အခန်း ၂၉
Vol. 3 Ch. 29
အပိုင်း (၂၉) ဓားဝယ်ခြင်း
ကြေးခေါင်းလောင်းကို မြင်လိုက်ရသော ထိုအခိုက်အတန့်တွင်…
ကျင်းအန်း၏ ခေါင်းထဲတွင် လျှပ်စီးကြောင်းတစ်ခု ညအမှောင်ထုကို ခွဲထွက်သွားသကဲ့သို့ ဖြစ်သွား၏။ ချက်ချင်း ဆိုသလို ကိစ္စအားလုံးကို သူ သဘောပေါက်သွားတော့သည်။
ရတနာသိုက်အိုး၊ တာအိုဘုန်းကြီး ဝူကျန့်၊ အဖြူရောင်အခေါင်းထဲမှ လူသေ၊ နံ့သာတိုင်ဆိုင် ပိုင်ရှင်၊ ချန်ဖီ... ဤအဖြစ်အပျက်များသည် အချင်းချင်း မသက်ဆိုင်ဘဲ နေသည် မဟုတ်ပေ။
အားလုံးက ရတနာတစ်ခုတည်းကို ဆက်စပ်နေခြင်း ဖြစ်၏။ ထိုအရာမှာ ရတနာသိုက်အိုးပင် ဖြစ်သည်။
ဤနံ့သာတိုင်ဆိုင် ပိုင်ရှင်သည် တာအိုဘုန်းကြီး ဝူကျန့်နှင့် စာပေးစာယူ လုပ်ခဲ့သူဖြစ်သည်မှာ ထင်ရှားသည်။ ထိုသူသည် ရတနာသိုက်အိုး၏ သဲလွန်စကို ရှာတွေ့ခဲ့သူလည်း ဖြစ်၏။
ဤသူသည် မြို့ထဲတွင် ပုန်းအောင်းနေသော အစွမ်းထက် ပညာရှင်တစ်ဦးလည်း ဖြစ်သည်။
ရတနာသိုက်အိုး၏ ဆွဲဆောင်မှုက အလွန်ကြီးမားလွန်းသောကြောင့် ဖြစ်နိုင်သည်မှာ တာအိုဘုန်းကြီး ဝူကျန့် သည် ချိန်းဆိုထားသည့်အတိုင်း ချန်ခရိုင်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ထို့နောက် သူတို့နှစ်ဦးသည် အောင်မြင်စွာ တွေ့ဆုံနိုင်ခဲ့ပြီး ရတနာသိုက်အိုးကို အတူတကွ သွားရောက် ရှာဖွေရန် ဆုံးဖြတ်ခဲ့ကြသည်။
သို့ပေမည့် နောက်ပိုင်းတွင် မည်သည့် ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်ကို မသိရသော်လည်း သူတို့နှစ်ဦးစလုံး တောင်ပေါ်တွင် သေဆုံးသွားခဲ့ကြ၏။ တစ်ယောက်မှ ထွက်မပြေးနိုင်ခဲ့ချေ။
ထို့ကြောင့် ကျင်းအန်းက သူတို့နှစ်ဦး၏ သေဆုံးမှုသည် လူစားသော ခေါင်းတလားကျောင်းဆောင်နှင့် သက်ဆိုင်နေမည်လားဟု ခန့်မှန်းမိသွားသည်။
မည်သို့ပင်ဆိုစေကာမူ သူ တာအိုဘုန်းကြီး ဝူကျန့်၏ အရိုးစုကို တွေ့ရှိခဲ့သော နေရာသည် ခေါင်းတလား ကျောင်းဆောင်၏ အနီးအနားတွင် ဖြစ်ပြီး တိုက်ဆိုင်မှုများလွန်းလှ၏။
ကျင်းအန်း၏ ခေါင်းထဲတွင် အတွေးများ ပိုမို ရှင်းလင်းလာသည်။ ဤကိစ္စတွင် ချန်ဖီက မည်သည့် အဆင့်အတန်းမှ ပါဝင်ပတ်သက်နေသည်ကို သူ သေချာ မသိသေးပေ။
ဖြစ်နိုင်သည်မှာ ချန်ဖီသည် မည်သည့် အထူးအဆင့်အတန်းမှ မရှိဘဲ ရတနာသိုက်အိုး၏ သဲလွန်စကို သိရှိထားသော နံ့သာတိုင်ဆိုင် ပိုင်ရှင်ကို သိကျွမ်းနေသောကြောင့် ဖြစ်နိုင်မည်လား။
ထို့နောက် ရွေးချယ်စရာမရှိဘဲ ဤအင်အားကြီးမားသော လေဝဲလှိုင်းကြီးထဲသို့ ဆွဲသွင်းခံလိုက်ရခြင်းလား။ မြက်ပင်ကဲ့သို့ အသက်တိုသော အပြစ်ကင်းမဲ့ဆုံး စတေးခံရသူ ဖြစ်သွားခဲ့ခြင်းလား။
................
ကျင်းအန်းသည် လင်းလု၏ အိမ်ရှေ့သို့ ရောက်ရှိလာပြီး ဤနေရာတွင် မည်သည့် ပြဿနာမှ မရှိသည်ကို တွေ့ချိန်မှာတော့ တာအိုဆရာအိုကြီးကို နှုတ်ဆက်လိုက်၏။
ထို့နောက် နှုတ်ဆက် ထွက်ခွာလာခဲ့သည်။
ကျင်းအန်းသည် လေးလံသော စိတ်ဖြင့် ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။ ဤတစ်ကြိမ်သည် ရိုးရှင်းသော အခေါင်းမခြင်း သက်သက်သာ ဖြစ်သည်ဟု သူ အစပိုင်းတွင် ထင်မှတ်ထားခဲ့၏။
နောက်ပိုင်းတွင် အလောင်းခိုးမှုနှင့် ပတ်သက်လာခဲ့သော်လည်း သူသည် အစမှအဆုံးတိုင် ရတနာသိုက်အိုး ဘက်သို့ လုံးဝ မတွေးမိခဲ့ချေ။
ထို့ကြောင့် ကျင်းအန်းသည် အလွန်အမင်း နစ်မွန်းမသွားမီ အချိန်မီ နောက်ဆုတ်ရန် ဆန္ဒရှိနေ၏။
မထွက်ခွာမီ ကျင်းအန်းသည် လူလိမ်တာအိုဆရာအိုကို အခေါင်းထဲရှိ ထိုလူသေ၏ ဇာစ်မြစ်ကို ဆက်မရှာရန် သွယ်ဝိုက်သော နည်းလမ်းဖြင့် သတိပေးခဲ့သည်။
မကြာသေးမီက ထူးဆန်းသော ကိစ္စများ အလွန်အမင်း ဖြစ်ပွားနေသောကြောင့် ပြဿနာများ ထပ်မံ မပေါ်ပေါက်လာစေရန် အမြန်ဆုံး နေရာတစ်ခု ရှာပြီး မြှုပ်နှံလိုက်ရန် ပြောခဲ့၏။
လူလိမ်တာအိုဆရာအိုသည် သူ၏ စကားကို နားထောင်ခြင်း ရှိ၊ မရှိ ဆိုသည်ကို ကျင်းအန်း မသိပေ။
သူသည် ဤစကားကို သွယ်ဝိုက်၍ ပြောပြီးနောက် ပြတ်သားစွာ နောက်လှည့် ထွက်ခွာလာခဲ့၏။ ကျင်းအန်းသည် အဖြူရောင်အခေါင်း၊ ရတနာသိုက်အိုးတို့နှင့် ပတ်သက်မှု အားလုံးကို လုံးဝ ဖြတ်တောက်ချင်နေပြီ ဖြစ်သည်။
ကျင်းအန်း ကိုယ်တိုင်လည်း ဒဏ္ဍာရီထဲမှ ရတနာသိုက်အိုးသည် မည်သည့်ပုံစံ ရှိသနည်းဆိုသည်ကို အလွန် သိလို၏။
သို့ပေမည့် တာအိုဘုန်းကြီး ဝူကျန့် နှင့် နံ့သာတိုင်ဆိုင် ပိုင်ရှင်တို့ပင် သေဆုံးသွားခဲ့ပြီဖြစ်ရာ ဤအရာသည် ရတနာသိုက်အိုး မဟုတ်ဘဲ အလောင်းသိုက်အိုးသာ ဖြစ်ပေလိမ့်မည်။
သတိကြီးသော ကျင်းအန်းသည် အပြင်လူတစ်ယောက်အဖြစ်သာ နေချင်နေ၏။ တွေ့မြင်ခွင့်ရလျှင် ကံကောင်းသည်ဟု မှတ်ယူမည်။ မတွေ့မြင်ရလျှင်လည်း ကိစ္စမရှိချေ။
ဤတစ်ကြိမ် အချိန်မီ နောက်ဆုတ်ပြီး ပတ်သက်မှုများကို ဖြတ်တောက်ပြီးနောက် ထပ်မံ၍ မရည်ရွယ်ဘဲ ပါဝင်ပတ်သက်ခြင်းမျိုး မရှိတော့ရန် မျှော်လင့်မိသည်။
ကျင်းအန်းသည် ဤအရှုပ်တော်ပုံထဲတွင် ဝင်မပါမိစေရန် သူ့ကိုယ်သူ သတိပေးလိုက်တော့၏။
.......
ကျင်းအန်းသည် လင်းလု၏ အိမ်မှ ထွက်ခွာလာပြီးနောက် တည်းခိုခန်းသို့ ချက်ချင်း မပြန်ခဲ့ချေ။ ထိုအစား အရှေ့ဘက် ဈေးတန်းရှိ ပန်းပဲဖိုသို့ အရင်ဆုံး သွားခဲ့၏။ ယနေ့သည် သူ မှာယူထားသော လက်နက်ကို သွားရောက် ယူရမည့်ရက် ဖြစ်သည်။
ခန်းတင့်နိုင်ငံ၏ ပြည်သူများကြားတွင် ဒူးလေးကိုင်ဆောင်ခွင့်ကို တားမြစ်ထားသော်လည်း လေး၊ ဓား၊ ဓားရှည်၊ လှံ စသည်တို့ကို တားမြစ်ထားခြင်း မရှိချေ။
ဒူးလေးသည် အမြဲတမ်း စစ်တပ်၏ စံသတ်မှတ်ချက်ဖြစ်ပြီး အကြီးအကျယ် သတ်ဖြတ်နိုင်သော လက်နက် ဖြစ်သောကြောင့် ပြည်သူများ တိတ်တဆိတ် သိမ်းဆည်းထားခြင်းကို တားမြစ်ထား၏။ လေး၊ ဓား စသည်တို့မှာမူ တားမြစ်ထားခြင်း မရှိပေ။
သွေးဓားကျမ်း လေ့ကျင့်မှု ပိုမို ကျွမ်းကျင်လာသည်နှင့်အမျှ ကျင်းအန်းသည် သစ်သားဓားက လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်တော့ကြောင်း စောစောစီးစီးကပင် ခံစားခဲ့ရ၏။
ထို့ကြောင့် လွန်ခဲ့သော ရက်အနည်းငယ်ကပင် ဈေးတန်းရှိ ပန်းပဲဆရာကို ရှာကာ အသွားကြီးမားသော ဓားမကြီးတစ်လက်ကို အထူး မှာယူထားခဲ့သည်။
ဓားနှင့် ဓားရှည်များကို ပိုင်ဆိုင်ထားမှသာ သူသည် ဤသိုင်းလောကထဲသို့ အမှန်တကယ် ဝင်ရောက်လာပြီဟု ဆိုနိုင်ပေလိမ့်မည်။
ဆောင်းဦးမြစ်ပြင်ပေါ်မှ အထီးကျန်အရိပ်၊ သိုင်းလောကမှ မိတ်ဟောင်းဆွေဟောင်း၊ ပြန်လည်ဆုံတွေ့ချိန်တွင် ယခင်က သိကျွမ်းခဲ့ရန် မလိုချေ။ လူတိုင်းတွင် သိုင်းလောက အိပ်မက်တစ်ခုစီ ရှိကြသည် မဟုတ်ပါလား။
ကျင်းအန်း မှာယူထားသော ဓားကို အလွန်ကောင်းမွန်သော သံဖြင့် ပြုလုပ်ထားပြီး ပုံစံမှာ ဓားမကြီးနှင့် တူ၏။ ဓားကျောထူပြီး ဓားသွားမှာ မှန်တစ်ချပ်ကဲ့သို့ အေးစက်စူးရှနေကာ ဓားရိုးမှာ သာမန်ဓားများထက် အနည်းငယ် ပိုရှည်သည်။
ဤကဲ့သို့သော ဒီဇိုင်းသည် လက်နှစ်ဖက်ဖြင့် ကိုင်ကာ ခုတ်ပိုင်းရန် ပိုမို အဆင်ပြေပြီး သွေးနီရောင်စွမ်းအား၏ ရဲရင့်ပြင်းထန်သော ပေါက်ကွဲအားနှင့် ကိုက်ညီမှု ရှိသည်။ ထို့ကြောင့်ပင် ဓားတစ်လက်လုံး၏ အလေးချိန်မှာ ငါးပေါင်နီးပါးခန့် ရှိနေ၏။
အေးစက်သော လက်နက်တစ်ခုက ဤမျှ အလေးချိန်ရှိလာချိန်မှာတော့ သာမန်လူများ ဝှေ့ယမ်းရန် ခက်ခဲရုံသာမက ခန္ဓာကိုယ် ကြံ့ခိုင်အောင် လေ့ကျင့်ထားသော သိုင်းသမားများပင်လျှင် အချိန်ကြာမြင့်စွာ ဆက်တိုက် ဝှေ့ယမ်းခုတ်ပိုင်းရန် မလွယ်ကူလှချေ။
အလွန်ကောင်းမွန်သော သံကို အသုံးပြုထားသောကြောင့် ဈေးနှုန်းမှာလည်း ငွေတစ်ကျပ်အထိ ဈေးကြီးပေးရ၏။
ကျင်းအန်း ဓားကိုင်ကာ တည်းခိုခန်းသို့ ပြန်ရောက်ချိန်မှာတော့ မွန်းတည့်ချိန် ရောက်နေပြီဖြစ်ပြီး ထမင်းစားပြီးနောက် အပြင်ထွက်မည့် ကျန်းလင်ယွင်နှင့် ကွက်တိ ဆုံတွေ့လေသည်။
ကျန်းလင်ယွင် သည် ကျင်းအန်း ယူဆောင်လာသော ရိုးတံရှည် ဓားမကြီးကို မြင်ချိန်မှာတော့ လှပသော မျက်ခုံးလေးများကို အနည်းငယ် ကြုတ်လိုက်၏။
............
သုံးရက်အကြာ၊ ကျင်းအန်း၏ အိမ်ရာဝင်း…
ယနေ့တွင် လုံးဝ တိတ်ဆိတ်ငြိမ်သက်ခြင်း မရှိချေ။
အိမ်ရာဝင်းထဲတွင် အရိပ်နှစ်ခုက အလျင်အမြန် ရွှေ့ပြောင်းလှုပ်ရှားကာ အပြန်အလှန် တိုက်ခိုက် နေကြသည်ကို တွေ့ရ၏။ သူတို့ထဲမှ တစ်ယောက်က ဓားရှည်ကို အသုံးပြုနေပြီး ချွေးများ ရွှဲနစ်နေကာ တိုက်ခိုက်ရာတွင် အနည်းငယ် ဖိအားဝင်နေပုံရသည်။
အခြားတစ်ယောက်ကမူ ထူးဆန်းသော ရိုးတံရှည် ဓားမကြီးကို အသုံးပြုနေ၏။
ဓားအလင်းရောင်များက အေးစက်စူးရှနေပြီး ပြတ်သားလှသည်။ တိုက်ခိုက်မှုများက တိုက်ရိုက်ကျပြီး အားပြင်းသော မိုးကြိုးများကဲ့သို့ ရဲရင့်ပြင်းထန်၏။ ခြေလှမ်းတိုင်းက မြေကြီးကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ အရှိန်အဟုန်ပြင်းပြီး လေးလံလှသည်။
ထိုလှပသော အမျိုးသမီး၏ ကိုယ်နေဟန်ထား မည်မျှပင် သွက်လက်ပါစေ၊ မည်မျှပင် ရွှေ့ပြောင်း လှုပ်ရှားပါစေ၊ သို့မဟုတ် ပန်းများကြားမှ လိပ်ပြာပျံသန်းသကဲ့သို့ ခြေလှမ်းများ မည်မျှပင် လှပပါစေ ထိုအမျိုးသား၏ လက်ထဲရှိ အားပြင်းပြီး လေးလံသော ရိုးတံရှည် ဓားမကြီးအောက်တွင် အင်အား တစ်ခုတည်းဖြင့် နည်းဗျူဟာ အမျိုးမျိုးကို နှိမ်နင်းလိုက်သကဲ့သို့ ပေါက်ကွဲအားနှင့် ရဲရင့်မှုက အံ့မခန်း ဖြစ်နေ၏။
နောက်ဆုံးတွင် သူတို့နှစ်ဦးသည် အကန့်အသတ်တစ်ခုအထိသာ တိုက်ခိုက်ပြီး ရပ်တန့်လိုက်ကြသည်။
ကျန်းလင်ယွင် သည် ချွေးများ ရွှဲနစ်နေသည်။ မူလက အေးစက်ပြီး ဖြူဝင်းနေသော မျက်နှာလေးမှာ ယခုအခါ ရင့်မှည့်နေသော မက်မွန်သီးလေးကဲ့သို့ နီမြန်းနေပြီး အရည်ရွှမ်းနေသောကြောင့် ကိုက်ချင်စရာ ကောင်းလှ၏။
“ဟူး... ဟူး... ဟူး... “
ကျန်းလင်ယွင် သည် အသက်ရှူကြိမ် နှစ်ဆယ်ခန့် အချိန်ယူပြီးမှသာ အားပြင်းသော ခွန်အားကြောင့် တုန်ခါသွားကာ ကမောက်ကမဖြစ်နေသော ခန္ဓာကိုယ်တွင်းမှ အသက်ရှူနှုန်းကို နောက်ဆုံးတွင် ပြန်လည် တည်ငြိမ်အောင် ထိန်းနိုင်ခဲ့သည်။
သို့ပေမည့် သူမ ဓားကိုင်ထားသော ညာဘက်လက်မှာမူ ညင်သာစွာ တုန်ယင်နေဆဲဖြစ်ပြီး အချိန်တိုအတွင်း ပြန်လည် ကောင်းမွန်ရန် မဖြစ်နိုင်ချေ။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ကျင်းအန်း၏ ယခုလက်ရှိ ခွန်အားနှင့် ဓားစွမ်းအင်၏ ပေါက်ကွဲအားက မည်မျှ အရှိန်အဟုန် ပြင်းထန်ကြောင်း သိနိုင်ပေသည်။
ကျန်းလင်ယွင် သည် ရှေ့မှ ကျင်းအန်းကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်၏။ သူမ၏ ရှေ့မှ အမျိုးသားသည် အလွန် ထူးချွန်ပြီး တိုးတက်မှုနှုန်းက သူမကို အထင်ကြီး လေးစားသွားစေကြောင်း ဝန်ခံရပေလိမ့်မည်။
ကျန်းလင်ယွမ်က ချီးကျူးလိုက်သည်။ “သခင်လေးကျင်းအန်းရဲ့ ဓားပညာအပေါ် နားလည်နိုင်စွမ်းက ကျွန်မ တစ်သက်မှာ တွေ့ဖူးသမျှထဲက ရှားပါးတဲ့ အရည်အချင်းပဲ။ သခင်လေးကျင်းအန်းက သွေးဓားကျမ်းရဲ့ အနှစ်သာရကို အပြည့်အဝ နားလည်သွားပြီဆိုတော့ ကျွန်မဘက်က သင်ပေးစရာ ဘာမှမကျန်တော့ပါဘူး။”
ကျင်းအန်းက မာနမကြီးဘဲ လက်ထဲရှိ ရိုးတံရှည် ဓားမကြီးကို သိမ်းဆည်းလိုက်ကာ နှိမ့်ချစွာဖြင့် ပြောလိုက်၏။ “သခင်မလေးလင်ယွင်က ကျုပ်ကို ငဲ့ညှာပြီး ဓားနဲ့ ဓားရှည် သိုင်းကွက်တွေကိုပဲ ယှဉ်ပြိုင်ခဲ့တာပါ။ အတွင်းအားကို လုံးဝ မသုံးခဲ့ပါဘူး။ အကယ်၍ သခင်မလေး လင်ယွင်သာ အတွင်းအားကို သုံးခဲ့မယ်ဆိုရင် ကျုပ် သေချာပေါက် အရှုံးကြီး ရှုံးမှာပါ။
ဒီနှစ်ရက်အတွင်း သခင်မလေး လင်ယွင်က ကျုပ်ကို အမြဲတမ်း သိုင်းကွက်တွေ ဖလှယ်ပေးပြီး ကျုပ်ရဲ့ ဓားစိတ်ဓာတ်နဲ့ လူတွေနဲ့ တိုက်ခိုက်တဲ့ အတွေ့အကြုံတွေကို မျှဝေပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။”
ကျန်းလင်ယွင် က မျက်မှောင်ကြုတ်လိုက်သည်။ “ကျွန်မက အဲဒီလို မြှောက်ပင့်တဲ့ စကားတွေကို နားထောင်ရတာ မကြိုက်ဘူး။ ကျွန်မ ရှုံးရင် ရှုံးတာပဲ။ ဆင်ခြေပေးစရာ ဘာမှမရှိဘူး။
ကျွန်မက အသက် ၇ နှစ်တည်းက တောင်ပေါ်တက်ပြီး ဓားစိတ်ဓာတ်ကို ၁၁ နှစ်တိုင်တိုင် ခက်ခက်ခဲခဲ လေ့ကျင့်ခဲ့တယ်။ ဒါပေမဲ့ ရှင်လို အစပြုလေ့လာတဲ့သူ တစ်ယောက်ရဲ့ ၁၀ ရက်အတွင်း ဓားပညာကို နားလည်မှုလောက်တောင် မမီဘူး။ ကျွန်မ တကယ်ပဲ ရှင့်ကို မမီပါဘူး။
ရှင်က သိုင်းပညာ နားလည်မှုမှာ ကျွန်မကို ကျော်လွန်သွားပြီဆိုတော့ နောက်ဆိုရင် ကျွန်မက ရှင့်ကို သိုင်းကွက် ဖလှယ်ပေးစရာ မလိုတော့ဘူး။ ရှေ့ဆက်ရမယ့်လမ်းကို ရှင်တစ်ယောက်တည်း အခက်အခဲတွေကို ဖြတ်ကျော်ပြီး လျှောက်လှမ်းရတော့မယ်။”
ကျင်းအန်းသည် ထိုစကားကို ကြားချိန်မှာတော့ ကြောင်အသွား၏။
ထို့နောက် အလွန် ရိုးသားသော အကြည့်ဖြင့် လက်ယှက်ကာ ပြောလိုက်သည်။ “သခင်မလေး လင်ယွင်ရဲ့ ကျေးဇူးကို ကျုပ် ကျင်းအန်း ရင်ထဲမှာ အမြဲ မှတ်သားထားပါ့မယ်။”
လွန်ခဲ့သော သုံးရက်က ကျင်းအန်း ဓားတစ်လက် ဝယ်လာသည်ကို ကျန်းလင်ယွင် မြင်တွေ့သွားခဲ့တည်းက သူမသည် ကျင်းအန်းအား ကြီးမားသော မျှော်လင့်ချက်များထားရှိပြီး အောင်မြင်မှုကို လျင်မြန်စွာ လိုချင်နေသည်ဟု အပြစ်မတင်ခဲ့ချေ။
သိုင်းပညာ သင်ယူသည်မှာ ၇ ရက် ၈ ရက်သာ ရှိသေးပြီး လမ်းလျှောက်တတ်ရုံသာ ရှိသေးသော်လည်း ပြေးရန် သင်ယူနေသည်ဟု မပြောခဲ့ပေ။
နောက်တစ်နေ့တွင် သူမသည် ကျင်းအန်းကို လာရှာပြီး ရိုးရှင်းသော စကားတစ်ခွန်းသာ ပြောခဲ့၏။ “တစ်ယောက်တည်း ဓားလေ့ကျင့်တာက ပြဿနာတက်လွယ်တယ်။ ခွန်အားသုံးတဲ့ နည်းလမ်းကို ကျွန်မ သင်ပေးမယ်။”
ထို့ကြောင့် ယခု မြင်ကွင်းမျိုး ဖြစ်ပေါ်လာခြင်း ဖြစ်၏။ ကျန်းလင်ယွင် သည် ကျင်းအန်းအား သိုင်းကွက်များ ဖလှယ်ပေးသည်မှာ နှစ်ရက်ရှိပြီဖြစ်ပြီး သင်ပေးစရာ ဘာမှမရှိတော့အောင် ဖြစ်သွားခဲ့သည်။
ကျင်းအန်းက ပြောလိုက်၏။ “သခင်မလေး လင်ယွင်... ကျုပ် မေးခွန်းတစ်ခုလောက် မေးလို့ရမလား။”
ကျန်းလင်ယွင်က ပြောလိုက်သည်။ “အင်း...”
ကျင်းအန်းက မေးလိုက်၏။ “သခင်မလေးလင်ယွင်က ဘာလို့ ကျုပ်ကို အမြဲတမ်း ကူညီနေရတာလဲ။”
“...”
“အာ... သခင်မလေး လင်ယွင် ဘာလို့ ထွက်သွားတာလဲ။ သခင်မလေး လင်ယွင် ...”
“သခင်မလေး လင်ယွင် ...”
……………….