူဟာ ရန်ငြိုးအငွေ့အသက်တွေ ပြည့်နှက်နေတဲ့အရာနဲ့ အတူတူနေမိလို့ ခန္ဓာကိုယ်ထဲကို မကောင်းတဲ့အငွေ့တွေ ဝင်သွားပြီး စွမ်းအားတွေ ထိခိုက်နေတာလို့ ပြောလိုက်တယ်။
လင်းလုလည်း တာအိုဆရာကို သူ ကြုံတွေ့ခဲ့ရသမျှ အကုန်လုံးကို ဖုံးကွယ်မထားဘဲ ပြောပြလိုက်တော့ တာအိုဆရာအိုကြီးက ကွယ်လွန်သူဇနီးသည်ရဲ့ နေရာကို အခြားသူက သိမ်းပိုက်ထားတာမို့ အခြေအနေမဲ့ ဝိညာဉ်ဖြစ်သွားပြီး သူ့ရဲ့ အရင်းနှီးဆုံး ခင်ပွန်းဆီ ရောက်လာတာ ဖြစ်တယ်လို့ ရှင်းပြတယ်။
ယင်နဲ့ယန်ကမ္ဘာက မတူကြဘူး။ ဝိညာဉ်တွေမှာ မကောင်းတဲ့အငွေ့အသက်တွေ များလွန်းလို့ အသက်ရှင်နေသူ တွေနဲ့ ရေရှည်အတူနေရင် သေချာပေါက် ထိခိုက်ရလိမ့်မယ်။ အသက်ရှင်နေတဲ့သူရဲ့ စွမ်းအားတွေ ကျလာရင် ဖျားနာတာတွေ၊ ဘေးဒုက္ခတွေ ရောက်လာမယ်။
တကယ်လို့ နောက်ကျသွားမယ်ဆိုရင် ဇနီးသည်က မထိခိုက်စေချင်ရင်တောင်မှ လူရဲ့ စွမ်းအားမီးတောက် သုံးခု ငြိမ်းသွားပြီး အသက်ပါ ဆုံးရှုံးရလိမ့်မယ်လို့ ပြောပြတော့ မိသားစုဝင်တွေလည်း ယုံကြည်သွားကြတယ်။ အဲဒီလိုနဲ့ မိသားစုဝင်တွေကလည်း သန်မာတဲ့ လူငယ်တွေကို ခေါ်ပြီး ပေါက်ပြား၊ ကြိုး၊ ဝါးလုံး၊ ကြက်ဖနဲ့ အရက်တွေကို ယူကာ ဂူဗိမာန်ကို သွားတူးဖို့ ပြင်ဆင်လိုက်တယ်။
အဲဒီအချိန်မှာပဲ ခရိုင်ထဲကို တစ်ယောက်ယောက်က ပြာပြာသလဲ ပြေးဝင်လာပြီး ဂူကို တူးပြီးသွားပြီ၊ ခေါင်းတလားကို အလဲအလှယ် လုပ်ခံထားရပြီး လင်းလုရဲ့ ဇနီးသည် ခေါင်းတလား ပျောက်ဆုံးနေတယ်၊ ဂူထဲမှာတော့ ဘယ်သူမှ မမြင်ဖူးတဲ့ အဖြူရောင် ခေါင်းတလားတစ်ခုပဲ ရှိနေတယ်လို့ လာပြောတော့တယ်။”
လမ်းသွားလမ်းလာသည် စကားပြောပြီးနောက် ထိုသူဌေးကြီး၏ လက်ကို ရုန်းဖယ်လိုက်ပြီး အခြား မြို့ပြင်သို့ သွားရောက် ကြည့်ရှုကြမည့် လူအုပ်ကြီးနောက်သို့ လိုက်ပါသွားခဲ့ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဝေးကွာသွားခဲ့ပြီး လူအုပ်ထဲ၌ ပျောက်ကွယ်သွားခဲ့တော့၏။
“ရှူး...”
ချန်ခရိုင်အတွင်း ဤကဲ့သို့သော ထူးဆန်းသည့် အမှု ဖြစ်ပွားသည်ကို ကြားသိရသောကြောင့့်် လက်ဖက်ရည်ဆိုင် အတွင်းရှိ လူတိုင်းသည် အေးစက်လှသော လေများကို ပြိုင်တူ ရှူရှိုက်မိကြတော့သည်။
ယခုအချိန်တွင် မိုးလင်းနေဆဲ ဖြစ်သည် ဆိုသော်လည်း ကျောပြင်တစ်ခုလုံး အေးစက်သွားသကဲ့သို့ ခံစားရ၏။
အံ့အားသင့်မှုများ ပြီးဆုံးသွားသည့်နောက်တွင်မူ လူတိုင်းသည် စိတ်ဝင်စားမှု ပိုမို ပြင်းထန်လာခဲ့ကြပြီး ဤကိစ္စကို အချင်းချင်း တီးတိုး ပြောဆိုနေကြသောကြောင့့်် မျက်စိတစ်မှိတ်အတွင်းမှာပင် ဆူညံသံများ ပြည့်နှက်သွား ခဲ့ရသည်။
ထို့နောက်တွင်မူ လူအချို့သည် တစ်ဦးတည်း ဖြစ်စေ သို့မဟုတ် မိတ်ဆွေများကို ခေါ်ယူ၍ ဖြစ်စေ မြို့ပြင်သို့ သွားရောက် ကြည့်ရှုရန်အတွက် ထွက်ခွာသွားခဲ့ကြ၏။
ပုံပြောဆရာဘက်မှာတော့ လူတိုင်း စိတ်ဝင်စားမှု မရှိကြတော့ချေ။ ပုံပြောဆရာသည်လည်း ယနေ့ လူတိုင်း မိမိ၏ စကားကို နားမထောင်ကြတော့သည်ကို မြင်ရချိန်မှာတော့ စောစီးစွာပင် သိမ်းဆည်းလိုက်ပြီး လမ်းပေါ်ရှိ လူအုပ်ကြီးနှင့်အတူ မြို့ပြင်သို့ သွားရောက် ကြည့်ရှုရန်နှင့် နောင်တွင် ပြောကြားမည့် ဇာတ်လမ်းသစ်အတွက် သတင်းအချက်အလက် ရှာဖွေရန် ထွက်ခွာသွားခဲ့သည်။
အချိန်တိုအတွင်းမှာပဲ လက်ဖက်ရည်ဆိုင်အတွင်းရှိ ဧည့်သည် သုံးပုံတစ်ပုံခန့် ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သည်။ လက်ဖက်ရည်ဆိုင်၏ စီးပွားရေးမှာလည်း ရုတ်တရက် တိတ်ဆိတ်သွားခဲ့ရ၏။
ကျင်းအန်းသည် ခဏ စဉ်းစားကြည့်ပြီးနောက် သူသည်လည်း ဤကိစ္စကို အလွန် စပ်စုချင်သောကြောင့့်် စားပွဲပေါ်တွင် ကြေးဒင်္ဂါး အနည်းငယ် ချန်ထားခဲ့ပြီး ထရပ်လျက် လမ်းပေါ်ရှိ လူအုပ်ကြီးနှင့်အတူ မြို့ပြင်သို့ ထွက်ခွာလာခဲ့သည်။
ဆိုင်မှ အလုပ်သမားလေးသည် ရေနွေးအိုးကို ကိုင်ဆောင်ကာ ကျင်းအန်း ထိုင်ခဲ့သော နေရာသို့ ရောက်ရှိလာသည့် အချိန်မှာတော့ စားပွဲပေါ်ရှိ ကြေးဒင်္ဂါး အနည်းငယ်မှလွဲ၍ လူမှာမူ ထွက်ခွာသွားခဲ့ပြီ ဖြစ်၏။
ကျင်းအန်းသည် ဤနေရာသို့ အသစ် ရောက်ရှိလာသူ ဖြစ်သောကြောင့့်် ချန်ခရိုင်၏ မြောက်ဘက်ကုန်းစောင်း မည်သည့်နေရာတွင် ရှိသနည်း ဆိုသည်ကို သေချာ မသိရှိချေ။ သို့ပေမည့် လူအုပ်ကြီးနောက်သို့ လိုက်ပါသွားလျှင်တော့ မှားယွင်းရန် မရှိပေ။
ချန်ခရိုင်၏ မြောက်ဘက်ကုန်းစောင်းသည် ခရိုင်မြို့နှင့် မိုင်အနည်းငယ် ဝေးကွာလှ၏။ သာမန်အချိန်များတွင် မည်သူမှ မလာရောက်ကြသော ဤသုသာန် နေရာသည် ယနေ့တွင်မူ အလွန်ပင် စည်ကားနေခဲ့၏။
ယခုအခါ နေ့လယ်ပိုင်း အချိန်ဖြစ်ပြီး လူ နှစ်ရာ၊ သုံးရာခန့် စုဝေးနေကြ၏။ လူဦးရေ ရာကျော် ရှိနေသောကြောင့့်် လူခေါင်းများမှာ ပြည့်နှက်နေခဲ့သည်။
မျက်နှာတစ်ခုလုံး ဖြူလျော်နေပြီး ရောဂါမပျောက်ကင်းသေးသော လင်းလုသည် အဝေးတစ်နေရာရှိ ဝိုင်းအုံနေသော ပြည်သူများကို ကြည့်ရှုလျက် စိုးရိမ်ပူပန်စွာဖြင့် သူ၏ ဘေးရှိ ဝတ်စုံကို ဝတ်ဆင်ထားပြီး တာအိုဆရာ ဦးထုပ်ကို ဆောင်းထားကာ လက်ထဲတွင် ယင်နှင့်ယန် သံလိုက်အိမ်မြှောင်ကို ကိုင်ဆောင်လျက် ကောင်းကင်နှင့် မြေကြီး၏ တည်နေရာကို စစ်ဆေးနေသော တာအိုဆရာအိုကြီးအား လှည့်ကြည့်လိုက်၏။
ထိုတာအိုဆရာအိုကြီး၏ ဆံပင်နှင့် နှုတ်ခမ်းမွှေးများမှာ မည်းနက်နေပြီး ခန္ဓာကိုယ်မှာ သန်မာထွားကျိုင်း လှသောကြောင့့်် အိုမင်းခြင်း အသွင် လုံးဝ မရှိဘဲ အသက် ငါးဆယ်ခန့် ရှိနေသည့်ပုံပေါ်၏။ သူ၏ ဝတ်စုံမှာ ဟောင်းနွမ်းနေသောကြောင့့်် ဆင်းရဲသော တာအိုဆရာတစ်ဦး ဖြစ်ပြီး လှည့်လည်သွားလာနေသူ ဖြစ်ပေလိမ့်မည်။
လင်းလုက မေးမြန်းလိုက်သည်။ “တာအိုဆရာတန်... ဒီနေရာမှာ ဆက်စပ်မှု မရှိတဲ့ လူတွေ အများကြီး စုဝေးနေတာက နောက်ကျရင် ခေါင်းတလား မတင်တဲ့နေရာမှာ အဟန့်အတား ဖြစ်စေမလား။ ဒီလူတွေကို မောင်းထုတ်ပစ်ရမလား။”
လင်းလုသည် ရောဂါမပျောက်ကင်းသေးသောကြောင့့်် ဤစကား အနည်းငယ်ကို ပြောဆိုပြီးချိန်မှာပင် အသက်ရှူသံများ မြန်ဆန်နေခဲ့သည်။ သို့ပေမည့် သူ၏ အကြည့်များတွင်မူ ရှေ့မှောက်ရှိ တာအိုဆရာအပေါ်၌ အလွန် ရိုသေလေးစားမှုများ ရှိနေခဲ့၏။
လင်းလုအား တွဲထားသော မိဘများကလည်း ထိုအတိုင်းပင် တာအိုဆရာအိုကြီးအား ရိုသေစွာ စိုက်ကြည့်နေခဲ့ကြသည်။
တာအိုဆရာတန်ဟု ခေါ်သော တာအိုဆရာအိုကြီးသည် မျက်လုံးကို အနည်းငယ် ဖွင့်လိုက်ပြီး အဝေးတစ်နေရာရှိ ဆူညံစွာဖြင့် အစားအသောက်များ စားသောက်ရင်း ကြည့်ရှုနေကြသော ပြည်သူများကို ကြည့်ကာ ပြောလိုက်၏။ “မလိုပါဘူး။ လူများလေလေ ပိုမို ကောင်းမွန်လေလေပဲ။ လူများရင်တော့ စွမ်းအားတွေ ပိုမို ကြီးမားလာပြီး ဒီသုသာန်အတွင်းမှာ နှစ်ပေါင်းများစွာ စုပုံနေတဲ့ မကောင်းတဲ့ အငွေ့အသက်တွေကို ဖိနှိပ်ထားနိုင်သောကြောင့့်် ကျုပ်တို့ ခေါင်းတလား မတင်ဖို့ ပိုမို လွယ်ကူစေပါတယ်။”
လင်းလုက ရိုသေစွာ ပြောလိုက်သည်။ “ကောင်းပါပြီ။ ကျုပ်တို့ အားလုံး တာအိုဆရာတန်ရဲ့ အမိန့်အတိုင်း လိုက်နာပါ့မယ်။”
တာအိုဆရာအိုကြီးသည် သံလိုက်အိမ်မြှောင်ကို ကိုင်ဆောင်ကာ တည်နေရာကို ခေတ္တမျှ စစ်ဆေးပြီးသည့်နောက် ပြောလိုက်၏။ “စကားပုံအတိုင်းပဲ မြွေရှိတဲ့နေရာမှာ ဆေးမြစ်ရှိတတ်တယ် ဆိုသလိုပေါ့။ ဒီနေရာဆိုတာ တကယ့် နေရာအစစ်ကို ပြောတာမဟုတ်ဘူး။ ကျုပ် အခုလေးတင် ဒီပတ်ဝန်းကျင်ရဲ့ ပထဝီဝင်အနေအထားကို ကြည့်ပြီးပြီ။
ခင်ဗျား ဇနီးသည်ရဲ့ ဂူဗိမာန် အနောက်ဘက်ထောင့်စွန်းမှာ တောင်ပျက်တစ်ခုရှိနေပြီး အဲဒီနေရာက ဂူဗိမာန်ကို တိုက်ရိုက်မျက်နှာချင်းဆိုင် ဖြစ်နေတယ်။ သက်ရှိစွမ်းအားတွေ ကိန်းအောင်းတဲ့နေရာမျိုးက ပထဝီဝင်အရရော ကံကြမ္မာအရပါ ပိုပြီးတော့ ထူးခြားတတ်ပါတယ်။
ဒါပေမဲ့ ကျုပ် ကြည့်ရသလောက် အဲဒီတောင်ပျက်ပေါ်က သစ်ပင်တွေက အရွက်တွေခြောက်ပြီး စောင်းနေတာကို တွေ့ရတယ်။ ခင်ဗျား အခုချက်ချင်း လူလွှတ်ပြီး အဲဒီတောင်ပျက်ကို သွားကြည့်ခိုင်းလိုက်ပါ။ အဲဒီတောင်ထဲမှာ မြေပြင်ပေါ်မှာ သေဆုံးနေတဲ့ ငှက်တွေ၊ ပိုးမွှားတွေ များနေသလားဆိုတာ သေချာသွားစစ်ဆေးကြည့်ပါ။ တကယ်လို့သာ အဲဒီလိုမျိုးတွေ့ခဲ့ရင်တော့ အဲဒီတောင်ပျက်ကို မြေလှန်ရှာဖွေလိုက်ပါ။ အဲဒီမှာ ခင်ဗျားရဲ့ ဇနီးသည် ပျောက်ဆုံးနေတဲ့ ရုပ်အလောင်းကို ကျိန်းသေပေါက် ရှာတွေ့နိုင်ပါလိမ့်မယ်။”
တာအိုဆရာအိုကြီး၏ စကားကို ကြားရသော် လင်းလုသည် အလွန် ဝမ်းသာသွားခဲ့ရပြီး အလျင်အမြန်ပင် မိဘများအားပြော၍ အနောက်ဘက် တောင်ပျက်ထဲသို့ သွားရောက်ကာ ဇနီးသည်၏ ရုပ်အလောင်းကို ရှာဖွေခိုင်းလိုက်သည်။
တာအိုဆရာအိုကြီးသည် ရုတ်တရက် မျက်နှာ တည်တံ့သွားခဲ့၏။ “အခု အချိန်အခါကောင်းကို ရောက်လာပြီ။ ကောင်းကင်ယံမှာ စွမ်းအားတွေ အပြည့်အဝရှိနေပြီး မကောင်းတဲ့ အငွေ့အသက်တွေ အနည်းဆုံးအချိန်ပဲ။ ကျုပ် အမိန့်အတိုင်း အခုချက်ချင်း ခေါင်းတလားကို မတင်ကြတော့မယ်။ လူငယ်တွေ၊ ခန္ဓာကိုယ် သန်မာ တောင့်တင်းတဲ့သူတွေ အားလုံး ရှေ့ထွက်ခဲ့ကြ။ ခေါင်းတလားကို မတင်ဖို့ အဆင်သင့်ပြင်ကြ”
...........