အခန်း ၂၆
Vol. 3 Ch. 26
အပိုင်း (၂၆) အလောင်းခိုးမှု
တည်းခိုခန်း...
ယနေ့ညသည် အလွန် ချောမွေ့ခဲ့၏။ ကျင်းအန်းသည် သွေးဓားကျမ်း၏ စတုတ္ထအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
တစ်ညတာလုံး အေးချမ်းစွာ ကုန်ဆုံးသွား၏။
နောက်တစ်နေ့တွင် ကျင်းအန်းသည် တည်းခိုခန်းမှ အလုပ်သမား၏ နှိုးခြင်းကို ခံလိုက်ရသည်။
အလုပ်သမားက အော်ခေါ်လိုက်၏။ “သခင်လေးကျင်းအန်း... သခင်လေးကျင်းအန်း အိပ်ရာနိုးပြီလား။ သခင်လေးကျင်းအန်း... ဒုက္ခပါပဲ။ ပြဿနာတက်ပြီဗျ။”
အလုပ်သမားသည် အိမ်ရာဝင်း၏ တင်းကျပ်စွာ ပိတ်ထားသော အနီရောင်ဆေးသုတ်ထားသည့် တံခါး အပြင်ဘက်တွင် ရပ်ကာ ကျင်းအန်း၏ နာမည်ကို အော်ခေါ်နေခဲ့သည်။
သူ၏ အသံမှာ သိပ်မကျယ်လောင်ပေ။ အိမ်ရာဝင်း၏ ပတ်ဝန်းကျင်မှာ အေးချမ်းတိတ်ဆိတ်သောကြောင့် အခြားအိမ်ရာများတွင် တည်းခိုနေသော ဧည့်သည်များ၏ အိပ်မက်ကို နှောင့်ယှက်မိမည်ကို သူ စိုးရိမ်နေသည်။
အလုပ်သမားသည် ဖြည်းညင်းစွာ သုံးခွန်းမျှ ခေါ်ပြီးနောက် ကျင်းအန်း၏ အခန်းမှ မည်သည့်လှုပ်ရှားမှုမှ မရှိသည်ကို တွေ့ချိန်မှာတော့ ကျင်းအန်း မနိုးသေးဘူးဟု ထင်ကာ အရင် ထွက်သွားရန် ရည်ရွယ်လိုက်၏။
သူသည် ဤတစ်ကြိမ်တွင် မီးဖိုချောင်သို့ သွားကာ ဧည့်ခန်းရှိ ဧည့်သည်များအတွက် ဟင်းပွဲများ သယ်ဆောင်ရင်း အခွင့်ကောင်းယူကာ ကျင်းအန်းကို လာရှာခြင်း ဖြစ်၏။ ထို့ကြောင့် အချိန်ကြာမြင့်စွာ မနေရဲချေ။ ပိုင်ရှင်မ ဖမ်းမိသွားပြီး သူ၏ လုပ်အားခ ဖြတ်တောက်ခံရမည်ကို စိုးရိမ်နေရသည်။
သို့ပေမည့် အလုပ်သမားက စိတ်ပျက်စွာဖြင့် နောက်လှည့်ကာ ထွက်သွားတော့မည့်အချိန်မှာပင် သူ၏ နောက်ကျောရှိ အိမ်ရာဝင်း၏ အနီရောင်တံခါးကြီးမှာ အထဲမှ ပွင့်လာခဲ့၏။
ကျင်းအန်းက သူ၏ ရှေ့ရှိ တည်းခိုခန်း အလုပ်သမားကို ကြည့်ကာ မေးလိုက်သည်။ “ခုနက ခင်ဗျား ကျုပ်ကို ခေါ်နေတာလား။”
အလုပ်သမားသည် ကျင်းအန်း ထွက်လာသည်ကို မြင်ချိန်မှာတော့ ဝမ်းသာသွားပြီး လှည့်ထွက်သွားမည့် ခြေလှမ်းကို ပြန်ဆုတ်ကာ ချက်ချင်း ပြောလိုက်၏။ “စောစောက ကျုပ် ခြံအပြင်ကနေ သခင်လေးကျင်းအန်းကို ခေါ်နေတာပါ။ သခင်လေးကျင်းအန်း အိပ်ရေးများ ပျက်သွားသလား မသိဘူး။”
“ဘာကိစ္စရှိလို့လဲ။ ခုနက ပြဿနာတက်ပြီလို့ ပြောတာ ဘာပြဿနာ တက်လို့လဲ။” ကျင်းအန်းက မေးလိုက်သည်။
အလုပ်သမားက အချိန်မဆွဲရဲတော့ဘဲ ရေဖျန်းလိုက်သကဲ့သို့ စကားများကို အကုန်အစင် သွန်ချလိုက်တော့၏။ “သခင်လေးကျင်းအန်း... ကျုပ် ဒီမနက် ဧည့်ခန်းမှာ စားပွဲသုတ်နေတုန်း လာစားတဲ့ ဧည့်သည်တစ်ဝိုင်းက ပြောနေတာကို ကြားလိုက်ရတယ်။ မနေ့ညက လင်းလု အိမ်မှာ မမျှော်လင့်တဲ့ ကိစ္စ ဖြစ်သွားတယ်တဲ့။ သခင်လေးကျင်းအန်း မနေ့က အခေါင်းသွားမပေးတဲ့ လင်းလု အိမ်လေ။
ဒီမနက် စောစောစီးစီး လမ်းဖွင့်ပေးတဲ့ မနက်ခင်း ခေါင်းလောင်းသံ ထွက်လာချိန်၊ မောင်းနာရီ (နံနက် ၅ နာရီမှ ၇ နာရီ) လောက်မှာ မိုးလင်းစပြုနေပြီလေ။ အဲဒီအချိန် လင်းလု အိမ်ခြံဝန်းတံခါးက ပွင့်နေတယ်။ မနေ့ညက မြောက်ဘက်တောင်စောင်း သုသာန်ကနေ သယ်လာတဲ့ အဖြူရောင်အခေါင်းကို စောင့်နေတဲ့ တာအိုဆရာကြီးတန်ရယ်၊ နောက်ထပ် လေးငါးယောက်ရယ် အားလုံးက ခြံဝန်းထဲမှာ လဲကျပြီး သတိလစ်နေကြတယ်တဲ့။
အဲဒီအဖြူရောင်အခေါင်းရဲ့ အခေါင်းဖုံးကလည်း လူတစ်ယောက် တွန်းဖွင့်ထားသလို တစ်ဝက်လောက် ပွင့်နေတယ်တဲ့။ လင်းလုတောင်မှ လန့်ပြီး သတိလစ်သွားတာ၊ သူ အိပ်တဲ့ အခန်းထဲမှာ လဲကျနေတာတဲ့။
သူ့ကို နှိုးလိုက်တဲ့အချိန်မှာ လင်းလုက တစ်ခုခုကို လန့်သွားသလိုပဲ အလောင်းကောင် ထလာပြီ၊ အလောင်းကောင် ထလာပြီလို့ အော်နေတာတဲ့။ အခေါင်းထဲက လူသေက သူ့ဟာသူ ထွက်လာပြီလို့ အော်နေတာလေ။ သူ မနေ့ညက ပြတင်းပေါက်နောက်မှာ ရပ်နေတုန်း လူမျက်နှာတစ်ခုက သူ့ကို လန့်သွားအောင် လုပ်လိုက်လို့ သတိလစ်သွားတာတဲ့။
ဒါပေမဲ့ သခင်လေးကျင်းအန်း... ဒီကိစ္စက နောက်ပိုင်း ဘယ်လိုဖြစ်သွားလဲ ခန့်မှန်းကြည့်ပါလား။ ဒီကိစ္စက တကယ်ကို ထူးဆန်းတယ်။ “အခေါင်းထဲက အလောင်းက မပျောက်သွားဘူး။ အခေါင်းထဲက အလောင်းကလည်း သူ့ဟာသူ ပြေးမထွက်သွားဘူး။ အထဲမှာ အကောင်းအတိုင်း လှဲနေတုန်းပဲ။
နောက်ဆုံးတော့ တာအိုဆရာကြီးတန်က တစ်ခွန်းတည်းနဲ့ ရှင်းပြလိုက်တာ။ မနေ့ညက လင်းလု ပြတင်းပေါက်နောက်မှာ ပုန်းနေတုန်း မြင်လိုက်ရတဲ့ လူမျက်နှာက အခေါင်းထဲမှာ မြှုပ်ထားတဲ့ လူသေ မဟုတ်လောက်ဘူးတဲ့။ အလောင်းလာခိုးတဲ့ အပြင်လူ ဖြစ်နိုင်တယ်တဲ့။
ဘာလို့လဲဆိုတော့ မနေ့ညက တာအိုဆရာကြီးတန်တို့ ညစောင့်နေတဲ့သူတွေက ထမင်းဟင်းထဲမှာ ဆေးခတ်ခံရပြီး အိပ်ပျော်သွားတာတဲ့။ အဲဒါကြောင့် အခွင့်ကောင်းယူပြီး အလောင်းလာခိုးတာလို့ ပြောတယ်။
ဒါပေမဲ့ အလောင်းလာခိုးတဲ့သူက လုံးဝ ထင်မထားတာက အိမ်ထဲမှာ မနေ့ညက ထမင်းဟင်း မစားဘဲ မေ့ဆေး မမိတဲ့သူ တစ်ယောက် ရှိနေတာပဲ။ အဲဒီသူကတော့ ရက်ဆက် စိတ်ဓာတ်ကျပြီး အစားအသောက်ပျက်နေတဲ့ လင်းလုပေါ့။
အလောင်းလာခိုးတဲ့သူက ရုတ်တရက် ပေါ်လာတဲ့ လင်းလုကို မြင်ပြီး လန့်ပြေးသွားတာ ဖြစ်နိုင်တယ်။ ဒါကြောင့် အလောင်းကိုတောင် ခိုးဖို့ အချိန်မရလိုက်တာ ဖြစ်လိမ့်မယ်။”
ကျင်းအန်းသည် ထိုစကားကို ကြားချိန်မှာတော့ အလွန်အမင်း အံ့အားသင့်သွား၏။ မနေ့ညက ဤမျှလောက် ကိစ္စများစွာ ဖြစ်ပျက်ခဲ့လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
သူက အလုပ်သမားကို အလျင်အမြန် မေးလိုက်သည်။ “ဒါဆို အဲဒီနောက် ဘယ်လိုဆက်ဖြစ်လဲ။ တာအိုဆရာကြီးတန်တို့ရဲ့ ထမင်းဟင်းထဲမှာ ဆေးခတ်သွားတဲ့သူကိုရော ရှာတွေ့ပြီလား။”
သို့ပေမည့် အလုပ်သမားက ခေါင်းယမ်းကာ မသိကြောင်း ပြောလိုက်သည်။ ထိုဧည့်သည်များကလည်း ဤမျှလောက်သာ သိထားပြီး အခြားသူများထံမှ ကြားလာခဲ့ခြင်း ဖြစ်သည်ဟု ပြောလိုက်၏။
အလုပ်သမားသည် စကားပြောပြီးနောက် မျှော်လင့်ချက် မျက်လုံးများဖြင့် ကျင်းအန်းကို ကြည့်နေသည်။
“ရွှစ်...”
ကျင်းအန်းက ပြောလိုက်သည်။ “ဒီကိစ္စမှာ ခင်ဗျား အလုပ်ကောင်းကောင်း လုပ်ခဲ့တယ်။ ဒီငွေတွေကို ဆုချလိုက်မယ်။ နောင်များမှာ ကျုပ်နဲ့ သက်ဆိုင်တဲ့ ကိစ္စတွေရှိရင် အချိန်မရွေး လာရှာလို့ ရတယ်။”
ငွေစ နှစ်မူးခန့်သည် အလုပ်သမား၏ လက်ဝါးထဲသို့ ကျရောက်သွားသည်။ အလုပ်သမားမှာ ချက်ချင်းပင် ဝမ်းသာအားရ ပြုံးရွှင်သွားပြီး ကျင်းအန်းကို အမွှန်းတင်စကားများ ပြောဆိုတော့၏။
ဤငွေနှစ်မူးသည် သူ၏ လစာ၏ ထက်ဝက်နီးပါးခန့် ရှိနေပြီ ဖြစ်သည်။ သခင်လေးကျင်းအန်းကို လာရှာရန် စွန့်စားခဲ့ရခြင်းမှာ အမှန်တကယ်ပင် အချည်းနှီး မဖြစ်ခဲ့ချေ။
အလုပ်သမားသည် ကျင်းအန်းကို နှုတ်ဆက်ပြီးနောက် မီးဖိုချောင်သို့ ပြန်ကာ ဟင်းပွဲများ ဆက်လက် သယ်ဆောင်ရန် ပြင်ဆင်လိုက်၏။ ပိုင်ရှင်အမျိုးသမီးက သူ အလုပ်ခိုနေသည်ကို ဖမ်းမိမည်ကို စိုးရိမ်ရသောကြောင့်ပင်။
ထိုအချိန်တွင် ကျင်းအန်းက သူ့ကို ရုတ်တရက် လှမ်းခေါ်ကာ မေးလိုက်သည်။ “ကျုပ် နောက်ထပ် ကိစ္စတစ်ခုလောက် စုံစမ်းချင်သေးတယ်။ ကျောက်ဖျင် အခုတလော ဘယ်ရောက်နေလဲ။ ရက်အတော်ကြာ တည်းခိုခန်းထဲမှာ သူ့ကို မတွေ့ရပါလား။”
ကျင်းအန်း ပြောသော ကျောက်ဖျင်ဆိုသည်မှာ ထိုညက တာအိုဘုန်းကြီး ဝူကျန့်၏ ကျန်ရစ်ခဲ့သော ပစ္စည်းများနှင့် ဆိတ်တစ်ကောင်ကို သူ့အား ရောင်းချခဲ့သည့် တည်းခိုခန်း အလုပ်သမားပင် ဖြစ်၏။
အလုပ်သမားက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။ “သူ့ကို ပိုင်ရှင်ကျန်းက အလုပ်ဖြုတ်လိုက်ပြီ။ အကြောင်းရင်း အတိအကျကိုတော့ မသိရဘူး။ သူက မပြောသင့်တဲ့ စကားတစ်ခုခုကို ပြောမိလို့ ဖြစ်မယ်ထင်တယ်။ ကျုပ်အထင်တော့ သူက နောက်ကွယ်မှာ လူတစ်ယောက်အကြောင်း အတင်းပြောနေတာကို ပိုင်ရှင်ကျန်း ကြားသွားလို့ အလုပ်ဖြုတ်ခံလိုက်ရတာ နေမှာပါ။
ပြောရမယ်ဆိုရင် အရင်က သူနဲ့ ခင်မင်တဲ့ ကျုပ်တို့ ညီအစ်ကိုတွေလည်း သူ့ကို မတွေ့ရတာ ကြာပြီ။ ပိုင်ရှင်မ အလုပ်ဖြုတ်လိုက်တဲ့ည ထွက်သွားတည်းက တစ်ခါမှ ပြန်မတွေ့ရတော့ဘူး။ အရင်တုန်းက အကြောင်းတွေ ပြောဖို့လည်း တစ်ခါမှ လာမရှာတော့ဘူး။”
ဤသတင်းကတော့ ကျင်းအန်းကို အံ့အားသင့်သွားစေခဲ့၏။
ထို့နောက် အလုပ်သမားသည် ထွက်ခွာသွားတော့သည်။
......
သို့ပေမည့် အလုပ်သမားသည် အပြန်လမ်းတွင် ကိစ္စတစ်ခုကို စဉ်းစား၍မရအောင် ဖြစ်နေခဲ့၏။ စောစောက အိမ်ရာဝင်း တံခါးဝတွင် ရပ်ကာ သခင်လေးကျင်းအန်းနှင့် စကားပြောနေစဉ် သူ၏ အာရုံမှားခြင်းလား၊ သို့မဟုတ် အိမ်ရာဝင်း အပြင်ဘက်တွင် ရပ်နေသောကြောင့် သေချာ မမြင်ရခြင်းလားတော့ မသိပေ။
သခင်လေးကျင်းအန်း ခြံဝန်းထဲတွင် မွေးထားသော ဆိတ်က လွန်ခဲ့သော ရက်အနည်းငယ်က သူ မီးဖိုချောင်တွင် တွေ့ခဲ့ရစဉ်ကထက် အရွယ်အစား ပိုကြီးလာသလို ဖြစ်နေသည် မဟုတ်ပါလား။ ပိုပြီး ဆူဖြိုးလာသယောင် ရှိနေသလိုပင်။
.............
အလုပ်သမား ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ကျင်းအန်း၏ မျက်လုံးများတွင် လေးနက်သော အတွေးများ ပေါ်လွင်နေ၏။
အခေါင်းမပြီးသွားပါက သူနှင့် လူလိမ်တာအိုဆရာ၊ အဖြူရောင်အခေါင်း၊ လင်းလု မိသားစုတို့ကြားတွင် နောင်နောင် မည်သည့် ပတ်သက်မှုမှ ရှိတော့မည် မဟုတ်ဟု အစပိုင်းတွင် သူ ထင်မှတ်ထားခဲ့သည်။ အခေါင်းမပြီး ပြန်လာသည့် ပထမဆုံးညမှာတင် အလောင်းခိုးမှု ဖြစ်ပွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ဤကိစ္စသည် အရေးပါသောကြောင့်သာ သူက ဉာဏ်ရည်ထက်မြက်သော အလုပ်သမားကို ငွေနှစ်မူးခန့် ချက်ချင်း ဆုချလိုက်ခြင်း ဖြစ်သည်။
ဤငွေနှစ်မူးသည် ခွန်အားကိုသာ အသုံးပြုရသော သာမန် အလုပ်ကြမ်းသမားများအတွက် လဝက်စာ လုပ်အားခ ဖြစ်နေပြီ ဆိုသည်ကို သိထားရမည်။ ရှေးခေတ်တွင် ငွေအနည်းငယ်ဖြင့် အိမ်တစ်လုံးကို ဝယ်ယူနိုင်၏။
သို့ပေမည့် အချက်တစ်ချက်ကိုတော့ ကျင်းအန်း စဉ်းစား၍ မရသေးပေ။ တစ်ဖက်လူသည် အလောင်းခိုးရန် ထမင်းဟင်းထဲတွင် ဆေးခတ်ခဲ့ပြီဆိုမှတော့ အဘယ်ကြောင့် ပြတ်ပြတ်သားသား အဆိပ်ခတ်၍ လူသတ်ခြင်း မပြုဘဲ လူကိုသာ မေ့မြောသွားအောင် လုပ်ခဲ့ရသနည်း။
နောက်ပိုင်းတွင် ကျင်းအန်း တွေးမိသည်မှာ တစ်ဖက်လူသည် အစိုးရအမှုထမ်းများ၏ အာရုံစိုက်မှုကို မရချင်၍များလား။ လူသေဆုံးမှု များပြားသွားပါက တရားဝင် အာရုံစိုက်ခံရမည်ကို စိုးရိမ်နေ၍များလား။
တစ်ဖက်လူသည် အလောင်းကိုသာ ခိုးယူချင်ပြီး အစိုးရအာဏာပိုင်များနှင့် မျက်နှာချင်းဆိုင် ထိပ်တိုက် မတွေ့ချင်ခြင်းသာ ဖြစ်ပေလိမ့်မည်။
ကျင်းအန်းက အတန်ကြာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် အခန်းထဲမှ ထွက်ကာ လင်းလု၏ အိမ်ဘက်သို့ လျှောက်သွားလိုက်၏။
ကျင်းအန်း လင်းလု၏ အိမ်သို့ ရောက်ရှိသွားချိန်မှာတော့ လင်းလု၏ ခြံဝန်းအပြင်ဘက်တွင် လင်းမိသားစု၏ ဆွေမျိုး လူငယ်များစွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
တစ်ယောက်ချင်းစီက မလှုပ်မယှက် ရပ်နေကြ၏။ တံခါးစောင့်နတ်မင်းများကဲ့သို့ပင်။ လာရောက် ကြည့်ရှုလိုသော စပ်စုသူများကို အသီးသီး ဖျောင်းဖျကာ နှင်လွှတ်နေကြ၏။
အကယ်၍ စကားကောင်းဖြင့် ပြောဆို၍ မရပါက အရင်ဆုံး ယဉ်ကျေးစွာ ဆက်ဆံပြီး နောက်ပိုင်းတွင် အကြမ်းဖက်ကာ တိုက်ရိုက် မောင်းထုတ်လိုက်ကြသည်။
လင်းမျိုးနွယ်စုဝင်များ တစ်ယောက်ချင်းစီက ရန်သူကြီး ရောက်လာသကဲ့သို့ အမူအရာများ ဖြစ်နေသည်ကို ကြည့်ပြီး ကျင်းအန်း ချက်ချင်း သဘောပေါက်သွားသည်။ အလုပ်သမား ပြောပြခဲ့သော ကိစ္စများအပြင် မနေ့ညက အခြားတစ်ခုခု ထပ်ဖြစ်ခဲ့သည်မှာ သေချာလို့နေ၏။
သို့မဟုတ်ပါက လင်းလု၏ ဆွေမျိုးများအားလုံး အဘယ်ကြောင့် ပြေးလာကြပြီး အပြင်လူများကိုပါ မောင်းထုတ်ကာ ခြံဝန်းထဲရှိ အခြေအနေကို အပြင်လူများအား အသိမပေးဘဲ နေကြမည်နည်း။
ကျင်းအန်းနှင့် ဤလင်းမိသားစုဝင်များသည် မနေ့က အလုပ် အတူလုပ်ခဲ့သော မိတ်ဟောင်း ဆွေဟောင်းများဟု ဆိုနိုင်သည်။
ကျင်းအန်း ရောက်လာသည်နှင့် တံခါးဝတွင် စောင့်နေသော အာကျူ က ချက်ချင်း မှတ်မိသွား၏။ ဤလင်းမိသားစုမှ အာကျူ ဆိုသည်မှာ မနေ့က ကျင်းအန်းနှင့်အတူ အခေါင်းမခဲ့သူများထဲမှ တစ်ဦးဖြစ်ပြီး အရပ်ရှည်ရှည်နှင့် အသားမည်းမည်း လူတစ်ဦးဖြစ်၏။
အာကျူ က မေးလိုက်သည်။ “သခင်လေးကျင်းအန်း... ဘယ်လိုလုပ် ရောက်လာတာလဲ။”
ကျင်းအန်းက ဖုံးကွယ်မနေဘဲ လာရင်းရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။ ဤနေရာတွင် ပြဿနာတက်သည်ဟု ကြားသောကြောင့် လာကြည့်ခြင်း ဖြစ်ကြောင်း ပြောပြလိုက်၏။
အာကျူ သည် ကျင်းအန်း၏ စကားကို ကြားပြီးနောက် ကျင်းအန်းကို တမင်သက်သက် အခက်မတွေ့စေခဲ့ပေ။ တကယ်တမ်း သေချာစဉ်းစားကြည့်မည်ဆိုလျှင် ကျင်းအန်းနှင့် သူသည် ရှင်ခြင်းနှင့် သေခြင်းကို အတူတကွ ရင်ဆိုင်ခဲ့ဖူးသော ဆက်ဆံရေး ရှိသည်ဟု ဆိုနိုင်ပေသည်။ လူသေအခေါင်းကို အတူတူမခဲ့ကြသော အမျိုးသားများ ဖြစ်ကြသည် မဟုတ်ပါလား။
ထို့ကြောင့် အာကျူ သည် ကျင်းအန်းအတွက် ကိုယ်တိုင်ကိုယ်ကျ ခြံဝန်းထဲသို့ ဝင်ကာ သတင်းပို့ပေးခဲ့၏။ မကြာမီ အာကျူ ပြန်ထွက်လာပြီး တာအိုဆရာကြီးတန်က သူ့ကို အထဲဝင်ရန် ဖိတ်ခေါ်ကြောင်း ပြောပြလိုက်သည်။
.................