အခန်း ၂၀
Vol. 2 Ch. 20
အပိုင်း (၂၀) နှစ်ချောင်းတို တစ်ချောင်းရှည်
တာအိုဆရာအိုကြီး၏ စကား ပြီးဆုံးသွားခဲ့ပြီးနောက် လင်းလု၏ မိသားစုဝင် လူကြီးများသည် ခန္ဓာကိုယ် သန်မာထွားကျိုင်းလှသော လူငယ်များကို စတင်၍ ရွေးချယ်လိုက်ကြ၏။ လူငယ်များမှာ အားလုံးပေါင်း ဆယ်ယောက်ကျော် ရှိသည်။
တာအိုဆရာအိုကြီးသည် လက်ထဲတွင် မည်သည့်အချိန်ကတည်းက ရောက်ရှိနေမှန်း မသိရသော အရောင်အသွေး လှပပြီး သန်မာလှသော ကြက်ဖကြီးတစ်ကောင်ကို ကိုင်ဆောင်လျက် ပြောဆိုလိုက်၏။ “ခင်ဗျားတို့ထဲက ဘယ်သူက အားအကောင်းဆုံးလဲ။ ရှေ့ကို တစ်လှမ်း တိုးခဲ့စမ်း။”
လူငယ်တစ်ဦးက ရှေ့သို့ ထွက်ပေါ်လာကာ ပြောလိုက်သည်။ “ကျုပ် ပါ။”
ထို့နောက် တာအိုဆရာအိုကြီးက ဆက်ပြောလိုက်၏။ “ဒီနေရာမှာ ရှိနေတဲ့ ဆွေမျိုးတွေထဲက သန်မာတဲ့သူတွေ အားလုံးလည်း ရှေ့ထွက်ခဲ့ကြပါ။”
ခေတ္တမျှ ရှုပ်ထွေးသွားပြီးသည့်နောက် လင်းလု ခေါ်ဆောင်လာခဲ့သော လူအုပ်ကြီးထဲမှ လူငါးဦး၊ ခြောက်ဦးခန့် ထပ်မံ ထွက်လာခဲ့ကြသည်။
တာအိုဆရာအိုကြီးသည် လက်ထဲမှ ကြက်ဖကြီးကို ကိုင်ဆောင်လျက် တည်တံ့သော မျက်နှာဖြင့် ပြောဆိုလိုက်၏။ “တောင်တစ်တောင်မှာ ကျားနှစ်ကောင် ရှိလို့ မရဘူး။ အချင်းချင်း တိုက်ခိုက်ရင်တော့ သေချာပေါက် ထိခိုက်ရလိမ့်မယ်။ ဒါကြောင့် ခန္ဓာကိုယ် အားနည်းတဲ့သူတွေ အားလုံး ကိုက်တစ်ရာကျော် ဝေးတဲ့ နေရာကို ဆုတ်ခွာသွားကြ။ ပြီးတော့ အနောက်ကို လှည့်နေကြပြီး ဒီဂူကို လုံးဝ လှည့်မကြည့်ကြနဲ့။”
ပြောပြီးသည့်နောက် တာအိုဆရာအိုကြီးသည် ကြက်ဖကြီးကို ကိုင်ဆောင်လျက် အသစ် တူးဆွထားသော ဂူကျင်းဘေးသို့ လျှောက်လှမ်းသွားခဲ့ပြီး လက်ထဲမှ ကြက်ဖကြီးကို မြေကြီး ရွှံ့နွံများ လတ်လတ်ဆတ်ဆတ် ရှိနေဆဲ ဖြစ်သော ဂူကျင်းထဲသို့ ပစ်ချလိုက်သည်။
“တွတ်... တွတ်... တွတ်... တွတ်... တွတ်...”
ကြက်ဖကြီးသည် အတောင်ပံများကို ခတ်လျက် ဂူကျင်းထဲသို့ ကျဆင်းသွားခဲ့ပြီးနောက် ဂူကျင်းအတွင်းရှိ မကောင်းသော ပိုးမွှားများနှင့် ကင်းခြေများစွာကို မတ်မတ်ရပ်လျက် လိုက်လံ ထိုးဆိတ် စားသောက်နေခဲ့၏။
“ရှူး.... ရှူး...”
အဖြူရောင် ခေါင်းတလား၏ အောက်ခြေမှ ရုတ်တရက် အစိမ်းရောင် အကြေးခွံများ ရှိသည့် အဆိပ်ရှိသော မြွေကြီး တစ်ကောင် လျှောထွက်လာခဲ့ပြီး ကြက်ဖကြီးနှင့် ခဏမျှ အချင်းချင်း ကြည့်ရှုလိုက်ကြပြီးနောက် ဂူကျင်းပြင်ပသို့ လျှောထွက်ကာ ခြုံပုတ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။
ထိုကြက်ဖကြီးမှာမူ အောင်နိုင်သူ သူရဲကောင်းတစ်ဦးကဲ့သို့ပင် ဦးခေါင်းကို မော့ကာ အော်မြည်နေခဲ့ပြီး ဂူကျင်း အတွင်းရှိ မှောင်မိုက်သော နေရာများတွင် ပုန်းအောင်းနေကြသော မကောင်းသော ပိုးမွှားများ အားလုံး ထွက်ပြေး ပျောက်ကွယ်သွားခဲ့ကြ၏။
တာအိုဆရာအိုကြီးက ရှင်းပြလိုက်သည်။ “ကြက်ဖကြီးမှာ မီးစွမ်းအားတွေ သန်မာပြီး မကောင်းဆိုးဝါးတွေကို နှိမ်နင်းနိုင်တဲ့ စွမ်းရည်ရှိတယ်။ သူက မကောင်းတဲ့ အငွေ့အသက်တွေရှိတဲ့ ပိုးမွှားတွေကို တိုက်ခိုက် စားသောက်တတ်တဲ့ သဘာဝရှိတာပါ။
မြေကြီးထဲမှာ နှစ်ပေါင်းထောင်ချီ ရှိနေပါစေအုံးတော့၊ ကောင်းမွန်တဲ့ ကြက်ဖတစ်ကောင်ကိုတော့ မယှဉ်နိုင်ဘူး ဆိုတဲ့ စကားပုံအတိုင်းပဲပေါ့။ အခုတော့ ဂူထဲက မကောင်းတဲ့ အငွေ့အသက်တွေကို အကုန်မောင်းထုတ်ပြီးပြီ ဆိုတော့ ခင်ဗျားတို့ ဘေးကင်းကင်းနဲ့ တွင်းထဲဆင်းပြီး ခေါင်းတလားကို မတင်လို့ရပါပြီ။”
ကြက်ဖကြီးကို ပြန်လည် ယူဆောင်သွားပြီးသည့်နောက် ခန္ဓာကိုယ် သန်မာထွားကျိုင်းလှသော လူငယ်အချို့သည် လက်ထဲတွင် တုတ်ခိုင်လှသော ကြိုးများနှင့် ဝါးလုံးများကို ကိုင်ဆောင်ကာ ဂူကျင်းထဲသို့ ခုန်ဆင်းလိုက်ကြပြီး အဖြူရောင် ခေါင်းတလား၏ ပြင်ပတွင် သေသေချာချာ ချည်နှောင်လိုက်ကြကာ ညီညာစွာ အော်ဟစ်လျက် မတင်လိုက်ကြ၏။
လူငယ် လေးဦးတို့သည် မိမိတို့၏ စွမ်းအားအားလုံးကို ထုတ်သုံးလိုက်ကြသောကြောင့့်် မျက်နှာတစ်ခုလုံး နီမြန်းနေခဲ့သော်လည်း အဖြူရောင် ခေါင်းတလားမှာမူ လုံးဝ ရွေ့လျားခြင်း မရှိဘဲ တည်ငြိမ်နေဆဲ ဖြစ်သည်။
လူငယ်တစ်ဦးက မျက်နှာ နီမြန်းလျက် ပြောလိုက်၏။ “ထူးဆန်းလိုက်တာ။ ဒီခေါင်းတလားက အရမ်းလေးတာပဲ။ အထဲမှာ လူသေအလောင်း ရှိမနေဘဲ ကျောက်ခဲတွေနဲ့ပဲ ပြည့်နေတာ ဖြစ်ရမယ်။”
တာအိုဆရာအိုကြီး၏မျက်နှာ ညိုမည်းသွားခဲ့သည်။
လင်းမိသားစုဝင် လူကြီးတစ်ဦးသည် တုတ်ကောက်ကို ကိုင်ဆောင်ကာ ခန္ဓာကိုယ် တုန်ယင်လျက် တာအို ဆရာအိုကြီး၏ ဘေးသို့ ချဉ်းကပ်လာပြီး စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်၏။ “တာအိုဆရာတန်... ဒီအရာက ခေါင်းတလားထဲကလူက ထွက်ခွာသွားဖို့ အလိုမရှိတာ ဖြစ်နိုင်မလား။”
တာအိုဆရာအိုကြီးသည် ပြန်လည် မဖြေကြားခဲ့ဘဲ အမွှေးတိုင် သုံးတိုင်ကို ထွန်းညှိလိုက်ပြီးနောက် သူကိုယ်တိုင် ဂူကျင်းထဲသို့ ခုန်ဆင်းကာ လက်ထဲရှိ အမွှေးတိုင် သုံးတိုင်ကို ခေါင်းတလား အဖုံး၏ အက်ကွဲကြောင်း ကြားထဲသို့ ထိုးစိုက်လိုက်သည်။
အချိန်များသည် တရွေ့ရွေ့ ကုန်လွန်သွားခဲ့သည်။ သို့ပေမည့် ဂူကျင်းအတွင်းရှိ သန်မာလှသော လူငယ် လေးဦးအတွက်တော့ ဤအချိန်ကာလမှာ အလွန်ပင် ခက်ခဲလှ၏။
သူတို့သည် ဤဂူကျင်းအတွင်းရှိ အဖြူရောင် ခေါင်းတလားထဲက လူသေသည် ရုတ်တရက် ထရပ်လာမှာကို အလွန် ကြောက်ရွံ့နေကြ၏။ ယခုအခါ လူအများအပြား တွင်းထဲတွင် စုဝေးနေကြသောကြောင့့်် ထိုအချိန်ကျမှ ထွက်ပြေးရန် ပြင်ဆင်လျှင်လည်း လွတ်မြောက်နိုင်မည် မဟုတ်ပေ။
အမွှေးတိုင် သုံးတိုင်မှာ ငါးပုံတစ်ပုံခန့် လောင်ကျွမ်းသွားခဲ့သော်လည်း ဘာတစ်ခုမှ ထူးခြားမှု မရှိချေ။
တာအိုဆရာအိုကြီးသည် တွင်းထဲမှ ပြန်တက်လာခဲ့ပြီးနောက် ပြောဆိုလိုက်၏။ “နောက်ထပ် လူနှစ်ယောက် ထပ်ဆင်းပြီးတော့ အတူတူ မတင်ကြစို့။”
“ဝုန်း... ဝုန်း...”
ချက်ချင်းပဲ အခြား သန်မာလှသော လူငယ် နှစ်ဦး ဂူကျင်းထဲသို့ ခုန်ဆင်းလိုက်ကြ၏။ ယခုအခါ တွင်းထဲ၌ အနည်းငယ် ကျဉ်းကျပ်နေခဲ့ပြီ ဖြစ်သည်။
ထိုလူငယ် နှစ်ဦးသည်လည်း တုတ်ခိုင်လှသော ကြိုးများကို ယူဆောင်လျက် အဖြူရောင် ခေါင်းတလား၏ အလယ်တွင် သေသေချာချာ ချည်နှောင်လိုက်ကြပြီးနောက် လက်ဝါးထဲသို့ တံတွေး အနည်းငယ် ထွေးလိုက်ကြသည်။ ထိုအရာမှာ လက်ဝါးနှင့် ကြိုးကြားရှိ ပွတ်တိုက်မှုကို မြှင့်တင်ပေးနိုင်ရန် ဖြစ်၏။
ထို့နောက် ခြေထောက်ကို မတ်မတ်ရပ်လျက် ခန္ဓာကိုယ်ကို ပြင်ဆင်လိုက်ကြ၏။ လူ ခြောက်ဦးတို့သည် ပြိုင်တူ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ “မ... “
လူငယ် ခြောက်ဦးတို့ အတူတကွ ပေါင်းစပ်၍ မတင်လိုက်ကြရာ ယခုတစ်ခေါက်မှာတော့ အဖြူရောင် ခေါင်းတလားသည် မြေပြင်မှ ကြွတက်လာခဲ့ပြီး မတင်နိုင်ခဲ့ပြီဖြစ်၏။
ခန္ဓာကိုယ် သန်မာထွားကျိုင်းလှသော လူငယ် ခြောက်ဦးတို့သည် ခက်ခဲစွာ မတင်နေရဆဲ ဖြစ်သော်လည်း နောက်ဆုံး၌ အဖြူရောင် ခေါင်းတလားကို ဂူကျင်းပြင်ပသို့ ဆွဲတင်နိုင်ခဲ့ကြသောကြောင့့်် လင်းလု၏ မိသားစုဝင်များ၏ စိတ်ထဲက စိုးရိမ်မှုများကို ခြေဖျောက်ပေးလိုက်နိုင်ခဲ့သည်။
တာအိုဆရာအိုကြီးက အမိန့်ပေးလိုက်၏။ “လင်းလုရဲ့ ဇနီးသည် ရုပ်အလောင်းကို ပြန်ရှာတွေ့ပြီး သင်္ဂြိုဟ်ပြီး သွားရင်တော့ ကျုပ် ဒီအဖြူရောင်ခေါင်းတလားထဲက လူအတွက် လင်ပေါင် အတိုင်းအဆမဲ့ လူကယ်တင်ခြင်း ကျမ်းကို အကြိမ်ကြိမ် ရွတ်ဖတ်ပေးပါ့မယ်။ ဒီခေါင်းတလားထဲက သနားစရာကောင်းတဲ့ ဝိညာဉ်ကိုလည်း အေးချမ်းစွာနဲ့ ထွက်ခွာသွားအောင် ဆောင်ရွက်ပေးပြီး၊ နောက်ထပ် သင့်တော်ကောင်းမွန်တဲ့နေရာမှာ စနစ်တကျ ပြန်လည်သင်္ဂြိုဟ်ပေးပါ့မယ်။”
ထို့ကြောင့် အဝေးတစ်နေရာမှ ကြည့်ရှုနေကြသော ပြည်သူများသည် သန်မာထွားကျိုင်းလှသော လူငယ် ခြောက်ဦးတို့သည် နဖူးမှ ချွေးပူများ စီးကျလျက် သွားကြိတ်ကာ ခက်ခဲစွာဖြင့် အဖြူရောင် ခေါင်းတလားကြီးကို ကိုင်ဆောင်၍ တောင်အောက်သို့ သယ်ဆောင်သွားကြသည်ကို မြင်တွေ့လိုက်ရသည်။
ဤမြင်ကွင်းကြောင့် လူတိုင်းသည် အလွန်ပင် အံ့အားသင့်သွားခဲ့ကြရ၏။ “ဒီအဖြူရောင် ခေါင်းတလားထဲမှာ လူသေအလောင်း ရှိမနေဘဲ ကျောက်ရုပ်ကြီးတစ်ရုပ်များ ဖြစ်နေတာလား။ အဲဒီလိုမှ မဟုတ်ရင် ခန္ဓာကိုယ် သန်မာတဲ့ လူငယ်ခြောက်ယောက်လုံးကိုတောင် ဒီလောက်အထိ အသက်ရှူရခက်အောင် ဖိနှိပ်ထားနိုင်မှာ မဟုတ်ဘူးလေ။”
လူအုပ်ကြီး၏ အော်ဟစ်သံကို ကြားလိုက်ရချိန်မှာတော့ လင်းလု၏ ဆွေမျိုးများထဲမှ ဂူဗိမာန်ကို ကျောခိုင်း နေကြသော ဆွေမျိုးများထဲမှ အသက်ငယ်သော ကောင်လေးတစ်ဦးသည် ရုတ်တရက် စပ်စုချင်စိတ်ကို မအောင့်နိုင်တော့ဘဲ ဂူဗိမာန်ရှိ အဖြူရောင် ခေါင်းတလား တည်ရှိရာဘက်သို့ တိတ်တဆိတ် လှည့်ကြည့် လိုက်မိတော့သည်။
အဆင်မပြေမှု ဖြစ်ပွားသွားခဲ့၏။
“ဝုန်း...”
တုတ်ခိုင်လှသော ကြိုးကြီး ပြတ်တောက်သွားခဲ့ရပြီး အဖြူရောင် ခေါင်းတလား၏ တစ်ဖက်စွန်းသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားခဲ့ချေသည်။
“ဒုန်း..”
တာအိုဆရာအိုကြီးသည် အလွန် ထိတ်လန့်သွားခဲ့ရပြီး အဖြူရောင် ခေါင်းတလားဘေးသို့ အလျင်အမြန် ပြေးသွားကြည့်ရှုလိုက်ရာ မူလက ခေါင်းတလား အဖုံးကြားထဲတွင် ထိုးစိုက်ထားခဲ့သော အမွှေးတိုင် သုံးတိုင်မှာ ယခုအခါတွင် ပုံမှန်မဟုတ်ဘဲ နှစ်ချောင်းက တိုနေခဲ့ပြီး တစ်ချောင်းက ရှည်နေသည်ကို မြင်လိုက်ရ၏။
လူများသည် ဤကဲ့သို့သော မြင်ကွင်းကို အကြောက်ဆုံး ဖြစ်၏။ အမွှေးတိုင်များတွင် ဤကဲ့သို့ နှစ်ချောင်းတို တစ်ချောင်းရှည် ဖြစ်ခြင်းကို အလွန် ပြင်းထန်စွာ ပိတ်ပင်ထားတတ်ကြသည်။
“ဂျွတ်”
အဆင်မပြေမှုများ ထပ်မံ ဖြစ်ပွားခဲ့ပြန်သည်။ နှစ်ချောင်းတို တစ်ချောင်းရှည် ဖြစ်နေသော အမွှေးတိုင် သုံးတိုင်မှာ ရုတ်တရက် အောက်ခြေမှ ပြတ်ထွက်သွားခဲ့၏။
တာအိုဆရာအိုကြီး၏ ကျောပြင်တစ်ခုလုံးမှာ ချွေးများဖြင့် စိုရွှဲသွားခဲ့ရ၏။ ထိုအရာမှာ ကောင်းမွန်သော ရာသီဥတုတွင် ထိတ်လန့်လွန်းသောကြောင့့်် ထွက်ပေါ်လာခဲ့သော ချွေးပူများ ဖြစ်ရပေလိမ့်မည်။
တာအိုဆရာအိုကြီးက အော်ဟစ်လိုက်၏။ “ခေါင်းတလားကို အတင်းအကြပ် ဆက်ပြီး သယ်ဆောင်လို့ မရတော့ဘူး။ အဖြူရောင် ခေါင်းတလားကို ဂူကျင်းထဲကို အမြန် ပြန်ထည့်လိုက်ကြ။ ဒီနေ့မှာတော့ ခေါင်းတလား မတင်လို့ မရတော့ဘူး။”
လင်းလုနှင့် ဆွေမျိုးများ အားလုံးသည် ထိုစကားကို ကြားချိန်မှာတော့ တာအိုဆရာအိုကြီးအား ဝိုင်းအုံ မေးမြန်းလိုက်ကြသည်။ “ဘာဖြစ်လို့လဲ။ ခေါင်းတလားကို မတင်ပြီးနေပြီကို ဘာကြောင့် ပြန်ပြီး ထည့်ထားရမှာလဲ။”
တာအိုဆရာအိုကြီး၏ မျက်နှာ အမူအရာမှာ အလွန် ဆိုးရွားနေပြီး ဖြေလိုက်၏။ “ခေါင်းတလားက မြေပြင်ပေါ်ကို ကျလို့ မရဘူး။ အကယ်၍ ခေါင်းတလား မြေပေါ်ကျသွားပြီဆိုရင်တော့ ဆက်မတင်လို့ မရတော့ဘူး။ သယ်ဆောင်တဲ့ သူတွေ အားလုံး အသက်ဘေး ကြုံရလိမ့်မယ်။ ဒီအဖြူရောင် ခေါင်းတလားထဲက အလောင်းက အလွန် ကြောက်မက်ဖွယ် ကောင်းတယ်။ နေ့လယ်ပိုင်းစွမ်းအား အကြီးမားဆုံး အချိန် ဖြစ်လျက်နဲ့ ဒီအလောင်းကို ဖိနှိပ်ထားနိုင်ခြင်း မရှိဘူး။”
“ဒါဆိုရင် ကျုပ်တို့ ဘယ်လို လုပ်ရမလဲ။ လျိုအာရဲ့ ရုပ်အလောင်းကိုတော့ သုသာန်မှာ ဒီအတိုင်း ပစ်ထားလို့ မရနိုင်ဘူး မဟုတ်လား။” လင်းလုသည် စိုးရိမ်တကြီးဖြင့် ပြောဆိုလိုက်မိသည်။
သူသည် ရောဂါမပျောက်ကင်းသေးဘဲ ခန္ဓာကိုယ် အားနည်းလှသောကြောင့့်် ပြင်းထန်စွာ ချောင်းဆိုးလျက် တာအိုဆရာအိုကြီးအား ကူညီပေးရန် အပြင်းအထန် တောင်းဆိုနေခဲ့၏။ “တာအိုဆရာတန်... ကျုပ်ကို ကူညီပေးပါအုံး။ ကျုပ်နဲ့ လျိုအာက လင်မယား ဖြစ်ခဲ့ကြတာမို့ သူမ သေဆုံးပြီးနောက်မှာ အေးချမ်းစွာ မနေရတာကို ကျုပ် စိတ်ထဲက မခံစားနိုင်လို့ပါ။”
တာအိုဆရာအိုကြီးသည် မျက်မှောင်ကြုတ်လျက် နောက်ဆုံးတွင် နည်းလမ်းတစ်ခုကို စဉ်းစားမိသွားခဲ့သည်။ “ကြည့်ရတာတော့ အလောင်းကို ကျောပိုးပြီး သယ်ဆောင်တဲ့ နည်းလမ်းပဲ ရှိတော့တယ်။”
‘အလောင်းကို ကျောပိုးတာ ဟုတ်လား။’
လင်းလုနှင့် အခြားသူများ အားလုံး ထိုစကားကို ကြားရလျှင် ဆွံ့အသွားခဲ့ကြရသည်။ ခေတ္တမျှ ထိုထိတ်လန့်စရာ စကားလုံးကြားထဲမှ သတိပြန်မဝင်နိုင်အောင် ဖြစ်သွားခဲ့ရ၏။
လင်းလု၏ အဘိုးဖြစ်သူက မျက်နှာ ညိုမည်းလျက် မရေမရာ ဖြစ်နေသော လေသံဖြင့် မေးမြန်းလိုက်သည်။ “တာအိုဆရာတန်... ခင်ဗျား ပြောတဲ့ အလောင်းကျောပိုးတယ်ဆိုတာ လူတစ်ယောက်ကို အလောင်း ကျောပိုးခိုင်းတာကို ဆိုလိုတာလား။”
တာအိုဆရာအိုကြီးက ဖြေလိုက်၏။ “မှန်ပါတယ်။”
“ဒီလိုမျိုး ပညာရပ်ကို တတ်ကျွမ်းတဲ့ အလောင်းကျောပိုးသူကို ဒီအချိန်တိုလေးအတွင်းမှာ ရှာဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ကံကြမ္မာ အလွန်သန်မာတဲ့သူတစ်ယောက်ကိုပဲ ရှာပြီးတော့ ဒီအဖြူရောင် ခေါင်းတလားထဲက အလောင်းကို ကျောပိုးခိုင်းရတော့မှာပဲ။”
တာအိုဆရာအိုကြီးသည် စိတ်ရှည်စွာဖြင့် ရှင်းပြလိုက်သည်။ “ဒီခေါင်းတလားထဲက ကြောက်စရာကောင်းတဲ့ အလောင်းကို ဖိနှိပ်ထားနိုင်ဖို့ဆိုရင် အဲဒီလူရဲ့ ကံကြမ္မာက အလွန်ကို သန်မာနေမှ ဖြစ်ပါလိမ့်မယ်။ အမှန်အတိုင်း ပြောရရင် ခေါင်းတလား မတင်ခင်ကတည်းက လင်းမိသားစုဝင် အားလုံးရဲ့ မျက်နှာတွေကို ကျွန်တော် အကဲခတ်ကြည့်ပြီးပါပြီ။
ဒါပေမဲ့ ကံမကောင်းတာက ခင်ဗျားတို့ထဲမှာ ဒီအဖြူရောင်ခေါင်းတလားထဲက အလောင်းကို ထိန်းချုပ် ဖိနှိပ်ထားနိုင်လောက်တဲ့ ကံကြမ္မာသန်မာသူ တစ်ယောက်မှ ရှိမနေဘူး။ နောင်ဆိုရင်တော့ ကံတရားအပေါ်မှာပဲ မူတည်ပြီး ဒီလိုမျိုး ကံကြမ္မာသန်မာတဲ့သူကို ရှာတွေ့နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲ။
တကယ်လို့ ရှာမတွေ့ခဲ့ဘူးဆိုရင်တော့ ဒီအဖြူရောင်ခေါင်းတလားကို လောလောဆယ် ရွှေ့ပြောင်းလို့ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ခင်ဗျားရဲ့ ဇနီးသည်အတွက် တခြားကောင်းမွန်တဲ့နေရာတစ်ခု ရှာပြီး ပြန်လည် သင်္ဂြိုဟ်ဖို့ပဲ ကျုပ် အကြံပြုနိုင်ပါတော့တယ်။ အဲဒီလိုလုပ်မှပဲ သူ့ရဲ့ ရန်ငြိုးအငွေ့အသက်တွေ လျော့ပါး သွားလိမ့်မယ်။”
………..