အခန်း ၂၁
Vol. 3 Ch. 21
အပိုင်း (၂၁) - ကျင်းအန်း၏ ကံကြမ္မာ
ကျင်းအန်းသည် အပြင်ဘက်ရှိ လူအုပ်ကြီးနှင့်အတူ ရပ်နေ၏။ ခပ်လှမ်းလှမ်းမှနေ၍ အခေါင်းမသည့် လုပ်ငန်းစဉ်ကို ကြည့်ရှု့နေသည်။
သူနှင့် လူအတော်များများသည် အခေါင်း မြေပေါ်ကျသွားသည့် မြင်ကွင်းကို မြင်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် အဖြူရောင်အခေါင်းကို သုသာန်ထဲသို့ ပြန်လည်သယ်ဆောင်သွားသည်ကို မြင်တွေ့လိုက်ရ ပြန်၏။
ဤမြင်ကွင်းက လူများကို အူကြောင်ကြောင်ဖြစ်သွားစေပြီး လင်းမိသားစုမှ ဘာလုပ်နေမှန်း နားမလည်နိုင်အောင် ဖြစ်သွားစေသည်။
အခေါင်းကို မထုတ်လာပြီးမှ အဘယ်ကြောင့် ပြန်သယ်သွားရသနည်း။ ဤသို့ အသွားအပြန် လှုပ်ရှားနေခြင်းက အပိုအလုပ် လုပ်နေခြင်း မဟုတ်ပါလား။
လူတစ်ယောက်က ရှင်းပြလိုက်သည်။ “ခင်ဗျားတို့က ဘာနားလည်လို့လဲ။ အိမ်မှာ ဆွေမျိုး တစ်ယောက်ယောက် သေဆုံးသွားလို့ အသုဘချတဲ့အခါ အခေါင်းမရင် အခေါင်းကို မြေပေါ် လုံးဝအကျခံလို့ မရဘူး။ အခု ကြိုးက ပြတ်သွားပြီး အခေါင်းကလည်း မြေပေါ်ကျသွားပြီဆိုတော့ ဒါက နိမိတ်ကောင်းတော့ မဟုတ်ဘူး။”
အခြားတစ်ယောက်က ဝင်မေးလိုက်၏။ “ဒါပေမဲ့ အဲဒီလောက်နဲ့ပဲ အခေါင်းကို ပြန်မပြီး နေရာဟောင်းကို ပြန်ပို့စရာတော့ မလိုဘူးမလား။ တခြား ပြဿနာ တစ်ခုခုများ ထပ်ဖြစ်လို့လား မသိဘူး။”
ကျင်းအန်းသည် ပတ်ဝန်းကျင်မှ လူများ၏ ဆွေးနွေးပြောဆိုသံများကို ကြားနေရပြီး သူ၏ မျက်လုံးများတွင်မူ တစ်စုံတစ်ခုကို လေးနက်စွာ တွေးတောနေသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။
ထိုစဉ် လူအုပ်ထဲတွင် အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ လင်းလုတို့ မိသားစုသည် ထိုတာအိုဆရာအိုကြီး၏ နောက်မှ တစ်ကောက်ကောက်လိုက်ရင်း သူတို့ရှိရာဆီသို့ လျှောက်လာနေကြခြင်း ဖြစ်၏။
လူတိုင်းက တစ်ဖက်လူ၏ ရည်ရွယ်ချက်မှာ မည်သည့်အရာဖြစ်မည်ကို အမျိုးမျိုး ခန့်မှန်းပြောဆိုနေကြသည်။
တာအိုဆရာအိုကြီးသည် ပွဲကြည့်နေသော လူနှစ်ရာ၊ သုံးရာခန့်ရှိသည့် လူအုပ်ကြီးအနီးသို့ ချဉ်းကပ်လာ၏။
သူ၏ အကြည့်များက ထိုလူရာပေါင်းများစွာ၏ မျက်နှာများကို တစ်ဦးချင်းစီ အကဲခတ်ကြည့်ရှုနေ၏။ သို့ပေမည့် မျက်နှာတစ်ခုကို ကြည့်ပြီးတိုင်း သူက ခေါင်းယမ်းလိုက်လေ့ရှိသည်။
ကျင်းအန်းကို မြင်လိုက်ရချိန်မှာတော့ တာအိုဆရာအိုကြီး၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အရိပ်အယောင်များ အရင်ဆုံး ပေါ်လာသည်။ ပြီးနောက် မသေချာ မရေရာသလို ဖြစ်သွားကာ ထိုနေရာတွင်ပင် တုံ့ဆိုင်းသွား၏။
တာအိုဆရာအိုကြီးက သူ့ဘာသာ ရေရွတ်လိုက်၏။ “မျက်ခုံးရိုးက ရှေ့ကို ထွက်နေတယ်။ မျက်နှာကျက စတုရန်းပုံကျပြီး ခိုင်မာပြတ်သားတဲ့ဟန်ရှိတယ်။ ဓနဥစ္စာကံကိုကြည့်တဲ့ နေရာဖြစ်ဖြစ်၊ ကောင်းချီး မင်္ဂလာကံကို ကြည့်တဲ့ နေရာဖြစ်ဖြစ် အားလုံးက ကျုပ် တစ်ခါမှ မမြင်ဖူးလောက်အောင်ကို မြင့်မား မောက်ကြွနေပါလား။ တကယ့်ကို အရင်ကလည်းမရှိ၊ နောင်လည်းလာမှာမဟုတ်တဲ့ ထူးကဲလှတဲ့ မျက်နှာသွင်ပြင်မျိုးပဲ။
အံ့ဩစရာကောင်းလိုက်တာ... ဒီလောကကြီးမှာ အရင်ကလည်းမရှိ၊ နောင်လည်းလာမှာ မဟုတ်တဲ့ မျက်နှာသွင်ပြင်မျိုး ဘယ်လိုလုပ် ရှိနေနိုင်ရတာလဲ။ ကျောက်တုံးထဲကနေ ရုတ်တရက် ခုန်ထွက်လာတာများလား။”
သူက ဆက်လက်၍ တီးတိုးပြောဆိုနေပြန်သည်။ “ဒါပေမဲ့ ကျောက်တုံးထဲက ခုန်ထွက်လာတဲ့သူ ဆိုရင်လည်း ဇနီးမယားကံနေရာက ဘယ်လိုလုပ်ပြီး ကောင်းကင်လို ကျယ်ဝန်း၊ မြေကြီးလို ခိုင်မာနေရတာလဲ။ မှောင်မိုက် နေတာမျိုး မရှိဘဲ တောက်ပနေတယ်။ ကျောက်တုံးဆိုတာ မိန်းမယူပြီး ကလေးမွေးလို့ရတဲ့အရာမှ မဟုတ်တာ။”
တာအိုဆရာအိုကြီးသည် ကျင်းအန်း၏ ရာသီခွင် နက္ခတ်ဆယ့်နှစ်ပါးစလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုနေရင်း တစ်ကိုယ်တည်း စကားပြောနေ၏။
ဤနေရာသို့ ရောက်လာရခြင်း၏ အဓိကကိစ္စကို သူ လုံးဝမေ့လျော့နေပြီ ဖြစ်သည်။
ကျင်းအန်းသည် သူ၏ မျက်နှာပေါ်ရှိ မွေးညင်းပေါက်တိုင်းကိုပင် တစ်ဖက်လူက သေချာစွာ စိုက်ကြည့်နေခြင်းကို ခံရချိန်မှာတော့ ခင်ဗျား ဘာကြည့်နေတာလဲ ဟု မေးသင့်ကြောင်း ခံစားလိုက်ရ၏။
သို့ပေမည့် ဤနေရာမှ လူများသည် ခေတ်ပေါ်စကားလုံးများကို နားလည်မည် မဟုတ်ကြောင်း သူ သတိရသွား၏။ ထို့ကြောင့် ကျင်းအန်းက အတန်ကြာ စဉ်းစားပြီးနောက် တာအိုဆရာအိုကြီးကို လှမ်းပြောလိုက်သည်။ “ခင်ဗျားက ဘာကောင်မို့လို့လဲ။”
တာအိုဆရာအိုကြီးမှာ ကြောင်အမ်းသွား၏။
လင်းလုမှာလည်း နားမလည်နိုင်ဖြစ်သွားသည်။
လင်းလု၏ မိဘများမှာလည်း အံ့အားသင့်သွားကြ၏။
လင်းမျိုးနွယ်စုဝင်များမှာလည်း မျက်လုံးပြူးသွားကြသည်။
ပတ်ဝန်းကျင်ရှိ ကြည့်ရှုနေသူများမှာလည်း ဆွံ့အသွားကြ၏။
လင်းမိသားစုထဲမှ လေးစားကြည်ညိုခံရသော သက်ကြီးရွယ်အိုတစ်ဦးက ကျင်းအန်းကို ဒေါသတကြီးဖြင့် ချက်ချင်း ကြိမ်းမောင်းလိုက်သည်။ “ရိုင်းစိုင်းလှချည်လား။ မင်းက ဘာလို့ သူများကို ဆဲဆိုရတာလဲ။”
ကျင်းအန်းသည် ထိုစကားကို ကြားပြီးနောက် လုံးဝ အူကြောင်ကြောင် ဖြစ်သွားတော့၏။
သူက ပြန်မေးလိုက်သည်။ “ကျုပ် ဘာများဆဲလိုက်လို့လဲ။”
ကျင်းအန်းက ဆက်ပြောလိုက်၏။ “ဒီတာအိုဆရာအိုကြီးက ရောက်ရောက်ချင်းပဲ ကျုပ်မျက်နှာကို စိုက်ကြည့်ပြီး လက္ခဏာဖတ်၊ ကံကြမ္မာဟောနေတာလေ။ အဲဒါကြောင့် ကျုပ်က ခင်ဗျားက ဘာကောင်မို့လို့လဲ၊ တွက်ချက် ကြည့်တာ ဘာရလဒ်ထွက်လာလဲဆိုပြီး မေးလိုက်တာလေ။”
ကျင်းအန်းက သူ့ကိုယ်သူ အပြစ်ကင်းကြောင်း ခံစားနေရသည်။
တာအိုဆရာအိုကြီးမှာ ဆွံ့အသွားပြန်၏။
လင်းလုမှာလည်း မှင်သက်သွားသည်။
လင်းလု၏ မိဘများမှာလည်း ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။
လင်းမျိုးနွယ်စုဝင်များမှာလည်း အံ့သြမှင်သက်သွားကြသည်။
ပတ်ဝန်းကျင်ရှိ ကြည့်ရှုနေသူများမှာလည်း ကြက်သေသေသွားကြ၏။
ခင်ဗျားက ဘာကောင်မို့လို့လဲ ဆိုသည့် စကားကို ဤကဲ့သို့ နေရာမျိုးတွင် သုံးလို့ရသည်လား။ ရုတ်တရက် ထူးဆန်းသော အသိပညာ ဗဟုသုတအသစ်တစ်ခု တိုးလာသလို ခံစားလိုက်ကြရသည်။
လင်းမျိုးနွယ်စုဝင်များထဲမှ လူတစ်ယောက်က ကျင်းအန်းကို လက်ညှိုးထိုးကာ အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “သူ့ကို ကျုပ် မှတ်မိတယ်။ သူက မကြာခဏဆိုသလို ထူးဆန်းတဲ့ အမှုအခင်းတွေကို ဖော်ထုတ်နိုင်ခဲ့ပြီး၊ မိုးကြိုးပစ်ခံရတဲ့ အလောင်းအမှုနဲ့ ရေနစ်သေဆုံးမှုတွေကို ဖော်ထုတ်ခဲ့တဲ့ သခင်လေး ကျင်းအန်း မဟုတ်လား။”
အခြားသူများကလည်း ထိုစကားကို ကြားချိန်မှာတော့ သေချာစွာ ကြည့်ရှုပြီးနောက် သူသည် ယခု ချန်ခရိုင်တွင် နာမည်ကြီးနေသော သခင်လေး ကျင်းအန်းဖြစ်ကြောင်း အတည်ပြုလိုက်ကြ၏။
ကျင်းအန်း၏ နာမည်ကျော်ကြားမှုမှာ ချန်ခရိုင်ရှိ အသက်ငါးနှစ်အရွယ် မိန်းကလေးငယ်ပင် သိရှိနေပြီး၊ ကြီးလာလျှင် ကျင်းအန်းနှင့်သာ လက်ထပ်မည်ဟု ပူဆာနေကြသည်အထိ ဖြစ်နေသည် မဟုတ်ပါလား။
တာအိုဆရာအိုကြီးက တောင်းဆိုလိုက်၏။ “ညီလေး... ကျုပ်နဲ့ ခဏလောက် သီးသန့်စကားပြောလို့ ရမလား။”
သူက ဆက်ပြောသည်။ “ကျုပ် အကူအညီတောင်းစရာလေး ရှိပါတယ်။ လင်းမိသားစုက အလောင်းထမ်း စေချင်လို့ပါ။”
ကျင်းအန်းသည် ထိုစကားကို ကြားချိန်မှာတော့ ဤတာအိုဆရာသည် တကယ်ပဲ စွမ်းဆောင်နိုင်စွမ်းရှိသော တာအိုဆရာကြီးလား သို့မဟုတ် လူများကို ဒုက္ခပေးနေသော လူလိမ်တာအိုဆရာလားဟု မသေချာတော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသူက သူ့ကို အလောင်းထမ်းခိုင်းနေသောကြောင့်ပင်။
အဖြူရောင်အခေါင်းထဲရှိ လူသေအလောင်းကို သွားထမ်းရမည်လား။ စဉ်းစားချိန်ပင် မယူဘဲ ကျင်းအန်းက ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။
ဤလူလိမ်တာအိုဆရာအို ပြောသည့်စကားက လူပြောသည့် စကားနှင့် တူပါရဲ့လား။
အလောင်းထမ်းရာတွင် ရှောင်ကြဉ်ရမည့် အချက်ငါးချက် ရှိ၏။
တစ် - အနီရောင်ဖယောင်းတိုင်တစ်တိုင်နှင့် နံ့သာတိုင်သုံးတိုင် ပြင်ဆင်ထားရမည်။
နှစ် - နေ့နှင့်ည ကူးပြောင်းသည့်အချိန်၊ ညသန်းခေါင်ယံ အချိန်တွင်သာ အလောင်းကို ထမ်းရမည်။
သုံး - အခြားမည်သူမှ မရှိဘဲ တစ်ယောက်တည်း လုပ်ဆောင်ရမည်။ ညသန်းခေါင်အချိန်တွင် အဖြူရောင် အခေါင်းကို အချိန်ကိုက်ဖွင့်ပြီး အနီရောင်အဝတ်ကို ဝတ်ဆင်ကာ အဖြူရောင်အခေါင်းကို ကျောပေး၍ အလောင်းကို ထမ်းရမည်။
လေး - ထိုသို့လုပ်ဆောင်နေစဉ်အတွင်း အဖြူရောင်အခေါင်းထဲရှိ အလောင်းကို လုံးဝ (လုံးဝ) နောက်လှည့် မကြည့်ရ။
အဘယ်ကြောင့်ဆိုသော် လူသေပြီးနောက်တွင် နေ့နှင့်ည အကြား ခြားနားမှုရှိသွားသောကြောင့် ဖြစ်သည်။ အခေါင်းထဲရှိ အလောင်းမှ ပုပ်သိုးလာသော အခိုးအငွေ့များကြောင့် မျက်စိမှားကာ စိတ်ချောက်ချားဖွယ် အာရုံများ မြင်ရခြင်းမှ ကာကွယ်ရန် သို့မဟုတ် လူရှင်၏ ယန်စွမ်းအင်ကို အလောင်းက စုပ်ယူပြီး အလောင်းကောင် ထလာခြင်းမှ ကာကွယ်ရန် ဖြစ်၏။
ငါး - အလောင်းထမ်းလာသည့် လမ်းတစ်လျှောက်တွင် မည်သည့်လှုပ်ရှားမှု၊ မည်သည့်အသံကို ကြားရသည် ဖြစ်စေ၊ မိမိနာမည်ကို နောက်မှ မည်သူက ခေါ်သည်ဖြစ်စေ လုံးဝ နောက်လှည့် မကြည့်ရပေ။
နားထောင်ကြည့်စမ်းပါ။ ဤသည်က လူပြောသည့် စကားများလား။ ဤအလုပ်မျိုးကို ဤကဲ့သို့ လွယ်လွယ် လုပ်လို့ ရနေသည်လား။
ကျင်းအန်းက သူ၏ရှေ့ရှိ တာအိုဆရာအိုကြီးကို လူလိမ်တာအိုဆရာဟု တိုက်ရိုက် သတ်မှတ်လိုက်သည်မှာ အံ့သြစရာ မဟုတ်ပေ။ ဤသည်က သတ္တိရှိခြင်း မရှိခြင်းနှင့် သက်ဆိုင်သည့် ပြဿနာ မဟုတ်ချေ။
ညသန်းခေါင်ယံတွင် သွားပြီး အလောင်းထမ်းရမည်။ ပြီးလျှင် မည်သည့်အရာကို ထမ်းနေရသနည်း ဆိုသည်ကိုလည်း နောက်လှည့်မကြည့်ရပေ။ ထိုအချိန်ကျလျှင် ကျောပေါ်တွင် တွယ်ကပ်နေမည့်အရာက ဘာဖြစ်လာမည်ကို မည်သူက သိနိုင်မည်နည်း။
လင်းမိသားစုမှ မည်မျှပင် တောင်းပန်ပါစေ ကျင်းအန်းက မျက်မှောင်ကြုတ်လျက် ဤကိစ္စကို လုံးဝ လက်မခံဘဲ ငြင်းဆန်နေခဲ့၏။
ဤသည်က လူကောင်းဖြစ်ခြင်း မဖြစ်ခြင်းနှင့် သက်ဆိုင်သည့် ပြဿနာ မဟုတ်တော့ပေ။ သူ့ဦးနှောက်ထဲတွင် ချို့ယွင်းချက် တစ်ခုခုရှိနေမှသာ ဤမျှ အဓိပ္ပာယ် မရှိသော ကိစ္စမျိုးကို သွားလုပ်မှာဖြစ်သည်။
ကျင်းအန်းက စကားစလိုက်၏။ “လူလိမ်တာအိုဆရာ ... “
သို့ပေမည့် သူ၏ရှေ့ရှိ လူလိမ်တာအိုဆရာအိုကြီးသည် လင်းမိသားစုတွင် အဆင့်အတန်း မြင့်မားကြောင်း ကျင်းအန်း သိထားသောကြောင့် ပါးစပ်မှ ထွက်လုဆဲဆဲ စကားကို အချိန်မီ ရပ်တန့်လိုက်နိုင်ခြင်းမှာ ကံကောင်းသွားသည်။
အကယ်၍ သူသာ လူလိမ်တာအိုဆရာအိုကြီးအပေါ် မလေးမစား လုပ်ပြလိုက်လျှင် ဤနေရာတွင် ရပ်နေသည့် လင်းမိသားစုဝင် ဒါဇင်ပေါင်းများစွာက တစ်ယောက်တစ်ပေါက် တံတွေးနှင့် ထွေးကြမည်ဆိုလျှင်ပင် ထိုအနံ့အသက်များနှင့်တင် သူ သေသွားနိုင်ပေလိမ့်မည်။
ထို့ကြောင့် ကျင်းအန်းက အမေးအသုံးအနှုန်းကို ပြောင်းလိုက်သည်။ “တာအိုဆရာကြီး... ခုနက ခင်ဗျားပြောတဲ့ အလောင်းထမ်းသမားဆိုတာ ဘာလဲ။ ဘာလို့ အလောင်းထမ်းသမားက လာပြီး အလောင်းထမ်းလို့ ရတာလဲ။”
ကျင်းအန်းက ဆက်မေး၏။ “သမားဆိုတဲ့ အဓိပ္ပာယ်ကိုတော့ ကျုပ် နားလည်ပါတယ်။ စာပေအရဆိုရင် လက်မှုပညာရှင်လို့ အဓိပ္ပာယ်ရပြီး အသက်မွေးဝမ်းကျောင်းတစ်ခု၊ လုပ်ငန်းခွင်တစ်ခုကို ကိုယ်စားပြုတာလေ။ အလောင်းထမ်းသမားဆိုတာက တခြားသူတွေအတွက် အလောင်းထမ်းပေးပြီး အသက်မွေးဝမ်းကျောင်းပြုတဲ့ လူတစ်စုကို ပြောတာလား။”
သို့ပေမည့် တာအိုဆရာအိုကြီးက မဖြေဘဲ ကျင်းအန်းကို ပြန်မေးလိုက်သည်။ “ညီလေး... ရှေးခေတ်ကနေ အခုအချိန်အထိ လူတွေကို ဒုက္ခပေးတဲ့ တရားမဝင် နှိပ်စက်နည်းတွေ၊ ရာဇဝတ်ဒဏ်တွေ စုစုပေါင်း ဘယ်နှမျိုးရှိလဲဆိုတာ ခင်ဗျား သိလား။”
ကျင်းအန်းက ချက်ချင်းပင် တန်းစီ၍ ရွတ်ပြလိုက်၏။ “စက်ယန္တရားနဲ့ဆွဲဖြဲတာ၊ မြင်းငါးကောင်နဲ့ဆွဲဖြဲတာ၊ အရှင်လတ်လတ်မြေမြှုပ်တာ、ဗိုက်ခွဲတာ၊ ရေနွေးပူထဲပြုတ်တာ၊ အသားကိုလွှာတာ၊ အရေခွံခွာတာ၊ အူထုတ်တာ၊ လွှနဲ့တိုက်တာ၊ ခါးကနေပိုင်းဖြတ်တာ၊ သစ်သားမြင်းစီးခိုင်းတာ၊ ဝက်လှောင်အိမ်ထဲထည့် ရေနှစ်တာ၊ လူကိုဝက်လိုလုပ်တာ၊ မီးတိုင်နဲ့ကင်တာ၊ မြွေတွင်းထဲပစ်ချတာ၊ အသားစဉ်းတာ၊ အင်္ဂါငါးပါး ဖြတ်တောက်တာ၊ အိုးပူထဲထည့်တာ၊ ခြေထောက်ဖြတ်တာ၊ သင်းကွပ်တာ...”
တာအိုဆရာအိုကြီး၊ လင်းလုနှင့် အခြားလင်းမိသားစုဝင်များအားလုံးမှာ ကျင်းအန်း၏ စကားကြောင့် ထိတ်လန့် သွားကြပြီး လူအားလုံးသည် ခြေဆယ်လှမ်းခန့် နောက်သို့ တညီတညာတည်း ဆုတ်သွားကြကာ ကျင်းအန်းကို ထိတ်လန့်တကြား ကြည့်နေကြတော့သည်။
ရူးသွပ်နေသည့် စိတ်ကျန်းမာရေး မကောင်းသော လူသတ်သမားတစ်ယောက် နာမည်ဝှက်ဖြင့် ချန်ခရိုင်သို့ ထွက်ပြေးပုန်းအောင်းနေသည်ကို သူတို့ ကြုံတွေ့လိုက်ရသည် အလားပင်။ အချို့သော နှိပ်စက်နည်းများဆိုလျှင် သူတို့ တစ်ခါမှ မကြားဖူးခဲ့ကြပေ။
တာအိုဆရာအိုကြီးက ချောင်းဟန့်လိုက်၏။ “အဟမ်း... အဟမ်း...”
သူ၏ မျက်နှာပေါ်တွင် အနည်းငယ် ရှက်ရွံ့နေသည့် အရိပ်အယောင်များ ပေါ်လွင်နေ၏။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စကို သူက စတင်ပြောဆိုခဲ့ခြင်း ဖြစ်သောကြောင့်ပင်။
သို့ပေမည့် သူကိုယ်တိုင်ကပင် ကျင်းအန်းကြောင့် အရင်ဆုံး ထိတ်လန့်သွားခဲ့ရသည်။ သူ အနည်းငယ် မလုံမလဲ ဖြစ်နေပြီး ကျင်းအန်းကို ခဏတာမျှ စိုးရိမ်ကြောက်ရွံ့သွားမိသည်။ ကျင်းအန်းသည် တကယ်ပဲ မျက်တောင် မခတ်ဘဲ လူသတ်ရဲသည့် မိစ္ဆာကြီးများ ဖြစ်နေမလားဟူ၍ တွေးတောမိသွား၏။
တာအိုဆရာအိုကြီးက ရှင်းပြလိုက်သည်။ “အကယ်၍ လူတစ်ယောက်က မတရားသဖြင့် သေဆုံးသွားတာမျိုး၊ ဆိုးဆိုးရွားရွား သေဆုံးသွားတာမျိုး၊ သေခါနီးမှာ အရမ်းနာကျင်ခဲ့ရပြီး သေပြီးတဲ့နောက်မှာလည်း မကျေနပ်ချက်တွေ ကြွင်းကျန်ရစ်နေမယ်ဆိုရင် အဲဒီအလောင်းမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ အများစု ဖြစ်ပေါ်တတ်တယ်။
ဒါ့အပြင် သေဆုံးပုံက အရမ်းဆိုးရွားလွန်းလို့ အလောင်းက အစိတ်အပိုင်းတွေတောင် မပြည့်စုံတော့ဘူးဆိုရင် အကျဉ်းထောင်စောင့်တွေ၊ သာမန်ပြည်သူတွေက အဲဒီအလောင်းတွေကို သွားမထိရဲကြဘူး။ အဲဒီကနေစပြီး လူသေတွေနဲ့ သီးသန့်ဆက်ဆံရတဲ့ အလောင်းထမ်းသမားဆိုတဲ့ အလုပ်အကိုင် ပေါ်ပေါက်လာတာပဲ။”
သူက ဆက်ပြော၏။ “အလောင်းထမ်းသမားတွေမှာ သူတို့ကိုယ်ပိုင် သီးသန့်နည်းလမ်းတွေ ရှိတယ်။ အလောင်းကောင်ထတာကို နှိမ်နင်းတာ၊ အလောင်းကို ငြိမ်သက်အောင်လုပ်တာ၊ မကောင်းဆိုးဝါးတွေကို ဖယ်ရှားတာ၊ ဝိညာဉ်ချွတ်တာတွေအပြင် အလောင်းတွေနဲ့ စကားပြောနိုင်တဲ့ အလောင်းစကားပြောပညာ ကိုတောင် တတ်ကျွမ်းကြတယ်။ အဲဒီလို ဆက်သွယ်ပြောဆိုပြီးမှ အလောင်းကို သဘောတူ ခွင့်ပြုချက် တောင်းပြီး သူတို့က အလောင်းကို ထမ်းကြတာပါ။”
ကျင်းအန်းသည် ထိုစကားကို ကြားချိန်မှာတော့ အံ့သြမှင်သက်သွား၏။ ထို့နောက် သူ မျက်မှောင်ကြုတ် သွားသည်။ ဤကမ္ဘာတွင် ဤမျှ ထူးခြားဆန်းကြယ်သော ယုံကြည်မှုများနှင့် အလုပ်အကိုင်များ များစွာ ရှိနေသေးသည်လား။
တာအိုဆရာအိုကြီးက သက်ပြင်းချကာ ပြောလိုက်သည်။ “ညီလေးက အလောင်းမထမ်းချင်ဘူးဆိုတော့လည်း ကျုပ်က အတင်းအကျပ် မတောင်းဆိုတော့ပါဘူး။ ဒီကိစ္စက သာမန်လူတွေအတွက်တော့ တကယ်ကို ခက်ခဲလွန်းတဲ့ ကိစ္စပါ။ ဒါပေမဲ့ လင်းမိသားစုကို ကူညီနိုင်မယ့် နောက်ထပ် နည်းလမ်းတစ်ခု ရှိကောင်း ရှိနိုင်ပါတယ်။”
တာအိုဆရာအိုကြီးက အကြံပြုလိုက်၏။ “ကျုပ် ညီလေးကို တောင်းဆိုချင်တာက လင်းမိသားစုနဲ့အတူ အခေါင်းကို ကူမပေးပါလား။ ညီလေးရဲ့ ကံကြမ္မာက အရမ်းကို ခိုင်မာတယ်။ အရင်ကလည်းမရှိ၊ နောင်လည်းလာမှာ မဟုတ်တဲ့အထိကို ခိုင်မာလွန်းလို့ ကျုပ်တောင် ညီလေးရဲ့ ကံကြမ္မာကို ထိုးဖောက် မမြင်နိုင်ဘူး။ တကယ်လို့ ညီလေးကသာ ခေါင်းဆောင်နေရာကနေ တစ်ခေါက်လောက် ကူမပေးမယ်ဆိုရင် အခေါင်းမတဲ့ကိစ္စက အောင်မြင်နိုင်လောက်တယ်။”
သူက ထပ်လောင်း အာမခံလိုက်သည်။ “ဒီကိစ္စက ဘာအန္တရာယ်မှ မရှိပါဘူး။ တကယ်လို့ အန္တရာယ်တစ်ခုခုနဲ့ ကြုံလာရင် ချက်ချင်း ရပ်တန့်လိုက်လို့ ရပါတယ်။ အကယ်၍ အခေါင်းမတာ အောင်မြင်သွားရင်လည်း ချန်ခရိုင်က ပြည်သူတွေအတွက် ဆိုးရွားတဲ့ အန္တရာယ်တစ်ခုကို ဖယ်ရှားပေးလိုက်ရာရောက်ပြီး မူလသေဆုံးသွားတဲ့ သူကိုလည်း မြေအောက်မှာ ပြန်ပြီး အေးချမ်းစွာ အနားယူခွင့်ရစေတဲ့အတွက် ကုသိုလ်အများကြီး ရပါလိမ့်မယ်။”
ကျင်းအန်းက ချက်ချင်း သဘောတူလိုက်၏။ “ကောင်းပြီလေ။”
ကျင်းအန်းသည် ဤတစ်ကြိမ်တွင် အခေါင်းကို အတူတူ မရန် သဘောတူလိုက်တော့သည်။
...............................