← Chapters

အခန်း ၂၈

Vol. 3 Ch. 28

အခန်း ၂၈

Vol. 3 Ch. 28

အပိုင်း (၂၈) ကျုပ်အထက်မှာ လူရှိတယ်

လူတစ်စုသည် ဆူဆူညံညံဖြင့် ချန်ဖီ၏ အိမ်သို့ ရောက်ရှိလာကြ၏။

ဒေါသထွက်နေသော လင်းမိသားစုမှ အမျိုးသားများအုပ်စုသည် တံခါးကို ဖျက်ဆီးကာ တိုက်ရိုက် ဝင်ရောက်၍ လူရှာကြတော့သည်။

“ချန်ဖီ... ချန်ဖီ... မင်း ထွက်ခဲ့စမ်း။”

“ချန်ဖီ… မကောင်းတဲ့ကောင် ဘယ်မှာ ပုန်းနေတာလဲ။ ထွက်ခဲ့စမ်း။”

“ချန်ဖီ… စိတ်ထားမည်းညစ်တဲ့ကောင်... မြန်မြန် ထွက်ခဲ့စမ်း။”

လင်းမိသားစုမှ သန်မာသော အမျိုးသားများအုပ်စုသည် ချန်ဖီ၏ အိမ်တွင် သေတ္တာများကိုလှန်၊ ဗီရိုများကိုမွှေကာ ရှာဖွေကြ၏။

ထူးဆန်းသည်မှာ အိမ်ထဲတွင် လူတစ်ယောက်မှ မရှိခြင်းပင်။ ချန်ဖီကို တွေ့ရန်မဆိုထားနှင့် သရဲအရိပ်ကိုတောင် မတွေ့ရချေ။

ဒေါသထွက်နေပြီး ကိစ္စကို ပိုကြီးအောင် လုပ်နေကြသော လင်းမိသားစုမှ သန်မာသော အမျိုးသားများကို ကြည့်ရင်း ကျင်းအန်းသည် ရုတ်တရက် စကားတစ်ခွန်းကို သတိရသွား၏။

‘ဒီလူတွေက တော်တော် အရိုင်းဆန်တာပဲ။ ခြင်္သေ့နဲ့ ကျားကိုတောင် မျက်ကန်းတစ္ဆေမကြောက် လိုက်ဆွဲရဲတဲ့ လူတွေပါလား။’

...

ချန်ဖီ နေထိုင်သော နေရာသည် နံ့သာတိုင်နှင့် ဖယောင်းတိုင် ရောင်းသော ဆိုင်တစ်ဆိုင် ဖြစ်သည်။

ဤအချိန်တွင် ဆိုင်ထဲရှိ နံ့သာတိုင်များနှင့် ဖယောင်းတိုင်များသည် လင်းမိသားစုမှ အမျိုးသားများ၏ မွှေနှောက်ရှာဖွေမှုကြောင့် ကြမ်းပြင်တစ်ခွင်လုံး ပြန့်ကျဲနေ၏။

ကျင်းအန်းက မေးလိုက်သည်။ “လူလိမ်တာအိုဆရာ... ခင်ဗျားရဲ့ မျိုးရိုးက ချန် လေ။ ချန်ဖီရဲ့ အိမ်က နံ့သာတိုင်ဆိုင်ဖြစ်ပြီး သူ့မျိုးရိုးကလည်း ချန် ပဲ။ ခင်ဗျားတို့က ဆွေမျိုးတွေ မဟုတ်ဘူးလား။ ပြီးတော့ တမင်သက်သက် လူလိမ်ပွဲ လုပ်နေတာများလား။”

တာအိုဆရာအိုကြီးသည် ကျင်းအန်း၏ ဤထိခိုက်စေသော စကားကို ကြားချိန်မှာတော့ ဒေါသထွက်လွန်း သောကြောင့် ကျင်းအန်းကို လမ်းမပေါ်တွင် နပန်းလုံးတော့မတတ် ဖြစ်သွားခဲ့၏။

လင်းမိသားစုဝင်များက ကိစ္စကို ဤမျှ ကြီးကျယ်အောင် လုပ်နေသောကြောင့် အနီးအနားတွင် နေထိုင်သော အိမ်နီးချင်း အတော်များများ စုဝေးရောက်ရှိလာကြသည်။

“ဒီလူတွေ ဘာဖြစ်နေကြတာလဲ။”

“နံ့သာတိုင်ဆိုင် ပိုင်ရှင်ရဲ့ တပည့် ချန်ဖီကို လာရှာတာနဲ့ တူတယ်။ ဒီလို ဒေါသတကြီး ဖြစ်နေပုံထောက်ရင် ကလဲ့စားချေဖို့ လာတာများလား။”

“နံ့သာတိုင်ဆိုင် ပိုင်ရှင် သေသွားတာ မကြာသေးဘူးလေ။ သေတာ ရက်ပိုင်းပဲ ရှိသေးတာ မဟုတ်ဘူးလား။ ပြီးတော့ အရမ်းကို ဆိုးဆိုးရွားရွား သေသွားတာ။ သူ့ရဲ့ တပည့်ကရော ဘယ်သူ့ကို ထပ်ပြီး ပြဿနာ သွားရှာပြန်တာလဲ။”

ပတ်ဝန်းကျင်ရှိ အိမ်နီးချင်းများက အချင်းချင်း တီးတိုး ဆွေးနွေးနေကြ၏။

ဤစကားသည် လမ်းဘေးတွင် ရပ်နေပြီး နံ့သာတိုင်ဆိုင်ထဲသို့ ဝင်ကာ ဖျက်ဆီးမှုများတွင် မပါဝင်ခဲ့သော ကျင်းအန်းနှင့် တာအိုဆရာအိုကြီး၏ နားထဲသို့ အတိအကျ ဝင်ရောက်သွားသည်။

ကျင်းအန်းနှင့် တာအိုဆရာအိုကြီးသည် အချင်းချင်း တစ်ချက် ကြည့်လိုက်ကြပြီးနောက် တာအိုဆရာအိုကြီးက ထိုလူများကို ယဉ်ကျေးစွာဖြင့် အသေးစိတ် အခြေအနေကို မေးမြန်းလိုက်၏။

တာအိုဆရာအိုကြီး၏ အသွင်အပြင်သည် ပြည်သူလူထုကြားသို့ ဝင်ရောက်ရန် အမှန်တကယ် သင့်တော်လှပြီး ယုံကြည်မှုနှင့် အရေးကြီးသော သတင်းအချက်အလက်များကို အလွယ်တကူ ရယူနိုင်ခဲ့သည်။

လွန်ခဲ့သော လဝက်ခန့်က…

ချန်ခရိုင်ရှိ တောင်တစ်တောင်၏ တောင်ခြေတွင် တောင်ကိုမှီခိုနေထိုင်သော ရွာသားအချို့သည် တောင်ပေါ်သို့ တောကောင်ပစ်ရန် သွားကြရာမှ မမျှော်လင့်ဘဲ အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြ၏။

ထိုအလောင်းမှာ ကြည့်ရက်စရာ မရှိအောင် ဆိုးရွားစွာ သေဆုံးနေခဲ့၏။ လက်တစ်ဖက်မှာ ဆွဲဖြဲခံထားရ သောကြောင့် ပြတ်ထွက်နေပြီး ခါးတစ်ဝက်နီးပါးမှာလည်း သွေးထွက်နေသော အပေါက်ကြီး ဖြစ်လို့နေသည်။

ထိုအပေါက်မှာ လူ၏ ခါးကို နှစ်ပိုင်းပြတ်လုမတတ် ဖြစ်နေပြီး အူများပင် ထွက်ကျနေသည်။ ထိုသူသည် အလွန်အမင်း မကျေမနပ်ဖြင့် သေဆုံးသွားပုံရပြီး သေဆုံးပြီးနောက်တွင် မျက်လုံးပြူးနေဆဲ ဖြစ်၏။

လူအချို့က ပြောကြသည်မှာ နံ့သာတိုင်ဆိုင် ပိုင်ရှင်သည် တောင်ပေါ်သို့ တက်သွားပြီးနောက် ကံဆိုးစွာဖြင့် ခွန်အားကြီးမားသော ဝက်ဝံ သို့မဟုတ် ကျားကြီးတစ်ကောင်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ရမည်။

ထိုသူသည် ယပ်တောင်ကြီးလောက်ရှိသော လက်သည်းကြီးများဖြင့် ရိုက်ခံလိုက်ရသောကြောင့် လက်တစ်ဖက်နှင့် ခါးတစ်ဝက် ပြတ်ထွက်သွားခြင်း ဖြစ်မည်ဟု ဆိုကြသည်။

နံ့သာတိုင်ဆိုင် ပိုင်ရှင်သည် အဘယ်ကြောင့် တောင်ပေါ်တွင် သေဆုံးနေရသနည်းဆိုလျှင်မူ လူအချို့က ခန့်မှန်းကြသည်မှာ တောင်ပေါ်သို့ ဆေးမြစ်များ သွားရောက်ရှာဖွေရင်း ကံဆိုးစွာဖြင့် တောင်ပေါ်တွင် သေဆုံးသွားခြင်း ဖြစ်မည်ဟု ဆိုကြ၏။

လူသေဆုံးမှု ဖြစ်ပွားသောကြောင့် သေချာပေါက် အစိုးရရုံးကို အကြောင်းကြားရမှာဖြစ်သည်။ နောက်ပိုင်းတွင် အစိုးရရုံးကလည်း တောရိုင်းတိရစ္ဆာန်၏ တိုက်ခိုက်မှုကြောင့် သေဆုံးရခြင်းဖြစ်ပြီး ဒဏ်ရာပြင်းထန်ကာ သွေးထွက်လွန်သောကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း အမှုပိတ်သိမ်းခဲ့သည်။

နံ့သာတိုင်ဆိုင် ပိုင်ရှင်တွင် အလုပ်သမား တစ်ယောက် ရှိပြီး တပည့်တစ်ဝက်ဟုလည်း ဆိုနိုင်သည်။ ဤသူမှာ ကျင်းအန်းတို့ ရှာဖွေနေသော ချန်ဖီ ဖြစ်၏။

ချန်ဖီသည် သူ၏ ဆရာကို ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့၏။ နံ့သာတိုင်ဆိုင် ပိုင်ရှင်သည် သက်ရှိထင်ရှား ရှိစဉ်က ငွေစုထားသည်မှာ သိပ်မများလှချေ။

ချန်ဖီသည် ဆရာဖြစ်သူကို ခမ်းခမ်းနားနား သင်္ဂြိုဟ်ပေးနိုင်ရန်အတွက် ချန်ဖီသည် အပြင်အလုပ်အချို့ကို လုပ်ကိုင်ခဲ့သည်ဟု အိမ်နီးချင်းများက ပြောကြသည်။

အတိအကျ မည်သည့် အပြင်အလုပ် ဖြစ်သည်ကိုတော့ ဤအိမ်နီးချင်းများ သဘာဝကျကျ မသိရှိကြပေ။

အဘယ်ကြောင့်ဆိုသော် နံ့သာတိုင်ဆိုင် ပိုင်ရှင် သေဆုံးသွားပြီးတည်းက ချန်ဖီသည် တစ်နေ့လုံး လျှို့ဝှက် ဆန်းကြယ်စွာ နေထိုင်တတ်ပြီး နေ့ခင်းဘက်တွင် မတွေ့ရတော့သောကြောင့် ဖြစ်သည်။

ကျင်းအန်းနှင့် တာအိုဆရာအိုကြီးသည် အချင်းချင်း တစ်ချက် ကြည့်လိုက်ကြ၏။

သူတို့နှစ်ဦးစလုံး ခန့်မှန်းမိသည်မှာ ချန်ဖီသည် ဆရာဖြစ်သူကို ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးနိုင်ရန် အပြင်တွင် လက်ခံလုပ်ကိုင်ခဲ့သော အလုပ်ဆိုသည်မှာ အလောင်းခိုးခြင်းများ ဖြစ်နေမည်လား။

ဤအချိန်တွင် လင်းမိသားစုမှ လူအချို့က တာအိုဆရာအိုကြီးကို လာရောက်ပင့်ဖိတ်ကြသည်။ တာအိုဆရာအိုကြီး သည် သူတို့၏ မျက်လုံးထဲတွင် အစွမ်းရှိသော ပညာရှင်တစ်ဦး ဖြစ်သောကြောင့် တာအိုဆရာအိုကြီးကို နံ့သာတိုင်ဆိုင်ထဲသို့ ဝင်ရောက်ကြည့်ရှုပေးရန် တောင်းဆိုကြခြင်း ဖြစ်၏။

သူတို့အနေဖြင့် ချန်ဖီသည် ဆိုင်ထဲတွင် အမှန်တကယ် ရှိနေသလား။ တမင်သက်သက် ပုန်းအောင်း နေသလားဆိုသည်ကို သိလိုကြခြင်း ဖြစ်သည်။

......

ဤအချိန်တွင် နံ့သာတိုင်ဆိုင်မှာ အလွန်အမင်း ရှုပ်ပွနေပြီး အခြေခံအားဖြင့် ခြေချစရာ နေရာကောင်းကောင်းပင် မရှိတော့ချေ။

လူကို ရှာဖွေရန်အတွက် နံ့သာတိုင်ဆိုင်ကို လင်းမိသားစုဝင်များက ဒေါသတကြီးဖြင့် အကုန်အစင် မွှေနှောက်ရှာဖွေထားကြ၏။

နံ့သာတိုင်ဆိုင်မှာ မကြီးမားလှသောကြောင့် နှစ်ပတ်ခန့် လျှောက်ကြည့်လိုက်ရုံဖြင့် အားလုံးကို တွေ့မြင်နိုင်သည်။ အကယ်၍ လူတစ်ယောက် တကယ် ပုန်းအောင်းနေမည်ဆိုလျှင် သေချာပေါက် ချက်ချင်း တွေ့ရှိနိုင်မည် ဖြစ်သော်လည်း ယခုအချိန်တွင်မူ လူကို အမှန်တကယ် ရှာမတွေ့ခဲ့ချေ။

သို့ပေမည့် ကျင်းအန်းသည် ဝိညာဉ်အင်္ဂါငါးပါးလျှို့ဝှက်ကျမ်းကို လေ့ကျင့်ပြီးတည်းက သူ၏ ထက်မြက်သော ဝိညာဉ်အာရုံကြောင့် ဤနံ့သာတိုင်ဆိုင်ထဲတွင် သူ့ကို အဆင်မပြေဖြစ်စေသော အငွေ့အသက်တစ်ခု ပုန်းအောင်းနေကြောင်း အမြဲတမ်း ခံစားနေရ၏။

ကျင်းအန်းသည် သူ၏ ထက်မြက်သော ဝိညာဉ်အာရုံကို အခြေခံ၍ ထိုအဆင်မပြေသော အငွေ့အသက် အပြင်းထန်ဆုံး နေရာတွင် ရပ်လိုက်သော်လည်း ထိုနေရာတွင် တိုင်တစ်တိုင်မှလွဲ၍ မည်သည့် ထူးခြားချက်မှ မရှိချေ။

ကျင်းအန်းသည် ထိုနေရာတွင်ပင် ရပ်ကာ စဉ်းစားနေလိုက်သည်။

တာအိုဆရာအိုကြီးက ဤအချိန်တွင် ကျင်းအန်း၏ ပုံမှန်မဟုတ်သော အပြုအမူကို သတိထားမိသွားကာ မေးလိုက်၏။ “ညီလေး... ဘာဖြစ်လို့လဲ။ တစ်ခုခု တွေ့လို့လား။”

ကျင်းအန်းသည် ချက်ချင်း နှုတ်မှဖွင့်၍ မဖြေကြားခဲ့ပေ။ သူ ထိုနေရာတွင် ခဏစဉ်းစားပြီးနောက် အကြည့်များကို သူ၏ ဘေးရှိ အဓိကတိုင်အတိုင်း အပေါ်သို့ မော့ကြည့်လိုက်သည်။

ရုတ်တရက် လူမျက်နှာတစ်ခုက ငုံ၍ သူ့အား စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။ မျက်လုံးလေးလုံး ဆုံတွေ့သွားတော့၏။

ကျင်းအန်း၏ အသက်ရှူသံပင် ရပ်တန့်သွား၏။ အမှန်တကယ်၌ သူတို့ ရှာနေသော ချန်ဖီသည် အမိုးတန်းတိုင်၏ အနောက်ဘက် အရိပ်ကျနေသော နေရာတွင် ပုန်းအောင်းနေခြင်းဖြစ်ပြီး သူ၏ မျက်နှာတစ်ဖက်ကိုသာ ဖော်ပြထားခြင်း ဖြစ်သည်။

ထို့ကြောင့် လင်းမိသားစုဝင်များ ဤမျှကြာအောင် ရှာဖွေနေသော်လည်း မတွေ့ရှိရခြင်းမှာ အံ့သြစရာ မဟုတ်ချေ။ အကယ်၍ သေချာ ဂရုတစိုက် မကြည့်ပါက အမိုးတန်းပေါ်တွင် လူတစ်ယောက် ပုန်းအောင်းနေသည်ကို လုံးဝ မြင်တွေ့ရမည် မဟုတ်ပေ။

ကျင်းအန်းက အော်လိုက်၏။ “ကျုပ်အထက်မှာ လူရှိတယ်။”

“ဖမ်းလိုက်ကြ…”

တာအိုဆရာအိုကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်နှင့် သံထည်ပစ္စည်းများကို ကိုင်ဆောင်ထားသော လင်းမိသားစုဝင်များသည် ချက်ချင်းပင် အမိုးတန်းအောက်သို့ အပြေးအလွှား ရောက်ရှိလာကြပြီး ဝိုင်းရံလိုက်ကြသည်။

သို့ပေမည့် ထူးဆန်းသည်မှာ အမိုးတန်းပေါ်တွင် ပုန်းအောင်းနေသော ချန်ဖီသည် မလှုပ်မယှက် ရှိနေခြင်းပင်။

ရဲရင့်သော လင်းမိသားစုမှ လူငယ်တစ်ဦးက ဝါးလုံးရှည်တစ်ချောင်းကို ရှာလာပြီး လူကို အတင်းအကျပ် ဆင်းလာစေရန် လုပ်လိုက်သည်။ ရလဒ်အနေဖြင့် ချန်ဖီသည် ခုခံခြင်း မရှိဘဲ ဝါးလုံးဖြင့် အလွယ်တကူ ထိုးချခံလိုက်ရ၏။

သို့ပေမည့် အနီးကပ် သွားရောက်ကြည့်ရှုလိုက်ချိန်မှာတော့ လင်းမိသားစုဝင်များအားလုံးမှာ ချက်ချင်းဆိုသလို ကြောက်လန့်တကြားဖြင့် ခြေလေးငါးလှမ်းခန့် နောက်ဆုတ်သွားကြပြီး ဦးရေပြားပင် ထုံကျဉ်သွားတော့သည်။

နောက်ဆုံးတွင် သတ္တိပိုကောင်းသော ကျင်းအန်းနှင့် တာအိုဆရာအိုကြီးတို့ကသာ အနီးသို့ သွားရောက် ကြည့်ရှုကြ၏။

ဤသူသည် ချန်ဖီ ဖြစ်သော်လည်း သေဆုံးသွားသည်မှာ အချိန်အတန်ကြာပြီ ဖြစ်၏။ အလောင်းမှာ မည်းနက်နေပြီ ဖြစ်သော်လည်း ထူးဆန်းသည်မှာ အလောင်းက မပုပ်သိုးသေးခြင်းပင်။

လင်းမိသားစုဝင် တစ်ဦးက အနီးသို့ ချဉ်းကပ်လာပြီး ချန်ဖီ၏ အလောင်းကို ကြည့်ကာ တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။ “ဒီ... ဒီလူက သေနေပြီလား။ ဒါပေမဲ့ ချန်ဖီက မနေ့တုန်းက အသက်ရှင်နေသေးတာ မဟုတ်ဘူးလား။ ပြီးတော့ မနေ့ညကတောင် အလောင်းခိုးတာ အောင်မြင်သွားမလို့ ဖြစ်ခဲ့သေးတာလေ။”

ကျင်းအန်းသည် ချန်ဖီ၏ အလောင်း ထွက်ပေါ်လာပြီးတည်းက တာအိုဆရာအိုကြီးက မျက်မှောင်ကြုတ် နေသည်ကို မြင်ချိန်မှာတော့ မေးလိုက်မိ၏။ “ဘာဖြစ်လို့လဲ။”

တာအိုဆရာအိုကြီး၏ မျက်နှာအမူအရာမှာ အလွန် လေးနက်နေသည်။ “ခွေးနက်က မြေကျင်းတူးတယ်၊ ကျီးကန်းအိုက အသုဘ သတင်းပေးတယ်၊ လူသေက အမိုးတန်းပေါ် တက်တယ်။ ညီလေး ဒါက ဘာကို ဆိုလိုသလဲဆိုတာ သိလား။”

ကျင်းအန်းက မေးလိုက်၏။ “ဘာကို ဆိုလိုတာလဲ။”

တာအိုဆရာအိုကြီးက လေးနက်စွာ ပြောလိုက်သည်။ “လူသေတော့မယ်။ ချန်ဖီက မသေခင်မှာ သွေးထွက်သံယိုနဲ့ ဆိုးဆိုးရွားရွား သေဆုံးခဲ့ရလို့ မကောင်းဆိုးဝါးအငွေ့အသက်တွေ ကပ်ငြိနေတယ်။ ဒါကြောင့် လူက သေသွားပေမဲ့ မပုပ်သိုးတာပဲ။

မကောင်းတော့ဘူး။ သွားမယ်... ကျုပ်တို့ မြန်မြန် လင်းလု အိမ်ကို ပြန်သွားရမယ်။ ဒါက ကျားကို တောင်ပေါ်က ဆင်းလာအောင် မျှားခေါ်တဲ့ အကြံအစည် မဖြစ်ပါစေနဲ့။ ကျုပ်တို့ မရှိတဲ့အချိန် အခွင့်ကောင်းယူပြီး အဖြူရောင်အခေါင်းထဲက အလောင်းကို ထပ်သွားခိုးတာမျိုး မဖြစ်ပါစေနဲ့။”

တာအိုဆရာအိုကြီး အလွန် စိတ်ပူပန်လာသောကြောင့် ဆဲဆိုနေမိတော့၏။ “ချီးတဲ့မှပဲ... အဲဒီအဖြူရောင် အခေါင်းထဲက အလောင်းက ဘယ်လို အဆင့်အတန်းမျိုးရှိတဲ့လူမို့လို့ အမြဲတမ်း အလောင်းကို ခိုးချင်နေတဲ့သူတွေ ရှိနေရတာလဲ။”

ယခုအခါ တာအိုဆရာအိုကြီး၏ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်နေပြီဖြစ်ကြောင်း သိနိုင်ပေသည်။

တာအိုဆရာအိုကြီးက ညွှန်ကြားလိုက်၏။ “မင်းတို့ထဲက တစ်ယောက်လောက် အစိုးရရုံးကို သွားပြီး အကြောင်းကြားလိုက်။ မိုးမချုပ်ခင်မှာ အချိန်မီ ထင်းခြောက်တွေပုံပြီး အလောင်းကို မီးရှို့ပစ်ဖို့ သေချာ မှတ်ထားပါ။ ကျုပ် စိုးရိမ်တာက ညဘက်အထိ အချိန်ဆွဲထားရင် အလောင်းကောင် ချန်ဖီက ထလာလိမ့်မယ်။”

တာအိုဆရာအိုကြီး၏ စကားက ချက်ချင်းပင် လင်းမိသားစုဝင်များကို အလွန်အမင်း ဒုက္ခရောက်သွားစေ၏။ သက်ရှိလူကို ဖမ်းခိုင်းမည်ဆိုလျှင် ပြဿနာမရှိသော်လည်း ယခုက လူသေဖြစ်နေသည်။

သက်ရှိလူသားများသည် လူသေများကို အကြောက်ဆုံး ဖြစ်ကြ၏။ အထူးသဖြင့် မနေ့ညက သေဆုံးသွားသည်မှာ ရက်အတော်ကြာပြီဖြစ်သော ချန်ဖီသည် အသက်ပြန်ရှင်လာကာ အလောင်း လာခိုးခဲ့သေးသည် မဟုတ်ပါလား။

ဤဘက်ရှိ ကိစ္စများကို အလျင်အမြန် မှာကြားပြီးနောက် တာအိုဆရာအိုကြီးသည် ကျင်းအန်းနှင့် ကျန်လူများကို ခေါ်ဆောင်ကာ လင်းလု၏ အိမ်ဘက်သို့ အပြေးအလွှား သွားကြတော့သည်။

လူစုသည် နံ့သာတိုင်ဆိုင်မှ ထွက်ခွာလာချိန်မှာပဲ…

“ဒေါင်...”

ကြေးခေါင်းလောင်း အသံတစ်သံက ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာသည်။ အမိုးအစွန်း ဘယ်ဘက်ထောင့် အောက်တွင် ချိတ်ဆွဲထားသော ကြေးခေါင်းလောင်းတစ်လုံးသည် လေတိုက်သောကြောင့် ယိမ်းထိုးကာ ညင်သာစွာ မြည်နေခြင်း ဖြစ်၏။

ယခင်က ဘေးအိမ်မှ ဆိုင်တစ်ဆိုင်၏ ဝါးလုံးတိုင်နှင့် အလံစတို့က ကွယ်နေသောကြောင့် မမြင်ခဲ့ရချေ။ ယခုအချိန်တွင် ကြေးခေါင်းလောင်း လှုပ်ခါမြည်ဟည်းလာမှသာ အမိုးအစွန်းအောက်တွင် ကြေးခေါင်းလောင်း တစ်လုံး ချိတ်ဆွဲထားသည်ကို သတိပြုမိသွားကြသည်။

အမိုးအစွန်း ဘယ်ဘက်ထောင့်အောက်တွင် ချိတ်ဆွဲထားသော ထိုကြေးခေါင်းလောင်းကို မြင်လိုက်ရချိန်မှာတော့ ကျင်းအန်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားတော့၏။

All Chapters