အခန်း ၂၅
Vol. 3 Ch. 25
အပိုင်း (၂၅) မျက်နှာ
ကျင်းအန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ဒီနေ့ ကျုပ်က အလောင်းထမ်းသမား တစ်ခေါက် လုပ်ခဲ့တာ အမှန်ပါပဲ။ တခြားသူအတွက် အခေါင်းမပေးပြီး ချန်ခရိုင်ကို ပြန်လာခဲ့တာပါ။ ပိုင်ရှင်ကျန်းရဲ့ ဆိုလိုရင်းကို ကျုပ် နားလည်ပါတယ်။ ကျုပ်ရဲ့ ပစ္စည်းတွေကို ချက်ချင်းသိမ်းဆည်းပြီး တည်းခိုခန်းကနေ ထွက်သွားပေးပါ့မယ်။ ပိုင်ရှင်ကျန်းရဲ့ တည်းခိုခန်း နာမည်ပျက်မှာကို စိုးရိမ်စရာ မလိုပါဘူး။”
သက်ရှိလူသားများသည် အခေါင်းကို ကံဆိုးမိုးမှောင်ကျစေသော အရာအဖြစ် သတ်မှတ်ထားကြ၏။ မည်သူမဆို အခေါင်းနှင့် ထိတွေ့မိပါက ထိုသူသည် ကံဆိုးခြင်းများကို သယ်ဆောင်လာသည်ဟု ယူဆကြသောကြောင့် တည်းခိုခန်း၏ စီးပွားရေးကို အမှန်တကယ် ထိခိုက်စေနိုင်၏။
ပိုင်ရှင်ကျန်းက မျက်လုံးဝိုင်းသွားပြီး မေးလိုက်သည်။ “ရှင့်ကို နှင်ထုတ်မယ် ဟုတ်လား။ သခင်လေး ကျင်းအန်းရဲ့ စိတ်ထဲမှာ ကျွန်မတို့က အဲဒီလောက်တောင် အကြောင်းအကျိုး နားမလည်တဲ့သူတွေ ဖြစ်နေတာလား။
ကျွန်မတို့ တံခါးဝမှာ စောင့်နေတာက သခင်လေးကျင်းအန်းအတွက် မိုးမခကိုင်းလေးတွေနဲ့ ကံဆိုးတာတွေကို ရိုက်ထုတ်ပေးပြီး ကြိုဆိုပေးချင်လို့ပါ။ သခင်လေးကျင်းအန်းက စေတနာနဲ့ သူတစ်ပါးအတွက် အခေါင်းမ ပေးခဲ့တာကို အကြောင်းပြပြီး နှင်ထုတ်ဖို့ တစ်ခါမှ မတွေးဖူးပါဘူး။”
ကျင်းအန်းသည် ချက်ချင်း သဘောပေါက်သွားသည်။ အစစအရာရာ သူ အထင်လွဲနေခြင်းသာ ဖြစ်၏။
မိုးမခပင်သည် ဝိညာဉ်များကို ရိုက်နှက်နိုင်စွမ်းရှိပြီး ကွမ်ယင်မယ်တော်၏ အနီးကပ်အရာဝတ္ထုဖြစ်၏။ ကွမ်ယင်မယ်တော်၏ လက်ထဲရှိ ကျောက်စိမ်းပုလင်းထဲတွင် မိုးမခကိုင်းတစ်ကိုင်း ထိုးစိုက်ထားသည်။
ထို့ကြောင့် ပြည်သူများကြားတွင် မိုးမခကိုင်းသည် မသန့်ရှင်းသောအရာများကို ရိုက်နှက်နိုင်ပြီး လူတို့၏ ကံဆိုးမှုများကို ဖယ်ရှားပေးနိုင်သည်ဟု ယုံကြည်ကြ၏။
ကျန်းလင်ယွင်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျင်းအန်းသည် အလွန်ဝမ်းသာပီတိ ဖြစ်သွားသည်။
မိန်းကလေးငယ်က ရွှင်မြူးစွာ အော်ဟစ်လိုက်၏။ “ဖင်ရိုက်မယ်... ဖင်ရိုက်မယ်။ နောက်ဆုံးတော့ တုံတုံ တစ်ယောက်တည်း အဒေါ်လေးရဲ့ ဖင်ရိုက်ခံရတာ မဟုတ်တော့ဘူး။ အဒေါ်လေးက တုံတုံ့ဖင်ကို ရိုက်တာ အခုထိ နာနေတုန်းပဲ။”
ကျန်းလင်ယွင်၏ လက်ကို ဆွဲထားသော ချမ်းသာသည့် မိန်းကလေးငယ်လေးသည် သူမ၏ တင်ပါးလေးကို ပွတ်သပ်နေ၏။ ပြီးခဲ့သည့်အကြိမ်က အမှန်တကယ်ပင် ဆိုးဆိုးရွားရွား အရိုက်ခံခဲ့ရသည့်ပုံပင် ဖြစ်သည်။
ထိုမိန်းကလေးငယ်လေး ပြီးခဲ့သည့်အကြိမ်က တင်ပါးအရိုက်ခံခဲ့ရခြင်းမှာ အိပ်ရာထဲ သေးပါချပြီး ပိုင်ရှင်ကျန်းကို အပြစ်ပုံချခဲ့သည့် အကြိမ်က ဖြစ်ပေလိမ့်မည်။
ကျင်းအန်းမှာ ဆွံ့အသွားချေ၏။ “...”
ပိုင်ရှင်ကျန်းမှာလည်း ပြောစရာစကားမဲ့သွားသည်။ “...”
ထိုမိန်းကလေးငယ်လေးသာလျှင် ကလေးပီပီ ဘာကိုမှ ဂရုမစိုက်ဘဲ ပိုင်ရှင်ကျန်းက ကျင်းအန်း၏ တင်ပါးကို ရိုက်တော့မည်ဟု အော်ဟစ်နေဆဲ ဖြစ်၏။
ပိုင်ရှင်ကျန်းသည် သေချာပေါက် ကျင်းအန်း၏ ဘောင်းဘီကို ချွတ်ပြီး တင်ပါးကို အမှန်တကယ် ရိုက်မည် မဟုတ်ချေ။ သူမသည် ကြိုတင်ချိုးထားသော မိုးမခကိုင်းကို ထုတ်ယူလိုက်ပြီး ကျင်းအန်း၏ ကိုယ်ပေါ်တွင် မနာကျင်စေဘဲ ဖွဖွလေး ရိုက်ပေးလိုက်သည်။
“ဖြန်း... ဖြန်း... ဖြန်း...”
ကျင်းအန်း ဘာပြောရမှန်း မသိတော့ပေ။ “...”
......
နေဝင်ပြီး လထွက်လာ၏။ ကြယ်တာရာများ နေရာပြောင်းရွှေ့သွားသည်။ ညဘက် ဟိုင်နာရီ (ည ၉ နာရီမှ ၁၁ နာရီ) အချိန်ရောက်ချိန်မှာတော့ ချန်ခရိုင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။
အဝေးမှနေ၍ နီးကပ်လာသော ခွေးဟောင်သံ အနည်းငယ်သာ ကြားရပြီး ညဘက်တွင် တစ်စုံတစ်ခုကို မြင်လိုက်ရသကဲ့သို့ ခွေးဟောင်သံများမှာ တစ်ချက်ထက်တစ်ချက် ပိုမိုမြန်ဆန်လာကာ ပို၍ အရေးတကြီး ဖြစ်လာသည်။
ဤအချိန်တွင် ညမထွက်ရအမိန့် ထုတ်ထားပြီဖြစ်သောကြောင့် လမ်းမကြီးပေါ်တွင် ခြောက်ကပ်နေ၏။ ကင်းစောင့်သူများနှင့် ညကင်းလှည့်သော ရွာစောင့်များမှလွဲ၍ အခြားသူများ လမ်းပေါ်တွင် သွားလာခြင်းကို တားမြစ်ထား၏။
ယနေ့သည် လင်းလုအတွက် မနက်မှ ညအထိ အလုပ်များနေခဲ့၏။ ထို့အပြင် ဖျားနာမှုမှ အပြည့်အဝ မပျောက်ကင်းသေးသောကြောင့် ကွယ်လွန်သူ ဇနီးသည်ကို ပြန်လည်မြှုပ်နှံပြီးနောက် အိမ်သို့ ပြန်ရောက်ချိန်၌ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသည်ဟု ခံစားလိုက်ရ၏။ ထို့ကြောင့် ယနေ့ညတွင် သူသည် စောစောစီးစီး အိပ်ရာဝင်ခဲ့သည်။
“ဂျစ်.. ဂျစ်.. ဂျစ်...”
“ဂျစ်.. ဂျစ်.. ဂျစ်...”
လင်းလုသည် အိပ်မောကျနေစဉ် တစ်စုံတစ်ခု လှုပ်ရှားနေသံကို ကြားလိုက်ရသလို ရှိ၏။
အစပိုင်းတွင် သူ ဂရုမစိုက်ခဲ့သော်လည်း ထို ဂျစ်… ဂျစ် ဂျစ် ဟူသော အသံမှာ ဆက်လက် ထွက်ပေါ်နေဆဲ ဖြစ်သည်။ သစ်သားများ ပွတ်တိုက်သံနှင့် တူနေ၏။
သို့ပေမည့် မျက်ခွံများ လေးလံနေသော လင်းလုသည် တကယ်ကို အလွန်အမင်း အိပ်မောကျနေခဲ့၏။ ယနေ့ညတွင် သူသည် ကွယ်လွန်သူ ဇနီးသည်၏ ငိုကြွေးသံကို မကြားရတော့သောကြောင့် ရက်အတော်ကြာ အိပ်ရေးပျက်ခဲ့သမျှ ယနေ့တွင် အထူးတလည် အိပ်မောကျနေခဲ့သည်။
မည်မျှကြာအောင် အိပ်ပျော်သွားသည်ကို မသိရသော်လည်း နောက်ဆုံးတွင် လင်းလုသည် ဆီးသွားချင်စိတ်ကြောင့် နိုးလာခဲ့၏။
အဘယ်ကြောင့်မှန်းမသိ၊ သူ အိပ်လေ ပိုချမ်းလေဖြစ်လာပြီး သူ၏ လက်ခြေများပင် အေးစက်လာကာ ဆီးသွားချင်စိတ်ကြောင့် နိုးလာခဲ့ခြင်း ဖြစ်သည်။
သူ နိုးလာချိန်မှာတော့ အခန်းထဲရှိ ဆီမီးခွက်သည် မှိန်ဖျော့ဖျော့ လောင်ကျွမ်းနေဆဲ ဖြစ်၏။ လင်းလု အိပ်နေသော အခန်းကို မှိန်မှိန်လေးသာ လင်းထိန်စေနိုင်၏။
သူက သူ့ဘာသာ ရေရွတ်လိုက်သည်။ “ဆီမီးက မကုန်သေးဘူးဆိုတော့ အခုအချိန်က ဟိုင်နာရီပဲ ရှိသေးတာလား။”
လင်းလုသည် အလိုအလျောက် ခေါင်းမော့ကာ ပြတင်းပေါက် အပြင်ဘက်သို့ တစ်ချက် ကြည့်လိုက်သည်။ စက္ကူကပ်ထားသော ပြတင်းပေါက်၏ အပြင်ဘက်သည် မှောင်မိုက်နေပြီး မည်သည့်အရာကိုမှ မမြင်ရချေ။ ညဘက်သည် အထူးတလည် တိတ်ဆိတ်ငြိမ်သက်နေ၏။
ထူးဆန်းသည်မှာ လင်းလု နိုးလာသည်နှင့် စောစောက အိပ်မက်ထဲတွင် ကြားခဲ့ရသော ဂျစ် ဂျစ် ဂျစ် ဟူသည့် ထူးဆန်းသော အသံများမှာ ရုတ်တရက် ပျောက်ကွယ်သွားခြင်းပင်။
သူက တွေးလိုက်၏။ ‘ငါ တကယ်ပဲ အိပ်ချင်မူးတူးနဲ့ အိပ်မက်ကို အစစ်လို့ ထင်နေတာလား။’
လင်းလုသည် ဘာမှ မမြင်ရသော မှောင်မိုက်နေသည့် ပြတင်းပေါက်စက္ကူကို ကြည့်ကာ အနည်းငယ် တွန့်ဆုတ်နေမိသည်။
သို့ပေမည့် ဆီးသွားချင်စိတ်မှာ ပိုမိုပြင်းထန်လာသောကြောင့် နောက်ဆုံးတွင် သူသည် ကုတင်ပေါ်မှ ဆင်းကာ စားပွဲပေါ်ရှိ ဆီမီးခွက်ကို ကိုင်မြှောက်လိုက်သည်။ ထို့နောက် ဝတ်ရုံတစ်ထည်ကို ကောက်စွပ်လိုက်ပြီး အိမ်သာသွားရန် အခန်းတံခါးကို ဖွင့်လိုက်၏။
“ဝှီး...”
အခန်းပြင်ပတွင် အလွန်အေးစက်နေ၏။ မည်သည့်နေရာကနေ တိုက်လာမှန်း မသိသော ထူးဆန်းသည့် လေတစ်ချက်က လင်းလု၏ လက်ထဲမှ မှိန်ဖျော့နေသော ဆီမီးခွက်ကို ငြိမ်းသွားစေခဲ့သည်။
ချက်ချင်းဆိုသလို လက်ဆန့်တန်းလျှင်ပင် လက်ချောင်းများကို မမြင်ရလောက်အောင် မှောင်မိုက် သွားတော့၏။
လင်းလုမှာ ကြောက်လန့်တကြား တုန်ယင်သွားပြီး လက်ထဲရှိ ဆီမီးခွက်ကို အလိုအလျောက် လွှင့်ပစ်လိုက်မိမတတ် ဖြစ်သွားခဲ့သည်။
အမှောင်ထဲတွင် တရှပ်ရှပ်ဖြင့် စမ်းသပ်ရှာဖွေနေသံများ ထွက်ပေါ်လာ၏။
လင်းလုသည် ရင်တဖိုဖိုဖြင့် မီးခတ်ကျောက်ကို ရှာတွေ့သွားပြီး ဆီမီးခွက်ကို ပြန်လည် ထွန်းညှိလိုက်၏။ နွေးထွေးသော မီးရောင်က သူ အိပ်ရာဝင်ခဲ့သော အခန်းကို နောက်တစ်ကြိမ် ပြန်လည် လင်းထိန်သွား စေသည်။
ပြန်လည်လင်းထိန်လာသော ရင်းနှီးသည့် အခန်းကို ကြည့်ရင်း လင်းလုသည် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်မိသည်။ စောစောကက သူ့ကို သေမတတ် လန့်သွားစေခဲ့သည် မဟုတ်ပါလား။
ဤအချိန်မှာ ညသန်းခေါင်ယံဖြစ်ပြီး အပြင်ဘက်တွင် အမှောင်ထုသာ လွှမ်းမိုးနေ၏။ တိတ်ဆိတ်လွန်း သောကြောင့် ဤသည်မှာ အလွန်အမင်း တိတ်ဆိတ်နေလွန်းသည်ဟု လင်းလု သတိထားမိသွားသည်။
သူက တီးတိုးရေရွတ်လိုက်၏။ “ဝမ်းကွဲအစ်ကိုက ဆွေမျိုး တော်တော်များများကို ခေါ်ပြီး ငါ့အတွက် ညစောင့် ပေးနေတာလေ။ ငါတို့အိမ်ခြံဝန်းထဲက အဖြူရောင်အခေါင်းကို စောင့်နေကြတာဆိုတော့ သဘာဝကျကျ တွေးကြည့်ရင် လူအများကြီး စုဝေးနေမှတော့ အရက်သောက်၊ လက်ဆုံစားကြနဲ့ ဆူညံနေရမှာ မဟုတ်ဘူးလား။ ဘာလို့ ဒီလောက်တောင် တိတ်ဆိတ်နေရတာလဲ။ ညစောင့်ရင်း အိပ်ပျော် သွားကြတာများလား။”
လင်းလုသည် ဆီးသွားချင်စိတ်ကို အောင့်ထားရင်း ဤတစ်ကြိမ်တွင် ညာဘက်လက်က ဆီမီးခွက်ကို ကိုင်ထားကာ ဘယ်ဘက်လက်က မီးစာကို ကာကွယ်ထားလိုက်၏။ အပြင်ဘက်မှ ညလေကြောင့် ထပ်မံ ငြိမ်းမသွားစေရန် ဖြစ်သည်။
သူ အခန်းထဲမှ ခြေတစ်လှမ်း ထွက်လိုက်သည်နှင့် ရုတ်တရက် အပြောင်းအလဲများ ဖြစ်ပေါ်လာတော့၏။
“ဂျစ်.. ဂျစ်.. ဂျစ်...”
“ဂျစ်.. ဂျစ်.. ဂျစ်...”
ထိုထူးဆန်းသော အသံများက တိတ်ဆိတ်ငြိမ်သက်နေသော ညအမှောင်ထုအောက်တွင် ထပ်မံ ထွက်ပေါ် လာပြန်သည်။ လင်းလုသည် ကြောက်ရွံ့စွာဖြင့် ခြေလှမ်းကို ပြန်ဆုတ်လိုက်မိ၏။ အကြားမှားခြင်း မဟုတ်ပေ။ အိပ်မက်လည်း မဟုတ်ချေ။ ထိုအသံသည် တကယ် အစစ်အမှန် ဖြစ်လို့နေသည်။
လင်းလု၏ မျက်နှာမှာ အနည်းငယ် ဖြူရော်သွားပြီး ကြောက်လန့်တကြား အခန်းတံခါးကို ပိတ်ကာ ချက်ချလိုက်၏။ ‘ဘယ်လိုလုပ်ရမလဲ... ဘယ်လိုလုပ်ရမလဲ... ခြံဝန်းထဲမှာ ထားထားတဲ့ အဖြူရောင် အခေါင်းထဲမှာ မြှုပ်နှံထားတဲ့သူက အခေါင်းကို ကုတ်ခြစ်နေတာများလား။’
လင်းလု တွေးလေလေ သူ၏ ခန့်မှန်းချက် မှန်ကန်ကြောင်း ခံစားရလေလေ ဖြစ်၏။ ထိုသစ်သားကို တဂျစ်ဂျစ် မြည်အောင် ကုတ်ခြစ်နေသည့် အသံမှာ ခြံဝန်းထဲမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ပို၍ သေချာလာသည်။
ညသန်းခေါင်ယံ အချိန်တွင် ပတ်ဝန်းကျင်က တိတ်ဆိတ်နေသောကြောင့် ထိုအသံကို ကြားရလေလေ ပိုမို ကြောက်မက်ဖွယ် ကောင်းလာလေလေ ဖြစ်၏။
လင်းလုက ကြောက်လန့်တကြား တွေးလိုက်မိသည်။ ‘ဘာလို့ ညစောင့်နေတဲ့ ဝမ်းကွဲအစ်ကိုတို့ လူစုဆီက ဘာလှုပ်ရှားမှုအသံမှ မကြားရတာလဲ။ ပြီးတော့ တာအိုဆရာကြီးတန်လည်း ညစောင့်နေတာပဲ မဟုတ်လား။’
လင်းလု ကြက်သီးမွေးညင်းများ ထလာတော့သည်။ ဤအချိန်တွင် မည်မျှ ထုံထိုင်းသူဖြစ်စေ တစ်ခုခု မှားယွင်း နေကြောင်းကို သတိပြုမိသွားပြီဖြစ်၏။
“ဂလု...”
လင်းလုသည် ကြောက်ရွံ့စွာဖြင့် တံတွေးတစ်ချက်ကို ပြင်းပြင်းထန်ထန် မျိုချလိုက်၏။ သူ၏ မျက်လုံးများက အပြင်ဘက်တွင် ဘာမျှမမြင်ရအောင် မှောင်မိုက်နေသည့် အနက်ရောင် ပြတင်းပေါက်စက္ကူကို ကြည့်လိုက်သည်။
ဂျစ် ဂျစ် ဂျစ်...
အခေါင်းထားရှိသော ခြံဝန်းထဲမှ ထူးဆန်းသော အသံများက ဆက်လက် ထွက်ပေါ်နေဆဲ ဖြစ်၏။
လင်းလုသည် တတ်နိုင်သမျှ အသံမထွက်အောင် ခြေဖွဖွနင်းကာ အခန်းထဲရှိ စားပွဲဆီသို့ လျှောက်သွားလိုက်၏။ အသံမမြည်စေရန် လက်ထဲရှိ ဆီမီးခွက်ကို အလွန်သတိထားကာ ချထားလိုက်သည်။
ထို့နောက် ပြတင်းပေါက်နားသို့ တိတ်တဆိတ် လျှောက်သွားလိုက်သည်။ သူ၏ လှုပ်ရှားမှုများမှာ နှေးကွေးပြီး သတိကြီးစွာ ထားနေ၏။
နှလုံးသားမှာ ဗုံတီးနေသကဲ့သို့ တဒိတ်ဒိတ် ခုန်နေသည်။ ပြတင်းပေါက်ကို အနည်းငယ် ဟကာ အပြင်ဘက် ခြံဝန်းထဲတွင် ဘာတွေဖြစ်နေသလဲဆိုသည်ကို ခိုးကြည့်ရန် ရည်ရွယ်ထားသည်။
ဤဖိနှိပ်ထားသော ကြောက်ရွံ့မှုက ဆီးသွားချင်စိတ်ကိုပင် ဖုံးလွှမ်းသွားစေခဲ့ပြီး ရင်ထဲတွင် ကြောက်လန့်မှုနှင့် တင်းမာမှုများသာ ကျန်ရှိတော့၏။
သို့ပေမည့် ...
“ခွပ်...”
လင်းလုက ပြတင်းပေါက်ကို တိတ်တဆိတ် တွန်းဖွင့်လိုက်ချိန်တွင် ပြတင်းပေါက်အပြင်ဘက် ဘောင်ပေါ်တွင် တင်ထားသော အဝတ်လျှော်ရာတွင် အသုံးပြုသည့် သစ်သားတုတ်တစ်ချောင်းမှာ ပြတင်းပေါက် တွန်းလိုက်မှုကြောင့် မြေပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
သစ်သား မြေပေါ်ကျသွားသည့် လေးလံသော အသံက တိတ်ဆိတ်နေသော ညအမှောင်ထုအောက်တွင် အပ်ဖျားဖြင့် နားစည်ကို ထိုးဖောက်လိုက်သကဲ့သို့ ချက်ချင်းပင် စူးရှသွားတော့၏။
လင်းလု၏ မျက်နှာမှာ သွေးဆုတ်သွားသလို ဖြူရော်သွား၏။ နှလုံးခုန်သံများ ချက်ချင်း ရပ်တန့်သွားသကဲ့သို့ အသက်ရှူမဝအောင် ဖြစ်သွားသည်။
မှိုင်းပျပျ လရောင်အောက်တွင် ခြံဝန်းထဲရှိ အဖြူရောင်အခေါင်းမှာ လူတစ်ယောက်၏ ဖွင့်ထားခြင်းကို ခံလိုက်ရပြီး တစ်ဝက်ခန့် ပွင့်နေသည်ကို မြင်လိုက်ရ၏။
ထိုအချိန်မှာပဲ ပြတင်းပေါက်အပြင်ဘက်တွင် လူမျက်နှာတစ်ခု တွဲလောင်းကျနေပြီး လင်းလု၏ ပြတင်းပေါက် အပြင်ဘက်တွင် ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။
‘ငါ… ငါ့ကို တွေ့သွားပြီ။ ငါ့ကို တွေ့သွားပြီ။’
လင်းလုမှာ အော်ဟစ်ချင်သော်လည်း အော်၍မရနိုင်ဘဲ တစ်ကိုယ်လုံး ရေခဲတိုက်ထဲ ကျသွားသကဲ့သို့ အေးစက်သွားတော့၏။
..............