← Chapters

ဂျီနယ်ပယ် မွေးဖွားလာမှု…

Vol. 99 Ch. 1358

ဂျီနယ်ပယ် မွေးဖွားလာမှု…

Vol. 99 Ch. 1358

ကြယ်ခုနစ်လုံး၊ ဦးတည်ရာခြောက်ခု၊ ဒြပ်စင်ငါးခုသည် အတူတကွ ပေါင်းစည်းသွားလေပြီ။ ထိုစွမ်းအားသည် အရာအားလုံးကို ဖျက်စီးပစ်နိုင်၏။ ဝမ်လင်း၏မျက်နှာမှာ ဖြူရောနေသည်။ သို့သော် သူ့မျက်လုံးတို့မှာ တောက်ပသထက် တောက်ပလာသည်။

သူသည် ချိပ်ပိတ်နယ်မြေအရှင်သခင်၏ စကားလုံးများကို ခပ်ရေးရေး ဖမ်းဆုပ်နိုင်ခဲ့ပေသည်။ နတ်ဘုရားပြစ်ဒဏ်သည် ကပ်ဘေးတစ်ခု ဟုတ်သလို ကံကောင်းမှုတစ်ခုဟုလည်း ဆိုနိုင်သည်။

“ကိုးဟာ အကန့်အသတ်ပဲ။ နန်းတော်ကိုးခု၊ ကားချပ်ရှစ်ခု၊ကြယ်ခုနစ်လုံး၊ ဦးတည်ရာခြောက်ခု၊ ဒြပ်စင်ငါးခု ဒါ့ကြောင့် နောက်ထပ် လေး၊သုံး၊နှစ် ဆိုတာ ရှိဦးမှာ သေချာတယ်။ လေးနဲ့သုံးက ဘာဖြစ်မလဲ ငါ မသိဘူး။ ဒါပေမဲ့ နှစ်ကတော့ ယင်နဲ့ယန်ပဲ ဖြစ်လိမ့်မယ်…”

“ကိုးကနေ နှစ်အထိဆိုရင် တချို့ပြောင်းလဲမှုကို ဖြတ်ကျော်ပြီးသွားတာနဲ့ သူတို့ဟာ တစ်ခုတည်းအဖြစ် ပြောင်းလဲသွားလိမ့်မယ်။ နတ်ဘုရားပြစ်ဒဏ်ရဲ့တစ်ဟာ ဂျီများ ဖြစ်နေမလား…”

ဝမ်လင်းနှလုံး ခုန်ပေါက်သွားသည်။ သို့သော် သူသည် မသေချာပေ။ သို့ပေမည့် သူသည် သူ ရှည်ကြာစွာလိုချင်ခဲ့သော အရာကို တွေ့မြင်ရဖို့ဆို အဆုံးသပ်ထိ ခုခံတိုက်ခိုက်ရပေမည်။ သူက မည်သို့ လက်လျော့ဖို့ ဆန္ဒရှိပါ့မည်နည်း။

ခုချိန်တွင် ကြယ်ခုနစ်လုံးသည် ရုတ်တရက် နီးကပ်လာခဲ့ပြီ။ နတ်ဆိုးကလန်၏ မြင့်မြတ်သောအကြီးအကဲ၏ အမူအရာသည် ပြောင်းလဲသွားသည်။ ကလန်ခေါင်းဆောင်က နတ်ဘုရားပြစ်ဒဏ်ကို ရင်ဆိုင်နေသော သည်လူနှင့် ပတ်သတ်၍ ဘာမှ မပြောခဲ့သော်လည်း ကလန်ခေါင်းဆောင်၏ နောက်ဆုံးစကားများနှင့် ကျောက်စိမ်းပြားကြောင့် သည်လူနှင့် ကလန်ခေါင်းဆောင်ကြား ပတ်သတ်မှုသည် သာမန် မဟုတ်နိုင်ပေ။

သူ့မျက်လုံးသည် လက်ခနဲ ဖြစ်သွားကာ ကြယ်ခုနစ်လုံးကပ်ဘေးကို ရင်ဆိုင်ရာတွင် ဝမ်လင်းကို ကူညီပေးဖို့ ရှေ့သို့ ခြေလှမ်းရန် ပြင်၏။

“စီနီယာ…သင့် အကူအညီမလိုပါဘူး။ ငါ ဒီနတ်ဘုရားပြစ်ဒဏ်ကို ငါ့ဘာသာ ခုခံမယ်…”

ဝမ်လင်း၏အသံသည် လေဟာနယ်နေရာတွင် ပဲ့တင်ထပ်သွား၏။ နတ်ဆိုးကလန်၏ မြင့်မြတ်သောအကြီးအကဲသည် တဒင်္ဂ ရပ်တန့်သွား၏။ ထိုစဉ် ကြယ်ခုနစ်လုံးမှာ ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်နှင့်အတူ ဆင်းသက်လာကာ အလင်းတန်းခုနစ်ခုသည် ဝမ်လင်းထံ ကျရောက်လာခဲ့ပေပြီ။ မိုးကြိုးတုန်ဟည်းသံ မြည်ဟိန်း၏။ သူသည် သွေးများအလိမ်းလိမ်း ဖုံးအုပ်သွားသည်။ သူ့မူလစိတ်ဝိညာဉ်သည် တုန်ယင်ကာ နောက်သို့ လွင့်ထွက်သွားသည်။ တကယ်တော့ သူသည် သေလုမြောပါး ဖြစ်သွားခြင်းပင်။ သို့သော် သူ စတင်ရယ်မောလိုက်သည်။

ကြယ်ခုနစ်လုံး သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာချိန်၌ ၎င်းသည် ကားချပ်ရှစ်ခုနှင့် ချိတ်ဆက်ကာ သူ့ခန္ဓာကိုယ်ကို ဖျက်စီးပစ်ဖို့ ပိုဖျက်စီးအားကောင်းသောအော်ရာကို ဖြစ်တည်စေသည်။

သို့သော်ငြားလည်း ထိုစွမ်းအားအောက်၌ ဝမ်လင်းသည် ဂျီနယ်ပယ်၏အော်ရာကို ခပ်ရေးရေး ခံစားမိသည်။ ဝမ်လင်းမှာ ဂျီနယ်ပယ်နှင့် အလွန်ရင်းနှီးခဲ့သူ မဟုတ်လား။ သူက ၎င်းနှင့် နှစ်ရာချီ အတူတကွ ရှိခဲ့ဖူးပေသည်။

သူက ဂျီအငွေ့အသက်ကို ခံစားမိသည့်အခါတွင် မပျော်ဘဲ၊မရယ်ဘဲ မည်သို့ နေပါ့မည်နည်း။ သူသည် ခုချိန်၌ ဒဏ်ရာအပြင်းအထန် ရထားသော်လည်း သူ့ခန္ဓာကိုယ်မှာ ပျက်စီးလုနီး ဖြစ်နေသော်လည်း သူ ရယ်မောပစ်ဆဲသာ။ သူ့လက်နှစ်ဖက်ကို ဖြန့်ကားကာ ဦးတည်ရာခြောက်ခုမှ ဖြစ်ပေါ်သော လိပ်ခွံများကို သူ့ခန္ဓာကိုယ်အား ဝင်ဆောင့်ခွင့် ပြုလိုက်လေသည်။

မိုးကြိုးတုန်ဟည်းသံများ တဖန် ပဲ့တင်ထပ်၏။ သူ့ခန္ဓာကိုယ်မှာ သွေးအလိမ်းလိမ်း ဖြစ်ကုန်သည်။ သို့သော် လီချန်မေကို သူ ကွယ်ဝှက်ထားသောနေရာကမူ လုံးဝ ဘေးကင်းလုံခြုံပေသည်။ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ခန္ဓာကိုယ်၊ အထူးသဖြင့် ကြယ်ခြောက်လုံးရှေးဟောင်းနတ်ဘုရားတစ်ပါးအနေဖြင့် သန်မာမှုသည် အံ့မခန်းအဆင့်သို့ ရောက်နေပေပြီ။ ထိုတိုက်ချက်များကို ခံလိုက်ရသည့်နောက်တွင်ပင် သူက မြန်ဆန်စွာ ပြန်ကောင်းမွန်နေဆဲသာ။

လိပ်ခွံများ သူ့ခန္ဓာကိုယ်ထဲ ဝင်လာကာ ကြယ်ခုနစ်လုံး၊ ကားချပ်ရှစ်ခု၊ နန်းတော်ကိုးခုနှင့် အတူတူ ချိတ်ဆက်သွားကြ၏။ ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် ပေါက်ကွဲထွက်သွားတော့သည်။ သို့သော် သူက ၎င်းပေါက်ကွဲမှုကို သူ့ခန္ဓာကိုယ်အတွင်း၌သာ ပိတ်မိနေစေပြီး အပြင်သို့ လွင့်ပါးသွားခွင့် မပြုပေ။

ဝမ်လင်း၏မျက်လုံးမှာ လျော့ရဲသွားသည်။ သို့သော် ထို့နောက်တွင်မူ ပြန်ခိုင်မာလာ၏။ သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ဆေးလုံးများစွာ ပေါ်လာသည်။ သူက ၎င်းဆေးလုံးများကို ဝါးမြိုကာ ပြန်အားဖြည့်၏။ ထို့နောက် ဒြပ်စင်ငါးခုလက်ဝါးချက်များ ရောက်ရှိလာခဲ့ပေပြီ။

ထိုလက်ဝါးချက်များ ရောက်ရှိလာသည့်အခါတွင် ဝမ်လင်း၏မျက်လုံးသည် တောက်ပ၏။ သူသည် ထိုအခိုက်အတန့်ကို စောင့်နေခြင်းပင်။ သူက ရှေ့သို့ ရုန်းကန်ကာ ခြေလှမ်း၏။ ထို့နောက် သူ့ပါးစပ်ကို ဖွင့်ဟကာ မီးလက်ဝါးကို ဝါးမြိုလိုက်သည်။

“ကောင်းကင်ဘုံရဲ့မီး…ငါ့ခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီး ငါ့မူလစိတ်ဝိညာဉ်ကို ပုံသွန်းလောင်းစေ…”

ဝမ်လင်းသည် မီးလက်ဝါးကို ဝါးမြိုနေရင်း မာန်သွင်းအော်ဟစ်လိုက်၏။ အဆုံးမဲ့မီးများသည် သူ့ခန္ဓာကိုယ်အနှံ့ ရိုက်ခတ်ကာ သူ့ပျက်စီးသွားသော မူလစိတ်ဝိညာဉ်ကိုပါ ဝေ့ရိုက်သည်။ ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် မထင်မှတ်စွာဖြင့် ထိုမီးအောက်တွင် ပြန်ကောင်းမွန်လာပြီး မီးအဆီအနှစ်တစ်ခု စတင်ပေါ်လာ၏။ ၎င်းက သူ့မူလစိတ်ဝိညာဉ်ထဲတွင် ဝဲကတော့တစ်ခုအသွင် ဖွဲ့စည်းကာ မီးလက်ဝါး၏စွမ်းအားကို စုပ်ယူတော့သည်။

တစ်ချိန်တည်းမှာ သတ္တု၊သစ်သား၊ရေနှင့်မြေ လက်ဝါးတို့မှာလည်း သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာကြသည်။ ယင်းတို့သည် ထင်ရှားသောအမှတ်အသားလေးခုကို ချန်ကာ သူ့ခန္ဓာကိုယ်အတွင်း၌ စတင်ပျက်စီးသည်။

“ကားချပ်ရှစ်ခုရဲ့ မီးနဲ့မိုးကြိုး…ငါ့ခန္ဓာကိုယ်ကို အားဖြည့်စေ…” ဝမ်လင်းသည် မာန်သွင်းလိုက်ရင်း သူ့ခန္ဓာကိုယ်တွင်း ဝင်ရောက်နေသော ကားချပ်ရှစ်ခု ပေါ်လာ၏။ မီးနှင့်မိုးကြိုးကားချပ်တို့သည် ချိုးဖျက်ကာ ထိုလက်ဝါးရာများကို စတင် ခုခံတော့သည်။

ကားချပ်ရှစ်ခုထဲမှ သည်နှစ်ခုသည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲ ဝင်ရောက်ခဲ့သော်လည်း ယင်းတို့က ကွယ်ဝှက်နေခဲ့၏။ ခုချိန်တွင် ယင်းတို့ ပေါက်ကွဲလာခဲ့ကာ နတ်ဘုရားပြစ်ဒဏ်ကိုပါ သတိထားသွားစေသည်။ ရှေးဟောင်းနတ်ဘုရား၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းနှင့် သည်ကားချပ်နှစ်ခုကြောင့် သူက ဒြပ်စင်ငါးခု ပျက်စီးမှုကို ခုခံနိုင်စွမ်း ရှိသွားခဲ့သည်။

နန်းတော်ကိုးခု၊ ကားချပ်ရှစ်ခု၊ ကြယ်ခုနစ်လုံး၊ ဦးတည်ရာခြောက်ခု၊ ဒြပ်စင်ငါးခုတို့ကြောင့် သူသည် မသေသွားခဲ့ပေ။

ဝမ်လင်းက သူ့ပါးစပ်ထောင့်မှ သွေးကို သုတ်ကာ နတ်ဘုရားပြစ်ဒဏ်ဝဲကတော့ထံ မာန်သွင်းကာ လှမ်းအော်ဟစ်၏။ “နောက်ထပ် ရှိသေးလား…”

“နတ်လေးပါး…အသင်္ချေ…” စိတ်ခံစားချက်ကင်းမဲ့သော ခပ်ဝါးဝါးအသံသည် လောကတွင် ပဲ့တင်ထပ်ကုန်၏။ ဝမ်လင်း၏ စိန်ခေါ်မှုကို ပြန်တုန့်ပြန်လိုက်သည့်အလား။

ယင်းအသံ ထွက်ပေါ်လာသည်နှင့် ဝဲကတော့အတွင်းမှ သားရဲဟိန်းသံများ ထွက်ပေါ်လာ၏။ အဇူရာနဂါးသည် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ ထို့နောက် အနီရောင်ဟင်္သာငှက်မှာ ကောင်းကင်တုန်လှုပ်ဖွယ် မြည်သံ ပြု၏။

သတ်ဖြတ်လိုစိတ် ပျံ့နှံ့လာမှုနှင့်အတူ ကျားဖြူသည် ဟိန်းသံပေးသည်။ လိပ်နက်လည်း လှမ်းထွက်လာခဲ့ပေပြီ။

နတ်ဘုရားပြစ်ဒဏ်၏ စိတ်ဝိညာဉ်လေးခု။

“ဒီတော့ ဒါက နတ်လေးပါးပေါ့။ ဟင်္သာငှက်…ပြန်လာခဲ့စမ်း…” ဝမ်လင်း၏မျက်လုံးသည် တောက်ပသွား၏။ သူက ပြုံး၍ ဟင်္သာငှက်ထံ လက်ညှိုးထိုးလိုက်သည်။ ဟင်္သာငှက်သည် တုန်ယင်သွားကာ အော်မြည်သံ ပြု၏။ ၎င်းသည် အခြားသုံးကောင်ထံမှ ချိုးဖျက်လာကာ ဝမ်လင်းထံ ဦးတည်ဝင်လာ၏။

၎င်းသည် ချက်ခြင်း အနားရောက်လာပြီး ဝမ်လင်းကို လှည့်ပတ်ကာ စိတ်လှုပ်ရှားစွာ ဟိန်းသံပေးသည်။ တစ်ချိန်တည်းမှာ ဝမ်လင်းပတ်လည်တွင် ဟင်္သာငှက်အရိပ်တစ်ခု ပေါ်လာခဲ့သည်။ ဝမ်လင်း ပတ်လည်ရှိ ဟင်္သာငှက်အရိပ်နှင့် တိုးဝင်လာသော ဟင်္သာငှက်တို့သည် သမူဟ ဖြစ်ကာ ဟင်္သာငှက်သည် ဝမ်လင်းထံ တိုးဝင်ပျံသန်းလျက် မီးစွမ်းအားကို လေဟာနယ်နေရာအတွင်း တိုးဝင်သွားစေသည်။

ကားချပ်ရှစ်ခုထံမှ မီးနှင့် ဒြပ်စင်ငါးခုတို့ကို စုပ်ယူပြီးသည့်နောက် ဝမ်လင်းခန္ဓာကိုယ်အတွင်းရှိ မီးသည် နှိုင်းမသာအောင် အထွတ်အထိပ် ရောက်လာခဲ့ပေပြီ။

သူ့ကိုယ်တွင်းရှိ ဟင်္သာငှက်ကိုလည်း သုံးကြိမ်တိုင် နိုးထာစေခဲ့ပြီး၍ တစ်ကြိမ်နိုးထစေတိုင်းမှာ မီးအပေါ် သူ့နားလည်မှုသည် ကြီးမားစွာ တိုးတက်လာခဲ့သည်။ သုံးကြိမ်တိုင်နိုးထခြင်းသည် မီးအပေါ် သူ့နားလည်မှုကို အံ့မခန်းနယ်ပယ်တစ်ခုထိ ရောက်ရှိလာခဲ့ကာ အနှစ်သာရများကိုပါ မွေးဖွားပေးခဲ့လေပြီ။

မီးမန္တာန်များအားလုံးသည် ဝမ်လင်းရှေ့တွင် နာခံရတော့မည်သာ။

သူက မီးမန္တာန်ကျင့်ကြံသူ ဘယ်သူမဆို၏မီးကို အစပျိုးပစ်ကာ သူ့လက်တစ်ချက် ဝေ့ယမ်းရုံဖြင့် သတ်ပစ်နိုင်ပေသည်။ မီးအနှစ်သာရ မွေးဖွားလာခဲ့ပြီးနောက် ဝမ်လင်း၏ မီးအပေါ် ထိန်းချုပ်နိုင်မှုမှာ အကန့်အသတ်တစ်ခုထိ ရောက်လာခဲ့သည်။ သို့သော် ထိုအကန့်အသတ်သည် အထည်ဒြပ်ရှိသောမီးသပ်သပ်သာ ဖြစ်၏။

မီးကို နှစ်ပိုင်းခွဲနိုင်၏။ တစ်ခုသည် အထည်ဒြပ်ရှိကာ ပုံသဏ္ဌာန်အမျိုးမျိုး ရှိနိုင်သည်။ အခြားတစ်ခုမှာ အထည်ဒြပ်မရှိ ပုံရိပ်ယောင်ပိုဆန်သော အလွန်သိမ်မွေ့သည့် မီး ဖြစ်၏။ လူတစ်ယောက်သည် အထည်ဒြပ်မီး၏ အကန့်အသတ်သို့ မရောက်ရှိပါဘဲ သိမ်မွေ့သောမီးနယ်ပယ်ကို ဖမ်းဆုပ်မိနိုင်ရန်မှာ မဖြစ်နိုင်ချေ။

ဒေါသသည်လည်း သိမ်မွေ့သောမီးတစ်မျိုး ဖြစ်ကာ ရုပ်ပိုင်းအသွင် မရှိပေ။ သို့သော် ၎င်းသည် လောကရှိ မီးအားလုံးကို ဖိနှိပ်ထား၏။ တာအိုအမျိုးအစားတစ်ခုလည်း ဖြစ်သလို စိတ်ဝိညာဉ်တစ်ခုလည်းဖြစ်၍ နယ်ပယ်တစ်ခုဟုလည်း ဆိုနိုင်သည်။

ဝမ်လင်းကသာ ဟင်္သာငှက်ကို လေးကြိမ်မြောက်နိုးထစေနိုင်ပါက အထည်ဒြပ်မဲ့သိမ်မွေ့သောမီးနယ်ပယ်ကို ရောက်လာနိုင်ပေမည်။ ထို့နောက်တွင် လူတစ်ယောက်သည် မီးမန္တာန်ကို မကျင့်ကြံလျှင်ပင် သူက သူတို့၏ဒေါသကို အစပျိုးလောင်မြိုက် ပစ်နိုင်လာပေမည်။ သူက ထိုသူတို့ကို ဒေါသမီးဖြင့်ပင် သေသည့်အထိ လောင်ကျွမ်းပစ်နိုင်လာပေမည်။

လောကရှိ အသန်မာဆုံးမီးမှာ ဒေါသမီးသာ ဖြစ်သည်။ လူတိုင်း ထိုဒေါသမီး ရှိကြ၏။ သို့သော် မမြင်နိုင်ပေ။ သင်သည် ဒေါသမီးကို တောင့်မခံနိုင်ပါက သံသယမရှိ သေဆုံးရပေလိမ့်မည်။

ဤအခိုက်အတန့်တွင် ဝမ်လင်းသည် နတ်ဘုရားပြစ်ဒဏ်မှ မတူညီသောမီးအမျိုးအစားများကို စုပ်ယူပြီးသည့်နောက် သူသည် လေးကြိမ်မြောက်နိုးထခြင်းသို့ ရောက်လာပေတော့မည်။ သူ့အတွက် အထည်ဒြပ်မီးနယ်ပယ်ကနေ အထည်ဒြပ်မဲ့သိမ်မွေ့သောနယ်ပယ်ကို ချိုးဖျက်နိုင်ရန် အနည်းငယ်မျှသာ လိုပေတော့သည်။

သူ့ ဘေးပတ်လည်ရှိ ဟင်္သာငှက်က အော်မြည်ကာ သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာပြီး သူ့ခန္ဓာကိုယ်ကို အားဖြည့်ပေးကာ သူ့မူလစိတ်ဝိညာဉ်ကို ပြုပြင်ပေးသည်။ ထို့ကြောင့် ဝမ်လင်းသည် ကျန်သည့်စိတ်ဝိညာဉ်သုံးခု ရောက်ရှိလာမှုကို ခုခံဖို့ လုံလောက်သောသန်မာမှု ရှိလာခဲ့ပေပြီ။

သို့ရာတွင် နတ်ဘုရားပြစ်ဒဏ်သည် ထိုမျှနှင့် မပြီးသေးပေ။ ၎င်းသည် ပိုပိုအားကောင်းလာနေသည်။ သည်အခိုက်တွင် ခပ်ဝါးဝါးအသံက ထပ်မံ ထွက်ပေါ်လာ၏။ ၎င်းအသံသည် အေးစက်၏။ ရက်စက်မှုအတိပြီး၏။ စိတ်ခံစားချက်ဟူ၍ ရှိမနေပေ။

“ပါရမီသုံးခု…အသင်္ချေ…”

ကောင်းကင်၊မြေကြီးနှင့်လူသား။ ယင်းတို့ကို နေ၊လနှင့်ကြယ်များဟုလည်း ညွှန်းဆိုနိုင်သည်။ ကောင်းကင်သည် နေ၊ မြေသည် လ၊ လူသားသည် ကြယ်များပင်။ ထိုအသံ ထွက်ပေါ်လာနေရင်း လေဟာနယ်နေရာသည် ပြောင်းလဲကာ ဗရမ်းဗတာ ဖြစ်လာတော့၏။

ကောင်းကင်သည် နေစွမ်းအားကို ပိုင်ဆိုင်ကာ မူလဥပဒေသကို ထုတ်လွှတ်၏။ အရာအားလုံး၏မူလ။ ထိုစွမ်းအားသည် အတောမသပ် ပျံ့နှံ့လာသည်။

မြေကြီးသည် လ၏စွမ်းအား ဖြစ်၏။ ၎င်းထံတွင် မူလဥပဒေသ၏ ဆန့်ကျင်ဘက်ဖြစ်မှု ပါဝင်သည်။ ဥပဒေသများ၏အဆုံးသပ်သည် ဟင်းလင်းပြင်နေရာတွင် ပေါ်လာပြန်သည်။

လူသားသည် ကြယ်များ၏စွမ်းအား ဖြစ်ကာ ဝမ်လင်း အရင်က လုံးဝ မတွေ့မြင်ဖူးခဲ့သော ဥပဒေတစ်ခုကိုအဖြစ် ဖွဲ့စည်းသည်။ ၎င်းကို မူလဥပဒေသ သို့မဟုတ် ဥပဒေသအဆုံးသပ်တို့က မပိုင်ဆိုင်ပေ။ ထိုအင်အားသုံးခုသည် အလင်းတန်းသုံးခုအဖြစ် ပြောင်းလဲကာ ဝမ်လင်းထံ တဟုန်ထိုး တိုးဝင်လာကြ၏။

ယင်းတို့၏စွမ်းအားမှာ အံ့ချီးဖွယ်ရာ ဖြစ်၍ အရာရာကို ဖျက်စီးပစ်နိုင်လောက်သည်။

“သာသနာနှစ်ခု…အသင်္ချေ…” ခပ်ဝါးဝါးအသံသည် ထပ်မံ ထွက်ပေါ်လာပြန်၏။ အေးစက်စက်အသံသည် ပဲ့တင်ထပ်ကာ လေဟာနယ်နေရာတွင် တစ်စုံတစ်ခု ပေါ်လာလေ၏။

သာသနာနှစ်ခုမှာ ယင်နှင့်ယန်၏စွမ်းအား ဖြစ်၏။ သေခြင်းနှင့်ရှင်ခြင်း မည်၏။ ယင်းသည် ကံကြမ္မာ၏ စွမ်းအားဟုလည်း ဆိုနိုင်သည်။ လောကရှိအရာအားလုံးသည် ၎င်းယင်နှင့်ယန်အတွင်း အကျုံးဝင်ရသည်။ ကောင်းကင်နှင့်မြေကြီးသည် နတ်လေးပါးမွေးဖွားမှုကို ပေးစွမ်း၏။ နတ်လေးပါးသည် နန်းတော်ကိုးခုအဖြစ် အသွင်ပြောင်းသည်။ ၎င်းတို့က ပါရမီသုံးခုနှင့် သမူဟ ဖြစ်ကာ ကောင်းကင်တုန်လှုပ်ဖွယ်စွမ်းအားတစ်ခုကို ဖန်တီးလေသည်။ ယင်းတို့မှာ လေဟာနယ်နေရာအတွင်း ယင်နှင့်ယန်ကားချပ်တစ်ခုအသွင် ဖြစ်ပေါ်သည်။

ထိုယင်နှင့်ယန်ကားချပ်သည် ဝမ်လင်းကို ဗဟိုပြုကာ ဖြစ်ပေါ်ခြင်းပင်။ ၎င်းသည် အရူးအမူး လှည့်ပတ်၏။တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ဝမ်လင်းရှိရာသို့ အလျင်အမြန် ကြုံ့လာသည်။

တစ်ချိန်တည်းမှာ ပါရမီသုံးခုအလင်းတန်းက ဝမ်လင်းနား ရောက်ရှိလာနေသည်။ ယင်းတို့သည် ဝမ်လင်း ခုခံနိုင်သောစွမ်းအား မဟုတ်ပါ။ ကောင်းကင်အလင်းက သူ့မျက်ခုံးနှစ်ခုကြား ထွင်းဖောက်သွား၏။ မြေအလင်းက ဝမ်လင်း၏ရင်ဘက်ကို ထွင်းဖောက်၏။ လူသားအလင်းက လေးခုအဖြစ် ကွဲထွက်ကာ သူ့ခြေတံလက်တံများကို ထွင်းဖောက်သည်။

ထိုအခိုက်အတန့်မှာပင် ယင်နှင့်ယန်ကားချပ်က ဝမ်လင်းကို ချုပ်ကိုင်တင်းကြပ်လာကာ သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းပစ်သည်။

တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ ဝမ်လင်း၏ကြယ်ခြောက်လုံးရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ်သည်ပင် ထိုအဖျက်အစီးစွမ်းအားကို တောင့်မခံနိုင်တော့ပေ။ သူ့ခန္ဓာကိုယ်သည် သွေးအလိမ်းလိမ်း ပြည့်ဖုံး၏။ သို့သော် လီချန်မေကမူ တစ်စက်လေးပင် ဒဏ်ရာ မရသွားပေ။ အခု သည်နတ်ဘုရားပြစ်ဒဏ်က ဝမ်လင်းကိုသာ ပစ်မှတ်ထားကာ အရာအားလုံးကို လစ်လျူရှုထားလေသည်။

“နံပါတ်တစ်နတ်ဘုရားပြစ်ဒဏ်…အသင်္ချေနတ်ဘုရားပြစ်ဒဏ်…စတင်ခြင်း…”

ဝမ်လင်း၏ခန္ဓာကိုယ် ပျက်စီးတော့မည့်အချိန်တွင် ခပ်ဝါးဝါးအသံသည် ထပ်မံ ထွက်ပေါ်လာ၏။ လေဟာနယ်နေရာသည် ဖျက်စီးခံလိုက်ရဟန် ပေါ်သည်။ အလင်းလှိုင်းများ နေရာတိုင်းကနေ ပေါ်ထွက်လာသည်။

နန်းတော်ကိုးခု၊ ကားချပ်ရှစ်ခု၊ ကြယ်ခုနစ်လုံး၊ ဦးတည်ရာခြောက်ခု၊ ဒြပ်စင်ငါးခု၊ နတ်လေးပါး၊ ပါရမီသုံးခု၊ သာသနာနှစ်ခု အားလုံး ထွက်ပေါ်လာခဲ့ပြီ။ ယင်းတို့သည် တစ်ခုနှင့်တစ်ခု လှည့်ပတ်ကာ အဆုံးစွန်သောအားတစ်ခု မွေးဖွားလာခဲ့သည်။

ယင်းက ဂျီပင်။

ဝမ်လင်းသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားသော်လည်း သူ့တာအိုနှလုံးသားနှင့် နယ်ပယ်များသည် ရှိမြဲရှိနေဆဲသာ။ ထို့နောက် ပြောင်းလဲမှုတစ်ခု ရုတ်တရက် ဖြစ်ပွားလာ၏။ သူ့ခန္ဓာကိုယ်တွင် နန်းတော်ကိုးခုကနေသည် သာသနာနှစ်ခုထိ ရှိလာသည့်နောက် မထင်မှတ်စွာဖြင့်၊ မထင်မှတ်စွာဖြင့် သူ့ခန္ဓာကိုယ်ထဲတွင် နတ်ဘုရားပြစ်ဒဏ်ကဲ့သို့ ပေါ်လာခဲ့လေသည်။

ဂျီနယ်ပယ်က သူ့ခန္ဓာကိုယ်အတွင်း၌ မွေးဖွားလာခဲ့ပေပြီ။

***

All Chapters